သားမက်နှင့် အပြိုင်
Vol. 18 Ch. 261
အခန်း (၂၆၁) : သားမက်နှင့် အပြိုင်
စစ်နတ်ဘုရား စင်မြင့်ပေါ်တွင် ပုံရိပ်တစ်ခု ဖြည်းဖြည်းချင်း ပေါ်လာသည်။ ထိုအရာက ရွှေရောင်တောက်ပနေပြီး သူရဲကောင်းဆန်ကာ တော်ဝင်ဆန်လှသည်။
သူ့နောက်တွင် သားရဲငါးကောင် သဏ္ဌာန်ရှိနေပြီး စွမ်းအားပြင်းပြင်းဖြင့် ဟိန်းဟောက်နေကြသည်။ သို့သော် ထိုအရာမှလွဲ၍ လီခန်းလန်အား တိုက်ပွဲဆာလောင်စေမှုမှာ ထိုသဏ္ဌာန်တွင် ကိန်းအောင်းနေသော ဓားအငွေ့အသက်တို့ ဖြစ်သည်။
ထိုလူ၏ အပေါ်ဘက် လေထု၌ ခေါင်းဆောင်ကောင်းကို အရိုအသေပြုနေကြသလိုမျိုး နတ်ဓားထောင်ချီ ဝန်းရံထားသည်။
ပြိုင်ဖက်ကင်း ဓားတာအို သဏ္ဌာန် - ဓားတစ်သောင်း ကောင်းကင်ယံ ချိန်ရွယ်ခြင်း
ထိုသဏ္ဌာန်ကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ပြီးနောက် လီခန်းလန်၏ ဓားနှလုံးသား၊ ဓားအငွေ့အသက်နှင့် ဓားရိုးတို့က လှုပ်ခတ်လာသည်။ ဓားတာအိုအပေါ်သာ တစ်ဘဝလုံး မြှပ်နှံထားသည့် သူ့လိုမျိုး ဓားအသျှင်တစ်ယောက်အတွက် သူ့တစ်သက်တာ စောင့်မျှော်နေခဲ့ရသည့် ပြိုင်ဖက်မျိုး ဖြစ်ပေသည်။
တစ်ဖက်လူက ဓားကျင့်ကြံသူ ဖြစ်နေခြင်းထက် ပိုပြည့်စုံသည့်အရာ မရှိတော့ပေ။
“ ဒီလို စွမ်းအားကြီး ဓားတာအို သဏ္ဌာန် ပိုင်ဆိုင်ထားတဲ့ ပါရမီရှင်မျိုးနဲ့ တွေ့ရလိမ့်မယ်လို့ မထင်ထားမိဘူး။ တကယ်ကို ပျော်စရာပဲ ”
လီခန်းလန် လက်ထဲမှ ပုံရိပ်ဖမ်း သလင်းကျောက် ထွက်ပေါ်လာသည်
“ ဒီလိုထိပ်တန်း တိုက်ပွဲမျိုးကို မှတ်တမ်းတင်ထားရမယ်။ အဲဒါမှ ချန်းကော၊ လျန်အာနဲ့ အဲဒီကောင်လေးတို့ ကြည့်ပြီး လေးစားလာကြမှာ။ သူတို့ကို ဓားတာအိုရဲ့ အစစ်အမှန် စွမ်းပကားကို ပြလိုက်ကြတာပေါ့ ”
လီခန်းလန်က စိတ်အားထက်သန်စွာ ကြည့်လိုက်သည့်အခါ ထိုလူ၏ အနားမှ အလင်းရောင်များက ဖြည်းဖြည်းချင်း လွှင့်ပြယ်သွားလေသည်။ အလင်းရောင်ထဲတွင် ရပ်နေသည့်လူက လီခန်းလန်ရှေ့ ပေါ်လာသည်။
လီခန်းလန်က ထိုလူမှာ ရှန်ထျန်း ဖြစ်နေကြောင်း သတိထားမိသည့်အခါ မိုးကြိုးပစ်ခံရသလိုမျိုး ခံစားလိုက်ရသည်။
“ ဒီလောက်တောင် တိုက်ဆိုင်တယ်လား” လီခန်းလန် အနောက်မှ ဓားက အသာတုန်ခါသွားကာ မကြုံစဖူးအဆင့် ပြိုင်ပွဲအတွက် ဆာလောင်လာသည်။
“ ကောင်းပြီလေ … မင်းရဲ့ ကျင့်ကြံဆင့်အထိ နှိမ့်ပြီးတော့ မင်းကို ကောင်းကောင်း သင်ခန်းစာပေးရတာပေါ့ ”
လီခန်းလန်က သူသာ ကျင့်ကြံဆင့်တူဖြင့် စစ်နတ်ဘုရား မျှော်နန်းဆောင်အတွင်း ရှန်ထျန်းကို အနိုင်ပိုင်းနိုင်ပါက ရှန်ထျန်းက သူ့ဆီမှ ဓားပညာရပ် သင်ယူဖို့ စိတ်ပါလာစေမည်။
ဒါပေမဲ့ သူ ရှုံးနိမ့်သွားခဲ့ရင်ရော ….
သို့သော် လီခန်းလန်၏ အမြင်အရ ထိုကိစ္စကား အဓိပ္ပါယ် မရှိပေ။
ကောင်းကင်အသျှင်အများစုအတွက် သူတို့ကျင့်ကြံဆင့်ကို လျော့ချလိုက်လျှင်ပင် လူငယ်ပါရမီရှင်များကို အနိုင်ယူဖို့ အရေးသာမှု ရှိနေသေး၏။
ကျင့်ကြံဆင့်က အရာအားလုံး မဟုတ်ချေ။
လီခန်းလန်က အရှေ့ပိုင်းလွင်ပြင်၏ နံပါတ်တစ် ဓားအသျှင်တစ်ဦး ဖြစ်၏။ သူက တိုက်ပွဲအတွေ့အကြုံ မြောက်များစွာ ရှိထားပေသည်။ စိတ်အာရုံသပ်သပ်ကို မည်သို့ရှုံးနိမ့်မည်နည်း။
တိုက်ပွဲကို ထိန်းချုပ်ခြင်းနှင့် တစ်ဖက်လူ၏ တိုက်ကွက်များကို အလိုက်သင့်ပြင်ဆင်တတ်မှုတို့၌ သူက ရှန်ထျန်းထက် များစွာ သာလွန်သည်။ ရှန်ထျန်းကိုယ်တိုင် ရောက်လာလျှင်ပင် လီခန်းလန်က အနိုင်ယူဖို့ ယုံကြည်ချက်ရှိ၏။
သူက ရှန်ထျန်း မွေးမလာခင်ကတည်းက တိုက်ပွဲများစွာ ဆင်နွဲခဲ့သည် မဟုတ်ပါလော။
“ ရှင့်ရဲ့ ကျင့်ကြံဆင့်က အရမ်းမြင့်နေတယ်ဆိုတော့ မျှတစေဖို့အတွက် တစ်ဖက်လူရဲ့ ကျင့်ကြံဆင့်အတိုင်း လျော့ချပေးပါ့မယ်။ သဘောတူတယ်လို့ ယူဆလိုက်ရမလား ”
မျှော်နန်းဆောင် ဝိညာဉ်မလေး၏ အသံက ထွက်ပေါ်လာပြန်သည်။
လီခန်းလန်က အကြမ်းဖျင်းတွေးပြီးနောက် “ ကျုပ် သဘောတူတယ် ”
လီခန်းလန်က သူ့ခန္ဓာကိုယ်၌ အနည်းငယ် လေးလံလာမှုကို ချက်ချင်း ခံစားလိုက်ရသည်။ သူ့လွှမ်းမိုးနိုင်သည့် ဓားအသျှင် ကျင့်ကြံဆင့်မှာ လျော့ကျသွားလေပြီ။
ကနဦးဝိညာဉ်အဆင့်အထိ မြန်မြန် ကျဆင်းသွားပြီးနောက် ရွှေအမြုတေအဆင့် ထိုမှတဆင့် အခြေတည်အဆင့်အထိ ကျဆင်းသွားလေသည်။
တစ်ချိန်တည်းတွင် သူ့ရုပ်ခန္ဓာလည်း ဒုတိယမြောက် ရွှေရောင်ကိုယ်ထည် သန့်စင်ခြင်းအဆင့်သို့ လျော့ချခံလိုက်ရသည်။ သူ့အရှိန်အဝါတို့ကလည်း သိသိသာသာ ကျဆင်းသွားသည်။
“ ဒီလူငယ်လေးက အခြေတည်အဆင့်ဆိုပေမဲ့ သူနတ်ဘုရား ကိုယ်ထည်က ရွှေရောင်ကိုယ်ထည်အဆင့်တောင် ရောက်နေပြီပဲ ”
လီခန်းလန်က တိတ်တခိုး အံ့အားသင့်မိသွားသည်။
ဘယ်လောက်တောင် ပါရမီကောင်းလိုက်တဲ့ နတ်ဘုရားကိုယ်ထည်မာ ကျင့်ကြံသူလဲ …
ထားလိုက်ပါ … မင်း ဘယ်လောက်ကောင်းလဲ အကဲဖြတ်ကြည့်ရတာပေါ့ …
လီခန်းလန် အနောက်ဘက်ရှိ ဓားပြားကြီးက အမိန့်တစ်ချက်ဖြင့် ကောင်းကင်ယံဆီ ပျံသန်းထွက်လာသည်။
ချွမ် …
လေထုအတွင်း ပဲ့တင်ရိုက်သံ ထွက်ပေါ်လာကာ ဓားအလင်းတန်းများ ကောင်းကင်အနှံ့ ပျံ့နှံ့သွားသည်။
“ မြစ်ရှည်ကြီးက ပင်လယ်ဆီ ပြန်လာတယ်။ ကုန်းမြေ တစ်သောင်းကို ဖြတ်သန်းပြီး မိုးမုန်တိုင်း ဖြစ်ပေါ်လာစေတယ် ”
လီခန်းလန် နောက်မှ ဓားအလင်းတန်းက အားကောင်းလာကာ ရှန်ထျန်းဆီ အပြင်းအထန် ပြေးဝင်သွားသည်။
လီခန်းလန်က မောက်မာကာ ယုံကြည်ချက်လွန်ကဲနေသော်လည်း တုံးတုံးအအ သတိလက်လွှတ် မနေပေ။ သူက “ဉာဏ်ကြီးသော ခြင်္သေ့က ယုန်ငယ်တစ်ကောင်ကို အမဲလိုက်တဲ့အခါပင် အကောင်းဆုံး ကြိုးစားတတ်ကြောင်း” သဘောတရားကို ဆုပ်ကိုင်ထားသည်။
ရှန်ထျန်းက ကြယ်ခုနှစ်ပွင့် ပါရမီရှင်အဖြစ် သတ်မှတ်ခံထားရခြင်းက သူ့အဆင့်အတွက် တိုက်ပွဲစွမ်းရည်က အလွန်မြင့်မားနေကြောင်း သက်သေပြနေလေသည်။ သူက အသက်ပိုကြီးကာ အတွေ့အကြုံပိုများသော်လည်း ဤကောင်လေးနှင့် ရင်ဆိုင်သည့်အခါ သတိလွတ်မထားပေ။
သူ့ပထမတိုက်ကွက်က အကောင်းဆုံး ချန်းဟယ်ဓားကျမ်းကို ထုတ်သုံးလိုက်လေပြီ။
ထိုက်ပိုင်ချိုင့်ဝှမ်း၌ အားအကောင်းဆုံး တစ်ခုဖြစ်သောကြောင့် တော်ဝင်ကျမ်းနှင့်ပင် ယှဉ်နိုင်ပေသည်။ နယ်မြေငါးခုအတွင်း ထိုအရာက အထွတ်အထိပ်အဆင့် ဓားကျင့်စဉ်တစ်ခု ဖြစ်၏။
လီခန်းလန်၏ ကျင့်ကြံဆင့်က ရွှေရောင်ကိုယ်ထည်အဆင့်အထိ ဖိနှပ်ခံထားရသော်လည်း ဓားကျမ်း၌ ထူးချွန်ပြောင်မြောက်နေဆဲသာ ဖြစ်၏။
သူ ထုတ်သုံးလိုက်သည်နှင့် စစ်နတ်ဘုရား စင်မြင့်တစ်ခုလုံး ဓားအငွေ့အသက်များနှင့် လွှမ်းခြုံသွားလေသည်။ ရှန်ထျန်း ရှောင်ပြေးစရာ နေရာမရှိတော့ပေ။
“ မိုးနဲ့မြေ တာအိုရဲ့ အစဖြစ်ပြီးတော့ ဒီကမ္ဘာရဲ့ အရာအားလုံးက တူညီတဲ့ အရင်းအမြစ်ကနေ ဖြစ်ပေါ်လာတယ်။ မြောက်ဖက်ကို မျက်နှာမူပြီး ကိုယ့်ဘာသာ ပြန်သုံးသပ်လိုက် … ”
ထိုစဉ် ရှန်ထျန်း၏ ပုံရိပ်က လက်ဟန်တချို့ ထုတ်ဖော်လိုက်သည်နှင့် သူ့မျက်ခုံးကြားမှ မိုးကြိုးအမှတ်အသားက ပိုမို တောက်ပလာသည်။ ထိုအမှတ်အသားမှ မြောက်များစွာသော မိုးကြိုးအားများ ထွက်ပေါ်လာလေ၏။
ရှန်ထျန်းခေါင်းအထက်တွင် မိုးကြိုးများ စုစည်းလာပြီး စွမ်းအားအကာအကွယ်ကြီးတစ်ခု မြန်မြန် ဖြစ်ပေါ်လာကာ သူ့အား ကာကွယ်ပေးထားလိုက်သည်။ စွမ်းအားကြီး ဓားအငွေ့အသက်နှင့် စွမ်းအားအကာအကွယ်တို့ ထိတွေ့သွားသည်။ လိပ်နက်စွမ်းအား အကာအကွယ်က ထိပ်တိုက် တွေ့ဆုံမှုကြောင့် အပြင်းအထန် လှုပ်ခါသွားသော်လည်း မကျိုးပျက်သွားပေ။
“ ဝိညာဉ်မြူ ကောင်းကင်ကို ဖုံးလွှမ်းစမ်း ”
ရှန်ထျန်းက ရေရွတ်လိုက်ပြီးနောက် သူ့ခြေထောက်အောက်မှ မြူခိုးလှိုင်းများ ထွက်ပေါ်လာသည်။
ထိုမြူက အင်မတန် သိပ်သည်းကာ မြန်မြန်ဆန်ဆန် ပျံ့နှံ့သွားလေ၏။ အသက်ရှိုက်စာအနည်းငယ်အတွင်း ရှန်ထျန်းကို လုံးဝ ဖုံးအုပ်သွားလေပြီ။
လီခန်းလန် ထိုမြူခိုးသည် သူ့ကိုပင် လွှမ်းခြုံချင်သကဲ့သို့ နေရာအနှံ့ ဆက်တိုက် ပျံ့နှံ့နေကြောင်း သတိပြုမိလိုက်သည်။
“ မြူခိုးလွင်ပြင်က နတ်ဆိုးပညာရပ်မလား .. ဒီကောင်လေး ဘယ်လိုလုပ် တတ်လာတာလဲ ”
လီခန်းလန်က မျက်မှောင်အသာကြုတ်ကာ
“ သူက နတ်ဓားဖွဲ့စည်းပုံ ပိုင်ဆိုင်ထားပေမဲ့ ဓားပညာရပ်ကောင်းကောင်းကို မလေ့ကျင့်ချင်ဘူး။ အဲဒီအစား တခြားကလေကဝ ပညာရပ်တွေ သင်ယူနေတယ်။ ဒါက ကောင်းကင်ဘုံရဲ့ အလိုဆန္ဒကို ဆန့်ကျင်နေတာပဲ … ငါ့စွမ်းအားကြီး ဓားအရှိန်အဝါက မင်းရဲ့ နတ်ဆိုးလှည့်ကွက်တွေကို ခြေမွပစ်လိမ့်မယ် ”
လီခန်းလန်၏ အရှိန်အဝါက မြင့်မားလာကာ သူ့နတ်ဘုရားအသိစိတ်လည်း မြူခိုးအတွင်းမှ မှိန်ဖျော့ဖျော့ စွမ်းအားပေါ် အာရုံအပြည့်အဝ စိုက်ထားလိုက်ရသည်။
ထိုစဉ် သူ့လက်ထဲမှ ဓားနှင့် တစ်သားတည်းလိုမျိုး ဖြစ်သွားသည်။ ဓားက သူ ဖြစ်သလို သူကလည်း ဓား ဖြစ်၏။
သူ့လက်ထဲမှ ဓား၌ ချန်းဟယ်ဓားအငွေ့အသက်များ စုစည်းလာသည်။ ထိုအရာက ဓားစွမ်းအားကို တိုးမြင့်ပေးပြီး စွမ်းအားကြီးကြီးအဖြစ် ပေါင်းစပ်သွားစေသည်။
ချွမ် …
အာကာပြင်ပင် တွန့်လိမ့်သွားသလို ခံစားလိုက်ရသည်။
ရွှေရောင်ကိုယ်ထည်အဆင့်၌ပင် လီခန်းလန်၏ ဓားပညာရပ်က အာကာပြင်ကိုပင် သက်ရောက်နိုင်စွမ်း ရှိကြောင်း သိသာလှသည်။
လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းကျော်အတွင်း အရှေ့ပိုင်းလွင်ပြင်၌ ထိုသို့အဆင့်မျိုး ရောက်သည့် ဓားသမားလက်တစ်ဆုပ်မျှသာ ရှိခဲ့သည်။ သူက အားအကောင်းဆုံး ဓားအသျှင်ဟု အလကား ခေါ်ခံရခြင်း မဟုတ်ပေ။
ဝိညာဉ်မြူထဲမှ စွမ်းအားကို ပစ်မှတ်ထားလိုက်ပြီးနောက် လီခန်းလန်က ဓားနှင့်တစ်သားတည်း ပေါင်းစည်းလိုက်ပြီး ပစ်မှတ်ဆီ ပြေးဝင်သွားသည်။
ဓားဖျားက ဦးဆောင်လာစဉ် အတားအဆီးအားလုံး ရှင်းထုတ်ခံလိုက်ရသည်။ ဝိညာဉ်မြူပင် အစိတ်စိတ်အမြွာမြွာ ဖြစ်သွားသည်။
သူက ပစ်မှတ် မမှားပေ။ မကြာခင် ဓားစွမ်းအားက ရေဓာတ် နတ်မိုးကြိုးမှ ဖွဲ့စည်းထားသည့် လိပ်နက်ဒိုင်းကာနှင့် ထိပ်တိုက် တွေ့သွားသည်။
ဝုန်း …
ဓားစွမ်းအားက ပေါက်ကွဲထွက်သွားကာ လိပ်နက်ဒိုင်းကာအား ချက်ချင်း စုတ်ဖြဲပစ်လိုက်သည်။
လီခန်းလန်၏ အားကောင်းသော ခန္ဓာကိုယ်နှင့် ပြင်းထန်သော ဓားအငွေ့အသက်တို့က တစ်သားတည်း ဖြစ်နေသောကြောင့် ရှန်ထျန်း မည်သည့်နေရာတွင် ပုန်းအောင်းနေစေကာမူ သူ့အနေနှင့် ထိုဓားအငွေ့အသက်ဖြင့် အတင်းဖိအားပေးလို့ ရပေသည်။
သို့သော် လီခန်းလန် အံ့ဩသွားစေသည်က သူ့ဓားစွမ်းအားသည် ဗလာနတ္ထိအပေါ် ကျရောက်သွားကြောင်း ခံစားလိုက်ရသည်။
ရှန်ထျန်း၏ ပုံရိပ်က လိပ်နက်ဒိုင်းကာအတွင်း ရှိမနေပေ။
လီခန်းလန်က ချက်ချင်း သတိကြီးကြီး ထားလိုက်၏။
မြေအောက်မှ ကျောက်စိမ်းရောင် နွယ်ပင် ထွက်လာကာ လီခန်းလန်၏ ညာဘက်ခြေထောက်ကို ရစ်ပတ်ထားလိုက်သည်။
ထို့နောက် နွယ်ပင်က သူ့ခြေထောက်အထိ ရစ်တက်လာပြီး …. ထက်ရှသည့် အကိုင်းအခက်များက သူ့ပေါင်အတွင်း ထိုးစိုက်ဝင်ရောက်သွားသည်။