အရှက်ကွဲခြင်း
Vol. 18 Ch. 262
အခန်း (၂၆၂) : အရှက်ကွဲခြင်း
လီခန်းလန်၏ ခြေထောက်မှ ထုံလာသည့် ခံစားချက်မျိုး တဖြည်းဖြည်း ပျံ့နှံ့လာသည်။ သို့သော်လည်း နာကျင်မှုအမျိုးမျိုးက စက္ကန့်ပိုင်းလေးအတွင်း ပျောက်ကွယ်သွားလေသည်။ အတွေ့အကြုံကြွယ်ဝသော လီခန်းလန်က တစ်ခုခု လွဲမှားနေကြောင်း တန်းသိလိုက်သည်။ ဤသို့သော နွယ်ပင်မျိုးက အဆိပ်ရှိပြီး ထုံသွားစေသည့် အမျိုးအစား ဖြစ်ကြောင်း သိသာလှသည်။ သက်ရောက်မှုကလည်း အင်မတန် ပြင်းထန်လှ၏။
အကယ်၍ သူသာ နွယ်ပင်ကြားမှ မရုန်းထွက်နိုင်လျှင် မကြာခင် ထုံထိုင်းမှုကြောင့် လုံးဝ ပိတ်မိသွားပေတော့မည်။
ထိုအခါ သူ့ကိုယ်သူ ကာကွယ်နိုင်မည့် အခွင့်အရေး ရှိတော့မည် မဟုတ်ချေ။
“ စက်ဆုပ်စရာကောင်းလိုက်တာ ”
လီခန်းလန်၏ မျက်နှာက အနည်းငယ် မှုန်မှိုင်းသွားပြီး ထိုနွယ်ပင်များဆီ ဓားဖြင့် ဝေ့ယမ်းလိုက်သည်။
ချွမ် …
ထိုနွယ်ပင်များက နူးညံ့ပျော့ပျောင်းဟန် ပေါ်သော်လည်း သူတို့အင်အားက လီခန်းလန် တွေးထားသည်ထက် ကျော်လွန်နေသည်။
လီခန်းလန် လက်ထဲရှိ ဓားက အထွတ်အထိပ်အဆင့် ဝိညာဉ်ရွှေဖြင့် ပြုလုပ်ထားသည့်အပြင် နှစ်ပေါင်းများစွာ လေ့ကျင့်လာပြီးသား ဖြစ်၏။ ထိုကြောင့် ပြောင်မြောက်သည့် ဓားကောင်းတစ်လက် ဖြစ်ပေသည်။
ထိုသို့ဆိုလျှင်ပင် နွယ်ပင်များကို မခုတ်နိုင်ပေ။ သူ လုပ်နိုင်သည်က နွယ်ပင်များပေါ် အဖြူရောင်အရည်များ စိမ့်ထွက်လာအောင် ခြစ်ရာထင်ကျန်ခဲ့စေရုံသာ ဖြစ်၏။
“ တစ်ခါတည်းနဲ့ မဖြတ်နိုင်မှတော့ နောက်ထပ် ကြိုးစားကြည့်တာပေါ့ ”
ထုံထိုင်းမှုက ပိုများ အားကောင်းလာသည်။ လီခန်းလန်က သူ့ဓားအငွေ့အသက်ဖြင့် သူ့ခန္ဓာကိုယ်ထဲ ရောက်နေသည့် အဆိပ်ကို ခုခံနေရသည်။ တစ်ချိန်တည်းတွင် သူက ပထမတစ်ချက်ဖြင့် ခြစ်ရာထင်စေခဲ့သည့် နေရာပေါ် ထပ်မံ ခုတ်ချနေသည်။ နောက်ဆုံးတွင် အံ့ဖွယ်ဝါးမျိုနွယ်ပင်အား နှစ်ပိုင်း ပိုင်းနိုင်လိုက်၏။
သို့သော်လည်း သူ မပျော်နိုင်ခင် မြေပြင်မှ နွယ်ပင်များစွာ ထွက်ပေါ်လာသည်။ ထိုအံ့ဖွယ်ဝါးမျိုနွယ်ပင် သုံးပင်က သူ့ခါး၊ ခြေထောက်နှင့် လက်များကို အတင်းအကျပ် ရစ်ပတ်လိုက်ပြီး သူ့အား တင်းတင်းကျပ်ကျပ် ချည်နှောင်ထားလိုက်တော့သည်။
တစ်ချိန်တည်းတွင် ထိုနွယ်ပင်များက လီခန်းလန်၏ ပါးစပ်ထဲ ဝင်ချသွားသည်။
“ ဘယ်လိုညစ်ပတ်တာတုန်း … ဒါကရော ဘယ်လိုနတ်ဆိုးနွယ်ပင်တုန်း ”
လီခန်းလန်၏ မျက်နှာက အလွန်ဖြူဖျော့နေလေသည်။ သူက အရှေ့ပိုင်းလွင်ပြင်၏ အကြီးမြတ်ဆုံး ဓားအသျှင် ဖြစ်ကာ ဂုဏ်သတင်းကြီးလှသူ ဖြစ်၏။
ဒီရွံ့စရာကောင်းတဲ့ နွယ်ပင် သူ့ပါးစပ်ထဲ ဝင်သွားရင် သူ့ကို လုံးဝ အရှက်ခွဲလိုက်တာပဲ မဟုတ်ဘူးလား …
“ ဓားနဲ့ တစ်သားတည်း ပေါင်းစပ်စမ်း …”
လီခန်းလန် တစ်ကိုယ်လုံး ဒေါသမီးတောက်များ ပေါက်ကွဲထွက်လာသည်။ သူက ချီစွမ်းအားကို လောင်ကျွမ်းကာ သာမန်စွမ်းအားထက် ပိုအားကောင်းသည့် အငွေ့အသက်မျိုး ထုတ်လွှင့်လိုက်သည်။
လီခန်းလန်အတွက် နတ်ဘုရား ကျင့်ကြံသူသည် သူ့နောက်ဆုံးအကွက် ဖြစ်ကာ အသက်သွင်းလိုက်တော့သည်။
အရှေ့ပိုင်းလွင်ပြင်တစ်ခုလုံး၌ လူတစ်စုသာ သူနှင့် ယှဉ်တိုက်ဖို့ အားကောင်းကြသည်။ ဤသို့သော အခြေအနေမျိုး၌ လီခန်းလန်က စိတ်ကူးထားသည်ထက် များစွာ အားကောင်းလာသည်။
“ ဓား … အဲဒီမကောင်းဆိုးဝါးတွေကို သွားနှိမ်နင်းခဲ့ … ဒီမကောင်းဆိုးဝါး ပုံရိပ်ယောင်တွေကိုလည်း အကုန်ရှင်းထုတ်ခဲ့ ”
စက္ကန့်ပိုင်းလေးအတွင်း လီခန်းလန်၏ ခန္ဓာကိုယ်မှ ငွေရောင်တလက်လက်ဖြင့် ဓားတစ်ချောင်း ထွက်ပေါ်လာသည်။ သိပ်မကြာခင် ထိုနွယ်ပင်သုံးပင်၌ အက်ရာများ ပေါ်လာလေ၏။ တိုက်ခိုက်မှုတစ်ချက်တည်းဖြင့် လီခန်းလန်၏ နံပါတ်တစ် ဓားအသျှင် ဖြစ်ကြောင်း ဂုဏ်သတင်းကို ယုံမှားဖွယ် မရှိတော့ပေ။ သူ့ဓားနှလုံးသားက မယုံကြည်လောက်အောင် အားကောင်းနေလေပြီ။
ထိုစဉ် လီခန်းလန်က သူ့လက်ထဲမှ ဓားနှင့် တစ်သားတည်း ဖြစ်သွားသည်။ အံ့ဖွယ်ဝါးမျိုနွယ်ပင်က ထိုစွမ်းအားထွက်ပေါ်လာမှုကြောင့် သူ့အား ချုပ်နှောင်ဖို့ မနည်းကြိုးစားနေရသည်။
ဝှီး …
လီခန်းလန်၏ မျက်နှာက ရုတ်ချည်း ပြောင်းလဲသွားသည်။ သူ့ဓားတာအိုက မှေးမှိန်သွားပြီး မျက်နှာကလည်း ဖြူဖျော့သွားတော့သည်။
“ မကောင်းဆိုးဝါးကောင် … ငါ့ကို ဒီနေရာ လာထိုးရဲတယ်ပေါ့လေ ”
လီခန်းလန်က ဒေါသ မီးတောက် ဆူပွက်လာကာ ယခု ပိုမို စွမ်းအားပြင်းထန်လာသည်။
အံ့ဖွယ်ဝါးမျိုနွယ်ပင်ဆီ ဓားစွမ်းအားများစွာ ဝင်ရောက်သွားသည်။ သို့သော် ထိုအချိန်၌ နွယ်ပင်၏ အပေါ်ယံမျက်နှာမှ ငွေဖြူရောင် အရည်များ စီးကျလာသည်။
ဓားတာအို တိုက်ခိုက်မှုစွမ်းအားအများစုကို ထိုငွေဖြူရောင်အရည်များက လမ်းကြောင်းလွဲပေးထားပြီး အံ့ဖွယ်ဝါးမျိုနွယ်ပင်၏ ခုခံကာကွယ်နှုန်းက နှစ်ဆမက အားကောင်းလာလေသည်။
လီခန်းလန်က ပိုင်းခုတ်လေလေ ထိုနွယ်ပင်များက စိတ်လှုပ်ရှားလာလေလေ ဖြစ်၏။
သူတို့က ပျော်ရွင်မှု ရှာတွေ့သွားသည့်အလား အခွင့်အရေး ရရင် ရသလို လီခန်းလန်၏ ခန္ဓာကိုယ်ကို သွားသွားရိုက်နေကြသေးသည်။
ဒါက အရှက်ခွဲတာပဲ ….
ရှန်ထျန်း၏ ပုံရိပ်က အခုအထိ တစ်ခါမှ မလှုပ်ရှားရသေးသော်လည်း သူကတော့ အံ့ဖွယ်ဝါးမျိုနွယ်ပင်ကြား ယက်ကန်ယက်ကန် ဖြစ်နေရှာသည်။
လီခန်းလန်က အရှေ့ပိုင်းလွင်ပြင်တစ်လျှောက် ဂုဏ်သတင်းကြီးမားသူ ဖြစ်၍ ဤသို့မျက်နှာပျက်မှုမျိုး မကြုံဖူးပေ။ သူ့ဓားနှလုံးသားက နှစ်ပိုင်း ပြိုကွဲလုမတတ် ဖြစ်နေလေပြီ။
ကံဆိုးစွာဖြင့် သူ့အရှက်ရမှု၊ ဒေါသထွက်မှုနှင့် ရုန်းကန်မှုအားလုံးမှာ အချည်းနှီး ဖြစ်နေ၏။ ယခု သူက ရွှေရောင်ကိုယ်ထည် ဓားသမားမျှသာ ဖြစ်နေသည်။
အကယ်၍ သူသာ တစ်ဖက်လူကို အထင်မသေးဘဲ ထိုနွယ်ပင်များ၏ ချည်နှောင်မှုကို မခံခဲ့ရလျှင် ထိုကောင်လေးကို အနိုင်ယူနိုင်ခြေ ရှိနိုင်သည်။
သို့သော် ဤလောကကြီးထဲ၌ “ အကယ်၍ ” ဆိုသည့် စကားမျိုး မရှိပေ။ လီခန်းလန်ကလည်း ပြန်လည် တိုက်နိုင်ခြေ မရှိတော့ကြောင်း ကောင်းကောင်း သိလိုက်သည်။
အံ့ဖွယ်ဝါးမျိုနွယ်ပင်က သူ့အား ပိုမို တင်းကျပ်စွာ ချည်နှောင်ထားလိုက်တော့သည်။ သူ့ဓားပင် ထိုနွယ်ပင်များကြား ပါသွားလေပြီ။
အံ့ဖွယ်ဝါးမျိုနွယ်ပင် တစ်ချောင်းက လီခန်းလန် ခန္ဓာကိုယ်အတွင်း ဝင်ရောက်လာသည်နှင့် သူ့အသက်အဆီအနှစ်နှင့် စွမ်းအားများ အလျှင်အမြန် ကုန်သွားကြောင်း ခံစားမိလိုက်သည်။
လီခန်းလန်က အသက်ရှိုက်စာအနည်းငယ်အတွင်း အလောင်းသဖွယ် ဖြစ်သွားကာ သူ့မျက်စိရှေ့အရာအားလုံးက ဗလာနတ္ထိအဖြစ် မည်းမှောင်ပျောက်ကွယ်သွားသည်။
ဟူး …
လီခန်းလန်က အရှက်ကွဲမှု၊ ဒေါသတရားနှင့်အတူ မျက်လုံးပွင့်လာသည်။ တစ်ချိန်တည်းတွင် အံ့ဩမှုနှင့်အတူ မယုံကြည်နိုင်မှုလည်း တွဲပါလာသည်။
“ ငါ မသေသေးဘူးလား ”
မျှော်နန်းဆောင် ဝိညာဉ်မလေးက ပြန်ဖြေလိုက်သည် “ အံ့ဩနေဖို့ မလိုပါဘူး။ ဒါတွေအားလုံးက စိန်ခေါ်သူတွေ အဆုံးအစွန်အထိ စိတ်ကြိုက်ဆင်နွဲနိုင်ဖို့ လုပ်ပေးထားတာပါ ”
အံ့ဖွယ်မိုးကောင်းကင် သူတော်စင်၏ အကြံပြုချက်အရ စိန်ခေါ်သူ၏ ပုံရိပ်ဖြင့်သာ ပြိုင်ပွဲဝင်နိုင်သည်။ သို့သော် စိန်ခေါ်သူက သူတို့ပုံရိပ်အပေါ် အပြည့်အဝ ထိန်းချုပ်နိုင်သည်။
“ တကယ်လို့ ပြိုင်ပွဲမှာ ဒဏ်ရာအပြင်းအထန် ရသွားတာမျိုး၊ သေသွားတာမျိုး ဖြစ်ရင်တော့ စိတ်ပူစရာ မလိုပါဘူး။ ပျက်စီးသွားမှာက ရှင့်ရဲ့ ပုံရိပ်ပါပဲ။ တကယ့် ခန္ဓာကိုယ်အစစ်က ဘာထိခိုက်မှုမှ ရှိမှာ မဟုတ်ပါဘူး ”
လီခန်းလန်က အတွေးနက်သွားသည်။
ငါ သိပြီ …. တကယ့် ခန္ဓာကိုယ် မရောက်သွားတာ ကံကောင်းသွားတယ် မဟုတ်ရင်တော့ …
ဒီလိုဆိုရင်တောင် အဲဒီငမိုက်သားက ငါ့ကို ဒီလိုအပြုအမူမျိုးနဲ့ အရှက်ခွဲရဲတယ်ပေါ့လေ … ဒီလိုအရှက်ခွဲမှုမျိုးကို ခံနိုင်စရာ အကြောင်းမရှိဘူး
လီခန်းလန်က အံ့ကြိတ်လိုက်သည်။
“ မျှော်နန်းဆောင် ဝိညာဉ်မလေး … ရှန်ထျန်းကို ထပ်စိန်ခေါ်ဖို့ နည်းလမ်း ရှိလား ”
မျှော်နန်းဆောင် ဝိညာဉ်မလေး၏ အသံ ထွက်ပေါ်လာသည်
“ လူလတ် ပါရမီရှင်ရေ … စစ်နတ်ဘုရား မျှော်နန်းဆောင်ရဲ့ စည်းမျည်းတွေအရ ပြိုင်ဖက်ကို ကျပန်းရွေးပေးတာပါ။ ယေဘုယျအားဖြင့်တော့ သူတို့ပြိုင်ဖက်ကို ရွေးချယ်ခွင့် မပြုပါဘူး ”
လီခန်းလန်က အေးအေးဆေးဆေး ပြောလိုက်သည် “ ကျုပ် ဈေးနှစ်ဆ ပေးမယ်”
လီခန်းလန်က ရှုံးနိမ့်မှုကို လက်မခံနိုင်သေးပေ။ စောစောလေးက သူသည် တစ်ဖက်လူကို လျော့တွက်မိလိုက်၏။ မဟုတ်လျှင် သူက အလွယ်တကူ ရှုံးနိမ့်သွားမည် မဟုတ်ပေ။
အကယ်၍ သူ့တွင် ဒုတိယအခွင့်အရေး ရှိပါက ထိုနွယ်ပင်များကို သတိထားရုံသာ ဖြစ်၏။
သူက ရှန်ထျန်းကို သေချာပေါက် အနိုင်ယူနိုင်လိမ့်မည်။
သေချာပေါက်ပဲ …
အနိုင်လိုချင်သည့် ဆုံးဖြတ်ချက်က တောင်လောင်နေလေသည်။ လီခန်းလန်က ထိုသို့ဆိုးဆိုးရွားရွား မျက်နှာပျက်ရသည့် အပြုအမူဖြင့် ရှုံးနိမ့်ခွင့် မပြုနိုင်ပေ။ မျှော်နန်းဆောင် ဝိညာဉ်မလေးက ခဏတာ တိတ်ဆိတ်သွားပြီး
“ ချန်းဟယ်ဓားအသျှင် … ကျွန်မကို ခက်ခဲအောင် မလုပ်ပါနဲ့လား ”
ခက်ခဲအောင် မလုပ်ပါနဲ့တဲ့လား … မင်းက လုပ်နိုင်ပေမဲ့ ငါ ပေးတာ မလုံလောက်သေးဘူးလို့ ပြောချင်တာလား …
လီခန်းလန်က အေးစက်စက် ပြုံးလိုက်သည်။ ဝိညာဉ်ကျောက်တုံး တစ်သောင်းက သူ့အတွက် နည်းသည့် ပမာဏ မဟုတ်သော်လည်း ချန်းဟယ်ဓားအသျှင်၏ ဂုဏ်သတင်းနှင့် သက်ဆိုင်နေသည်။ ဤအခြေအနေတွင် သူက ဝိညာဉ်ကျောက်တုံး ပမာဏအား ထည့်မစဉ်းစားနိုင်တော့ပေ။
“ သုံးဆပေးမယ် ” လီခန်းလန်က ပြောလိုက်သည် “ တကယ်လို့ ကျုပ် ရှုံးသွားရင် မျှော်နန်းဆောင်ဆီ စစ်နတ်ဘုရား အမှတ်သုံးထောင် ရှုံးသွားမယ်။ ဘယ်လိုလဲ ”
မျှော်နန်းဆောင် ဝိညာဉ်မလေးက ပြန်ဖြေလိုက်သည် “ ကောင်းပြီလေ … ချန်းဟယ်ဓားအသျှင်ရဲ့ စိတ်အားထက်သန်မှုကြောင့် စိတ်လှုပ်ရှားမိသွားပြီ။ ဒါပေမဲ့ စည်းမျည်းတွေက စည်းမျည်းတွေဆိုတော့ ကျွန်မ မလုပ်ပေး … ”
“ ငါးဆ ငါးဆ ပေးမယ်” ချန်းဟယ်ဓားအသျှင်က ပြောလိုက်သည် “ ဒါက နောက်ဆုံးပဲ။ မဟုတ်ရင် အပြင်သာ ပြန်ပို့လိုက်တော့”
ချန်းဟယ်ဓားအသျှင်က အားလုံးကို ကြံစည်ပြီးသွားလေပြီ။
အကယ်၍ စစ်နတ်ဘုရား မျှော်နန်းဆောင်က ငြင်းပယ်မည်ဆိုလျှင် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေအနား၌ ပုန်းအောင်းပြီး ရှန်ထျန်းတစ်ယောက်တည်း ဖြစ်မည့်အချိန်ကို စောင့်ဆိုင်းနေလိုက်မည်။
သူက ရွှေရောင်ကိုယ်ထည်အဆင့်အထိ လျော့ချလိုက်ပြီးနောက် ထိုကောင်လေးအား သင်ခန်းစာပေးရမည်။ သူ့ပုံရိပ်က ဘာလုပ်ခဲ့စေကာမူ ရှန်ထျန်းက တကယ့်ဘဝ၌ ပြန်ပေးဆပ်ရမည်။ အားလုံးက အကျိုးအကြောင်း သင့်ပေသည်။
သို့သော် ချန်းဟယ်ဓားအသျှင်က စစ်နတ်ဘုရား မျှော်နန်းဆောင်မှ ထွက်သွားတော့မည့်ဆဲဆဲတွင် မျှော်နန်းဆောင် ဝိညာဉ်မလေး၏ အသံ ထွက်ပေါ်လာသည်
“ ပေးကမ်းမှုကြောင့် တကယ်ကို စိတ်လှုပ်ရှားမိသွားပြီ။ ချန်းဟယ်ဓားအသျှင်က တကယ့် ဓားပညာရှင် ဖြစ်ပြီးတော့ ထူးချွန်ပြောင်မြောက်တဲ့ ပါရမီရှင်ဆိုတော့ ဒီတစ်ခါတော့ ချွင်းချက် ထားပေးလိုက်ပါ့မယ်ရှင့်။ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်နဲ့ တစ်ခါ ထပ်ပြိုင်လို့ ရပါပြီ။ ဒါပေမဲ့ ဒီအကြောင်းကို လျို့ဝှက်ထားရမယ်နော်။
စစ်နတ်ဘုရား မျှော်နန်းဆောင်ကလည်း သူ့စည်းမျည်းနဲ့သူ ရှိတော့ ချွင်းချက်ထားပေးဖို့ မလွယ်လှဘူးလေ ”
လီခန်းလန်က အသာခေါင်းညိတ်ကာ “ ကျုပ် သိပြီ ”
စစ်နတ်ဘုရား စင်မြင့်အထက်တွင် အလင်းရောင် တောက်ပလာကာ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။
အကြိတ်အနယ် တိုက်ပွဲကြီး တဖန် စတင်လေပြီ။