← Chapters

လူကိုသာ မြေမြှုပ်လိုက်ရင် မကောင်းမှုထပ်ပြီး မလုပ်တော့ဘူး (၃)

Vol. 9 Ch. 124

လူကိုသာ မြေမြှုပ်လိုက်ရင် မကောင်းမှုထပ်ပြီး မလုပ်တော့ဘူး (၃)

Vol. 9 Ch. 124

သခင်ကျန်းက စိတ်လှုပ်ရှားစွာဖြင့် သူ၏ အိပ်ခန်းဆီသို့ ဦးတည်ခဲ့၏။ ဝတ်စုံဖြူနှင့် မိန်းကလေးသည် အစေခံနှစ်ယောက်တို့၏ တွဲပို့မှုနှင့် သခင်ကျန်း၏ အိပ်ခန်းအပြင်ဘက်သို့ ရောက်ရှိလာခဲ့သည်။

ပတ်ဝန်းကျင်တွင် မည်သူမှ မရှိသည့်ပုံကို တွေ့ရပြီးနောက် သူမသည် ချက်ချင်းပင် အားအင်တို့ ပြန်ပြည့်လာခဲ့၏။ အစေခံနှစ်ယောက်တို့လည်း ကူတွဲပေးခြင်း မရှိတော့ပါ။

"ကောင်းကင်မိခင်... အားလုံး အဆင်သင့်ဖြစ်ပါပြီ.."

ဝတ်စုံဖြူနှင့် မိန်းကလေးက လက်ဝါးနှစ်ဖက်ကို အသာဆုပ်ကာ ခေါင်းငြိမ့်သည်။

"အရမ်းကောင်းတယ်.."

ထိုစကားနှင့်အတူ သူမသည် တံခါးကို တွန်းဖွင့်ကာ ဝင်ရောက်သွား၏။

ဒီအချိန်၌ ကြီးမားသည့် အခန်းအတွင်းတွင် ရွှံ့များဖြင့် ပြည့်နှက်နေပါသည်။ အခန်း၏ အလယ်တွင် ၁၀ပေလောက် နက်သည့် ကြီးမားသည့် တွင်းကြီးတစ်ခုကို တူးထား၏။

"သခင်မလေး တွင်းအဆင်သင့် ဖြစ်ပါပြီ.."

ကျယ်ပြောသည့် ပုခုံးများနှင့် ထူထဲသည့် ခါးတို့ရှိသည့် ကြံ့ခိုင်တောင့်တင်းသော အမျိုးသမီးတစ်ယောက် တွင်းထဲမှ ခုန်ထွက်လာပြီး ပြောသည်။

တစ်ချက်ကြည့်သည်နှင့် သူမကို ယောက်ျားကြီးတစ်ယောက်အဖြစ် အထင် မှားသွားနိုင်၏။

"ဒေါ်လေးကျိုး... ရှင်.. တွင်းတူးရာမှာ ပိုပိုပြီးတော့ ကျွမ်းကျင်လာပြီ။ ဒီတွင်းဆိုရင် အရမ်းကိုကြီးတာ.. ဒါပေမယ့် အချိန်ခဏလေးပဲ သုံးခဲ့တယ်.."

ဝတ်စုံဖြူနှင့် မိန်းကလေးက စနောက်စွာ ပြောသည်။

ဒေါ်လေးကျိုး၏ ပုံက အကူအညီမဲ့ သွား၏။ သို့ပေမယ့် အလိုလိုက်မှု အချို့ဖြင့် ကြည့်ကာ ပြော၏။

"သခင်မလေး.. နင်လည်း ဒီလို တွင်းမျိုးတွေ အများကြီး တူးပြီးရင် ကျွမ်းကျင်လာလိမ့်မယ်.."

အခန်း၏ အပြင်ဘက်တွင် သခင်ကျန်း၏ စိတ်လှုပ်ရှားနေသည့် အသံတစ်ခုက ပေါ်လာခဲ့၏။

"အလှလေးရေ.. ကိုကြီးဝင်လာပြီ.."

သခင်ကျန်းသည် အလွန် စိတ်လှုပ်ရှားနေ၏။

ဒီအချိန်၌ ခန္ဓာကိုယ်အတွင်းရှိ သွေးများအားလုံး တစ်နေရာတည်းသို့ စုပြုံနေသည်ဟု ခံစားရသည်။ ထုတ်လွှတ်ခြင်း မရှိပါက ပေါက်ကွဲထွက်တော့မည့်ပုံ ပေါ်၏။

"ကိုကြီးရဲ့အလှလေးရေ.. ကိုကြီးကို ၃ရက်၃ည တိုက်ပွဲမှာ အဖော်ပြုပေးပါဦး.."

သူက တံခါးကို တွန်းဖွင့်လိုက်ပြီးနောက် နောက်သို့လှည့်ကာ ပြန်ပိတ်သည်။ သို့ပေမယ့် အခန်းထဲသို့ ခေါင်းလှည့်ကြည့်ပြီးနောက် အလယ်တွင် ရှိနေသည့် ကြီးမားသည့် တွင်းကြီးကို အံ့သြစွာ တွေ့လိုက်ရ၏။

သူက တုံ့ပြန်နိုင်ခြင်း မရှိသေးခင်တွင် ဘေးမှ ကန်ချက်တစ်ခုနှင့်အတူ တွင်းထဲသို့ ပြုတ်ကျသွားသည်။ ခေါင်းမော့ကြည့်ပြီးနောက် ဤသည်မှာ ကောင်းကင်မိခင်ဖြစ်ကြောင်းအား တွေ့လိုက်ရ၏။

သူ၏ နှလုံးသားက လေးလံသွားသည်။ ကြီးမားသည့် ပြဿနာအတွင်းသို့ ကျရောက်ပြီ ဟူသည်အား နားလည်လိုက်၏။

"ကူညီပါဦး... အဟွတ် အဟွတ်..."

သူက ပါးစပ်ကို ဖွင့်ကာ အကူအညီ အော်တောင်း၏။

သို့ပေမယ့် သူ၏မျက်နှာဆီသို့ မြေမှုန်တစ်အုပ် ရောက်ရှိလာပြီး ပါးစပ်ထဲတွင် ချက်ချင်း မြေကြီးများ ပြည့်နှက်သွားခဲ့သည်။

တွင်းကြီး၏ အထက်တွင် ဝတ်စုံဖြူနှင့် မိန်းကလေးက လက်ထဲတွင် ဂေါ်ပြားတစ်ခုကိုင်ကာ စိတ်လှုပ်ရှားသည့်ပုံ ရှိနေ၏။

ကျန်းယွမ်ဝိုင်က ပါးစပ်ကို ဖွင့်လိုက်သည်နှင့် သူမက မြေကြီးတစ်ထုပ်ကို ဂေါ်နှင့်ကော်ကာ မျက်နှာဆီသို့ လှမ်းပက်သည်။ သခင်ကျန်းကို ထိတ်လန့်သွားစေ၏။

"ကူညီကြပါဦး...အဟွတ် အဟွတ်...ကူညီပါဦး..."

သူ၏ ဦးခေါင်းနှင့် မျက်နှာတြိုသည် မြေကြီးများဖြင့် ပြည့်နက်သွား၏။

သူ့ကို ပိုမို ကြောက်ရွံ့သွားစေသည်မှာ ဆေးများသောက်ထားသောကြောင့် သူ၏ခန္ဓာကိုယ်၌ လောင်ကျွမ်းနေသည့်အလား ခံစားရခြင်း ဖြစ်သည်။

အလျှင်စလိုနှင့် မျက်နှာကို အောက်သို့ငုံ့ကာ မြေကြီးများကို ထွေးထုတ်ပြီး စတင် အကူအညီ အော်တောင်း၏။

"ကူညီပါဦး...တစ်ယောက်ယောက် ကူညီကြပါ...ဆရာဝမ်.."

"အော်နေ.. အော်နေလိုက်... လည်ချောင်းကွဲအောင် အော်ရင်တောင် ဘာမှအသုံးဝင်မှာ မဟုတ်ဘူး။ နင့်ကို ဘယ်သူမှ လာမကယ်ဘူး.."

တွင်းကြီး၏ အထက်တွင် မိန်းကလေးက အပြုံးတစ်ခုနှင့် ပျော်ရွှင်စွာ ပြောရင်းက မြေကြီးများကို ဂေါ်နှင့်ဆက်လက် ပြန်ဖြည့်နေ၏။

သခင်ကျန်း၏ နှလုံးသားက လေးလံသွားသည်။

သူသည် တစ်ချိန်တုန်းက အလှလေးများကို ထိုကဲ့သို့ အမြဲတမ်း ပြောခဲ့သည် မဟုတ်ပါလား။ ယခုအချိန်၌ သူ၏ အလှည့်သို့ ရောက်လာလေသည်လား။

"ကောင်းကင်မိခင်.. ကျေးဇူးပြုပြီး ကျွန်တော့်ရဲ့ အသက်ကို ချမ်းသာပေးပါ.."

"ကျွန်တော် နောင်တရပါပြီ။ ကျွန်တော် နောင်တရပါပြီ။ ကျွန်တော့်ရဲ့ချမ်းသာကြွယ်ဝမှု အားလုံးကိုလည်း အပြစ်တွေကို ဆေးကြောဖို့အတွက် လှူဒါန်းပါမယ်.."

"ကောင်းကင်မိခင်က ကျေးဇူးပြုပြီး ကျွန်တော့်ကို  သနားညှာတာပေးပါ။ ကျွန်တော် နောင်တနဲ့ မကောင်းတာတွေကို ထပ်ပြီးတော့ မလုပ်တော့ပါဘူးလို့ ကျိန်ဆိုပါတယ်.."

သခင်ကျန်းက တွင်းထဲတွင် ဒူးထောက်ကာ ငိုယိုစွာ ပြော၏။ မကောင်းမှုတို့ကို ထပ်မံပြုလုပ်မည် မဟုတ်ဟု စိတ်ရင်းဖြင့် ကတိပေးသည်။

"ရှင်တကယ်ပဲ မကောင်းမှုတွေ ထပ်မလုပ်တော့ဘူးလား.."

မိန်းကလေး၏ ပုံက စိတ်ပျော့သွားသည့်ပုံ ပေါ်ပြီး မေးသည်။

"ဟုတ်ပါတယ်။ ကျေးဇူးပြုပြီး ချမ်းသာပေးပါ။ ကျွန်တော် ဘယ်တော့မှ မကောင်းမှုတွေကို ထပ်မလုပ်တော့ပါဘူး.."

"ကောင်းပြီလေ ဒါဆိုရင် ငါနင့်ကို ယုံလိုက်မယ်.."

သခင်ကျန်းက ပျော်သွားသည်။

"ဂရုဏာ ထားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ကောင်းကင်မိခင်.."

သို့ရာတွင် တစ်ခုခု မှားယွင်းနေကြောင်းကို မကြာခင် နားလည်လိုက်၏။ မြေကြီးများက အဘယ်ကြောင့် ဆက်လက် ကျဆင်းလာနေရ သနည်။

"ကောင်းကင်မိခင်... ကျွန်တော် ဘယ်တော့မှ မကောင်းမှုတွေကို ထပ်မလုပ်တော့ဘူးလေ.. အပေါ်ကို ဆွဲတင်ပေးပါ.."

သခင်ကျန်းက မိန်းကလေးကို မျှော်လင့်နေသည့် မျက်လုံးများဖြင့် ကြည့်သည်။ မိန်းကလေးကတော့ ကြိုးစားပမ်းစားဖြင့်သာ မြေကြီးများကို တွင်းထဲသို့ ပြန်ဖြည့်နေ၏။ သူမသည် အလွန်စိတ်လှုပ်ရှားနေပုံ ပေါ်ပါသည်။

"ကျွန်မ နားလည်တယ်... ဒီမှာ ငြိမ်ငြိမ်လေးနေ.. မကြာခင် ရှင်မကောင်းမှုတွေကို ထပ်လုပ်တော့မှာ မဟုတ်ဘူး.."

"ဟီး ဟီး... ငါမြေမြှုပ်လိုက်တဲ့ လူတွေအားလုံး ဘယ်တော့မှ မကောင်းမှုကို ထပ်မလုပ်ကြတော့ဘူး... သူတို့ကိုသာ မြေမြှုပ်လိုက်ရင် မကောင်းမှုတွေ ထာဝရ ချုပ်ငြိမ်းသွားတယ်.."

All Chapters