← Chapters

လူကိုသာ မြေမြှုပ်လိုက်ရင် သူဘယ်တော့မှ မကောင်းတာ ထပ်လုပ်မှာ မဟုတ်တော့ဘူး

Vol. 9 Ch. 122

လူကိုသာ မြေမြှုပ်လိုက်ရင် သူဘယ်တော့မှ မကောင်းတာ ထပ်လုပ်မှာ မဟုတ်တော့ဘူး

Vol. 9 Ch. 122

ကြီးမြတ်သောနေ ရွှေခန္ဓာ၏ မရီဒျန်သွေးကြော ၃၆မှတ်ကို ဖွင့်လှစ်ခြင်းတွင် ၁၈မှတ်တို့ကို ဖွင့်လှစ်ကာ သေးငယ်သည့် လှည့်ပတ်ခြင်းလမ်းကြောင်းတစ်ခု တည်ဆောက်နိုင်ခြင်းက မူလအဆင့် ဖြစ်၏။ 

မရီဒျန်သွေးကြော ၁၈မှတ်တို့ကို ဖွင့်လှစ်ပြီးနောက် ဖွဲ့စည်းလာမည့် လမ်းကြောင်းသည် သုံးမီတာရွှေခန္ဓာအဖြစ် ပြောင်းလဲရန် မဖြစ်နိုင်ပေမယ့် လမ်းကြောင်းသာ ဖြစ်တည်လာပါက ခန္ဓာကိုယ်ကို ကြီးစွာ အားကောင်းလာစေဆဲ ဖြစ်သည်။ 

၃၆မှတ်လုံးအား လမ်းကြောင်းတစ်ခုအဖြစ် ဖွဲ့စည်းလာကာ သုံးမီတာရွှေခန္ဓာအဖစ် ပြောင်းလဲနိုင်ခြင်းမှာတော့.. ဤသည်မှာ မူလအဆင့်၏ အထက်ရှိ အဆင့်၌သာ ပိုင်ဆိုင်နိုင်သည့် ခွန်အားဖြစ်သည်။ 

ကြီးမြတ်သောနေ ရွှေခန္ဓာကျင့်စဉ်အား ရှင်းပြပြီးနောက် လီရွှမ်က တပည့်ဖြစ်သူ၏ အသိသတိတို့ကို ပိုမိုနက်ရှိုင်းစေရန် မူလစကားဟောင်းအား ထပ်မံပြောသည်။ 

“ငါသင်ကြားပေးတာက လမ်းစဉ်ပဲ။ အဲ့ဒါက သိုင်းပညာတစ်ခု ဖြစ်နေရင်တောင် တာအိုအပေါ်မှာ အခြေတည်ဖွဲ့စည်းထားတာပဲ”

“ဒါ့ကြောင့် နက်နက်ရှိုင်းရှိုင်း နားလည်အောင်လုပ်။ အသွင်သဏ္ဍာန် အပေါ်ကိုပဲ အာရုံမစိုက်နဲ့။ ကျင့်စဉ်ထဲကနေ စစ်မှန်တဲ့ အဓိပ္ပာယ်ကို ရှာဖွေရမယ်။ အဲ့ဒါမှသာ မင်းရဲ့  ကျင့်ကြံမှုက အောင်မြင်မှု ရနိုင်လိမ့်မယ်”

သူဖန်တီးလိုက်သည့် ကျင့်စဉ်များသည် ခြင်းတောင်းတစ်ခုသာ ဖြစ်ပါက ထိုအထဲတွင် အလွန်နည်းပါးသည့် အကြောင်းအရာတို့သာ ပါဝင်နေမှာ ဖြစ်သည်။

နားလည်သဘောပေါက်မှုကို ရှာဖွေပြီး ထိုခြင်းတောင်းကို ပြည့်နှက်ကာ သိပ်သည်းလာသည်အထိ ဖြည့်တင်းရန်မှာတော့ တပည့်များ၏ တာဝန် ဖြစ်၏။ 

ထိုအခါမှသာ ခြင်းတောင်းက ပြည့်စုံလာမှာ ဖြစ်သည်။ 

သူက တပည့်ဖြစ်သူအတွက် ခြင်းတောင်းတစ်ခုကို ဖန်တီးလိုက်ခြင်းသာ ရှိသည်။ တပည့်များ၏ ခြင်းတောင်းအား ဖြည့်တင်းမှု၌ အောင်မြင်မှုရသည့် အချိန်တွင် အကျိုးအမြတ်များအား တန်ပြန် ရရှိနိုင်မည် ဖြစ်၏။ 

ထို့ကြောင့် ကျင့်စဉ်ကို လက်ဆင့်ကမ်းစဉ်တွင် တပည့်ဖြစ်သူအား ခြင်းတောင်းအား ဖြည့်ရန် လိုအပ်ကြောင်းကို နားလည်အောင် ရှင်းပြဖို့လိုပါသည်။ 

“ကြီးမြတ်သောနေ ရွှေခန္ဓာ ကျင့်စဉ်ရဲ့ လျှို့ဝှက်ချက်က မရီဒျန်သွေးကြောတွေကို ဖွင့်လှစ်မှုနဲ့ ပျိုးထောင်မှု အပေါ်မှာ မှီခိုနေတယ်။

ကျင့်ကြံသူတွေရဲ့ မရီဒျန်သွေးကြော တွေမှာ အထူးစွမ်းရည်တွေ သယ်ဆောင်ထားတယ်။ တစ်ယောက်နဲ့တစ်ယောက်လည်း ခြားနားကြတယ်။

တစ်ယောက်က ဒဏ်ရာပြန်ကောင်းခြင်း စွမ်းရည်ကို ပိုင်ဆိုင်လာနိုင်သလို၊ နောက်တစ်ယောက်ကလည်း လုံးဝခြားနားတဲ့ စွမ်းရည်တစ်ခုကို ပိုင်ဆိုင်လာနိုင်တယ်”

လီရွှမ်က ရွှေခန္ဓာ ကျင့်စဉ်၏ ပေါ်လာနိုင်သည့် လိုအပ်ချက်များကို စတင် ဖြည့်ဆည်းကာ သူဖန်တီးခဲ့သည့် ကျင့်စဉ်ကို ဖြစ်နိုင်သမျှ ယိုပေါက်တို့ မရှိအောင် လုပ်သည်။ 

ဥပမာအားဖြင့် အမှတ်တစ်ခုကို ဖွင့်လှစ်နိုင်ပါက ခန္ဓာကိုယ်တွင် ဒဏ်ရာများ ရလာသောအခါ လျှင်မြန်စွာ ပြန်လည်ကောင်းမွန်နိုင်သည်ဟု သူပြောခဲ့၏။ မုန့်ချုံသာ ဖွင့်လှစ်ပြီးနောက် ထိုစွမ်းရည်ကို ရမလာပါက သူ၏ အနှိုင်းမဲ့ ပုဂ္ဂိုလ်ကြီးအဖြစ် ဂုဏ်သတင်းတို့ မကျဆင်းနိုင်ပေဘူးလား။ 

လီရွှမ်အနေနှင့် သူ၏ ထိုသင်ကြားပေးခဲ့မှုများတွင် ယိုပေါက်များကို ချန်ထားမည် မဟုတ်ပေ။ ထို့ကြောင့် တပည့်များကို ပျိုးထောင်ခဲ့သည့် အမှတ်များ၏ စွမ်းရည်မှာ လူတစ်ဦးချင်းစီအတွက် ကွာခြားသည်ဟု ဆိုခဲ့၏။ အချို့ စွမ်းရည်များ ဆိုလျှင် ပျိုးထောင်ရန်ပင် မဖြစ်နိုင်တာ ဖြစ်နိုင်၏။ 

ဤနည်းအားဖြင့် မုန့်ချုံအနေနှင့် မည်သည့်် အထူးစွမ်းရည်ကို ပိုင်ဆိုင်လာစေကာမူ(သို့) မည်သည့်စွမ်းရည်ကိုမှ မရရှိလာစေကာမူ ဆရာ၏ အမှားကြောင့် ဖြစ်သည်ဟု တွေးမည်မဟုတ်တော့ပါ။ 

ဘာပဲဖြစ်ဖြစ် သူက လူတစ်ယောက်ချင်းစီတိုင်း မတူနိုင်ကြောင်းကို ပြောကြားခဲ့ပြီး ဖြစ်၏။ အချို့ဖြစ်ရပ်များတွင် မည်သည့်စွမ်းရည်မှ ရမလာနိုင်ပေ။ မရီဒျန်သွေးကြောမှတ်တိုင်းမှ စွမ်းရည်များကို ပျိုးထောင်နိုင်မည် မဟုတ်ပါ။ 

“လူသားခန္ဓာကိုယ်က မရီဒျန်သွေးကြောမှတ် ၃၆ခုနဲ့ပဲ ကန့်သတ်မထားဘူး။ မင်းရဲ့ ကျင့်ကြံမှုအတွင်းမှာ အခြား အမှတ်တွေကို ရှာတွေ့ခဲ့ရင် အံ့ဩမသွားနဲ့။ ကျင့်ကြံလို့ အဆင်ပြေမယ်… ပတ်လမ်းကြောင်းတစ်ခုအဖြစ် ပြည့်စုံစေနိုင်မယ်ဆိုရင် ဖွင့်လှစ်လို့ရတယ်”

“ဒါပေမယ့် အမှတ်၃၆ခုက ကြီးမြတ်သောနေ ရွှေခန္ဓာရဲ့ မူလအခြေခံပဲ”

လီရွှမ်က လေးနက်သည့် အသံဖြင့် ထပ်ပေါင်းပြော၏။ 

ဘာပဲဖြစ်ဖြစ် မရီဒျန်သွေးကြောမှတ်များမှာ ၃၆ခုထက် များစွာ ကျော်လွန်နေမှာပါ။

မုန့်ချုံအနေနှင့် သူ၏ ကျင့်ကြံမှုအတွင်းတွင် ၃၆ခုထက် ကျော်လွန်သည့် အမှတ်တို့ကို တွေ့လာမှာလည်း ဖြစ်၏။ ဆရာဖြစ်သူ သူက ကြိုတင် မပြောပြထားပါက ဉာဏ်ပညာကြီးမားသည့် သူ၏ ပုံရိပ်ကို မထိခိုက်စေပေဘူးလား။ 

“ဟုတ်ကဲ့ပါဆရာ”

ဒီအချိန်၌ မုန့်ချုံသည် အလွန် စိတ်လှုပ်ရှားနေ၏။ ကြီးမြတ်သောနေ ရွှေခန္ဓာက အမှန်တကယ်ကို ထည်ဝါလှပါသည်။

“အဲ့အပေါ်မှာ သေသေချာချာ လေ့လာ။ မင်းရဲ့ ကျင့်ကြံမှုကိုလည်း မနှောင့်နှေးစေနဲ့။ ဓါးကို ပျိုးထောင်ရာမှာလည်း စိတ်ရှည်ရှည်ထား။ တည်တည်ငြိမ်ငြိမ်၊ စိတ်ရှည်ရှည်နဲ့ ဆက်လက်ကြိုးစားသွားရင် ဉာဏ်အလင်းတွေ ရလာမှာ မသွေပဲ”

လီရွှမ်က ကြီးမြတ်သောနေ ရွှေခန္ဓာအကြောင်းကို ရှင်းပြ

ပြီးနောက် စည်းကမ်းတင်းကြပ်သည့် ဆရာတစ်ယောက်၏ လေသံဖြင့် ပြော၏။ 

“ဟုတ်ကဲ့ပါ.. ကျွန်တော် နားလည်ပါပြီ ဆရာ”

မုန့်ချုံက ခေါင်းညှိတ်သည်။ 

“သိုင်းပညာလမ်းကြောင်းက အဆုံးမရှိဘူး။ ဒါ့ကြောင့် ခြေတစ်လှမ်းချင်းစီတိုင်းကို ခိုင်မာမှုနဲ့ ရှေ့ဆက်ရမယ်။ လေးလေးနက်နက်နဲ့ ကျင့်ကြံ။ ကြီးမြတ်သောနေ ရွှေခန္ဓာက သိုင်းလမ်းစဉ်ပေါ်မှာ စတင်မှတ်တစ်ခုလေးပဲ ဖြစ်တယ်”

တပည့်ဖြစ်သူ၏ သွေးသစ်လောင်းသကဲ့သို့ စိတ်လှုပ်ရှားနေသည့် အခြေအနေအတွင်းတွင် ရှိနေသေးပုံကို တွေ့ရပြီးနောက် လီရွှမ်က လေးနက်စွာ ပြောသည်။ 

မုန့်ချုံက မှင်သက်သွား၏။ သူ၏ စိတ်ခံစားချက်တို့ လျှင်မြန်စွာ ပြန်လည်တည်ငြိမ်လာခဲ့သည်။ ရိုသေလေးစားစွာ ပြော၏။ 

“ဟုတ်ကဲ့ပါဆရာ.. ကျွန်တော် သေချာပေါက် အလေးအနက်ထားပြီး ခိုင်ခိုင်မာမာ ကျင့်ကြံပါ့မယ်။ ဘယ်တော့မှ မောက်မာတာတွေ၊ စိတ်မရှည်တာတွေ မဖြစ်စေရပါဘူး”

“အင်း.. ကြိုးစား”

လီရွှမ်က ခေါင်းညှိတ်သည်။ 

သူ၏ ခြေလှမ်းက ရွေ့လျားသွားပြီး ချက်ချင်း ပျောက်ကွယ်သွား၏။ မုန့်ချုံက အသက်ကို နက်ရှိုင်းစွာ ရှူပြီး ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင် လုပ်သည်။ 

“ကြီးမြတ်သောနေ ရွှေခေါင်းလေင် အကာအကွယ်က ငါ့မျက်လုံးထဲမှာ အရမ်း စွမ်းအားကြီးနေပြီး ဖြစ်ပေမယ့်.. ဆရာပြောတာတော့ သိုင်းပညာ လမ်းစဉ်ရဲ့ စတင်မှတ်လေးပဲ ရှိသေးတယ်တဲ့။ ငါဂုဏ်ယူကျေနပ်နေလို့ မရဘူး”

“သိုင်းပညာ လမ်းကြောင်းက အဆုံးမရှိဘူး။ ကြီးမြတ်သောနေ ရွှေခန္ဓာပြီးရင် ပိုပြီး သန်မာတဲ့ စွမ်းအားတွေက ငါ့ကို စောင့်မျှော်နေသေးတယ်”

မုန့်ချုံက ခိုင်မာသည့် အကြည့်ဖြင့် ရေရွတ်သည်။ ပြီးနောက် ထိုင်ကာ ဆက်လက်ကျင့်ကြံမှု ပြု၏။ ကျင့်ကြံနေစဉ် တွင်းတွင် ဓါးပျိုးထောင်ခြင်းကို ပြုကာ ကြီးမြတ်သောနေ ရွှေခန္ဓာကို လေ့လာသည်။

“ကြီးမြတ်သောနေ ရွှေခန္ဓာကို ကျင့်ကြံဖို့အတွက် မရီဒျန်သွေးကြောမှတ်တွေကို ဖွင့်လှစ်ဖို့ လိုအပ်တယ်။ ငါ နက်နက်ရှိုင်းရှိုင်း စဉ်းစားဖို့လိုတယ်”

ပြီးခဲ့တုန်းးက ကြီးမြတ်သောနေ ရွှေခေါင်းလောင်း အကာအကွယ်အား လေ့လာ သကဲ့သို့ပင် မုန့်ချုံသည် ကြီးမြတ်သောနေ ရွှေခန္ဓာအား စတင် လေ့လာမှုသာ ပြု၏။ 

ယခုအချိန်၌ သူသည် ချီနှင့်သွေးအဆင့်၏ အကြီးစား ကျွမ်းကျင်မှုသို့သာ ရောက်ရှိသေးပြီး မူလအဆင့်နှင့် အတိုင်းအတာတစ်ခု ကွာဝေးနေပါသေးသည်။ ထို့ကြောင့် စိတ်မရှည် မဖြစ်ပါ။ 

ကြီးမြတ်သောနေ ရွှေခေါင်းလောင် အကာအကွယ်ကို ကျင့်ကြံစဉ်တွင် သူသည် ဆေဘာကို ပျိုးထောင်ရင်းနှင့် အချိန်တစ်ခုယူကာ ရွှေခန္ဓာကိုလည်း လေ့လာမှုပြုသည်။ 

ပထမဆုံး မရီဒျန်သွေးကြော ၃၆ခုတို့နှင့် ရင်းနှီးအောင် လုပ်ရန် လိုအပ်၏။ ကြီးမြတ်သောနေ ရွှေခန္ဓာ ကျင့်စဉ်မှာလည်း ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ တံတားအား တည်ဆောက်ကာ ချီပင်လယ်ကို ဖွင့်လှစ်ခြင်းမှ စတင်ပါသည်။ ပင်ရင်း သိုင်းပညာစနစ်ကဲ့သို့ ဖြစ်၏။ နောက်ဆက်တွဲ ကျင့်ကြံမှုသာလျှင် ခြားနားသွားခြင်း ဖြစ်သည်။ 

ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံမှုတွင် ရွှေခန္ဓာ အမှတ်များအား အဓိကထားရာ သူ့အနေနှင့် ပထမဆုံး မည်သည့် အမှတ်ကို ဖွင့်လှစ်ရမည်အား ဆုံးဖြတ်ရန် လိုအပ်ပါသည်။ 

မုန့်ချုံက ကြီးမြတ်သောနေ ရွှေခန္ဓာကို လေ့လာနေ၏။ 

ထိုအချိန်၌ လီရွှမ်မှာ သူ၏ ခြံဝန်းဆီသို့ ပြန်လာခဲ့ပြီး ဖြစ်သည်။ စိတ်သက်သာရာ ရသွား၏။ ကြီးမြတ်သောနေ ရွှေခန္ဓာဟူသည့် ခြင်းတောင်းကို မုန့်ချုံဆီသို့ လက်ဆင့်ကမ်းခဲ့ပြီးလေပြီ။

တစ်ဖက်လူ၏ လေ့လာကာ ဖြည့်တင်းမှုများ ပြုလုပ်ခြင်းကို စောင့်နေရန်သာ ရှိ၏။

“ဘာပြဿနာမှတော့ မရှိလောက်ဘူးမလား။ မုန့်ချုံရဲ့ နားလည်သဘောပေါက် နိုင်စွမ်း ကလည်း မဆိုးပါဘူး။ နားလည်လာဖို့က ပြဿနာမဟုတ်လောက်ဘူး။ အချိန်တစ်ခုပဲ စောင့်ဖို့လိုလောက်မှာ”

လီရွှမ်က စဉ်းစားသည်။ 

သူ့အနေနှင့် မုန့်ချုံတစ်ယောက် ကြီးမြတ်သောနေ ရွှေခန္ဓာအား နားလည်နိုင်မည်ဟု ယုံကြည်ချက် ရှိ၏။ 

“ပြီးရင် ရွှီယန်ကို မူလအဆင့်ရဲ့ အထက်က ကျင့်စဉ်ကို သင်ပေးရမယ်”

လီရွှမ်သည် အနည်းငယ် အကူအညီမဲ့စွာ ခံစားလိုက်ရ၏။ 

ကံကောင်းစွာပင် ယခုအချိန်၌ သူလည်း စစ်မှန်သည့် သိုင်းသမားတစ်ယောက် ဖြစ်လာခဲ့ပြီး ဖြစ်၏။ အတွင်းဘက်နယ်မြေမှ ကျင့်စဉ်များအား ကိုးကားကြည့်လို့လည်း ရပါသည်။ ထို့ကြောင့် ဖန်တီးလိုက်သည့် ကျင့်စဉ်များအပေါ်တွင် ယုံကြည်ချက်တို့ ပိုမို ရှိလာခဲ့၏။

All Chapters