ဆေဘာကို စိတ်ဖြင့်ပျိုးထောင်ခြင်း၊ ကြီးမြတ်သောနေ ရွှေခန္ဓာ(၂)
Vol. 9 Ch. 121
မုန့်ချုံက ထိုကဲ့သို့ အားဖို့၏။ ကျင့်ကြံရင်းနှင့် သူ၏ နှလုံးသားသည် နေမင်းကဲ့သို့ ဖြစ်လာပြီး တဖြည်းဖြည်းနှင့် ကောင်းကင်ပေါ်က နေနှင့် ထပ်တူကျလာသည့်ပုံ ရှိသည်။
ခန္ဓာကိုယ်တစ်ခုလုံး မီးပေါင်းဖိုထဲတွင် သန့်စင်ခြင်း ခံရသကဲ့သို့ ဖြစ်လာပြီး ခန္ဓာကိုယ်အတွင်းတွင် ရွှေခေါင်းလောင်းတစ်ခု မြည်ဟီးနေသည့်ပုံ ရှိသည်။
ကျင့်ကြံရင်းနှင့် မုန့်ချုံတစ်ယောက် ခံစားချက်တစ်ခုကို ရလာခဲ့သည်။ သူ၏ နှလုံးသားထဲရှိ နေသည် တဖြည်းဖြည်းနှင့် ဆေဘာ၏ အပြင်ပန်းသဏ္ဍာန် ပုံဆောင်လာခဲ့၏။
ဆေဘာတစ်ချောင်း၏ နေထဲတွင် ပုန်းအောင်းနေပြီး သန့်စင်ခြင်းခံရကာ ပြောင်းလဲလာနေသည့်ပုံ ဖြစ်သည်။ ကျင့်ကြံလေလေ ဆေဘာ၏ အသွင်သဏ္ဍန်က ပိုမို ရုပ်လုံးပေါ်လာလေ ဖြစ်လာခဲ့၏။
'ဒါက ငါ့ရဲ့နှလုံးသားထဲက ဆေဘာပဲ..'
'ငါနေကို အသုံးပြုပြီး ငါ့နှလုံးသားထဲက ဆေဘာကို သန့်စင်ခဲ့တယ်။ အဲ့ဒါကို လက်ထဲက ဆေဘာနဲ့ ဆက်သွယ်နိုင်ခဲ့ရင် ဒါက စိတ်နဲ့ဆေဘာကို ပျိုးထောင်ခြင်း၊ နှလုံးသားနဲ့ ဆေဘာကို ပျိုးထောင်ခြင်း၊ ခန္ဓာကိုယ်နဲ့ ဆေဘာကို ပျိုးထောင်ခြင်းလို့ ဆိုလိုနိုင်တယ်..'
မုန့်ချုံသည် ထိုအခိုက်အတန့်တွင် ရုတ်တရက်နားလည်မှုရလာခဲ့၏။
'ငါသာ ခြေတစ်လှမ်းချင်းစီ မလောသွားဘဲ၊ စိတ်မရှည်ဖြစ်မသွားဘဲ ကြိုးကြိုးစားစား ကျင့်ကြံမယ်ဆိုရင် လက်ထဲက ဆေဘာနဲ့ တဖြည်းဖြည်းချင်း ဆက်သွယ်မှု ရလာမှာပဲ။ အဲ့ဒါဆိုရင် စိတ်နဲ့.. နှလုံးသားနဲ့.. ဆေဘာကို ပျိုးထောင်နိုင်ပြီ..'
မုန့်ချုံက ဝမ်းသာသွားသည်။ နောက်ဆုံးတွင် နားလည်မှုရလာပြီး ဆေဘာပျိုးထောင်ရန် အတွက် မှန်ကန်သည့် နည်းလမ်းကို ရှာတွေ့ခဲ့ကြောင်းအား သိလိုက်၏။
အချိန်တစ်ခုသာ ပေးပါက သူသည် ဆေဘာကို သေချာစွာ ပျိုးထောင်နိုင်ပြီး ဆေဘာဝိဉာဉ်ကို နိုးထစေနိုင်မှာ အသေအချာပင် ဖြစ်သည်။ သူ့အနေနှင့် ခြေတစ်လှမ်းချင်းစီ ရှေ့ဆက်ကာ ခိုင်ခိုင်မာမာ ကျင့်ကြံရန်သာ လိုအပ်၏။
စိတ်ဖြင့် ဆေဘာအား ပျိုးထောင်ခြင်း နည်းလမ်းကိုနားလည်သဘောပေါက် လာပြီးနောက် မုန့်ချုံက ပိုမိုကာပင် ဇွဲလုံ့လထားကာ ကျင့်ကြံသည်။ သူသည် တစ်နေ့လုံး တစ်ညလုံး ကျင့်ကြံနိုင်ရန်သာ မျှော်လင့်မိ၏။
နေ့စဉ်နေ့တိုင်း ကျင့်ကြံရင်းက သူ၏နှလုံးသားထဲရှိ နေမင်းက ကောင်းကင်ရှိ နေမင်းနှင့် ထပ်တူကျလာပြီး နှလုံးသားထဲရှိ ဆေဘာက တဖြည်းဖြည်း ပိုမိုကြည်လင်လာခဲ့သည်။
လက်ထဲရှိ ဆေဘာနှင့် ထပ်တူညီသည့် အဆင့်သို့ ရောက်လာကာ စိတ်နှင့် ဆေဘာပျိုးထောင်ခြင်းကို အောင်မြင်မှု ရနိုင်ရန်အတွက် တစ်စတစ်စ နီးကပ်လာခဲ့၏။
'ကျင့်ကြံမှုဆိုတာ အနားယူမှုနဲ့ ပေါင်းစပ်ထားဖို့ လိုအပ်တယ်။ ကောင်းကင်က နေနဲ့ ထပ်တူညီတဲ့ အခြေအနေက စိတ်စွမ်းအင်ကို ကုန်ဆုံးစေတယ်။ အချိန်အကြာကြီး နေလို့ မရဘူး..'
'ငါသာ မျက်ကန်းတစ်ယောက်လို အတင်း ကျင့်ကြံနေမယ်ဆိုရင် ငါ့ရဲ့ စိတ်စွမ်းအားကို ထိခိုက်စေနိုင်ပြီး ကိုယ့်ကိုယ်ကို သက်ရောက်လာစေနိုင်တယ်..'
မုန့်ချုံက သူ၏ စိတ်စွမ်းအင်တို့ကို ပြန်လည်စုစည်းကာ ကောင်းကင်ရှိ နေနှင့် ဆက်သွယ်ခြင်း မပြုတော့ပေ။
စိတ်စွမ်းအင်သာ ထိခိုက်သွားပါက ပြန်လည်ကုစားရန်အတွက် သက်ဆိုင်ရာ အချိန်တစ်ခုကို လိုအပ်မှာဖြစ်သည်။ ထိုအခါ ကျင့်ကြံခြင်းကို ပိုမိုရှည်ကြာစေမှာ ဖြစ်၏။
တစ်နေ့တွင် မုန့်ချုံသည် ကျင့်ကြံနေစဉ် အတွင်း၌ ရုတ်တရက် ခံစားချက်တစ်ခု ရလာခဲ့သည်။
သူ၏လက်ထဲရှိ ဆေဘာသည် နှလုံးသားထဲသို့ ဝင်ရောက်သွားသည့်နှယ် ရှိ၏။ စိတ်နှင့် ထပ်တူညီလာပြီး သူ၏ အသိအမြင်တို့နှင့် ပေါင်းစပ်သွားသည့်ပုံ ရှိသည်။
ထိုအခိုက်အတန့်တွင် နှလုံးသားထဲရှိ ဆေဘာသဏ္ဍာန်က ကြည်လင်လာခဲ့၏။ တဖြည်းဖြည်းနှင့် လက်ထဲရှိ ဆေဘာနှင့် တိကျစွာ တူညီလာခဲ့သည်။
နှလုံးသားထဲရှိ ဆေဘာနှင့် လက်ထဲရှိ ဆေဘာတို့ ထပ်တူကျလာခဲ့၏။
'ဒါက နှလုံးသားနဲ့ ဆေဘာကို ပျိုးထောင်ခြင်းပဲ။ စိတ်နဲ့ ဆေဘာကို ပျိုးထောင်ခြင်းပဲ။ နောက်ဆုံးတော့ ဆေဘာကို အမှန်တကယ် ပျိုးထောင်မှု စတင်နိုင်ခဲ့ပြီ..'
'ဆက်ပြီးတော့ ကြိုးစားကျင့်ကြံဖို့ပဲ လိုတော့တယ်။ အချိန်ကျလာရင် ဆေဘာနဲ့ ငါက ထပ်တူကျလာပြီး ငါ့ရဲ့ နှလုံးသားက ဆေဘာဖြစ်တယ်။ ငါ့ရဲ့ဝိဉာဉ်က ဆေဘာဝိဉာဉ် ဖြစ်လာလိမ့်မယ်..'
'အဲ့ဒီ့နေ့က ငါ့ရဲ့ဆေဘာကို ဆွဲထုတ်တဲ့နေ့ ဖြစ်ပြီး ဆေဘာထွက်လာတဲ့ အခါမှာ ဆေဘာဝိဉာဉ်ကလည်း နိုးထလာလိမ့်မယ်..'
'အခု ငါ့ရဲ့ဆေဘာ ပျိုးထောင်ခြင်းက အစမှာပဲ ရှိသေးတယ်။ စိတ်နဲ့ နှလုံးသားနဲ့ ဆေဘာကို ဆက်ပြီးပျိုးထောင်ရမယ်..'
မုန့်ချုံက ကိုယ့်ကိုယ်ကို စဉ်းစားသည်။ သူ့အနေနှင့် ဆေဘာပျိုးထောင်ခြင်းအား ပြီးမြှောက်ရန်အတွက် အချိန်မည်မျှ ကြာမည်ကို သေချာခြင်း မရှိပေ။ ဆေဘာဝိဉာဉ်အား နိုးထရန် ဆိုပါက ပိုတောင် ဆိုးသေး၏။ သို့ပေမယ့် သူသာ ဇွဲလုံ့လ မလျော့ပါက တစ်နေ့တွင် ဆေဘာဝိဉာဉ်ကို နိုးထနိုင်မည်ဟု ခိုင်မာစွာ ယုံကြည်ချက် ရှိပါသည်။
ပုံရိပ်တစ်ခုက သူ၏ ဘေးသို့ သက်ဆင်းလာခဲ့သည်။ မုန့်ချုံက လျှင်မြန်စွာ ထကာ လေးစားစွာ ဦးညွှတ်၏။
"ဆရာ.."
လီရွှမ်က သူ၏ တပည့်ဖြစ်သူကို ကြည့်သည်။ အငွေ့အသက်တို့ ခြားနားနေပုံ ပေါ်၏။ ဖြစ်နိုင်သည်မှာ ဆေဘာပျိုးထောင်ခြင်းတွင် တိုးတက်မှုတို့ ရှိလာသည်လား။
သူ့အနေနှင့် မည်သည်ကိုမှ မမြင်နိုင်ပေမယ့် သူ၏ မျက်လုံးများကတော့ အရာအားလုံးကို တွေ့မြင်နိုင်သည့်နှယ် ရှိနေပါသည်။
"ဒီနေ့မှာ ငါမင်းကို ခန္ဓာကိုယ်ကျင့်ကြံမှု စနစ်ရဲ့ မူလအဆင့် ကျင့်စဉ်ကို သင်ပေးမယ်.."
လီရွှမ်က ဖြေညှင်းစွာ ပြောသည်။
မုန့်ချုံက ဝမ်းသာသွား၏။
"ကျေးဇူးတင်ပါတယ် ဆရာ.."
"မင်းအဲ့ဒါကို သေသေချာချာ လေ့လာ။ တကယ်လို့ နားလည်သဘောပေါက်လာမယ်ဆိုရင် ချီနဲ့သွေးအဆင့်ရဲ့ ပြီးပြည့်စုံခြင်းကို ရောက်တဲ့အခါ မူလအဆင့်ကို တစ်ခါတည်း ချိုးဖြတ်နိုင်လိမ့်မယ်.."
လီရွှမ်သည် မုန့်ချုံအနေနှင့် ကျင့်စဉ်အား အမြန်ဆုံး နားလည်သဘောပေါက်ရန် မျှော်လင့်မိ၏။
"ဟုတ်ကဲ့ပါ ဆရာ.."
မုန့်ချုံက စိတ်လှုပ်ရှားစွာ ခေါင်းငြိမ့်သည်။
လီရွှမ်က လက်တစ်ဖက်ကို နောက်သို့ပစ်ကာ ကောင်းကင်သို့ မော့ကြည့်၏။ သူ၏ ခန္ဓာကိုယ်တွင် လျှို့ဝှက်ဆန်းကြယ်သည့် အငွေ့အသက်တို့ လွမ်းခြုံလာပြီး ကြီးမြတ်သည့် ဆရာသခင်တစ်ယောက်၏ အသွင်သဏ္ဍာန် ပေါ်ဆောင်လာခဲ့သည်။
"ခန္ဓာကိုယ်ကျင့်ကြံမှု သိုင်းပညာစနစ်က ခန္ဓာကိုယ်ရဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေ အပေါ်မှာ မှီခိုနေတယ်.."
"ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို မြှင့်တင်၊ ကိုယ့်ကိုယ်ကို မြှင့်တင်ပြီး ခန္ဓာကိုယ်ရဲ့ လျှို့ဝှက်ချက်တွေကို ဖွင့်လှစ်ရတာပဲ။ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဒီဗိုင်းစွမ်းအားတွေကို အားဖြည့်ရမယ်.."
လီရွှမ်က တစ်ခွန်းပြီးတစ်ခွန်း ပြောကာ သင်ကြားသည်။ သူက ကြိုတင်ပြင်ဆင်ထားသည့် မူလအဆင့်ရှိ ခန္ဓာကိုယ်ကျင့်ကြံမှု ကျင့်စဉ်အား စတင်ရှင်းပြ၏။
"ခန္ဓာကိုယ်ကျင့်ကြံမှု သိုင်းပညာရဲ့ အခြေခံက ကြီးမြတ်သောနေ ရွှေခေါင်းလောင်း အကာအကွယ်ပဲ.."
"ဒါပေမယ့် အခြေခံဆိုရာမှာ အဲ့ဒီ့သိုင်းပညာ တစ်ခုတည်း ရှိတာတော့ မဟုတ်ဘူး။ ငါက မင်းကို အသန်မာဆုံးနဲ့ ခိုင်မာမှုအရှိဆုံး နည်းလမ်းကို ရွေးချယ်ပြီး သင်ပေးခဲ့တာ.."
လီရွှမ်က မလုံမလဲဖြင့် ကိုယ့်ကိုယ်ကို ရေရွတ်မိသည်။
'ငါပြောတာ မမှားလောက်ပါဘူး။ ဘာပဲဖြစ်ဖြစ် ကြီးမြတ်သောနေ ရွှေခေါင်းလောင်း အကာအကွယ်အပြင်... နဂါးဟိန်းခြင်း၊ သံမဏိချပ်ဝတ်တို့၊ ဘာတို့ကိုလည်း ငါထွင်လိုက်လို့ ရတာပဲ။ အဲ့ဒါကြောင့် အခြေခံကျင့်စဉ်က တစ်ခုထက် ပိုလောက်တယ်..'
မုန့်ချုံက စိတ်အားထက်သန်စွာ နားထောင်နေ၏။ စကားတစ်ခွန်းအား လွတ်သွားမည်ကိုပင် စိုးရိမ်နေပါသည်။
"မူလအဆင့်ကို ချိုးဖြတ်ဖို့အတွက် ခန္ဓာကိုယ်ကျင့်ကြံမှု စနစ်မှာလည်း ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ တံတားကို ဆက်သွယ်ဖို့ လိုအပ်တယ်။ အဲ့ဒါက မပြောင်းလဲနိုင်တဲ့ အခြေခံလိုအပ်ချက် တစ်ခုပဲ.."
"ဒါပေမယ့် ပင်ရင်းသိုင်းပညာ စနစ်နဲ့ ခြားနားတာက ဒန်တျန်ချီပင်လယ်ကို ဖွင့်လှစ်ပြီးတဲ့နောက်မှာ ခန္ဓာကိုယ်ရဲ့ ကျင့်ကြံမှုက သွေးကြောတွေကို ဖွင့်လှစ်ရာမှာ အထူးပြုလာခဲ့တယ်.."
လီရွှမ်က ဆက်လက်ရှင်းပြသည်။
"ငါမင်းကို သင်ကြားပေးတဲ့ ကြီးမြတ်သောနေ ရွှေခေါင်းလောင်း အကာအကွယ် ကျင့်စဉ်ဆိုရင် ရွှေခန္ဓာအမှတ် ၃၆ခုကို ဖွင့်လှစ်ဖို့ လိုအပ်ပြီး ခန္ဓာကိုယ်ရဲ့ စွမ်းအားကို လှုံ့ဆော်ရတယ်.."
"အဲ့ဒီ့ မရီဒျန် သွေးကြောမှတ်ထဲမှာရှိတဲ့ ခန္ဓာကိုယ်ရဲ့ ဆန်းကြယ်မှုတွေကို အားဖြည့်ပေးရတယ်။ ရွှေခန္ဓာအမှတ် ၃၆ခုက တစ်ခုချင်းစီတိုင်းမှာ အထူးသီးသန့် လျှို့ဝှက်ဆန်းကြယ်မှုတွေ ပုန်းအောင်းနေတယ်.."
"သဘာဝရဲ့ စိတ်ဝိဉာဉ်စွမ်းအင်ကို စုပ်ယူ... မရီဒျန်သွေးကြော ၃၆ခုကို ပျိုးထောင်တဲ့အခါ တစ်ခုတည်းအဖြစ် ပေါင်းစည်းပြီး ရွှေခန္ဓာကိုယ်က ထာဝရ ဖြစ်လာလိမ့်မယ်... အဆုံးမဲ့ ဒီဗိုင်းစွမ်းအားကို ပိုင်ဆိုင်လာလိမ့်မယ်..."
ခန္ဓာကိုယ်ကျင့်ကြံမှု၏ ချီနှင့်သွေးအဆင့်မှ မူလအဆင့်သို့ ချိုးဖြတ်နိုင်မည့် ကျင့်စဉ်ကို အချိန်တစ်ခု စဉ်းစားခဲ့ပြီးနောက် လီရွှမ်သည် နောက်ဆုံးတွင် ပြီးပြည့်စုံ နိုင်ခဲ့သည်။
ပင်ရင်းသိုင်းပညာ စနစ်တွင် ဒန်တျန်ချီပင်လယ်အား ဖွင့်လှစ်ပြီးပါက အစစ်အမှန်ချီတို့ ခန္ဓာကိုယ်အနှံ့ လှည့်လည်သွားပြီး ချီပင်လယ်က ကျယ်ပြောကာ အဆုံးအစ မဲ့လာမည် ဖြစ်သည်။ ဤသည်မှာ ပင်ရင်းသိုင်းပညာ စနစ်၏ ကျင့်စဉ်ဖြစ်၏။
ခန္ဓာကိုယ် ကျင့်ကြံမှုတွင်တော့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်အပေါ်တွင် အဓိကထား ကျင့်ကြံရသည်။ ထို့ကြောင့် ပင်ရင်း သိုင်းပညာစနစ်နှင့် ခြားနားနေတာ ပုံမှန်သာဖြစ်၏။
သို့ရာတွင် အစစ်အမှန်ချီကို ခန္ဓာကိုယ်အနှံ့ လှည့်လည်ခြင်း မရှိပါက ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်သည် မည်ကဲ့သို့ သန်မာကြီးထွားကာ အနှိုင်းမဲ့သည့် စွမ်းအားတို့ကို ပိုင်ဆိုင်နိုင်လာမည်နည်း။
၎င်း၏ အဖြေမှာ ရွှေခန္ဓာအမှတ်များအား ဖွင့်လှစ်ခြင်း အပေါ်၌ မူတည်နေပါသည်။ သဘာဝ၏ စိတ်ဝိဉာဥ် စွမ်းအင်ကို အသုံးပြုကာ အမှတ်များကို အားဖြည့်ရမည်။ ခန္ဓာကိုယ်တွင် ပေါင်းစပ်ရမည်။ အမှတ်၃၆ခုတို့ ပြီးပြည့်စုံစွာ ဖွင့်လှစ်ပြီးပါက ပင်ရင်းကျင့်ကြံမှု စနစ်မှ မူလအဆင့်၏ အထက်သို့ ရောက်ရှိသွားမှာ ဖြစ်သည်။
အမှတ်တစ်ခုချင်းစီ တိုင်းတွင် ကိုယ်ပိုင် လျှို့ဝှက် ဆန်းကြယ်မှုတို့ ပါဝင်နေပြီး အမှတ်တစ်ခုကို ဖွင့်လှစ်တိုင်းတွင် ခန္ဓာကိုယ်က ပိုမိုသန်မာလာမှာ ဖြစ်သည်။ ထို့ကြောင့် သူက ကြီးမြတ်သောနေ ရွှေခန္ဓာအား ဖန်တီးခဲ့ခြင်း ဖြစ်၏။
ခန္ဓာကိုယ်ကျင့်ကြံမှု ကျင့်စဉ်မှာလည်း ချီပင်လယ်ကို ဖွင့်လှစ်ပေမယ့် အဓိကထား ကျင့်ကြံမှုမှာ ချီပင်လယ်မဟုတ်ပေ။ ချီပင်လယ်ကို အခြေခံအဖြစ် အသုံးပြုကာ ရွှေခန္ဓာ အမှတ်များကို ဖွင့်လှစ်ခြင်း ဖြစ်၏။
"ရွှေခန္ဓာ၃၆မှတ်က တစ်ခုချင်းစီတိုင်းမှာ အထူးသီးသန့် စွမ်းရည်တွေ ပိုင်ဆိုင်ထားတယ်.."
"အဲ့ဒါတွေကို ဖွင့်လှစ်ပြီး ပြီးပြည့်စုံတဲ့အထိ အားဖြည့်ပျိုးထောင်ပြီးရင် ခန္ဓာကိုယ်က ဒဏ်ရာတစ်ခုခု ထိခိုက်လာရင်တောင် အမှတ်တွေရဲ့ လျှို့ဝှက်ဆန်းကြယ်မှုက ပေါ်လာပြီး ဒဏ်ရာတွေကို ချက်ချင်းကုသ နိုင်လိမ့်မယ်.."
"အမှတ်တစ်ခုကို အသက်သွင်းလိုက်တာနဲ့ သူ့ရဲ့အထူးဂုဏ်သတ္တိကို အားဖြည့်ပျိုးထောင်ပြီးရင် အဆိပ်တွေကိုလည်း ဖယ်ရှားလာနိုင်မှာလည်း ဖြစ်နိုင်လိမ့်မယ်.."
လီရွှမ်က ရွှေခန္ဓာအမှတ် တစ်ခုချင်းစီအား မည်ကဲ့သို့ ဖွင့်လှစ်ကာ ပျိုးထောင်ရမည်အား အသေးစိတ်ကျစွာ ရှင်းပြသည်။
ဤသည်များမှာ သီအိုရီဆိုင်ရာ အသိပညာများသာဖြစ်၏။ သက်ဆိုင်ရာ ကျင့်ကြံမှုနှင့် အောင်မြင်နိုင်မည်လား ဟူသည်ကတော့ မုန့်ချုံ၏ ကိုယ်ပိုင်နားလည်သဘောပေါက်မှု အပေါ်တွင် မူတည်နေပါသည်။
သူက ဤသည်တို့ကို အောင်မြင်စွာ နားလည်သဘောပေါက်ပြီး ကျင့်ကြံနိုင်မှသာလျှင် စစ်မှန်သည့် ကြီးမြတ်သောနေ ရွှေခန္ဓာအတတ်က ရုပ်လုံးပေါ်လာမည် ဖြစ်သည်။
မုန့်ချုံက ဂရုတစိုက်ဖြင့် နားထောင်နေ၏။ သူ၏မျက်နှာက စိတ်လှုပ်ရှားမှုဖြင့် နီရဲလာခဲ့သည်။ ဒီကြီးမြတ်သောနေ ရွှေခန္ဓာမှာ မယုံကြည်နိုင်စရာ ကောင်းလောက်အောင် ထည်ဝါကာ နက်နဲလှပါသည်။
ရွှေခန္ဓာအမှတ် ၃၆ခုတို့ကို ဖွင့်လှစ်ကာ တစ်ခုချင်းစီတိုင်းတွင် ကိုယ်ပိုင် လျှို့ဝှက်ဆန်းကြယ်မှုတို့ ပိုင်ဆိုင်ထား၏။
၃၆ခုတို့ တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားပါက ရွှေခန္ဓာက ထာဝရ ဖြစ်လာခဲ့သည်။
လီရွှမ်က ရှင်းပြရင်းနှင့် အမှတ်၃၆ခုတို့၏ တည်နေရာ အကြမ်းဖျင်းကိုလည်း မုန့်ချုံအား ညွှန်ကြားပေးသည်။
သူသည် ထိုအမှတ်များနှင့် ပတ်သက်ပြီး ဖွံ့ဖြိုးမှု များစွာ ပြုခဲ့၏။
သူ၏ ပြီးခဲ့သည့်ဘဝရှိ အသိပညာများကို အခြေခံကာ တစ်မှတ်ချင်းစီတိုင်းကို သေသေချာချာ ရွေးချယ်ထားခြင်းဖြစ်သည်။ အားလုံးတို့သည် လှည့်လည်မှု လမ်းကြောင်းတစ်ခုအဖြစ် ဆက်သွယ်နိုင်ကြ၏။
အမှတ်၃၆ခု ဖြစ်နေခြင်းမှာတော့ သူ့အနေနှင့် အခြားအမှတ်များကို မမှတ်မိတော့၍ ဖြစ်သည်။
လမ်းကြောင်းတစ်ခု အဖြစ် ဖွဲ့စည်းကာ ကျင့်ကြံခြင်း၏ အောင်မြင်မှုကို မြင့်မားလာစေရန် အတွက် မွန်းမံမှုများစွာ ပြုလုပ်အပြီးတွင် ၃၆မှတ်ဟူ၍ ဆုံးဖြတ်ခဲ့၏။
ဤသည်မှာ ထန်းကန်၏ အရေအတွက်နှင့်လည်း ကိုက်ညီပါသည်။
"ငါတပည့်... ရွှေခန္ဓာအမှတ် ၃၆ခုကို အောင်အောင်မြင်မြင် ဖွင့်လှစ်ပြီး ပြည့်ပြည့်စုံစုံ ကျင့်ကြံပြီးပြီ ဆိုရင် အဲ့ဒါတွေက တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားကြ လိမ့်မယ်.."
"အဲ့ဒါဆိုရင် မင်းရဲ့ ခန္ဓာကိုယ်လည်း ရွှေခန္ဓာအဖြစ် ပြောင်းလဲလာ လိမ့်မယ်။ ဒါက ထန်းကန်ရဲ့ နက်နဲမှုပဲ.."
"အတွေးတစ်ချက်နဲ့အတူ မင်းရဲ့ခန္ဓာကိုယ်က အနှိုင်းမဲ့လာပြီး ၃မီတာရှိတဲ့ ရွှေခန္ဓာကိုယ်အဖြစ် ပြောင်းလဲနိုင်လိမ့်မယ်။ ထူးကဲတဲ့ စွမ်းအားတွေကို ပိုင်ဆိုင်ထားလိမ့်မယ်.."
လီရွှမ်က လေးနက်စွာ ပြောသည်။
ထိုစကားကို ကြားရပြီးနောက် မုန့်ချုံတစ်ယောက် စိတ်အားထက်သန်မှုတို့ဖြင့် ဆူပွက်လာခဲ့၏။ သူသည် ကြီးမြတ်သောနေ ရွှေခန္ဓာအား ချက်ခြင်းပင် ကျင့်ကြံရန်အတွက် မစောင့်နိုင်တော့ပေ။
ရွှေခန္ဓာအမှတ် ၃၆ခုတို့ အားလုံးတို့ကို ဖွင့်လှစ်ကာ ပျိုးထောင်မည် ဖြစ်၏။
'၃မီတာ ရွှေခန္ဓာ..'
ဤသည်က သူ့ကို သေးငယ်သည့် လူ့ဘီလူးလေးအဖြစ် ပြောင်းလဲသွားစေမှာပါ။ ထိုအခါ သူ၏ လက်သီးချက်ကို မည်သည့် သိုင်းသမားတို့ ခုခံနိုင်မည်လဲဟူ၍ စဉ်းစားကြည့်မိ၏။
အနာဂတ်ကို စဉ်းစားလိုက်သည်နှင့် သူ၏ ထည်ဝါကြီးမြတ်လာမည့် ခန္ဓာကိုယ်ကို တွေးမိပြီးနောက်.. ရန်သူများကို ကြက်ကလေး ငှက်ကလေးများသဖွယ် အနိုင်ယူနိုင်မည်မှာ စိတ်လှုပ်ရှားဖွယ် ကောင်းလှပါသည်။
တပည့်ဖြစ်သူ၏ စိတ်လှုပ်ရှားမှုနှင့် နီမြန်းလာပုံကို တွေ့ရပြီးနောက် လီရွှမ်က အလွန်ကျေနပ်စွာ ခံစားလိုက်ရသည်။
သူအသစ်တီထွင်ထားသည့် ကြီးမြတ်သောနေ ရွှေခန္ဓာကိုယ်သည် အမှန်တကယ်ကို ထည်ဝါကာ နက်နဲလှ၏။ ၃မီတာရွှေခန္ဓာက နားထောင်ရတာ အမှန်တကယ်ကို ကြီးမြတ်လှပါသည်။
ကြီးမြတ်သောနေ ရွှေခန္ဓာအား ရရှိပြီးပါက ခန္ဓာကိုယ်ကျင့်ကြံမှု စနစ်တွင် မည်ကဲ့သို့ ရှေ့ဆက်ရမည်မှာတော့ လီရွှမ်တွင် လားရာတစ်ခု ရှိနေပေမယ့် ပြီးပြည့်စုံစွာ ဖွံ့ဖြိုးပြီးခြင်း မရှိသေးပေ။
ဤသည်မှာ အရင်ဦးဆုံး ပင်ရင်းသိုင်းပညာ စနစ်၏ မူလအဆင့် အထက်ရှိ ကျင့်စဉ်ကို ပြီးပြည့်စုံစွာ ဖန်တီးပြီးမှ သာလျှင် ကိုးကားချက်အဖြစ် ယူကာ ဖွံ့ဖြိုးနိုင်ပေလိမ့်မည်။
ဘာပဲဖြစ်ဖြစ် ခန္ဓာကိုယ်ကျင့်ကြံမှု စနစ်မှာ ပင်ရင်းသိုင်းပညာစနစ်၏ အကိုင်းအခွဲတစ်ခု ဖြစ်၏။ ထိုအကြောင်းကြောင့်လည်း မူလအဆင့်၏ အထက်ရှိ အဆင့်ကို တွေးတောပြီးနောက် ကြီးမြတ်သောနေ ရွှေခန္ဓာကိုယ်အား ပြီးပြည့်စုံအောင် လုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။
နောက်ဆုံးဖြစ်သည့် ရွှေခန္ဓာ ၃၆မှတ်တို့အား ဖွင့်လှစ်ခြင်း၊ ထန်းကန်၏ နက်နဲမှုတို့ကို ပိုင်ဆိုင်ခြင်းနှင့် သေးငယ်သည့် လူ့ဘီလူးလေးသဖွယ် ပြောင်းလဲခြင်းတို့မှာ ထိုအခြေခံအပေါ်တွင် အခြေပြုခဲ့ခြင်းဖြစ်သည်။