ဓားမျိုးစေ့ကောင်းလေး
Vol. 18 Ch. 260
အခန်း (၂၆၀) : ဓားမျိုးစေ့ကောင်းလေး
ချန်းဟယ် ဓားအသျှင် လီခန်းလန်က ရှန်ထျန်းကို သိထားသည်။ လက်တွေ့၌ လီခန်းလန်က အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေဆီ ရောက်မလာခင်ကတည်းက ရှန်ထျန်းအကြောင်း ကြားထားပြီးသား ဖြစ်၏။
ကျန်းယွင်ရှီးနှင့် ကြာပြာကောင်းကင်အသျှင်တို့၏ နှောင့်ယှက်မှုကြောင့်သာ မဟုတ်လျှင် ရှန်ထျန်းက ထိုက်ပိုင်ချိုင့်ဝှမ်းဆီ ဆွဲခေါ်ခံလာရမည် ဖြစ်သည်။
တကယ်တော့ လီခန်းလန်က ရှန်ထျန်းအပေါ် စတွေ့တွေ့ချင်း ရင်းနှီးမှု မခံစားမိပေ။ သူက အရှေ့ပိုင်းလွင်ပြင် တစ်ခုလုံး၌ အတင်းကျပ်ဆုံး ဖခင်တစ်ဦး မဟုတ်ပါလော။
သူ့အနေနှင့် ပျိုတိုင်းကြိုက် ရှန်ထျန်းအပေါ် ရင်းနှီးမိစရာ ခံစားချက်ရှိလာမည့် အကြောင်းမရှိချေ။
သို့သော် လူကိုယ်တိုင် တွေ့လိုက်ပြီးနောက် လီခန်းလန်က အကဲဖြတ်မြန်လွန်းသွားကြောင်း ခံစားမိလိုက်၏။ ဤလူငယ်လေးက ပြီးပြည့်စုံသည့် ရှားပါးမျိုးစေ့လေး ဖြစ်ပြီး အထူးသဖြင့် သူ လီခန်းလန်၏ ငယ်စဉ်ဘဝကို ပြန်ကြည့်နေရသလိုမျိုး ခံစားရစေသည်။
ထူးချွန်ပြောင်မြောက်တဲ့ လူငယ်လေးပဲ …
အကြီးမြတ်ဆုံး ချန်းဟယ် ဓားအသျှင်က ပေါ့ပေါ့တန်တန် အပေါ်ယံကြည့် ဆုံးဖြတ်တတ်သည့် လူ မဟုတ်ချေ။ ရုပ်ရည်အပြင် ရှန်ထျန်း၏ ဓားတာအို အငွေ့အသက်က လီခန်းလန်အား အမှန်တကယ် အံ့အားသင့်သွားစေခြင်း ဖြစ်၏။
နတ်ဓား …
ဟုတ်ပေသည်။ ဤသည်မှာ ဒဏ္ဍာရီလာ နတ်ဓားဖွဲ့စည်းပုံ ဖြစ်၏။
ပုံမှန်အားဖြင့် ဓားတာအိုကို နက်နက်နဲနဲ နားလည်ထားပြီး ကောင်းကင်ဘုံ၏ အသိအမှတ်ပြုမှု ရထားသည့်သူသာ နတ်ဓားအငွေ့အသက်ကို ဆွဲဆောင်နိုင်ပြီး နတ်ဓားဖွဲ့စည်းပုံအဖြစ် တည်ဆောက်နိုင်လိမ့်မည်။
လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းကျော်အတွင်း အရှေ့ပိုင်းလွင်ပြင်၌ ထိုသို့သော ထူးချွန်ပြောင်မြောက်သည့် ဓားသမား အတော်အတန် ရှိခဲ့သည်။ သို့သော်လည်း ရှားရှားပါးပါး တချို့သာ နတ်ဓားဖွဲ့စည်းပုံကို ပိုင်ဆိုင်ထားကြသည်။
ထိုသို့သော ဖွဲ့စည်းပုံ ပိုင်ဆိုင်ထားသူများက သူတို့မျိုးဆက်၌ အားအကောင်းဆုံး ဓားသူတော်စင်အရှင် ဖြစ်လာတတ်ကြသည်။
အရာအားလုံးကို ဓားတစ်လက်တည်းဖြင့် လွှမ်းမိုးချုပ်ကိုင်နိုင်လိမ့်မည်။
လွန်ခဲ့သော နှစ်တစ်ရာခန့်က လီခန်းလန်သည် သူတော်စင်နယ်ပယ်အဆင့် ရောက်ရှိဖို့ စမ်းသပ်ချက် ခံယူဖို့ရာ ယုံကြည်ချက်အပြည့်အဝ ရှိပေသည်။ သို့သော်လည်း သူက မိုးကြိုးစမ်းသပ်ချက် ခံယူဖို့ အလျှင်မလိုခြင်းမှာ သူ့အခြေခံအုတ်မြစ်ကို အားကောင်းအောင် ဆက်လက်လုပ်ဆောင်လို၍ ဖြစ်၏။
တစ်ချိန်တည်းတွင် သူက စမ်းသပ်ချက် မခံယူခင် ဓားအငွေ့အသက်ကို ထပ်မံ တိုးမြင့်ပြီး ကောင်းကင်မိုးကြိုးစမ်းသပ်ချက်ကို အသုံးချကာ နတ်ဓားဖွဲ့စည်းပုံ ရယူဖို့ မျှော်လင့်ထားခဲ့သည်။
သူအနေနှင့် ရှန်ထျန်းသည် သူ လိုချင်တပ်မက်နေခဲ့သည့် ဖွဲ့စည်းပုံကို ရရှိထားလိမ့်မည်ဟု တစ်ခါမှ မထင်ထားခဲ့ပေ။
ရွှေရောင်ကိုယ်ထည်အဆင့် ကျင့်ကြံသူတစ်ဦးက နတ်ဓားဖွဲ့စည်းပုံကို အမှန်တကယ် ပိုင်ဆိုင်ထားသည်လား …
ဆိုလိုသည်မှာ သူက ဓားတာအို၌ အထူးခြားဆုံး တာအိုမျိုးစေ့ကို ပိုင်ဆိုင်ထားပေသည်။ ဤသည်မှာ ပြိုင်ဖက်ကင်း ဓားမျိုးပင်ပေါက်လေး ဖြစ်ကြောင်း သံသယဖြစ်ဖွယ် မရှိပေ။
အကယ်၍ သူသာ ရှန်ထျန်းအား တပည့်အဖြစ် ခေါ်ယူနိုင်ခဲ့မည်ဆိုလျှင် လီခန်းလန်က ကမ္ဘာကို အုပ်စိုးမည့် ဓားသူတော်စင်အရှင်ကို မွေးထုတ်ပေးလိုက်သလို ဖြစ်မည် မဟုတ်ပါလော။ သူက မည်သူထက်မှ နောက်မကျသည့် ဓားထာဝရအရှင်တစ်ယောက် ဖြစ်လာနိုင်သည်။
အရိုးသားဆုံးပြောရလျှင် လီခန်းလန် တစ်ယောက် နောင်တရလာမိသည်။
အကယ်၍ လွန်ခဲ့သော လပိုင်းခန့်က ကျီယန်ကို မလွှတ်လိုက်ဘဲ သူကိုယ်တိုင်သာ မီးတိုင်းပြည်ဆီ သွားခဲ့မည်ဆိုလျှင် ရှန်ထျန်း၏ နတ်ဓား ဖွဲ့စည်းပုံရရှိဖို့ အလားအလာကို အာရုံခံမိလောက်၏။ ထိုသို့ဆိုလျှင် သူက ကြာပြာကောင်းကင်အသျှင်နှင့် ပျော်ပျော်ကြီး တိုက်ခိုက်ပြီး ရှန်ထျန်း၏ ဆရာ ဖြစ်လာလိုက်မည်။
ဟူး … အခုတော့ နောက်ကျလွန်းသွားပြီ …
ငါ ပြန်ရောက်တဲ့အခါ ဟိုငတုံး ကျီယန်ကို သတိပေးရမယ် …
“ မင်းက ရှန်ထျန်းလား ”
နောက်ဆုံးတွင် လီခန်းလန်က စပြောလိုက်သည်။
ရှန်ထျန်းက လီခန်းလန် အကြောင်း အနည်းနှင့်အများ ခန့်မှန်းမိသွားလေပြီ။
သူက လေးလေးစားစား ပြောလိုက်၏ “ စီနီယာလီကို ဂါရဝပြုပါတယ်။ စီနီယာရဲ့ ဂုဏ်သတင်းကို ကြားဖူးနေတာ ကြာပါပြီ ”
ရှန်ထျန်း၏ အမြင်၌ ဤလူမှာ သူ ရန်စ၍ မဖြစ်သည့် ကမ္ဘာ့အတင်းကျပ်ဆုံး ဖခင်တစ်ဦး ဖြစ်၏။ ဤသို့သော ဖခင်မျိုးက ဒေါသထွက်လိုက်သည်နှင့်် အားလုံးကို လုပ်ဆောင်နိုင်ပေသည်။
သူ့သမီးဖြစ်သူနှင့် ပတ်သတ်ထားသောကြောင့် ရှန်ထျန်းက လီခန်းလန်ရှေ့တွင် မလုံမလဲ ဖြစ်နေမိသည်။ သို့သော် လီခန်းလန်က သူ့အား စိတ်ပျက်နေသည့် မျက်နှာထားမျိုး မပြပေ။ တကယ်တော့ အရှေ့ပိုင်းလွင်ပြင်၏ နံပါတ်တစ် ဓားအသျှင်က ကျေကျေနပ်နပ် ခေါင်းညိတ်ပြလိုက်သေး၏။
“ မင်းက အပြုအမူကောင်း ရှိတာပဲ။ ရှန်ထျန်း … အဆုံးမဲ့ဝိညာဉ်ဥယျာဉ်ထဲ မင်းက လျန်အာကို ခုနှစ်သွယ်နတ်ဘူးစေ့ကို ပျိုးထောင်ခွင့်ပေးခဲ့တယ်ဆိုတော့ မင်းအပေါ် ကျေးဇူးကြွေးတစ်ခု တင်နေပြီ။
ဒီလိုလုပ်ရင်ရော ဘယ်လိုလဲ … မင်းက ဓားလေ့ကျင့်ဖို့ ရှားရှားပါးပါး ပါရမီရှိတယ်။ တကယ်လို့ မင်း လိုလားရင် မင်းကို ဓားတာအို သင်ပေးနိုင်တယ်။ ငါတို့က ဆရာတပည့် ဆက်ဆံရေးမျိုး မရှိပေမဲ့ မင်း ဓားတာအိုကို သင်ယူပြီးရင် ထိုက်ပိုင်ချိုင့်ဝှမ်းဆီ စိတ်ကြိုက်ဝင်ထွက်နိုင်တယ်။ ဘယ်လိုလဲ … ”
သုံးလတာ ဓားပညာရပ် သင်ယူဖို့ ထိုက်ပိုင်ချိုင့်ဝှမ်းဆီ သွားရမှာတဲ့လား …
ဓားတာအိုကို သင်ယူရမှာလား … လက်ဗလာနဲ့ ဓားကို ဖမ်းတဲ့ ပညာရပ်လား …
ထိုအတွေးများကို ဘေးဖယ်ထားလိုက်ပြီး ဤသည်မှာ ရှန်ထျန်း သဘောတူရဲသည့် အရာမျိုး မဟုတ်ပေ။ ရှန်အောင်းက ယခင်ရက်ပိုင်းအတွင်း အဖြစ်အပျက်တချို့ကို ထုတ်ပြောပြခဲ့၏။
ရှန်ထျန်းက ချန်းဟယ်ဓားအသျှင်၏ လေ့ကျင့်ရေး နည်းလမ်းသည် လေးစားမှုနှင့် အဝေးကြီး လှမ်းကွာနေလေသည်။
ဒီလူအိုကြီးက သူ့သားကို လေ့ကျင့်ပေးတာတောင် ဒီလောက်ကြမ်းတမ်းနေဆိုတော့ ငါသာဆို ပိုဆိုးသွားနိုင်တယ် …
အကယ်၍ သူသာ ထိုက်ပိုင်ချိုင့်ဝှမ်းဆီ လိုက်သွားခဲ့လျှင် နောက်ပိုင်းကျ သူ့မိခင်ပင် မမှတ်မိလောက်အောင်အထိ ခက်ခဲမှုများစွာ တောင့်ခံထားခဲ့ရပေမည်။
ပြီးတော့ ငါက ဓားပညာကို သင်ဖို့ လိုလို့လား …
စစ်နတ်ဘုရား မျှော်နန်းဆောင်၌ ဓားပညာရပ်အမျိုးမျိုး ရှိပေသည်။ ရှန်ထျန်းက သူ သဘောကျသည့်အကြိုက် စိတ်ကြိုက် သင်ယူနိုင်လေ၏။
ရှန်ထျန်းက စိတ်လျော့သည့် လေသံဖြင့် ပြောလိုက်သည် “ စီနီယာလီရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်က အံ့ဖွယ်မိုးကောင်းကင် သူတော်စင် ဖြစ်နေပြီဆိုတော့ စီနီယာဆီကနေ ဓားပညာရပ် သင်ယူဖို့ တကယ်ကို အဆင်မပြေလို့ပါ ”
လီခန်းလန်၏ မျက်နှာက အနည်းငယ် အုံ့မှိုင်းလာသည်။
ဒီကောင်စုတ်လေး … ဘယ်တုန်းက ဒီလိုမျိုး ငါက အရင်ဖိတ်ခေါ်ဖူးလို့လဲ …
ငါ့ဆီကနေ ဓားတာအို သင်ယူချင်နေတာ ဘယ်လောက်များတယ်ဆိုတာ သိရဲ့လား … သူတို့ကို ငါက တစ်ချက်တောင် လှည့်ကြည့်တာ မဟုတ်ဘူးကွ
ဒီနေ့ ငါက လိုလိုလားလား သင်ပေးချင်ပါတယ်ဆိုမှ အငြင်းခံလိုက်ရတယ်ပေါ့လေ …. မင်းရဲ့ ဓားရေး အလားအလာကို အလကား ဖြုန်းတီးပစ်တော့မလို့လား
လီခန်းလန်က ရှန်ထျန်း၏ ငြင်းပယ်မှုအပြီးတွင် အတင်းအကျပ် မပြောနေတော့ပေ။
သူက အင်္ကျီလက်ဖျားကို ခါလိုက်ပြီး စစ်နတ်ဘုရား မျှော်နန်းဆောင်သို့သာ လျှောက်လှမ်းသွားလိုက်သည်။ သူက မျှော်နန်းဆောင်အတွင်း တုန်လှုပ်စရာ တိုက်ပွဲမျိုး ပြသဖို့ ရည်ရွယ်ထား၏။
သူအနေနှင့် ရှန်ထျန်းအား ဓားကျင့်ကြံသူအစစ်အမှန်တစ်ယောက်က မည်မျှပြိုင်ဖက်ကင်းကြောင်း ပြသလိုသည်။ ဓားသွား လားရာ လမ်းတစ်လျှောက် မည်သည့်အရာမှ မတားဆီးနိုင်ပေ။
“ ချန်းဟယ်ဓားအသျှင်က မျှော်နန်းဆောင်ထဲ ဝင်ဖို့ ပြင်နေတာလား ”
“ စိတ်လှုပ်ရှားစရာပဲ … နတ်ဘုရားလောကရဲ့ အဆင့်သတ်မှတ်ချက်အရ ချန်းဟယ်ဓားအသျှင် အဆင့် ဘယ်လောက်ရောက်မလဲ သိချင်နေပြီ ”
“ အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ် ကျန်းလုံယွမ်က စစ်နတ်ဘုရား အဆင့်စာရင်းမှာ အဆင့် ၆ တဲ့။ ဓားအသျှင်က ထိပ်တန်းဆယ်ယောက်ထဲ ရှိမှာ ကျိန်းသေတယ်။ အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်ရဲ့ အဆင့် ၆ က လွန်ခဲ့တဲ့ နှစ်တစ်ထောင်လောက်က ရထားတာဆိုတော့ အခုဆို ပိုအားကောင်းနေလောက်ပြီ ”
“ ချန်းဟယ်ဓားအသျှင်က အရှေ့ပိုင်းလွင်ပြင်မှာ နံပါတ်တစ် ဓားအသျှင်လေ။ သူ့အတွက် ထိပ်ဆုံးငါးယောက် ဒါမှမဟုတ် ထိပ်ဆုံးသုံးယောက်ထဲတောင် ဝင်နိုင်လောက်တယ် ”
ချန်းဟယ် ဓားအသျှင်၏ တိုက်ပွဲကို ကျင့်ကြံသူများစွာက အာရုံစိုက်နေကြသည်။ သူတို့က ချန်းဟယ်ဓားအသျှင်သည် အဆင့်မည်မျှ တက်လှမ်းသွားမည်ကို သိချင်နေကြ၏။
ချန်းဟယ်ဓားအသျှင်ဆီ ရောင်စုံအလင်းတန်း ကျရောက်လာကာ သူ့အား စစ်နတ်ဘုရား မျှော်နန်းဆောင်အတွင်း ခေါ်ဆောင်သွားသည်။
“ လူငယ် … အဲလေ လူလတ် ဓားသမား … စစ်နတ်ဘုရား ပြိုင်ပွဲစင်မြင့်ကနေ ကြိုဆိုပါတယ်။ ဒီစင်မြင့်ပေါ်မှာ နတ်ဘုရားလောကနဲ့ ဒီသာမန်လောက နှစ်ခုလုံးရဲ့ ပါရမီရှင်တွေနဲ့ ကြိုက်ရာ ယှဉ်ပြိုင်လို့ ရပါတယ်နော်။ တကယ်လို့ ပါရမီရှင်တွေကို အနိုင်ယူနိုင်ခဲ့ရင် ဒဏ္ဍာရီလာ အမွေအနှစ်တွေကို လက်ခံရရှိပါနိုင်တယ်။ ပြီးတော့ ကောင်းကောင်း လုပ်ဆောင်နိုင်ရင် စစ်နတ်ဘုရား ကျောက်ပြားပေါ် နာမည်ချန်ရစ်ထားနိုင်ပါတယ် … ”
မျှော်နန်းဆောင် ဝိညာဉ်မလေး၏ အသံက ထွက်ပေါ်လာသည်။ ချန်းဟယ်ဓားအသျှင် ဘေးတစ်ဖက်တစ်ချက်ဆီမှ ကျောက်ပြားနှစ်ခု မြင့်တက်လာသည်။
ကျောက်ပြားများ၌ နာမည်အတန်းလိုက် ရေးထွင်းထားသည်။
“စစ်နတ်ဘုရား ကျောက်ပြားက စစ်နတ်ဘုရား မျှော်နန်းဆောင်အတွင်း ဝင်ပြိုင်ဖူးတဲ့ ဒီကမ္ဘာရဲ့ ပါရမီရှင်အဆင့်တွေကို မှတ်တမ်းတင်ထားပါတယ်”
“ စစ်နတ်ဘုရား ကျောက်ပြားအသစ်က လက်ရှိရာစုနှစ်ရဲ့ ပါရမီရှင်တွေရဲ့ အဆင့်တွေကို မှတ်တမ်းတင်ထားပါတယ် ”
ချန်းဟယ်ဓားအသျှင်လည်း တွေးလိုက်မိသည်။ သူက တစ်ခုခုကို ရှာနေသည့်အလား ကျောက်ပြားများကို ကြည့်လိုက်သည်။ အချိန်တချို့ကြာပြီးနောက် သူက အသံတိုးတိုးဖြင့် ထုတ်မေးလိုက်သည်
“ စစ်နတ်ဘုရား မျှော်နန်းဆောင်မှာ ကြယ်ခုနှစ်ပွင့် ပါရမီရှင်ကသာ ပိုင်ရှင်အဖြစ် အသိအမှတ်ပြုမှု ခံယူနိုင်တယ်လို့ ကြားထားတယ်။ အဆင့် ၁ က ဘာလို့ ကြယ်ခြောက်ပွင့် ပါရမီရှင် ဖြစ်နေရတာလဲ ”
မျှော်နန်းဆောင် ဝိညာဉ်မလေးက ပြန်ဖြေလိုက်သည် “ အဲဒါက ကြယ်ခုနှစ်ပွင့် ပါရမီရှင်က ကျောက်ပြားပေါ် နာမည်မပေါ်စေဖို့ ရွေးချယ်ထားလို့ပါရှင့် ”
ချန်းဟယ်ဓားအသျှင်က မျက်မှောင်ကြုတ်လိုက်ကာ “ ကြယ်ခုနှစ်ပွင့် ပါရမီရှင်တဲ့လား … ကြယ်ခုနှစ်ပွင့် ပါရမီရှင်က ဘယ်လောက်အားကောင်းလဲ အရမ်းသိချင်နေပြီ ”
မျှော်နန်းဆောင် ဝိညာဉ်မလေးက ပြန်ဖြေလိုက်သည် “ ကြယ်ခုနှစ်ပွင့် ပါရမီရှင်ကို စိန်ခေါ်ချင်တာလား။ ပြိုင်ဖက်က ကျပန်းရွေးချယ်ပေးပါ့မယ်။ နှစ်ဖက်လုံးရဲ့ ကျင့်ကြံဆင့်ကိုလည်း အတူတူဖြစ်အောင် ဖိနှိပ်ထားပါ့မယ် ”
ချန်းဟယ်ဓားအသျှင်ဆီမှ တိုက်ပွဲအငွေ့အသက်များ ထွက်ပေါ်လာပြီး “ ကောင်းပြီ … ကြယ်ခုနှစ်ပွင့် ပါရမီရှင်ကို စိန်ခေါ်မယ် ”
“ စိန်ခေါ်မှု အတည်ပြုပြီးပါပြီရှင် … ပြိုင်ဖက် ရွေးချယ်နေပါတယ် … ရွေးချယ်မှု ပြီးဆုံးသွားပါပြီ။ တိုက်ပွဲ စလို့ရပါပြီ …”