← Chapters

ကောင်းကင်မိခင် စုလင်းရှုံ

Vol. 9 Ch. 125

ကောင်းကင်မိခင် စုလင်းရှုံ

Vol. 9 Ch. 125

ကြီးမားသည့် တွင်းကြီး၏ အထက်တွင် မိန်းကလေးက စိတ်လှုပ်ရှားစွာဖြင့် မြေကြီးများကို ကလော်ကာ ဖြည့်နေ၏။ တွင်း၏ အောက်ခြေရှိ သခင်ကျန်းက မှင်သက်နေပါသည်။

လူတွေကို မြေမြှုပ်ခြင်းက သူတို့ကို  မကောင်းမှု ပြုလုပ်ခြင်းမှ ရပ်တန့်စေသည်လား...

ဤသည်က သူ့ကို အရှင်လတ်လတ် မြေမြှုပ်ပစ်တော့မည်လား...

သူသည် မကြာခဏ ကောင်းကင်မိခင်၏ မကောင်းသည့် လူများအား တိုက်တွန်းမှု အကြောင်းကို ကြားရလေ့ရှိသည်။ သူမ တိုက်တွန်းလမ်းညွှန်မှု ပြုခဲ့သည့် ထိုမကောင်းသည့် လူများအားလုံး မကောင်းမှုအား ထပ်လုပ်ခြင်း မရှိကြတော့ပေ။

ထိုသို့ဆိုပါက ဤသည်မှာ သူမ၏ တိုက်တွန်းခြင်း နည်းလမ်းလေလား။

"ကောင်းကင်မိခင်.. ကျေးဇူးပြုပြီး ကျွန်တော့်ရဲ့ အသက်ကို ချမ်းသာပေးပါ။ ကျွန်တော် ဘယ်တော့မှ မကောင်းမှုကို ထပ်မလုပ်တော့ပါဘူး။ ကျိန်ဆိုပါတယ်.."

"ငါ့ကိုယုံ... ငါ ငါ... ငါ့ကိုယ်ငါ သင်းကွပ်ပေးမယ်... ဘယ်တော့မှ မကောင်းမှု ထပ်မလုပ်တော့ဘူးလို့ ကျိန်ဆိုတယ်.."

သခင်ကျန်းက စိတ်ပိုင်းဖြတ်စွာ ပြော၏။

အသက်ထက် အရေးကြီးတာ ဘာမှမရှိပေ။

သူ့အနေနှင့် ကုန်းကုန်းတစ်ယောက် ဖြစ်လာလျှင်တောင် သေဆုံးသွားသည်ထက် ပိုမို ကောင်းမွန်ပါသည်။

မိန်းကလေးက အံ့သြသွား၏။ သူမသည် လူများစွာတို့ကို မြေမြှုပ်ခဲ့ပါသည်။ သို့ပေမယ့် သခင်ကျန်းမှာ ပထမဆုံးအကြိမ် ယခုကဲ့သို့ ဆုံးဖြတ်ချက်မျိုးကို ချပြီး ပြတ်သားစွာဖြင့် ကိုယ့်ညီကို စီရင်လိုသည့်လူ ဖြစ်ပါသည်။

"တကယ်လား.."

သူမ၏ မြေကြီးများကို ကလော်မူ့က ရပ်တန့်သွား၏။

"တကယ်ပါ.."

သခင်ကျန်းက အံ့ကိုကြိတ်ကာ ပြောသည်။

"ကောင်းပြီ။ ဒီတစ်ကြိမ် ငါနင့်ကို ယုံလိုက်မယ်.." မိန်းကလေးက ခဏတာ စဉ်းစားပြီးနောက် ငွေရောင်သွားအလေးများကို ကြိတ်ကာ နှလုံးသားတို့ ပျော့ပျောင်းသွားသည့်နှယ် ပြောသည်။

ထို့နောက် ခေါင်းကို တစ်ဖက်သို့ လှည့်လိုက်ပြီးနောက် ပြော၏။

"မြန်မြန်လေးလုပ်.."

သခင်ကျန်း၏ နှုတ်ခမ်းများက တုန်ရီနေ၏။ သူ၏ မျက်နှာက ဖြူရော်နေပြီး နဖူးမှ ချွေးစေးများ စီးကျနေပါသည်။ သို့ပေမယ့် အသက်ကို ကယ်တင်ရန်အတွက် ရွေးချယ်စရာ မရှိဘဲ နောက်ဆုံး ရွေးချယ်မှုကို လုပ်ခဲ့ရ၏။

သူက ကြီးစွာ နောင်တရနေပါသည်။

ဒီလိုသာ သိပါက သူ၏ လက်ကို ဖြတ်မည်ဟုသာ  ကျိန်ဆိုလိုက်၏။

"ကျွန်တော်... ကျွန်တော့်မှာ ဓားမရှိဘူး.."

"ဒေါ်လေးကျိုး... သူ့ကို ဓားပေးလိုက်.."

မိန်းကလေးက ပြောသည်။

ကြံ့ခိုင်သည့် အမျိုးသမီးကြီးက ဓားမြှောင်တစ်ချောင်းကို အောက်သို့ ပစ်ချပေးလိုက်၏။

"မြန်မြန်လေးလုပ်.. သွေးတွေ အရမ်းကြီး မစင်စေနဲ့.. နင့်ရဲ့ ဝတ်စုံနဲ့အုပ်ထား.. မဟုတ်ရင် သွေးတွေအများကြီး ဆုံးရှုံးရင် ငါတို့လည်း နင့်ကို ကယ်တင်နိုင်မှာ မဟုတ်ဘူး.."

မိန်းကလေးက တွင်းကို ကျောပေးရင်းက သတိပေးသည်။

သခင်ကျန်းက ငိုချင်နေပါပြီ။ နှလုံးသားထဲတွင် ကျိန်ဆဲမိ၏။

"နင်က တကယ့်ကို ဂရုဏာကြီးတာပဲ.."

သူက တုန်ယင်နေသည့် လက်များဖြင့် ဓားမြှောင်ကို ကိုင်၏။ သောက်ထားသည့် ဆေးများကြောင့် သွေးများ စုစည်းနေကြောင်းကို တွေ့လိုက်ရသည်။

ဓားနှင့်သာ ခုတ်ပိုင်းလိုက်ပါက...

သူကား စိတ်ကူးကြည့်ရန်ပင် အလွန်ကြောက်လန့်နေပါပြီ။

"မြန်မြန်လုပ်.."

ဒေါ်လေးကျိုး၏ လှုံဆော်သည့် အသံက ပဲ့တင်ထပ်လာ၏။

"ကျွန်တော် ပြီးပါတော့မယ်။ ပြီးပါတော့မယ်.."

သခင်ကျန်းက တုန်ယင်နေပြီး သူ၏ လက်တစ်ဖက်က ဝတ်စုံကို ကိုင်ထားကာ အေးစက်သည့် ဓားမြှောင်က ပစ္စည်းကို ရွယ်ထား၏။ သို့ပေမယ့် လှုပ်ရှားမှု ပြုလုပ်ရန် သတ္တိတို့ ကင်းမဲ့နေပါသည်။

သူ့အနေနှင့် တောင်းပန်မှုပြုကာ အဲ့ဒီ့အစား လက်ကိုပေးမည်ဟု ပြောချင်၏။

သို့ပေမယ့် ဒေါ်လေးကျိုးက သူမ၏ ခြေထောက်ကို ကန်လိုက်သည်။ ကျောက်တုံးတစ်ခု လွင့်ပျံလာပြီး  သူ၏ တံတောင်ဆစ်ကို ထိမှန်၏။

ရုတ်တရက်

"ဇွတ်.."

"အား..."

ကျန်းယွမ်ဝိုင်က အော်၏။ သူ၏ ဝတ်စုံအကြားမှ လက်တစ်ဖက် ထွက်လာခဲ့သည်။ ပစ္စည်းတစ်ခုကို ကိုင်ထား၏။

အော်သံကို ကြားရပြီးနောက် မိန်းကလေးက စိတ်လှုပ်ရှားစွာ ပြောသည်။

"ဒေါ်လေးကျိုး.. သူ့ပစ္စည်းကို လွှတ်ပစ်ပြီး ခွေးကျွေးလိုက်။ ကျွန်မ ကြားတာတော့ အမြစ်မရှိတဲ့ လူတွေ သေရင် မပြည့်စုံတဲ့ တစ္ဆေတစ်ကောင် ဖြစ်လာတယ်တဲ့။ သူက သူ့ဘာသာ အဲ့လို ဖြစ်ချင်တာ.."

ဒေါ်လေးကျိုးက လက်ကို လှုပ်ခါလိုက်သည်။ ကြိုးမျှင်တစ်ခု ပျံသန်းထွက်သွားပြီး သခင်ကျန်း၏ လက်ထဲရှိ ပစ္စည်းကို ရစ်နှောင်ကာ သူမ၏ လက်အား ဝှေ့ရမ်းမှုနှင့်အတူ ပြတင်းပေါက်မှ လွှင့်ပစ်လိုက်၏။

မထင်မှတ်စွာပင် ဆက်လက် ဖြစ်ပေါ်လာသည့် အဖြစ်အပျက်ကြောင့် သခင်ကျန်းတစ်ယောက် ခဏတာ မှင်သက်စွာ တိတ်ဆိတ်သွား၏။

"မဟုတ်ဘူး... မဟုတ်ဘူး နင်ငါ့ကို လှည့်စားတာလား.."

ခဏအကြာ၌ သခင်ကျန်းသည် စတင် အော်ဟစ် ကျိန်ဆဲပါတော့သည်။

မိန်းကလေးက အားအင်ပြည့်ဖြိုးစွာဖြင့် မြေကြီးများကို ဂေါ်နှင့်ကော်ကာ တွင်းထဲသို့ ထည့်နေ၏။ သူမ၏ ကျွမ်းကျင်မှု ရှိသည့် လုပ်ဆောင်ပုံကို ကြည့်ရသည်မှာ အတွေ့အကြုံ ကြွယ်ဝလှကြောင်းကို တွေ့မြင်နိုင်ပါသည်။

မြေကြီးများက သခင်ကျန်း၏ မျက်နှာနှင့် ပါးစပ်ပေါ်သို့ ကျဆင်းနေပြီး သူ၏ အော်ဟစ်မှုကို ပိတ်ဆို့သွား၏။

သို့ရာတွင် မြေကြီး တစ်ခုလုံးကို စွန်းထင်းနေသည့် သွေးများအား တွေ့မြင်နိုင်ဆဲ ရှိသည်။

တွင်းအထက်ရှိ မြေကြီးများက တဖြည်းဖြည်း လျော့နည်းလာနေ၏။ နောက်ဆုံးတွင် သခင်ကျန်း၏ ငြီးသံသဲ့သဲ့ကိုသာ ကြားရတော့သည်။ သူ၏ ခန္ဓာကိုယ်အစိတ်အပိုင်း အများစုတို့မှာ မြေကြီးများ၏ ဖုံးလွှမ်းမှုကို ခံထားရပြီး ဦးခေါင်းသာလျှင် ကျန်ရစ်တော့၏။

"နင်... နင်အသေဆိုးနဲ့ သေရလိမ့်မယ်.."

သခင်ကျန်းမှာ အားအင်တို့ ကုန်ခမ်းနေပါပြီ။

"ဟီး ဟီး ဟီး... ဒီနေ့မှာ ကောင်းကင်မိခင်က နောက်ထပ် မကောင်းတဲ့ လူတစ်ယောက်ကို မကောင်းမှုတွေ ထပ်မလုပ်ဖို့ တိုက်တွန်းနိုင်ခဲ့ပြန်ပြီ.."

မိန်းကလေးက ပြုံးရွှင်စွာဖြင့် ရယ်ကာ မြေကြီးများကို ကြိုးစားပမ်းစားဖြင့် ဖြည့်၏။ တွင်းကြီးက ပြန်ပြည့်သွားပြီး သခင်ကျန်းလည်း မြေကြီးထဲတွင် အရှင်လတ်လတ် အမြှုပ်ခံခဲ့ရလေသည်။

မိန်းကလေးက ဂေါ်ကိုကိုင်ကာ မြေပြင်ပေါ်တွင် အကြိမ်အနည်းငယ် ခုန်၏။ ခြေထောက်ကို အားထည့်ကာ မြေကြီးများကို သိပ်သည်းအောင် ပြုလုပ်သည်။

"ငါကောင်းကင်မိခင် တိုက်တွန်းလိုက်တဲ့ မကောင်းတဲ့ လူတွေအားလုံး မကောင်းမှုတွေကို ထပ်ပြီး မလုပ်နိုင်ကြတော့ဘူး။ နင်က ဘယ်လိုလုပ်ပြီး ချွင်းချက် ဖြစ်နိုင်မှာလဲ.."

သခင်ကျန်းကို အရှင်လတ်လတ် မြေမြှုပ်ပြီးနောက်  မိန်းကလေးက သူမ၏ ဂေါ်ကိုကိုင်ပြီး ထွက်ခွာသွား၏။

ဒေါ်လေးကျိုးက နောက်မှ အကူအညီမဲ့သည့် အသွင်ဖြင့် လိုက်သည်။

သခင်ကျန်း၏ အိမ်တော်ထိန်းက အခန်းဝမှ ခယသည့် မျက်နှာနှင့် မေး၏။

"ကောင်းကင်မိခင်.. ကျွန်တော် ညွှန်ကြားချက် အတိုင်း အားလုံးကို လုပ်ပြီးပါပြီ။ ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်လွှတ်ပေးလို့ ရမလား မသိဘူး.."

"ရတာပေါ့.."

မိန်းကလေးက ခေါင်းကိုငြိမ့်သည်။

ဒေါ်လေးကျိုးက ကျွမ်းကျင်စွာဖြင့် ပါးလျသည့် မျက်နှာဖုံးတစ်ခုကို ထုတ်ကာ အိမ်တော်ထိန်းကို ဝတ်ပေးလိုက်သည်။ အိမ်တော်ထိန်း၏ အသွင်က သခင်ကျန်း အဖြစ်သို့ ချက်ချင်းပင် ပြောင်းလဲသွား၏။

သူမက ညွှန်ကြားမှု ပြုသည်။

"ပြီးရင် ဘာလုပ်ဖို့ လိုတယ်ဆိုတာကို ငါပြောဖို့ မလိုတော့ဘူးမလား.."

"ဟုတ်ကဲ့ပါ။ ဟုတ်ကဲ့ပါ။ ကျွန်တော် အမိန့်အတိုင်းအားလုံးကို လုပ်ဆောင်လိုက်ပါမယ်.."

အိမ်တော်ထိန်းက ခေါင်းငြိမ့်ကာ ဦးညွှတ်ပြီးနောက်  သခင်ကျန်း၏ အဝတ်အစားများကို လဲလှယ်ကာ  ကိုယ်စား ဟန်ဆောင်လိုက်သည်။

နန်ဟယ်မြို့၏ အုပ်ချုပ်သူ ခန်းမရှေ့တွင် သူက ဒူးထောက်ကာ ကောင်းကင်မိခင်၏ သနားညှာတာမှု့ ကြီးမားပုံကို အော်ဟစ်ပြီး ဘယ်တော့မှ မကောင်းမှုကို လုပ်ဆောင်မှု မပြုတော့ဟု ကျိန်ဆို၏။

"ကျွန်တော့်ရဲ့ ပိုင်ဆိုင်မှု အားလုံးကို ပေးကမ်းလှူဒါန်းပါတယ်... ကျွန်တော့်ရဲ့ အပြစ်တွေကို ဆင်ခြင်ပြီး ပြန်လည် ဖြေဖျောက်နိုင်ဖို့အတွက် တောတောင်ထဲမှာ သွားရောက် တံခါးပိတ် နေထိုင်ပါတော့မယ်.."

နန်ဟယ်မြို့ရှိ လူများအားလုံး မှင်သက်ကုန်ကြသည်။ နန်ဟယ်မြို့၏ အုပ်ချုပ်သူလည်း ကြောင်တောင်‌နေ၏။

လျှို့ဝှက်ဆန်းကြယ်သည့် ကောင်းကင်မိခင်ဂိုဏ်းမှ ကောင်းကင်မိခင်က သခင်ကျန်းကို အမှန်တကယ် လာရှာခဲ့သည်လား။ ထို့အပြင် သခင်ကျန်းကလည်း မကောင်းမှုတို့အား လုပ်ဆောင်မှုကို အမှန်တကယ် ရပ်တန့်သွားသည်လား။

နန်ဟယ်မြို့ရှိ ပြည်သူများ၏ အံ့ဩနေသည့် အကြည့်များအောက်တွင် သခင်ကျန်းက သူ၏ ချမ်းသာကြွယ်ဝမှု အားလုံးတို့ကို အမှန်တကယ် သုံးစွဲပြီး ဆင်းရဲသူများကို ကူညီပေး၏။

ကြီးမားသော သဒ္ဒါတရားနှင့် သူ၏ အပြစ်တို့ကို ဆေးကြောကာ ခြေလှမ်း အနည်းငယ်တိုင်းတွင်ပင် လူများအား ဦးချမှုတို့ကို ပြုလုပ်ပြီး နန်ဟယ်မြို့ဆီမှ တစ်ခါတည်း ထွက်ခွာသွား၏။

သူက တောတောင်ထဲသို့ သွားရောက်ကာ အပြစ်တို့ကို ဆေးကြောရင်း တစ်ကိုယ်တည်း နေထိုင်ချင်သည်ဟု ဆိုလေသည်။

အိမ်တော်ထိန်းသည် တောင်တစ်ဝက်ဆီသို့ တက်ပြီးနောက် နောက်ဆုံးတွင် စိတ်သက်သာရာ ရသွား၏။ သူ၏ နောက်တွင် မည်သူမှ လိုက်လာကြောင်းကို မတွေ့ရပေ။ သူ၏ အသက်အား ကယ်တင်နိုင်ခဲ့လေပြီ။

ရလဒ်အနေနှင့် ခေါင်းမော့ကြည့်ပြီးနောက် တောင်တက်လမ်း တစ်ဝက်တွင် ကြီးမားသည့် တွင်းကြီးတစ်ခု တူးထားကြောင်းကို တွေ့လိုက်ရ၏။

ကြီးထွားသန်မာသည့် ဒေါ်လေးကျိုးက သူ့ကို လက်တစ်ဖက်နှင့် ဆွဲမကာ တွင်းအတွင်းသို့ ပစ်ထည့်လိုက်သည်။

အိမ်တော်ထိန်းက ကြောင်တောင်သွား၏။ ကောင်းကင်မိခင် မိန်းကလေးက ဂေါ်ပြားတစ်ခုကို လွှဲရမ်းရင်းမှ မောဟိုက်စွာဖြင့် မြေကြီးများကို တွင်းထဲသို့ စတင်ဖြည့်သည်။

"အသက်ချမ်းသာပေးပါ။ ကောင်းကင်မိခင်.. နင်ပြောတော့ ငါ့ကို အသက်ချမ်းသာပေးမယ်ဆို.."

မိန်းကလေးက ခေါင်းငြိမ့်သည်။

"ဟုတ်တယ်။ ကောင်းကင်မိခင်က နင့်ကို အသက်ချမ်းသာပေးမယ်လို့ ကတိပေးခဲ့တယ်။ ဒါပေမယ့် အဲ့ဒါက ငါစုလင်းရှုံနဲ့ ဘာဆိုင်လို့လဲ.."

"နင်က ကောင်းကင်မိခင်လေ.."

"အဲ့ဒါက ခုနကပဲ.. အခုမဟုတ်တော့ဘူး.."

မိန်းကလေးက မြေကြီးများကို ဆက်လက် ကလော်ထည့်နေပြီး အိမ်တော်ထိန်း၏ ကျိန်ဆဲသံများ စတင် ပေါ်လာခဲ့၏။

世尊 风:

All Chapters