← Chapters

Wind Chimes

Vol. 14 Ch. 187

Wind Chimes

Vol. 14 Ch. 187

"အေးစက်နေတဲ့လမ်းမပေါ်မှာ လေတစ်စက်မှ မတိုက်ခဲ့ဘူး။ အဲဒီအချိန်က အရမ်းပူပြင်းနေပြီး အကွာအဝေးတစ်ခုလောက်ထိ စီးပြီးနောက် ကျွန်မကိုယ်မှာ ချွေးတွေစိုနေခဲ့တယ်။

ဒါပေမယ့် ကျွန်မ ကြည့်လိုက်တဲ့အခါ ခြင်းထဲက အရိပ်ကို မြင်လိုက်ရပြီး ကြောင်သွားခဲ့တယ်။

အဲဒီအရိပ်ကို တစ်စက္ကန့်၊ နှစ်စက္ကန့်လောက်ထိ ကြည့်မိလိုက်တဲ့အခါ ခြေဖဝါးကနေ အေးစက်မှုတစ်ခု စတင်ခံစားလာရပြီး တဟုန်ထိုး နဖူးထိတက်လာခဲ့တယ်။

ကျွန်မ ချက်ချင်းနောက်ပြန်လှည့်လိုက်ပြီး လမ်းဘေးက အပင်တွေကိုကြည့်လိုက်တော့... လေတွေက စတင်တိုက်ခတ်လာတယ်။

လမ်းပေါ်က အမှိုက်တချို့က လေနဲ့အတူ လွင့်တက်လာခဲ့တယ်။

အမှိုက်တွေလိမ့်ပြီး လုံးဝန်းသွားကာ ကျွန်မရဲ့စက်ဘီးဘေးနဲ့ ခြေထောက်အနားကို လိမ့်လာခဲ့တယ်။ ကျွန်မနောက်တစ်ခါ ပြန်လှည့်ကြည့်တော့ အဲဒီအရိပ်က ခြင်းထဲမှာ ထိုင်နေဆဲဖြစ်ပြီး သူမရဲ့ခြေထောက်တွေက ရှေ့နောက် လွှဲခတ်နေတယ်... တီဗီထဲမှာ မကြာခဏတွေ့ရတဲ့ မိန်းကလေးတစ်ယောက်လိုပေါ့။

သူမရယ်နေတယ်... တကယ်ပါ...

ကျွန်မလမ်း အလယ်မှာရပ်နေခဲ့ပြီး ရယ်သံကိုကြားလိုက်ရတယ်။

အဲဒီရယ်သံက ကျွန်မတစ်ကိုယ်လုံးကို ကြက်သီးထစေခဲ့တယ်။

နောက်ဆုံးတော့ ကျွန်မတုံ့ပြန်မိပြီး စက်ဘီးနဲ့ အမြန်ထွက်ပြေးခဲ့တယ်။ စက်ဘီးစီးရင်း အော်ဟစ်ငိုယိုနေတဲ့ မိန်းကလေးတစ်ယောက်ရဲ့ပုံစံကို စိတ်ကူးကြည့်လို့ ရမလားမသိဘူး? လူသူကင်းမဲ့တဲ့ လမ်းမပေါ်မှာ ငိုကြွေးအော်ဟစ်ရင်း စက်ဘီးစီးနေတဲ့ပုံကိုလေ?

ရဲစခန်းရောက်တဲ့အထိ ကျွန်မစက်ဘီးဆက်စီးခဲ့တယ်။ အဲ့ဒီအတောအတွင်းမှာ အမှန်တကယ် ပစ္စည်းတွေကို ရဲကို ပေးဖို့ရည်ရွယ်ချက်ကို မေ့နေခဲ့တယ်။ ကျွန်မအရမ်းကြောက်နေပြီး လူတွေကို တွေ့ပြီး ကျွန်မ ဒီအကြောင်းတွေကို ပြောပြချင်နေခဲ့တယ်။ နောက်ဆုံးတော့ ရဲစခန်းထဲဝင်သွားခဲ့တယ်။

ကျွန်မစက်ဘီးကို တံခါးဝမှာပဲရပ်လိုက်တယ်။ အတွင်းကိုဝင်သွားတော့ ကြားမှာ ဖန်တံခါးတစ်ချပ်ရှိနေတယ်။ ဖန်တံခါးနားရောက်တဲ့အခါ သူမရဲ့ ရယ်သံကို ထပ်ကြားလိုက်ရတယ်... ဟီး.ဟီး... သူမက ကျွန်မကိုပြောင်လှောင်နေသလိုပဲ? ကျွန်မတံခါးလက်ကိုင်ကိုကိုင်ပြီး တွန်းဖွင့်ဖို့ကြိုးစားခဲ့တယ်။

ဒါပေမယ့် တံခါးလက်ကိုင်က လူတစ်ယောက်ရဲ့လက်မောင်းကို ထိသလိုအေးစက်နေတယ်။ ပူပြင်းတဲ့ နေ့လိုမျိုး လက်ဖဝါးရဲ့ အပူချိန်မြင့်နေတဲ့အခါ လက်မောင်းကိုထိလိုက်ရင် အေးစက်သွားသလိုမျိုးပေါ့။ ပုံမှန်ဆိုရင် သက်တောင့်သက်သာရှိမယ်လို့ထင်ပေမယ့် အဲဒီအချိန်မှာတော့ ကျွန်မကြောင်အသွားခဲ့တယ်။

ကျွန်မရဲစခန်းတံခါးဝမှာ ထိုင်ပြီး ခေါင်းကိုဖက်ကာ ငိုနေခဲ့တယ်။

ကျွန်မမှာ ဘာမှမရှိတော့ဘူးလို့ လက်ခံလိုက်ပြီး ငိုကြွေးခဲ့တယ်။

ဒါပေမယ့် မင်းတို့သိလား? ကျွန်မထိုင်လိုက်တဲ့အခါ အရိပ်ရဲ့ ခေါင်းပုံကလည်း ကျွန်မနဲ့အတူ ထိုင်လာပြီး ကျွန်မရဲ့မျက်လုံးအောက်က မြေပြင်ပေါ်မှာ ပေါ်လာတယ်။

သူမက ကျွန်မကို ကြည့်နေသလိုပဲ... အရမ်းစူးစိုက်ပြီး ကြည့်နေသလိုပေါ့။

အတွင်းက ရဲတွေက ကျွန်မငိုသံကိုကြားပြီး တံခါးဖွင့်ပေးခဲ့တယ်။

ကျွန်မဒီလိုငိုနေတာကိုမြင်တော့ သူတို့က ကျွန်မကိုမတ်တတ်ထရပ်အောင် ကူညီပေးပြီး ဘာဖြစ်တာလဲလို့မေးတယ်။

ကျွန်မက သူတို့ကို သရဲတွေ့ခဲ့တယ်လို့ပြောလိုက်တော့ ရဲတွေတစ်ခဏတော့ အံ့အားသင့်သွားပြီး ကျွန်မသူတို့ကို စနေတယ်လို့ပဲ ထင်ခဲ့တယ်။ ဒါပေမယ့် အဲဒီအချိန်မှာ ကျွန်မက ငါတကယ်သရဲကို တွေ့ခဲ့တယ်၊ ကျောပေါ်မှာ ဆံပင်တွေကျနေပြီး လက်ချောင်းတွေအရမ်းသွယ်တဲ့ အမျိုးသမီးတစ္ဆေလို့ ထပ်ခါထပ်ခါ ပြောခဲ့တယ်။

ရဲတွေက အစပိုင်းမှာ လုံးဝမယုံခဲ့ဘူး၊ ဒါပေမယ့် ကျွန်မကို အတွင်းခေါ်သွားပြီး အမျိုးသမီးရဲတစ်ယောက်ကို ကျွန်မကို မေးမြန်းဖို့ခေါ်လိုက်တယ်။

ကျွန်မက 'ရဲမေကို ကျွန်မကိုမယုံဘူးလား?' လို့မေးတော့ ရဲမေက 'မင်းကိုမယုံတာမဟုတ်ဘူး၊ ဒါပေမယ့် ငါတို့ မမြင်ရတဲ့အရာကို ယုံဖို့ခက်တယ်' လို့ပြန်ဖြေခဲ့တယ်။

ရဲမေ ပြောတာ မှန်ပါတယ်။

ဘယ်သူမှမမြင်ရဘဲ ကျွန်မကို ဘယ်လိုယုံမှာလဲ? ဒါနဲ့ ကျွန်မသူတို့ကို ကျွန်မရှာတွေ့ခဲ့တဲ့အိတ်ကိုပေးလိုက်ပြီး သူတို့က ကျွန်မကို အဆောင်ကို ပြန်ပို့ပေးခဲ့တယ်။

ရဲမေက မငြင်းပယ်ဘဲ အခြားရဲထောက်တစ်ယောက်ကိုခေါ်ပြီး ရဲကားနဲ့ ကျွန်မကို အဆောင်အောက်ထပ်အထိ ပို့ပေးခဲ့တယ်။

ရဲကားထဲမှာ မီးတစ်တိုင်ပြီး တစ်တိုင် ဖြတ်သန်းတိုင်း အလင်းတန်းတွေဝင်လာတယ်။

ကျွန်မကိုယ်တိုင်လည်း အဲဒီအရိပ်ကို ထပ်မမြင်ရတော့မှန်း သေချာအောင်ကြည့်ခဲ့ပြီးမှ သက်သောင့်သက်သာ ဖြစ်သွားခဲ့တယ်။

ရဲတွေက ကျွန်မကို အောက်ထပ်အထိပို့ပေးခဲ့တယ်။ ကားပေါ်က ဆင်းတဲ့အခါ ကားမောင်းနေတဲ့ ရဲက တစ်ခုခုသိသလိုလိုနဲ့ ရုတ်တရက်မေးလိုက်တယ်။ 'မိန်းကလေး မင်းအပေါ်ထပ်ကိုတက်ရင် လှေကားထစ်တွေကို ရေတွက်ရတာကို ကြိုက်လား?'

ကျွန်မနောက်လှည့်ကြည့်ပြီး ကြိုက်တယ်လို့ခေါင်းညိတ်ဖြေလိုက်တယ်။

ငါးထပ်မြောက်အထိ တက်ရတာမို့ ပင်ပန်းတဲ့အတွက် အချိန်ကုန်စေဖို့ မကြာခဏရေတွက်လေ့ရှိတယ်။

ရဲကြားတော့ ပြုံးပြပြီး 'အိုကေ၊ ဒါဆို မင်းတက်သွား၊ မတက်ခင်လှေကားထစ်တွေကို မရေနဲ့နော်၊ လှေကားဘေးမှာ အခန်းရှိရင် ပြတင်းပေါက်ကိုလည်း မကြည့်နဲ့၊ သိလား?' လို့ပြောလိုက်တယ်။

အဲဒီအချိန်မှာ အဲ့ဒီရဲရဲ့စကားတွေက ကျွန်မကိုထပ်ကြောက်စေခဲ့ပြီး ချက်ချင်းငိုချလိုက်တယ်။

တကယ်ပါ... ကျွန်မကိုယ်ကျွန်မ အရမ်းအားနည်းတယ်လို့ခံစားမိတယ်၊ ငိုပဲ ငိုနေမိတယ်။

ဒါပေမယ့် ကျွန်မတကယ်ကို ကြောက်နေခဲ့တာ။

သူ မပြောခဲ့ရင် ဘာမှမဖြစ်ဘူး၊ ဒါပေမယ့် သူပြောလိုက်တဲ့အခါ လှေကားအဆုံးမှာ တစ်ခုခုက ကျွန်မကိုစောင့်နေသလိုခံစားရတယ်။

ရဲမေက သူ့လုပ်ဖော်ကိုင်ဖက်ကို ဆူပြီးနောက်ဆုံးတော့ အမျိုးသားရဲကို ကျွန်မနဲ့အတူအပေါ်ထပ်တက်ပို့ဖို့ ခေါ်ခဲ့လိုက်တယ်။

သူတို့နှစ်ယောက်က ကျွန်မနဲ့အတူ တက်လာခဲ့တယ်။

လှေကားထစ်တွေပေါ်လျှောက်ရင်း အမျိုးသားရဲနဲ့ ရဲမေနှစ်ယောက်လုံးက ခေါင်းမော့ထားတယ်။

ကျွန်မလည်း သူတို့လုပ်သလိုလိုက်လုပ်တယ်။

ဒါပေမယ့် ဘာကြောင့်မှန်းမသိဘဲ ရေတွက်ချင်စိတ်က ပေါ်လာခဲ့တယ်။

တစ်...နှစ်၊ သုံး၊ ကျွန်မရေတွက်လိုက်တိုင်း သတိထားမိပြီး ချက်ချင်းစိတ်ကို ပြန်ဆွဲယူလိုက်တယ်။

ဒါပေမယ့် အသစ်တစ်ထစ်ရောက်တိုင်း ထပ်ပြီးတော့ ရေတွက်ချင်စိတ်က ပေါက်လာတယ်။

ဒီလိုနဲ့ ခဏရပ်ခဏတက်နဲ့ နောက်ဆုံးတော့ ငါးထပ်က အဆောင်ရဲ့ တံခါးဝရောက်လာခဲ့တယ်။

ခရီးတစ်လျှောက်လုံးမှာ အလုပ်သမားတွေ ချိတ်ထားတဲ့ အဝတ်တွေနဲ့ပြည့်နေတယ်။

အမျိုးသားရဲက ကျွန်မကိုတံခါးအထိပို့ပြီးတဲ့အခါ 'မင်းကိုယ်တိုင်ဝင်သွားလိုက်တော့ အတွင်းမှာ မိန်းကလေးတွေရှိရင် ကျွန်တော်တို့အတွက် အဆင်မပြေဘူး' လို့ပြောလိုက်တယ်။

ကျွန်မက ရဲနှစ်ယောက်ကို ကျေးဇူးတင်ကြောင်းပြောပြီး သူတို့ထွက်သွားတာကိုကြည့်ကာ သော့ထုတ်ပြီးတံခါးဖွင့်လိုက်တယ်။

တံခါးဖွင့်လိုက်တာနဲ့ ကလန် ဆိုတဲ့ အသံတစ်ချက်ကြားလိုက်ရတယ်။

အသံကြားတာနဲ့ ကျွန်မလန့်သွားတယ်။

ငေးကြည့်လိုက်တော့ အဆောင်ထဲမှာ Wind Chimes တစ်ခု ဘယ်တုန်းကမှန်းမသိ ချိတ်ထားတာကို တွေ့လိုက်ရတယ်။

လုပ်ဖော်ကိုင်ဖက်က အိပ်ရာထဲလှဲနေပြီး ဖုန်းကြည့်နေကြတယ်။ ကျွန်မပြန်လာတာကိုမြင်တော့ သူတို့အနားယူနေတာကို နှောင့်ယှက်တယ်ဆိုပြီး ဆူကြတယ်။

ကျွန်မက Wind Chimes ကို ဘယ်သူဝယ်ထားတာလဲလို့မေးတော့ ဘယ်သူမှ ပြန်မဖြေခဲ့ဘူး။

ဒါပေမယ့် ငယ်ငယ်ကတည်းက Wind Chimes ကို အိမ်ထဲမှာ မချိတ်ရဘူးလို့ ကြားဖူးတယ်။

ဘာလို့လဲဆိုတော့ Wind Chimes ကိုချိတ်ရင် မကောင်းတဲ့ အရာတွေကို ဆွဲဆောင်နိုင်လို့ပဲ။ ဒါနဲ့ ကျွန်မက အဆောင်ထဲမှာမချိတ်ဘဲ ဖြုတ်ပစ်ရမလားလို့ပြောတော့ သူတို့က ဒီလောက်လှတဲ့အရာကို ဘာဖြစ်လို့ မချိတ်ရမှာလဲဆိုပြီး သဘောမတူကြဘူး။

ပြောမရတော့ ကျွန်မလည်း ရေချိုးခန်းဝင်ပြီး မြန်မြန်ရေချိုးလိုက်တယ်။ ရေချိုးပြီးတဲ့အခါ အခန်းဖော်တွေအားလုံး ဖုန်းတွေပိတ်ပြီး အိပ်ပျော်နေကြတယ်။ ကျွန်မလည်း အိပ်ရာထဲလှဲလိုက်တယ်၊ ဒါပေမယ့် အိပ်မပျော်ခဲ့ဘူး။ ကျွန်မရဲ့အိပ်ရာက တံခါးနဲ့မျက်နှာချင်းဆိုင် ဖြစ်နေတယ်။ Wind Chimes က ကျွန်မရဲ့ရှေ့ မကမ်းမလှမ်းမှာ ချိတ်ထားတယ်။

တစ်ညလုံး Wind Chimes ကို စိုက်ကြည့်နေမိတယ်၊ အသံမြည်မှာကို ကြောက်နေခဲ့တယ်။

တဖြည်းဖြည်းနဲ့ အခန်းတစ်ခုလုံး တိတ်ဆိတ်သွားခဲ့တယ်။

သူတို့အားလုံး အိပ်ပျော်နေတာကိုမြင်တော့ ကျွန်မ Wind Chimes ကို ဖြုတ်ချင်လာခဲ့တယ်။

ကျွန်မခုံတစ်လုံးယူပြီး Wind Chimes ကိုယူဖို့ လက်လှမ်းထိုးလိုက်တယ်။ ဒါပေမယ့် လက်နဲ့မထိရသေးခင်မှာပဲ Wind Chimes က အသံမြည်လာခဲ့တယ်!

တင်... တင်၊ တင်... တင်၊ အသံကြားတာနဲ့ ကျွန်မထိတ်လန့်သွားပြီး ချက်ချင်း ခုံပေါ်ကဆင်းကာ အိပ်ရာထဲပြန်ဝင်ဖို့ လှည့်လိုက်တယ်။ လှည့်လိုက်တဲ့အချိန်မှာပဲ... ဒေါက်...!!!

တံခါး ခေါက်သံကို ကြားလိုက်ရတယ်!"

All Chapters