ဒန်ဆေးသိုင်းပညာ စနစ်နှင့် ချန်ချင်းအရိုး
Vol. 9 Ch. 127
လီရွှမ်၏ လက်တစ်ဝှေ့နှင့်အတူ စာအုပ်များစွာတို့ အခန်းထဲမှ ပျံသန်းထွက်လာပြီး သူ၏ လက်အတွင်းသို့ ကျဆင်းလာခဲ့သည်။ အားလုံးတို့မှာ စွန့်ပစ်ဒေသမှ ဆေးပညာစာအုပ်များ ဖြစ်ကြ၏။
"မင်းရဲ့ ဗဟုသုတကို ငါစမ်းသပ်ကြည့်လို့ ရလား.."
စုလင်းရှုံက ခေါင်းငြိမ့်သည်။
လီရွှမ်အနေနှင့် ယခုကဲ့သို့ ငယ်ရွယ်မြူးကြွကာ အားမာန်ပြည့်ဖြိုးသည့် မိန်းကလေးတစ်ယောက်အား ဆေးပညာတွင် အလွန်ကျွမ်းကျင်နေမည်ဟု ယုံကြည်ရန် ခက်ခဲနေပါသည်။
အမှန်တကယ်သာ ထိုသို့ဆိုပါက သူမ၏ ပါရမီမှာ အလွန် ထူးကဲနေမှာ ဖြစ်၏။ ဖြစ်နိုင်တာက တပည့်အဖြစ် လက်ခံရန် စဉ်းစားလို့ ရနိုင်ပါသည်။
သူက ဆေးစာအုပ်တစ်အုပ်ကို ဖွင့်ကာ စုလင်းရှုံကို ခြားနားသည့် ရောဂါမှတ်တမ်း အချို့အား ကြည့်ပြီး မေးခွန်းတို့မေး၏။
စုလင်းရှုံက အားလုံးတို့ကို ချောမွေ့စွာ အဖြေပေးနိုင်ကြောင်းအား တွေ့လိုက်ရသည်။ ရောဂါမျိုးစုံတို့အတွက် အဖြေများကို ထောက်ပံ့ပေးနိုင်စွမ်း ရှိ၏။ သူမ၏ ဆေးပညာမှာ အမှန်တကယ်ကို အလွန်မြင့်မားလှပြီး ကောလဟာလသက်သက် မဟုတ်ပေ။
လီရွှမ်က ချက်ချင်းပင် တက်ကြွလာ၏။
သြ့အနေနှင့် စုလင်းရှုံ၏ အတွင်းဘက်ဒေသမှ သိုင်းပညာစနစ်ကို ကျင့်ကြံထားသည့် အကြောင်းအား ဂရုစိုက်ခြင်း မရှိပါ။
သူမသည် အဆင့်၇၌သာ ရှိသေး၏။ သိုင်းစနစ်ကို ပြောင်းလဲ ကျင့်ကြံပေးရန်မှာ အလွန် လွယ်ကူလှပါသည်။
ထို့အပြင် သိုင်းပညာအပေါ်၌ အခြေခံတစ်ခု ရှိနေပြီး ဖြစ်ရာ သူမ၏ ကျင့်ကြံမှုက နှေးကွေးနေမည် မဟုတ်ပေ။
လီရွှမ်က လက်ကိုဝှေ့ကာ ရှီအာကို ထွက်သွားခိုင်းလိုက်သည်။ ကုလားထိုင်မှ မတ်တပ်ရပ်ပြီး လက်ထဲတွင် ကျောက်စိမ်းအဆောင်ကို ကစားရင်းမှ အပြုံးတစ်ခုနှင့်အတူ စုလင်းရှုံကို လှည့်ပတ် ကြည့်ရှု့၏။
စုလင်းရှုံတစ်ယောက် အနည်းငယ် ကြောက်ရွံ့သွားသည်။
'သွားပြီ သွားပြီ... မရှာသင့်တဲ့ ပြဿနာကို လာရှာမိပြီ။ အခုတော့ ပြေးလို့တောင် မရတော့ဘူး..'
ဒေါ်လေးကျိုး၏ အသက်ရှူမှုက လေးလံလာခဲ့၏။ လက်သီးများကို ဆုပ်ကာ သူမ၏ နှလုံးသားထဲရှိ ဖိနှိပ်ထားသည့် တောင်ကြီးသဖွယ် ဖိအားကို ဖြတ်ကျော်ကာ သခင်မလေးကို ကာကွယ်လိုလေသည်။ သူမ၏ မျက်လုံးများက နီရဲလာခဲ့၏။
လီရွှမ်က သူ၏ အရှိန်အဝါကို ရုပ်သိမ်းကာ အသာရယ်သည်။
"စတုတ္ထအဆင့် သိုင်းပညာရှင်တစ်ယောက်လား... အတွင်းဘက်နယ်မြေက လာတာပေါ့.."
ဒေါ်လေးကျိုးက အချိန်အနည်းငယ် အသက်ကို နက်ရှိုင်းစွာရှူပြီး နက်ရှိုင်းသည့် အသံဖြင့် ဖြေကြားသည်။
"ဟုတ်ပါတယ်။ အတွင်းဘက် နယ်မြေကပါ။ ကျွန်မနာမည်က ကျိုးယင်.. သခင်မလေးကို ကာကွယ်ဖို့ တာဝန်ယူ ထားတာပါ.."
လီရွှမ်၏ မျက်ခုံးများက မြင့်တက်သွား၏။ ဒီမိန်းကလေးတွင် ရှုပ်ထွေးသည့် နောက်ခံတစ်ခု ရှိနေသည့်ပုံပါ။
သို့ပေမယ့် သူသည် တပည့်များ၏ နောက်ခံကို ရှုပ်ထွေးသည် ရိုးရှင်းသည်ကို ဂရုစိုက်ခြင်း မရှိပါ။
သူ၏တပည့် ဖြစ်လာရန်အတွက် သင့်တော်ခြင်းသာ ရှိပါက နောက်ခံ ပိုကောင်းလေလေ သူ့အနေနှင့် ပိုမို တပည့်လက်ခံလိုလေ ဖြစ်သည်။
"ပုံမှန်ဆိုရင် အတွင်းပိုင်းဒေသက သိုင်းသမားတွေ စွန့်ပစ်ဒေသကို မလာကြပါဘူး။ နင်တို့တွေ ပြဿနာတစ်ခုခုကနေ ရှောင်လာကြတာလား.."
လီရွှမ်၏ စိတ်ထဲ၌ သံသယတစ်ခု မြင့်တက်လာ၏။
ကျိုးယင်က တိတ်ဆိတ်သွားသည်။ သို့ပေမယ့် စိတ်သက်သာမှု အချို့အား ခံစားလိုက်ရ၏။ ဒီလူသည် သခင်မလေးကို လိုက်ဖမ်းနေသည့် လူများထဲမှ တစ်ယောက် မဟုတ်ပါ။
စုလင်းရှုံက နှစ်ကြိမ်လောက် နှာခေါင်းရှုံ့ကာ ပြောသည်။
"ကျွန်မတို့တွေက ရှောင်ပြေးလာတာ မဟုတ်ပါဘူး။ နေထိုင်ဖို့အတွက် နေရာအသစ်ကို ပြောင်းလာရုံပဲ.."
လီရွှမ်က ရပ်တန့်သွား၏။ ခဏတာ စဉ်းစားပြီးနောက် ယခုအချိန်၌ စုလင်းရှုံတို့ နယ်စပ်ဒေသသို့ ရောက်ရှိခဲ့တာ နှစ်အချို့ ကြာပြီးဖြစ်ကြောင်းကို နားလည်လိုက်သည်။
ဘာပဲဖြစ်ဖြစ် သူမသည် ကောင်းကင်မိခင်ဂိုဏ်း၏ ကောင်းကင်မိခင် ဖြစ်လာခဲ့သည်မှာ နှစ်အတော် ကြာခဲ့ပြီဖြစ်၏။ ထိုကဲ့သို့သော ရှည်ကြာသည့် အချိန်အပြီးတွင် မည်သူမှ သူမနောက်သို့ လိုက်ကာ စွန့်ပစ်ဒေသသို့ ရောက်လာခြင်း မရှိပါ။
ဖြစ်နိုင်တာက သူမတို့ နှစ်ယောက်၏ စွန့်ပစ်ဒေသသို့ တိမ်းရှောင်လာမှုအား မည်သူမှ မခန့်မှန်းမိသည့်ပုံ ရှိ၏။
သူ၏ စိတ်ထဲတွင် သူမကို တပည့်တစ်ယောက်အဖြစ် လက်ခံကာ သူမ၏နောက်ရှိ အင်အားစုအတွင်းသို့ ပါဝင်ပတ်သက်ရန် ထိုက်တန်လားဟု စတင် စဉ်းစားချင့်ချိန်၏။
'ငါ့ရဲ့ ခွန်အားအရ ဆိုရင် စစ်ဘုရင်တစ်ယောက်ကို အေးအေးဆေးဆေး ကိုင်တွယ်လို့ ရလောက်တယ်။ ပြီးတော့ ရွှီယန်သာ မူလအဆင့်ရဲ့ အထက်က ကျင့်စဉ်ကို နားလည်သဘောပေါက်ပြီးရင် ငါလည်း နောက်ထပ်တစ်ဆင့်ကို အဆင့် ချိုးဖြတ်သွားမှာ..'
'ဒါကြောင့်မို့လို့ စုလင်းရှုံရဲ့ နောက်က ပြဿနာဆိုတာ ငါ့အတွက် အသေအမွှားပဲ..'
ထို့ကြောင့် တစ်ခုတည်းသော အကြောင်းအရာမှာ စုလင်းရှုံ၏ သူအသစ်ဖန်တီးမည့် သိုင်းပညာစနစ်အား နားလည်နိုင်မည် နားမလည်နိုင်မည် အပေါ်တွင်သာ ကြည့်ရပေတော့မည်။
သူမသာ ဖမ်းဆုပ်နိုင်ခြင်း ရှိပါက သူမ၏နောက်ရှိ ပြဿနာက အကြောင်း မဟုတ်တော့ပေ။
'ဒီမိန်းကလေးကို ကြည့်ရတာ ထက်ထက်မြက်မြက်လေးပါ.. ဆေးပညာကိုလည်း အသက်၄နှစ် ကတည်းက သင်ယူနိုင်တယ် ဆိုတော့ ထူးကဲတဲ့ ပါရမီတစ်ခုကို ပိုင်ဆိုင်ထားတယ်။ စွန့်ပစ်ဒေသမှာ သူမထက် ပိုပြီး သင့်တော်မယ့် လူကို ရှာဖို့က မဖြစ်နိုင်သလောက်ပဲ..'
လီရွှမ်က စိတ်ထဲတွင် အစီအစဉ်တစ်ခုကို စတင် ဖွဲ့စည်းသည်။ ပါးစပ်ဖွင့်ကာ မေး၏။
"ကောင်မလေး.. နင်ဒန်ဆေးလုံးကို သိလား.."
စုလင်းရှုံက ခေါင်းကိုရမ်း၏။
"ဒန်ဆေးလုံးက ဘာလဲ။ ဆေးလုံး တစ်မျိုးမျိုးလား.." သူမက မေးသည်။
လက်ကိုဆန့်ကာ သူမ၏ အိတ်အတွင်းသို့ နှိုက်ပြီး ဆေးပုလင်း တစ်ခုကို ထုတ်ယူလိုက်၏။ ဆေးလုံးအချို့ကို သွန်ထုတ်လိုက်သည်။
"ဒန်ဆေးလုံးက နင်ရဲ့လက်ထဲက ဒီဆေးတွေ နှိုင်းယှဉ်နိုင်တဲ့အရာ မဟုတ်ဘူး.."
လီရွှမ်က သူမ၏ သေးသွယ်သည့် လက်ဝါးအတွင်းရှိ လုံးဝန်းသည့် ဆေးလုံးငယ်တို့ကို ကြည့်သည်။ ဒီမိန်းကလေးတွင် အမှန်တကယ်ကို ပါရမီရှိ၏။
ဖြစ်နိုင်သည်မှာ သူမသည် သူအသစ်ဖန်တီးမည့် သိုင်းစနစ်အား ဖမ်းဆုပ်နိုင်မှာ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ပြော၏။
"နင့်မှာ ကောင်းမွန်တဲ့ ပါရမီရှိပြီး တော်တော်လေး ထက်မြက်တာကို ငါတွေ့ရတယ်။ ငါ့ဆီမှာ ဒန်ဆေးသိုင်းပညာ တစ်မျိုး ရှိတယ်။ နင်.. ငါ့တပည့် ဖြစ်ချင်လား မသိဘူး.."
လီရွှမ်က ကုလားထိုင်ပေါ်တွင် ပြန်ထိုင်သွား၏။
"ဆရာကို တပည့် အရိုအသေ ပေးပါတယ်.."
စုလင်းရှုံက ချက်ချင်းပင် ဒူးထောက်ကာ ဦးချ၏။
သူမသည် လီရွှမ်အနေနှင့် စိတ်ပြောင်းသွားမည်ကို ကြောက်ရွံ့နေသကဲ့သို့ ရှိသည်။
"သခင်မလေး.. နင်.."
ကျိုးယင်က ငိုင်တိုင်သွား၏။
သခင်မလေးက အဘယ်ကြောင့် တပည့်တစ်ယောက် ဖြစ်လာရန် ရုတ်တရက် သဘောတူခဲ့သနည်း။
လီရွှမ်၏ နှုတ်ခမ်းထောင့်များက အနည်းငယ် တွန့် ကွေးသွားသည်။ စုလင်းရှူံသည် အမှန်တကယ်ကို ပါးနပ်သည့် မိန်းကလေး ဖြစ်၏။ မည်သည့် တုံ့ဆိုင်းမှုမှမရှိဘဲ သူ၏တပည့် ဖြစ်လာရန် လက်ခံခဲ့၏။
ဆရာတစ်ယောက် ရလာခြင်းက နောက်ခံတစ်ခု ရလာသည်ဟု ဆိုလိုသည်ပင်။ ထို့အပြင် သူက အလွန်စွမ်းအားကြီး၏။
စုလင်းရှုံ၏ အမြင်တွင် သူ့ကို ဆရာအဖြစ် ရလာခြင်းမှာ လုံခြုံရေးတို့ ကြီးစွာ မြင့်တက်လာမှာ ဖြစ်သည်။
"ငါ ဘွင်းဘွင်းရှင်းရှင်းပဲ ပြောမယ်။ နင့်မှာ အချိန်တစ်နှစ်ရတယ်။ တစ်နှစ်အတွင်းမှာ ဘာတိုးတက်မှုမှ မရှိဘူးဆိုရင်တော့ ငါတို့ရဲ့ ဆရာတပည့် ဆက်ဆံရေးကို ဖြတ်တောက်ရလိမ့်မယ်။ ငါအသုံးမဝင်တဲ့ တပည့်ကို လက်ခံထားမှာ မဟုတ်ဘူး.."
လီရွှမ်က လေးနက်စွာ ရှိ၏။ သူ၏ မျက်နှာပေါ်ရှိ အကြည့်က အနည်းငယ် တင်းမာသွားသည်။
စုလင်းရှုံသာ ဒန်ဆေး သိုင်းပညာစနစ်ကို နားလည်ရန် ကျရှုံးခဲ့ပါက သူ့အနေနှင့် သူမကို ဆက်လက် ထောက်ပံ့ပေးမည် မဟုတ်ပါ။ ယခုကဲ့သို့ ပြဿနာများအတွင်းသို့ ဝင်ရောက်ရန် လိုအပ်ခြင်း မရှိပေ။
သူမသာ ဒန်ဆေး သိုင်းပညာကို နားလည်သဘောပေါက်နိုင်ရင်တော့ ခြားနားသွားပါပြီ။ ဤသည်မှာ ရတနာတပည့် တစ်ယောက် ဖြစ်လာမှာ ဖြစ်၏။ သူ၏ ကြီးမြတ်သည့် အနာဂတ် သိုင်းပညာ လမ်းကြောင်းအတွက် ပြဿနာလာရှုပ်ရဲသည့် မည်သူမဆိုကို နင်းချေပစ်မှာ ဖြစ်သည်။
"ဟုတ်ကဲ့ပါ ဆရာ.."
စုလင်းရှုံက လေးစားစွာ ပြောသည်။ တစ်နှစ်အချိန်မှာ များပြားလှ၏။ သူမ၏ ပါရမီနှင့် တစ်နှစ်အတွင်းတွင် စတင်ခြင်းအဆင့်သို့ အလွယ်တကူ ဝင်ရောက်နိုင်မည်ဟု ယုံကြည်ချက်ရှိ၏။
ကျိုးယင်က စိတ်ပူသွားပြီး ပြောသည်။
"သခင်မလေး.. စွန့်ပစ်ဒေသမှာ ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ လင်းကျီက ပျက်စီးသွားပါပြီ။ ကျင့်ကြံဖို့ မဖြစ်နိုင်ပါဘူး.."
စုလင်းရှုံက မှင်သက်သွား၏။ သူမသည် ထိုအကြောင်းကို ဘယ်လိုလုပ်ပြီး မေ့သွားရသနည်း။
"ဆရာ.. အဲ့ကိစ္စကို ဘယ်လိုလုပ်မလဲ.."
"ငါဆရာရဲ့ သိုင်းပညာက ဘယ်လိုလုပ်ပြီး အတွင်းဘက်နယ်မြေက ဟာတွေ နှိုင်းယှဉ်နိုင်တဲ့ အရာမျိုး ဖြစ်မှာလဲ.."
"ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ လင်းကျီက ပျက်စီးသွားပြီး ကျင့်ကြံဖို့ မဖြစ်နိုင်တော့ဘူးဆိုတာ ဘာစကားမျိုးလဲ။ ဒါတွေအားလုံးက မဟုတ်တာတွေ.."
လီရွှမ်က အထင်သေးစွာ ပြုံးသည်။
"နင်မှတ်ထားဖို့ လိုတာက ငါသင်ပေးတဲ့ သိုင်းပညာကို ကောင်းကောင်းလေ့လာဖို့ပဲလိုတယ် ဆိုတာကိုပဲ... တစ်နှစ်အတွင်းမှာ တတ်မြောက်မှု မရှိဘူးဆိုရင် ဆရာတပည့် ဆက်ဆံရေးက ရပ်တန့်သွားလိမ့်မယ်.."
စုလင်းရှုံ၏ မျက်လုံးများက လင်းလက်သွားပြီး ပြောသည်။
"ဆရာ.. ကျင့်ကြံလို့ ရတယ်ဆိုတာ တကယ်ပဲလား.."
"ဒါပေါ့.."
လီရွှမ်က ခေါင်းငြိမ့်သည်။
"ဒါဆိုရင်တော့ စိတ်မပူပါနဲ့ဆရာ ကျွန်မ တစ်နှစ်အတွင်းမှာ သေချာပေါက် စတင်ခြင်းကို ရောက်ရှိနိုင်မှာပါ.."
စုလင်းရှုံက ခိုင်မာစွာ ပြောသည်။
"အရမ်းကြီးလည်း ယုံကြည်မှု လွန်ကဲမနေနဲ့ဦး.."
လီရွှမ်က အပြုံးတစ်ခုနှင့် ပြော၏။
ဒန်ဆေးပညာ သိုင်းစနစ်မှာ ခန္ဓာကိုယ်ကျင့်ကြံမှု သိုင်းစနစ်အပြင် သူတွေးစနိုင်ခဲ့သည့် နောက်ထပ် သိုင်းပညာစနစ်တစ်ခု ဖြစ်၏။