စုလင်းရှုံ၏ နားလည်သဘောပေါက်မှု၊ ဒန်ဆေးစာအုပ်
Vol. 9 Ch. 131
စုလင်းရှုံတစ်ယောက် သူမကိုယ်သူမ ဒန်ဆေးလုံးများအကြောင်း လေ့လာရာတွင် လုံးဝ နှစ်မြှုပ်ထားသည်။
သူမသည် အချိန်အများစုတို့ကို အခန်းထဲတွင် ကုန်ဆုံးလေ့ရှိပြီး ဆေးလုံးများအပေါ် သူမ၏ နားလည်သဘောပေါက်မှုများအား စီရီခြင်းနှင့် ဧကရာဇ်၊ အမတ် နှင့် ဆက်သားတို့၏ နိယာမအတိုင်း အခြေခံကာ အဖိုးတန်ဆေးပင်များကို ဆေးလုံး ဖော်မြူလာအဖြစ် ပေါင်းစပ်ရန် ကြိုးစားသည်။
လီရွှမ်က သူမကို ရံဖန်ရံခါ အာရုံစိုက်ကာ နှလုံးသားထဲတွင် ချီးကျူးမိ၏။ ဒီကောင်မလေးသည် ဆေးပညာကို အသက်၄နှစ်အရွယ်၌ စတင်သင်ကြားကာ အသက်၆နှစ်တွင် လူများကို စတင်ကုသခဲ့သည့် တကယ့် ပါရမီရှင်တစ်ယောက် ဖြစ်သည်။
ယခုမျှသော အချိန်တိုလေး အတွင်းတွင် အဖိုးတန်ဆေးပင် မျိုးစုံတို့၏ အသွင်အပြင်နှင့် အာနိသင်တို့ကို ရေးချပြီးဖြစ်၏။
ထိုဆေးပင်များကို ပေါင်းစပ်ကာ သူမ၏ ကိုယ်ပိုင် ဆေးဖော်မြူလာတို့ကိုပင် စတင်ပြုလုပ်နေပြီး ဖြစ်သည်။
'ဆေးလုံးတွေရဲ့သီအိုရီက သူမအတွက် ခက်ခဲတဲ့အရာတစ်ခု မဟုတ်ဘူး။ ဒါပေမယ့် တကယ့် စိန်ခေါ်မှုက သူမရဲ့ ကျင့်ကြံခြင်းစနစ်အပေါ် နားလည်သဘောပေါက်ပြီး သိုင်းပညာကို စတင်ကျင့်ကြံမှုမှာ ဖြစ်လိမ့်မယ်..'
'မဟုတ်ရင် ဆေးလုံးတွေအပေါ် နားလည်သဘောပေါက်မှု ဘယ်လောက်ပဲ နက်ရှိုင်းနက်ရှိုင်း သိုင်းပညာအခြေခံကို နောက်ခံအဖြစ် ရှိမထားရင် အလားအလာက ဘယ်အထိမှ ရောက်မှာ မဟုတ်ဘူး။ စစ်မှန်တဲ့ ဒန်ဆေးလုံးတွေကိုတောင် ပြုလုပ်နိုင်မှာ မဟုတ်ဘူး..'
'ဆေးပညာနဲ့ ဒန်ဆေးလုံး သန့်စင်တဲ့အပေါ် နားလည်မှုတွေ ပိုရလာတာကလွဲပြီး ကျန်တာ ဘာမှမဟုတ်တော့ဘူး..'
ဒန်ဆေးသန့်စင်မှု၏ အဓိကအချက်အား လူတစ်ယောက်အနေနှင့် ဒန်ဆေးသန့်စင်ခြင်း သို့မဟုတ် ဆေးပင်များအပေါ်တွင် မှီခိုသည်ဟု ထင်ကောင်း ထင်နိုင်လိမ့်မည်။
သို့ပေမယ့် တကယ့် အစစ်အမှန်မှာ သိုင်းပညာဖြစ်၏။ သိုင်းပညာမှ တစ်ဆင့်သာ ဆေးပညာလမ်းကြောင်းကို ရှေ့ဆက်လျှောက်နိုင်ပါသည်။ ဤသည်က အဓိကဖြစ်သလို အခြေခံလည်း ဖြစ်၏။
စုလင်းရှုံက သူမ၏ ဆေးလုံးများအပေါ် နားလည်သဘောပေါက်မှုအား စီရီမှုအပြင် ရှီအာကို ညွှန်ကြားမှုပြုကာ လူသားအရွယ် အရိုးတစ်ခုအား ထွင်းထုနိုင်မည့် လူတစ်ယောက်ကို ရှာခိုင်းသည်။ အရိုးအပေါ်တွင် သွေးကြောအမှတ်များကို တစ်ခုပြီးတစ်ခု မှတ်သား၏။
လီရွှမ်က ကြည့်နေလေလေ ပိုမိုကျေနပ်လေ ဖြစ်လာခဲ့သည်။ စုလင်းရှုံသာ ကျင့်ကြံမှုတွင် စတင်ခြင်းအဆင့်သို့ အောင်မြင်စွာ ဝင်ရောက်နိုင်ပါက နက်ရှိုင်းသည့် ဆက်လက်လေ့လာမှုတို့ ပြုလုပ်ကာ ခန္ဓာကိုယ်အတွင်းရှိ သွေးကြောအမှတ် ၇၂၀ အားလုံးတို့ကို သေချာပေါက် မှတ်သားနိုင်လာမှာ ဖြစ်သည်။
'ရွှီယန်ပြန်လာပြီးရင် ဒီဂျူနီယာ ညီမလေးကို သူ့ကိုပဲ သင်ခိုင်းရမယ်။ ရွှီယန်ရဲ့ နားလည်သဘောပေါက်မှုနဲ့ စိတ်ကူးစိတ်သန်းတွေနဲ့ ဆိုရင် သေချာပေါက် စုလင်းရှုံကို ကူညီပြီး ကျင့်စဉ်မှာ နားလည်သဘောပေါက်မှု ရလာစေမှာ..'
လီရွှမ်က နှလုံးသားထဲတွင် ဆုံးဖြတ်ချက် ချလိုက်သည်။ ဒီတပည့် စုလင်းရှုံသည် ဆေးပညာတွင် သူမတူအောင် ထူးကဲသည့် ပါရမီရှိပါသည်။ သိုင်းပညာကို ကျင့်ကြံနိုင်ခြင်း မရှိပါက တကယ့်ကို နှမြောစရာပင်။
စုလင်းရှုံက သူမ၏ အသိအမြင်များကို ထုတ်ဖော်ကာ ဒန်ဆေးလုံး၏ သီအိုရီများအား စီရီပြီး အဖိုးတန်ဆေးပင်များနှင့် ဆေးဖော်မြူလာကို ပေါင်းစပ်နေစဉ်တွင် ကျင့်ကြံမှု ကျင့်စဉ်အပေါ်၌လည်း လေ့လာနေပါသည်။
သို့ရာတွင် ဒန်ဆေး၏ လမ်းစဉ်အပေါ် နားလည်သဘောပေါက်မှုနှင့် နှိုင်းယှဉ်ပါက ကျင့်ကြံခြင်း နည်းလမ်းအပေါ်၌ နားလည်မှုမှာ အများကြီး မရှိဟု ဆိုနိုင်၏။
သူမက အလျှင်လိုခြင်း မရှိပါ။ ဒန်ဆေးလုံးနှင့် အခြားအရာများကို သေသေချာချာ စနစ်တကျ စီရီပြီးမှသာလျှင် ကိုယ့်ကိုယ်ကို ကျင့်စဉ်အပေါ်၌ ဆက်လက်နှစ်မြှုပ်ကာ လေ့လာရန် စဉ်းစားထားသည်။
သူမ၏ ပါရမီနှင့် နားလည်သဘောပေါက်ရန် ကျရှုံးမည်ဟု ယုံကြည်ခြင်း မရှိပါ။
ရှီအာက အနည်းငယ် စိတ်ဓာတ်ကျနေ၏။ သူသည် ကိုယ်တွင်းအင်္ဂါ သန့်စင်မှု၏ ပြီးပြည့်စုံခြင်း၌ ရပ်တန့်နေပြီး အဆင့်မတက်နိုင်ပဲ ဖြစ်နေပါသည်။ ကြွက်သားနှင့် အရိုးများကို မိုးကြိုးကဲ့သို့ မြည်ဟီးအောင်.. သွေးနှင့်ချီကို သန်မာသော အားတစ်ခုအဖြစ် ခန္ဓာကိုယ်မှ စီးထွက်လာအောင် ပြုလုပ်နိုင်ခြင်း မရှိဘဲ ချီနှင့်သွေးအဆင့်သို့ မချိုးဖြတ်နိုင် ဖြစ်နေပါသည်။
ပြင်းထန်စွာသာ ဆက်လက် ကျင့်ကြံနေပြီး မည်ကဲ့သို့ အဆင့်ချိုးဖြတ်ရမည်အား လေ့လာရ၏။
လီရွှမ်က သူ့ကို လျစ်လျူရှု့ထားသည်။ ရှီအာတွင် ကောင်းမွန်သည့် ပါရမီရှိပါသည်။ ချီနှင့်သွေးအဆင့်သို့ ချိုးဖြတ်ရန်မှာ အချိန်တစ်ခုသာ လိုအပ်၏။
ရွှေရောင်အလင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။ "သင်၏တပည့် ရွှီယန်သည် မူလအဆင့်သို့ ချိုးဖြတ်သွားပြီး သင်သည် မူလအဆင့်၏ အမြင့်ဆုံးသို့ ရောက်ရှိသွားသည်.."
ရွှီယန်က မူလအဆင့်၏ အစောပိုင်းအဆင့်သို့ ချိုးဖြတ်သွားလေသည်။ သူ၏ ကျင့်ကြံမှု အမြန်နှုန်းမှာ အလွန်မြန်ဆန်လှပြီး လီရွှမ်၏ သိုင်းစနစ်အတွက် ရှေ့ဆောင်တစ်ဦးဟု ခေါ်ဆို ထိုက်လှသည်။
လီရွှမ်က အလွန်ပျော်ရွှင်စွာ ခံစားလိုက်ရသည်။ ခွန်အားက တိုးမြင့်လာပြန်၏။
ရွှီယန်သည် နောက်ဆုံးတွင် ပြန်လာခဲ့သည်။ အကြီးဆုံးတပည့် ဖြစ်သူ၏ ပြန်လာမှုက လီရွှမ်ကို အလွန်ဝမ်းသာသွားစေ၏။
သူက ရွှီယန်အား မူလအဆင့်၏ အထက်ရှိ ကျင့်စဉ်အား သင်ကြားပေးရန် ကိစ္စကို ခဏတာ ဆိုင်းငံ့ထားရန် ဆုံးဖြတ်လိုက်၏။
ယခုအချိန်၌ အရင်ဦးဆုံး စုလင်းရှုံကို ကူညီကာ ဒန်ဆေးကျင့်ကြံမှု နည်းလမ်းအား နားလည်သဘောပေါက်စေရန် ကူညီခိုင်းမည် ဖြစ်သည်။
သူသာ ရွှီယန်ကို အဆင့်မြင့်သည့် ကျင့်စဉ်အား ယခုအချိန်၌ သင်ပေးလိုက်ပါက ရွှီယန်၏ အာရုံမှာ ထိုကျင့်စဉ် အပေါ်တွင်သာ အာရုံစိုက်နေပြီး စုလင်းရှုံ၏ ကျင့်ကြံမှုတွင် ကူညီရန်အတွက် အာရုံအနည်းငယ်သာ ရှိမှာပါ။
ရွှီယန်၏ မကောင်းဆိုးဝါး ဆန်လှသည့် ပါရမီနှင့် မူလအဆင့်သို့ ရောက်ရှိနေပြီး ဖြစ်သည့် အချက်တို့ကို ကြည့်ခြင်းအားဖြင့် သူ့အနေနှင့် စုလင်းရှုံ၏ ကျင့်စဉ်အား နားလည်သဘောပေါက်ဖို့ရာ ကူညီပေးရန် အချိန်အများကြီး ကြာမည်မဟုတ်ပါ။
'အဲ့လိုလုပ်ရင် စုလင်းရှုံရဲ့ နားလည်သဘောပေါက်မှုချည်း မဟုတ်ဘဲနဲ့ ရွှီယန်ရဲ့ နားလည်သဘောပေါက်မှုလည်း ပါဝင်ပေမယ့် ကျင့်စဉ်အပေါ် နောက်ဆုံး အောင်မြင်စွာ နားလည်သဘောပေါက်မှုက စုလင်းရှုံ ကိုယ်တိုင်အပေါ်ပဲ မူတည်နေတာပါ'
ထို့ကြောင့် သူမဆီမှ တန်ပြန်အကျိုးပြုမှုတို့ မရရှိဘဲနေမှာတော့ မဟုတ်လောက်ဘူး မလား...
'ရွှီယန်က သိုင်းပညာရဲ့ ရှေ့ဆောင်တစ်ယောက်ဖြစ်ပြီး အကြီးဆုံး တပည့်လည်း ဖြစ်တယ်။ ရွှေလက်ချောင်းက အသိအမှတ် ပြုလောက်မှာပါ..'
လီရွှမ်က နှလုံးသားထဲတွင် စဉ်းစားသည်။ ကျင့်စဉ်အား နားလည်သဘောပေါက် နိုင်မှုသည် စုလင်းရှုံကိုယ်တိုင်အပေါ်သာ လုံးဝမူတည်နေခြင်း မဟုတ်ဘဲ ရွှီယန်၏ ကူညီလေ့လာပေးမှုတို့ ပါဝင်နေပေမယ့် နောက်ဆုံး ဉာဏ်အလင်းပွင့်မှုမှာ သူမအပေါ်တွင် မူတည်နေပါသည်။
ကျင့်ကြံမည့် လူမှာလည်း သူမသာလျှင် ဖြစ်၏။ ထို့ကြောင့် ရွှေလက်ချောင်း၏ အသိအမှတ်ပြုမှုကို ရရှိပြီး တန်ပြန်အကျိုးပြုမှုတို့ကို ရရှိလောက်မှာပါ။
'မုန့်ချုံရဲ့.. ဒေါသမိုးကြိုးရဲ့ ကောင်းကင်ကို ဖြတ်သန်းခြင်း ခန္ဓာကိုယ်လှုပ်ရှားမှု အတတ်ကလည်း ရွှီယန်ဆီကနေပြီး ဉာဏ်အလင်း ရလာတာပဲ။ အဲ့ဒါတောင်မှ တန်ပြန်အကျိုးပြုမှုကို ရနိုင်ခဲ့သေးတယ်။ စုလင်းရှုံလည်း ချွင်းချက် မဟုတ်လောက်ပါဘူး..'
လီရွှမ်က စဉ်းစားသည်။ ရွှေလက်ချောင်းက တန်ပြန်အကျိုးပြုမှုများ ရရှိရန် အဆင့်မှီပါက နောင်တွင်လည်း အနာဂတ်တပည့်များ၏ ကျင့်စဉ်အသစ်များအား လေ့လာရာတွင် ရွှီယန်ကို ကူညီခိုင်းမှာ ဖြစ်သည်။
ဤနည်းအားဖြင့် သူအသစ်တီထွင်လိုက်သည့် သိုင်းပညာစနစ်အား တပည့်အသစ်များက နားမလည်နိုင်ဘဲ ဖြစ်နေမည်ကို စိုးရိမ်စရာ မလိုတော့ပေ။
သူ့တွင် ရွှီယန်အပေါ် အကြွင်းမဲ့ ယုံကြည်ချက်ရှိ၏။
"ဒါက မင်းရဲ့ ဂျူနီယာညီမလေး စုလင်းရှုံပဲ.."
လီရွှမ်က မိတ်ဆက်ပေးသည်။
"ဒါကတော့ စီနီယာအကိုကြီး ရွှီယန်.."
ရွှီယန်က ဂျူနီယာညီမကို ကြည့်သည်။
အံ့ဩစွာ ခံစားလိုက်ရ၏။ ဒီဂျူနီယာညီမက အမှန်တကယ်ကို လှပလွန်းပါသည်။
"တွေ့ရတာ ဝမ်းသာပါတယ် ဂျူနီယာညီမ.."
ရွှီယန်ကို တွေ့ရပြီးနောက် စုလင်းရှုံ၏ လှပသည့် မျက်ဝန်းများက အံ့သြမှုဖြင့် ပြူးကျယ်သွားသည်။
သူမ၏ စီနီယာအကိုကြီးသည် အလွန်ငယ်ရွယ်ပြီး သူမထက်ပင် အသက်ခြားနားမှု အများကြီးရှိမည် မဟုတ်ပါ။
သို့ပေမယ့် မူလအဆင့်သို့ ရောက်ရှိနေပြီး ဖြစ်၏။ ပါရမီက အမှန်တကယ်ကို ကြောက်ဖို့ကောင်းလှသည်။
"တွေ့ရတာ ဝမ်းသာပါတယ်။ စီနီယာအကိုကြီး.."
စုလင်းရှုံက တောက်ပစွာ ပြုံးသည်။
သူမ၏ စီနီယာအကိုကြီး ပိုမိုသန်မာလေလေ နောင်တွင် ပိုမိုကောင်းမွန်သည့် နောက်ခံကို ရရှိလာလေ ဖြစ်သည်။
"အကိုကြီး.. ကျွန်မမှာ ကျင့်ကြံမှုအတွက် သံသယအချို့ရှိနေလို့ ညွှန်ကြားချက်အချို့ တောင်းလို့ရမလား မသိဘူး.."
စုလင်းရှုံက မေးသည်။
လက်ချောင်းများက အင်္ကျီအစွန်းများကို ဆွဲညှစ်ထားကာ မျှော်လင့်စွာ ရှိနေ၏။ ဆရာပြောခဲ့သည်ကို သူမ မှတ်မိပါသေးသည်။ နားမလည်တာ ရှိပါက စီနီယာအကိုကြီးဆီမှ ညွှန်ကြားချက်တို့ကို တောင်းခံနိုင်၏။
"ရတာပေါ့.."
ရွှီယန်က ခေါင်းငြိမ့်သည်။
လီရွှမ်က ကျေနပ်စွာ ခေါင်းငြိမ့်၏။
ရွှီယန်တွင် စီနီယာအကိုကြီး တစ်ယောက်၏ အသွင်အပြင် ရှိ၏။
ထို့နောက် သူကပြောသည်။
"စုလင်းရှုံက ဒန်ဆေးသိုင်းပညာကို ကျင့်ကြံတာ.. သူမရဲ့ကျင့်စဉ်က ပင်ရင်းသိုင်းပညာနဲ့ အနည်းငယ် ခြားနားတယ်။ တူညီမှုတွေလည်း ရှိတယ်.."
"သူမရဲ့ သိုင်းပညာစနစ်မှာ တိုက်ခိုက်မှုက ဒုတိယကျတယ်။ အဓိကက ဒန်ဆေးလုံးတွေကို သန့်စင်ဖို့နဲ့ ရောဂါဘယတွေကို ကုသရာမှာ မူတည်တယ်.."
ရွှီယန်က သိလိုစွာမေးသည်။
"ဆရာ.. ဒန်ဆေးသန့်စင်တာက ဘာကိုပြောတာလဲ မသိဘူး.."
"ဒန်ဆေးဆိုတာ အဖိုးတန်ဆေးပင်တွေနဲ့ စိတ်ဝိဉာဉ်ဆေးပင်တွေရဲ့ အဆီအနှစ်ကို ထုတ်ယူပြီး သူတို့ရဲ့ မသန့်စင်မှုတွေကို ဖယ်ရှား သန့်စင်တာ။ ထူးကဲတဲ့ အာနိသင်တွေ ရလာစေတာပဲ.."
"ရှင်းအောင်ပြောရရင် တူညီတဲ့ အဖိုးတန်ဆေးပင်အချို့ကို ဆေးချက်တာ သို့မဟုတ် ပုံမှန်နည်းလမ်းနဲ့ ဆေးလုံးတွေ ပြုလုပ်တဲ့အခါ အာနိသင်က တစ်ဆနှစ်ဆလောက် တိုးလာကြတယ်.."
"ဒါပေမယ့် ဒန်ဆေးလုံးတစ်ခုအဖြစ် သန့်စင်လိုက်မယ်ဆိုရင် အဲ့ဒီတူညီတဲ့ ဆေးပင်တွေ ပေါင်းစပ်လာတဲ့ အာနိသင်က ဆယ်ဆလောက် တိုးလာလိမ့်မယ်..."