← Chapters

စုလင်းရှုံ၏ နားလည်သဘောပေါက်မှု၊ ဒန်ဆေးစာအုပ်(၂)

Vol. 9 Ch. 132

စုလင်းရှုံ၏ နားလည်သဘောပေါက်မှု၊ ဒန်ဆေးစာအုပ်(၂)

Vol. 9 Ch. 132

"အဲ့ဒီအပြင် ဒန်ဆေးလုံးမှာ ဘာမသန့်စင်မှုမှ မရှိဘူး။ စုပ်ယူပြီးတော့ ခြေဖျက်ဖို့အတွက် အရမ်းကိုလွယ်ကူတယ်.."

လီရွှမ်က အကျဉ်းချုံးကာ ရှင်းပြသည်။

ရွှီယန်က အံ့သြသွားပြီး စိတ်လှုပ်ရှားစွာဖြင့် ပြော၏။

"ကျွန်တော်တို့မှာ အဲ့ဒီ့ ဒန်ဆေးလုံးရှိရင် သိုင်းပညာကျင့်ကြံတာက တစ်ရက်တည်းနဲ့ မိုင်တစ်ထောင်ကို သွားနိုင်သလိုမျိုး ခရီးပေါက်မှာ မလား.."

လီရွှမ်က ခေါင်းငြိမ့်ကာ ပြော၏။

"ဟုတ်တယ်။ အဲ့ဒါက သိုင်းသမားတွေရဲ့ကျင့်ကြံမှုအမြန်နှုန်းကို မြှင့်တင်ပေးပြီး အတားအဆီး ကြုံတဲ့အခါ အလွယ်တကူ ချိုးဖြတ်နိုင်စေတယ်.."

"ဒါပေမယ့် အကောင်းဆုံး ဒန်ဆေးလုံးတွေ ကိုတောင် အကြွင်းမဲ့ မှီခိုအားထားနေလို့ မရဘူး။ မဟုတ်ရင် အခြေခံက မတည်မငြိမ် ဖြစ်လာလိမ့်မယ်။ သိုင်းအဆင့်က အပေါ်ယံဆန်ပြီး ခွန်အားက ကြီးကြီးမားမား လျော့ကျသွားမှာ.."

"ကျွန်တော် သိပါပြီ.."

ရွှီယန်က နားလည်သွားသည်။ သူ့အနေနှင့် ဒီဒန်ဆေးလုံးကို အသုံးပြုနိုင်ခြင်း မရှိပေမယ့် သူ၏ မိဘများနှင့် အခြားလူများ အသုံးပြုနိုင်ပါသည်။

ထိုစိတ်နှင့် ဂျူနီယာညီမကို ကြည့်သည့် သူ၏မျက်လုံးများက ခြားနားသွားခဲ့၏။

"ဂျူနီယာ ညီမလေး... နင်နားမလည်တာ တစ်ခုခုရှိရင် နင့်ရဲ့ စီနီယာအကိုကြီးက ကူညီပေးဖို့ ရှိနေတယ်.."

စုလင်းရှုံအနေနှင့် နားလည်သဘောပေါက်မှု ရရှိပြီး ပိုမိုမြန်ဆန်စွာ ဒန်ဆေးလုံးများကို သန့်စင်နိုင်လေလေ  သူ၏ မိဘများလည်း ပိုမိုလျှင်မြန်စွာ သန်မာလာလေ ဖြစ်သည်။

ထိုအခါ အတွင်းဘက် နယ်မြေသို့ စောစီးစွာ  သွားရောက်လှည့်လည်လို့ ရ၏။

"ကျေးဇူးတင်ပါတယ်။ စီနီယာအကိုကြီး.."

စုလင်းရှုံက ဝမ်းသာသွားသည်။

"သွားကြရအောင် ငါတို့တွေ မြို့ပြင်ကို သွားပြီး ဒုတိယညီနဲ့ သွားတွေ့ကြမယ်.."

ရွှီယန်က ခေါင်းငြိမ့်သည်။

သိုင်းမောင်နှမ နှစ်ယောက်တို့ ခြံဝန်းငယ်ဆီမှ ထွက်ခွာသွားပြီး မြို့ပြင်သို့ ရောက်ရှိသွား၏။

မြို့အပြင်ဘက်တွင် သုံးယောက်သားသည် ပုံမှန်အတိုင်း ရင်းနှီးလာကြပြီး မောင်နှမသုံးယောက်တို့ ပိုမိုနီးကပ်စွာ ခံစားလာရ၏။

ထို့နောက် စုလင်းရှုံက ဒန်ဆေးသန့်စင်ခြင်းနှင့် သိုင်းပညာကျင့်စဉ် နှစ်ခုလုံး အကြောင်းကို စတင်ပြောပြသည်။

မုန့်ချုံက မျက်မှောက်ကျုံ့ကာ နားထောင်နေ၏။ သူ၏ မျက်လုံးများက ပြူးကျယ် နေပါသည်။ သူ့အနေနှင့် မည်သည့် သဲလွန်စမှ မရနိုင်ဟု ခံစားရ၏။

ဒီဒန်ဆေးသန့်စင်ခြင်းနှင့် သိုင်းပညာကျင့်ကြံမှု နည်းလမ်း နှစ်မျိုးလုံးမှာ သူ၏ ပါရမီအဆင့်နှင့် လက်လှမ်းမှီနိုင်သည့် အရာများ မဟုတ်ပေ။

ခေါင်းကိုကုပ်ကာ နေရခက်စွာ ပြုံး၏။

"ဂျူနီယာညီမလေး.. ငါတော့ ကူညီပေးနိုင်မှာ မဟုတ်လောက်ဘူး.."

"ဒုတိယ စီနီယာအကို... လူတိုင်းမှာ ကိုယ်ပိုင် ပါရမီတွေ ရှိကြတယ်။ ဒါက ပုံမှန်ပါပဲ.."

စုလင်းရှုံက အံ့သြခြင်း မရှိပါ။

သူမ၏ ဒုတိယစီနီယာအကိုသည် ခန္ဓာကိုယ်ကျင့်ကြံမှု ကျင့်စဉ်အား ကျင့်ကြံပြီး တောင့်တင်းသည့် ကြွက်သားများ ရှိပါသည်။ သူ၏ပါရမီမှာ စိတ်ပိုင်းဆိုင်ရာတွင် မဟုတ်ပဲ ရုပ်ပိုင်းဆိုင်ရာတွင် ဖြစ်သည်ဟု လူတိုင်း ပြောနိုင်၏။

တစ်ဖက်ရှိ ရွှီယန်ကတော့ အတွေးနက်သွားသည်။

ပြီးနောက် စုလင်းရှုံနှင့် ရွှီယန်တို့ ကျင့်စဉ်အကြောင်းကို စတင် ဆွေးနွေးကြ၏။

"ဆရာပြောတာက ဒန်ဆေးသိုင်းပညာ လမ်းစဉ်က အရာဝတ္ထုအားလုံးရဲ့ စိတ်ဝိဉာဥ်စွမ်းအင်နဲ့ နီးကပ်တယ်တဲ့။ အရာအားလုံးရဲ့ စိတ်ဝိဉာဉ်စွမ်းအင်ကို အသုံးပြုပြီး ချီနဲ့သွေးကို သန့်စင်ရတယ်... ကုသခြင်းဆေးက သစ်သားဖြစ်ပြီး သန့်စင်တာက မီးဖြစ်တယ်..."

"ဂျူနီယာညီမလေး နင် ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ တံတားကို မဖွင့်လှစ်ရသေးဘဲ စိတ်ဝိဉာဉ်စွမ်းအင်ကို အာရုံခံနိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် ဒီအရာအားလုံးရဲ့ စိတ်ဝိဉာဉ် စွမ်းအင်က ရှင်းလင်းစွာပဲ ကောင်းကင်နဲ့ ကမ္ဘာ့မြေကြီးရဲ့ စိတ်ဝိဉာဉ်စွမ်းအင်ကို အာရုံခံစားတာပဲ မဟုတ်ဘူး။ အဲ့ဒီ့အစား..."

ရွှီယန်က သူ၏ဘေးရှိ သစ်ပင်တစ်ပင်ကို ကြည့်ကာပြောသည်။

"ဂျူနီယာညီမလေး.. ဒီသစ်ပင်ရဲ့ ရှင်သန်ခြင်း စွမ်းအင်ကို ကြိုးစားပြီး အာရုံခံကြည့်။ ကျင့်ကြံခြင်းရဲ့ လမ်းကြောင်းက အဲ့ဒီ့မှာ ရှိနေနိုင်တယ်.."

စုလင်းရှုံက တုံ့ဆိုင်းသွားသည်။

သစ်ပင်တစ်ပင်၏ ရှင်သန်ခြင်းစွမ်းအင်ကို ခံစားရမည်လား။ မည်ကဲ့သို့ ခံစားရမည်နည်း။

"နင့်ရဲ့လက်ကို သစ်ပင်ပေါ်မှာတင်ပြီး နှလုံးသား စိတ်ဆန္ဒနဲ့ ကြိုးစားပြီး ခံစားကြည့်။ နားလည်အောင် လုပ်ကြည့်..."

ရွှီယန်က တွေးဆစွာ ပြောသည်။

စုလင်းရှုံက ညွှန်ကြားသည့်အတိုင်း လုပ်၏။ သူမ၏ လက်ကို သစ်ပင်ပေါ်သို့ တင်ကာ တိတ်ဆိတ်စွာ ခံစားကြည့်ရန် ကြိုးစားသည်။ သို့ပေမယ့် မည်သည်ကိုမှ လက်ခံရရှိခြင်း မရှိဘဲ ဖြစ်နေ၏။

ရွှီယန်က နက်ရှိုင်းစွာ စဉ်းစားသည်။

"ဂျူနီယာညီမလေး.. ဒန်ဆေးသိုင်းပညာ လမ်းစဉ်မှာ  သန့်စင်ခြင်းနဲ့ ဆေးက ခွဲခြားလို့ မရဘူး။ နင်.. အရာအားလုံးရဲ့ စိတ်ဝိဉာဉ်စွမ်းအင်ကို ဒန်ဆေးသန့်စင်သူ တစ်ယောက်ရဲ့ ရှု့ထောင့်ကနေပြီး လေ့လာဖို့ ကြိုးစားသင့်တယ်။ အဲ့ဒီ့ရှု့ထောင့်က နေပြီး နင့်ကိုယ်နင်လည်း နားလည်အောင် ကြိုးစားသင့်တယ်.."

ဒန်ဆေးသိုင်းပညာ ကျင့်ကြံခြင်းစနစ်မှာ ညတွင်းချင်း နားလည်သဘောပေါက်နိုင်သည့် အရာ မဟုတ်ပေ။

လီရွှမ်အနေနှင့် ဤသည်ကို အံ့သြခြင်း မရှိပါ။ ရွှီယန်၏ အကူအညီနှင့်ပင်လျှင် အချိန်တစ်ခု ကြာဦးမှာ ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ဒီကျင့်စဉ်ကို ရွှီယန်ကိုယ်တိုင် ကျင့်ကြံခြင်း မဟုတ်သောကြောင့် ဖြစ်သည်။ သူက အထောက်အပံ့ သဘောမျိုးသာ ဆောင်၏။

နောက်ထပ် ရက်အနည်းငယ် အတွင်းတွင် မနက်ပိုင်း၌ စုလင်းရှုံက မြို့အပြင်ဘက်သို့ ရွှီယန်နှင့်အတူ သွားရောက်ကာ ဒန်ဆေးသိုင်းပညာ ကျင့်စဉ်အား သွားရောက်လေ့လာသည်။

ထို့နောက် ညအချိန်တွင် ဆေးသန့်စင်ခြင်း၏ သီအိုရီများကို သုံးသပ်ကာ ဖော်မြူလာတို့ကို စဉ်းစားသည်။

တစ်ချိန်တည်းတွင် သူမသည် ဒန်ဆေးသန့်စင်ခြင်းနှင့်ပတ်သက်ပြီး သူမ၏ စိတ်ကူးစိတ်သန်း အားလုံးတို့ကိုလည်း မှတ်သားထား၏။

ကျင့်စဉ်မှာ နားလည်သဘောပေါက်နိုင်ခြင်း မရှိသေးဘဲ မည်ကဲ့သို့ ကျင့်ကြံရမည်ကိုပင် မသိဖြစ်နေ၏။

သို့ပေမယ့် ဆေးသန့်စင်ခြင်း အကြောင်းနှင့် ဆေးပင်များ အကြောင်းတွင်တော့ သူမသည် ပြည့်စုံလုနီးပါး စီစဉ်ပြီး ဖြစ်သည်။

ထိုညနေပိုင်းတွင် မြို့အပြင်မှ ပြန်လာပြီးနောက် ညစာစား၏။ စုလင်းရှုံက ထူထဲသည့် စာမူကြမ်းများကို တစ်ရွက်ပြီးတစ်ရွက် စစ်ဆေးသည်။

မည်သည်တို့ ထိန်ကျန်ခဲ့သနည်းဟု ကြည့်ရင်းက  အသိအမြင်အသစ်တို့ကို ပေါင်းထည့်သည်။

'ဒန်ဆေးသိုင်းကျင့်စဉ်က သန့်စင်ခြင်းနဲ့ ဆေးနဲ့ကို ခွဲခြားလို့မရဘူး။ ငါက ကျင့်ကြံခြင်း နည်းလမ်းနဲ့ ပတ်သက်ပြီး အရမ်းကြီး စိတ်စွဲနေခဲ့တာပဲ။ ဒါပေမယ့် ကျင့်စဉ်ကို ဆေးနဲ့ပေါင်းစပ်မှပဲ ဒန်ဆေးသိုင်းပညာရဲ့ အနှစ်သာရဖြစ်တယ်လို့ ဘယ်တုန်းကမှ မတွေးမိခဲ့ဘူး..'

'ဆေးက သစ်သားကို ကိုယ်စားပြုတယ်။ သန့်စင်ခြင်းက မီးကို ကိုယ်စားပြုတယ်။ သစ်သားက မီးကို ထုတ်လွှတ်တယ်။ ဒန်ဆေးသိုင်းပညာရဲ့ စွမ်းအင်ကို ငါဘယ်လိုခံစားသင့်လဲ..'

စီနီယာအကို ဖြစ်သူ၏ နားလည်သဘောပေါက်မှုနှင့် မှန်းဆချက်များကို တွေးကြည့်ပြီးနောက် စုလင်းရှုံတစ်ယောက် ထိုအချိန်၌ ဉာဏ်အလင်းပွင့်မှု တစ်ခုကို ခံစားလာရသည်။

သူမသည် တစ်ညလုံး အနားယူခြင်းမရှိခဲ့ပေ။ နောက်တစ်နေ့မနက် မြို့ပြင်သို့ ရောက်ချိန်၌ စီနီယာအကိုအား သူမ၏ အသိအမြင် အားလုံးတို့ကို ပြောပြသည်။

သုံးသပ်ချက်တစ်ခု ရရှိရန် မျှော်လင့်၏။

"ဂျူနီယာညီမလေး ဒီသစ်ပင်ကို ကြည့်လိုက်.. ဒါက သစ်သားပဲ။ နင်ကတော့ မီးဖြစ်တယ်။ ဒီသစ်ပင်ရဲ့ စိတ်ဝိဉာဉ်စွမ်းအင်ကို အသုံးပြုပြီး နင့်ရဲ့ချီနဲ့သွေးကို လှုံ့ဆော်ကြည့်။ ဒန်ဆေးသန့်စင်သူ တစ်ယောက်ရဲ့ ရှု့ထောင့်ကနေ သေသေချာချာ ခံစားကြည့်.."

"ဆေးပင်တွေရဲ့ အာနိသင်ကို နင်နားလည်သလိုမျိုးပဲ။ ဒီဟာရဲ့ အငွေ့အသက်ကိုလည်း ခံစားကြည့်.. လေ့လာကြည့်.."

ရွှီယန်က တွေးဆစွာ ပြောသည်။

စုလင်းရှုံက ခဏတာ မှင်သက်သွား၏။ သူမ၏ စိတ်ထဲတွင် နားလည်သဘောပေါက်မှုအချို့ ဝင်ရောက်လာခဲ့သည်။

သူမတွင် ဆေးပင်မျိုးစုံ၏ ဂုဏ်သတ္တိများနှင့် ပတ်သက်ပြီး ကြွယ်ဝသည့် ဗဟုသုတ ရှိပါသည်။ ဆေးပင် တစ်ခုချင်းစီတိုင်း၏ လက္ခဏာရပ်များနှင့် ရင်းနှီးကာ အဓိက ကုသနိုင်မှုများကိုလည်း သိရှိသည်။

တောတောင်အတွင်းသို့ သွားရောက်ကာ ဆေးပင်များကို စုဆောင်းပြီး ၎င်းတို့၏ သက်ဆိုင်ရာ ဂုဏ်သတ္တိများကိုလည်း ပိုင်းခြားခဲ့ဖူး၏။

ထိုဆေးပင်များ၏ အာနိသင်များကို သူမ၏ ရှေးဘိုးဘေး ဆေးပညာရှင်များက နည်းနည်းချင်း ရှာဖွေမှတ်သားခဲ့ခြင်း ဖြစ်သည်။

ထိုဘိုးဘေးတို့သည် အဖိုးတန်ဆေးပင်များ၏  လက္ခဏာရပ်များကို လွယ်ကူရှင်းလင်းစွာ သိမြင်ရန် စမ်းသပ်လေ့လာခဲ့ကြပြီး နားလည်အောင် ကြိုးစားကြသည်။

"စီနီယာအကို.. ကျွန်မနားလည်ပြီ.."

စုလင်းရှုံက သူမ၏ မျက်လုံးများကို အနည်းငယ် မှိတ်လိုက်သည်။

သစ်ပင်တစ်ခု၏ အပေါ်သို့ လက်ကိုတင်ကာ သစ်ပင်၏ စိတ်ဝိဉာဉ်စွမ်းအင်ကို ဖမ်းဆုပ်ရန် ကြိုးစားသကဲ့သို့ သေသေချာချာ အာရုံခံစားသည်။

"လူရဲ့ ခန္ဓာကိုယ်မှာ သွေးကြောအမှတ်တွေ ရှိပြီး ချီနဲ့သွေးရဲ့ စီးဆင်းမှုကိုလည်း သွေးကြောအမှတ်တွေကနေ စတင်နိုင်တယ်။ နှလုံးသားက မီးကို ကိုယ်စားပြုတယ်။ အဲ့ဒါနဲ့ အနီးကပ်ဆုံး အမှတ်က ရင်ဘတ်ရဲ့ အလယ်မှာပဲ..."

စုလင်းရှုံ၏ အသက်ရှူမှုက အနည်းငယ် ပြောင်းလဲလာခဲ့သည်။ သူမ၏ ကြည်လင်သည့် အာရုံခံမှုအရ ရင်ဘက်ရှိ သွေးကြောအမှတ်မှ နွေးထွေးသည့် စီးကြောင်းတစ်ခု မြင့်တက်လာမှုကို ခံစားလိုက်ရသည်။ နွေးထွေးကာ ရှည်ကြာ၏။

"ဒါက ချီနဲ့သွေးလား.."

စုလင်းရှုံက ဝမ်းသာသွားသည်။ ချီနှင့်သွေးကို အာရုံခံခြင်းမှာ ကျင့်စဉ်ကို အောင်မြင်ရန်အတွက် အရေးအကြီးဆုံး ခြေလှမ်းတစ်ခု ဖြစ်၏။

၎င်းကို အာရုံခံမိပြီးနောက် နောက်ထပ် ခြေတစ်လှမ်းမှာ မည်ကဲ့သို့ ပြည့်စုံအောင် ပြုလုပ်မည်လဲ ဖြစ်ကာ ကျင့်စဉ်ကို ပြည့်ပြည့်စုံစုံ နားလည်အောင် လုပ်ရမည် ဖြစ်သည်။

ထို့နောက် အရေပြား၊ အရိုးနှင့် ကိုယ်တွင်းအင်္ဂါ သန့်စင်မှုတို့ကို ဆက်လက် လုပ်ဆောင်ရမည် ဖြစ်၏။ စုလင်းရှုံအတွက် အရေပြားသန့်စင်ခြင်းက လွယ်ကူပါသည်။

သူမသည် သိုင်းပညာ အခြေခံရှိထားပြီး သံအရိုး၊ ကြေးအရိုးတို့ကို သန့်စင်ရန်အတွက် ခက်ခဲမည် မဟုတ်ပါ။

"ဂျူနီယာညီမလေး.. ဒန်ဆေးသိုင်းပညာရဲ့ အခြေခံအုတ်မြစ်မှာ အမြင့်ဆုံးက ထာဝရစိမ်းလန်းခြင်း အရိုးတဲ့။ နင်အဲ့ဒါကို သန့်စင်ရမယ်။ ဂျူနီယာညီလေးမုန့်နဲ့ ငါလည်း ကျောက်စိမ်းအရိုးနဲ့ ဗာဂျရာစိန်အရိုးကို ပိုင်ဆိုင်ထားကြတယ်.."

စုလင်းရှုံက ချီနှင့်သွေးကို အာရုံခံမိကာ ကျင့်စဉ်ကို နားလည်သဘောပေါက်မှု ရလာပြီးနောက် ရွှီယန်က လေးနက်စွာ ပြောသည်။

"စီနီယာအကို စိတ်ချပါ။ ကျွန်မ သေချာပေါက် ထာဝရစိမ်းလန်းခြင်း အရိုးကို သန့်စင်မှာပါ။ ဆေးလုံးတွေကို ဘယ်လိုလုပ်ရမယ် ဆိုတာလဲ သိနေပြီ.. ဒါ့ကြောင့် ပြဿနာ မရှိလောက်ပါဘူး.."

ထိုအချိန်၌ စုလင်းရှုံတစ်ယောက် ကျိုးယင်ကို တွေးမိလိုက်သည်။

'ဒေါ်လေးကျိုး ဆေးပေါင်းအိုး တစ်ခုကို ရှာတွေ့ပြီလား မသိဘူး..'

'ငါက ချီနဲ့သွေးအဆင့်ကို မရောက်သေးတော့ ချီနဲ့သွေးကို အသုံးပြုပြီး ဒန်ဆေးလုံးတွေ သန့်စင်လို့ မရဘူး။ ဆေးပေါင်းအိုးကိုပဲ မှီခိုလို့ရမယ်..'

ဒန်ဆေးလုံးများကို သန့်စင်ခြင်းကသာလျှင်  သူမ၏ ကျင့်ကြံမှုကို ပိုမိုမြန်ဆန်ကာ ထာဝရစိမ်းလန်းခြင်း အရိုးကို သန့်စင်နိုင်မည်ဟု စုလင်းရှုံ ကောင်းကောင်းသိပါသည်။

အခြားသိုင်းသမားများ အတွက် ဆေးလုံးများစွာတို့ကို အသုံးပြုခြင်းမှာ သူတို့၏ ခွန်အားအဆင့်ကို အပေါ်ယံ ဆန်လာစေ၏။

သို့ရာတွင် သူမကတော့ ဒန်ဆေးသိုင်းပညာကို ကျင့်ကြံသူ ဖြစ်သည်။ ထို့ကြောင့် ကောင်းမွန်သည့် တိုင်းတာနိုင်စွမ်း ရှိပါသည်။

ဆေးလုံးများကို ပိုမိုအကျိုးရှိစွာ ခြေဖျက်နိုင်ပြီး  သိုင်းအဆင့်ကို အပေါ်ယံ ဆန်လာခြင်းတို့ ဖြစ်ပေါ်ရန် ခက်ခဲလှပါသည်။

သူမ၏ အခန်းသို့ ပြန်ပြီးနောက် စုလင်းရှူံသည် ဒန်ဆေးလုံးများ အကြောင်း စာရွက်ထဲတွင် ခေါင်းနစ်သွား၏။

'ငါဆေးဖော်မြူလာတွေကို ရေးဖို့လိုအပ်တယ်။ အရေပြားသန့်စင်ခြင်းအတွက် တစ်ခု၊ အရိုးသန့်စင်ခြင်းအတွက် တစ်ခု၊ ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်းအတွက် တစ်ခုနဲ့ အတားအဆီးတွေကို ချိုးဖြတ်မှုအတွက် တစ်ခု... ချီနဲ့သွေးအဆင့်ရဲ့ ဒန်ဆေးလုံးကို ချီနဲ့သွေး ဒန်ဆေးလုံးလို့ ခေါ်မယ်..'

စုလင်းရှုံက ဆေးပင်များ၏ မှတ်တမ်းစာရွက်များကို လှန်လောကာ ရွေးချယ်သည်။ ပေါင်းစပ်မှုပြုပြီး  လိုက်ဖက်ညီမှုကို သုံးသပ်၏။

'ဒီဆေးဖော်မြူလာက ပြဿနာမရှိလောက်ဘူး။ အဲ့ဒါမှာ အရေပြားသန့်စင်ခြင်း အတွက် ကောင်းမွန်တဲ့ အာနိသင်ရှိတယ်။ အရေပြားသန့်စင်ခြင်းရဲ့ အမြန်နှုန်းကို မြှင့်တင်ပေးနိုင်တယ်။ အဲ့ဒါကို အရေပြားသန့်စင်ခြင်း ဒန်ဆေးလုံးလို့ ခေါ်ရမလား။ အဲ့ဒါဆိုရင် နာမည်က အရမ်းကြီး တည့်တိုးဆန်သွားမလား..'

'ဒီဒန်ဆေးလုံး ဖော်မြူလာကလည်း ပြဿနာမရှိလောက်ဘူး။ အဲ့ဒါကို အရိုးသန့်စင်ခြင်း ဒန်ဆေးလုံးလို့ ခေါ်မယ်..'

'ဒီတစ်ခုကတော့ ကိုယ်တွင်းအင်္ဂါသန့်စင်ခြင်း ဒန်ဆေးလုံး... သိုင်းပညာကျင့်ကြံမှုမှာ ပထမဆုံး ခြေလှမ်းက ချီနဲ့သွေးကို အာရုံခံဖို့ပဲ။ အဲ့ဒါကြောင့်...'

'ငါ့ရဲ့ ဒီဒန်ဆေး ဖော်မြူလာက ချီနဲ့သွေးကို အာရုံခံရာမှာ ကူညီပေးနိုင်တယ်။ အဲ့ဒါကို ချီနဲ့သွေး ဒန်ဆေးလုံးငယ်လို့ ခေါ်မယ်..'

ဆေးဖော်မြူလာများကို ပြုလုပ်ပြီးနောက် စုလင်းရှုံသည် ရုတ်တရက် ဉာဏ်အလင်းပွင့်မှုတစ်ခုကို ခံစားလိုက်ရသည်။

ဒန်ဆေးလုံးများ၏ သီအိုရီနှင့် ဆေးပင်များ၏ သဘောတရားများက တစ်ခါတည်း ရှင်းလင်းလာခဲ့၏။

တစ်ခုပြီးတစ်ခု ပေါင်းစပ်ကာ ဖော်မြူလာတစ်ခု ဖြစ်လာခဲ့သည်။ သူမ၏ စိတ်ထဲတွင် ပြီးပြည့်စုံသည့် ဒန်ဆေး လျှို့ဝှက်ကျမ်းတစ်ခု ထွက်ပေါ်လာပုံ ပေါ်၏။

ခြံဝန်းအတွင်းတွင် လီရွှမ်က မျက်လုံးများကို ဆွေကာ စုလင်းရှုံ၏ အခန်းပြတင်းပေါက်မှ ထွက်လာသည့် အလင်းကို ကြည့်၏။

သူမသည် ဆေးပညာဆိုင်ရာ သီအိုရီများကို စီရီရေးချနေလောက်ပါသည်။ ဤသည်မှာ နောက်ထပ်  အိပ်စက်ခြင်းကင်းမဲ့သည့် ညတစ်ည ဖြစ်မည် ဖြစ်၏။

ဝမ်းသာစရာကိစ္စမှာ စုလင်းရှုံ၏ ဒန်ဆေးသိုင်းပညာကျင့်စဉ်အား အောင်မြင်စွာ နားလည်သဘောပေါက်မှု ရလုနီးပါး ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

သူမသည် ချီနှင့်သွေးကို စတင်ကာ အာရုံခံလာနိုင်ခဲ့၏။ ဆိုလိုသည်ကား တတိယတပည့်၏ နေရာက တည်မြဲကာ ဒန်ဆေးသိုင်းပညာ စနစ်အား တည်ထောင်နိုင်ပေတော့မည်။

ရုတ်တရက် ရွှေရောင်အလင်းတစ်ခု ပေါ်လာ၏။ လီရွှမ်က မှင်သက်သွားသည်။ မုန့်ချုံတစ်ယောက် အဆင့်တက်လာခဲ့သည်လား။

သို့မဟုတ် ရွှီယန်တစ်ယောက် ဉာဏ်အလင်းအသစ်တို့ ရရှိလာခဲ့သည်လား။

"သင်၏တပည့် စုလင်းရှုံသည် သင်ဖန်တီးထားသည့် ဒန်ဆေးပညာ သီအိုရီများမှ ဒန်ဆေးသန့်စင်ခြင်း နည်းလမ်းကို နားလည်သဘောပေါက်ကာ ဒန်ဆေးပညာလျှို့ဝှက်ကျမ်း၏ အသွင်သဏ္ဍာန်အား ပုံဖော်လာနိုင်ခဲ့သည်။ သင်သည် ဒန်ဆေးသပညာ လျှို့ဝှက်ကျမ်းကို ရရှိသည်.."

မထင်မှတ်စွာပင် ရွှေလက်ချောင်း၏ တန်ပြန် အကျိုးပြုမှုမှာ စုလင်းရှုံဆီမှ ရောက်လာခဲ့သည့် ရလဒ်ဖြစ်၏။

လီရွှမ်က ကုလားထိုင်ပေါ်မှ ကဗျာကယာ မတ်တပ်ရပ်သည်။ သူ၏နှလုံးသားက ပျော်ရွှင်မှုတို့ဖြင့် ပြည့်နှက်နေ၏။

ဒီတတိယတပည့် ကောင်မလေးသည် သူ၏ ဂရုစိုက်မှုတို့အား အလကား မဖြစ်စေခဲ့ပေ။ သူမတွင် အမှန်တကယ်ကို ဒန်ဆေးပညာ လမ်းစဉ်အတွက် ထူးကဲသည့် ပါရမီရှိ၏။

သိုင်းကျင့်စဉ်အပေါ်တွင် အခြေခံ မရှိသေးဘဲနှင့်ပင်  ဒန်ဆေးဖော်မြူလာများကို ဖန်တီးကာ ဒန်ဆေးပညာ လျှို့ဝှက်ကျမ်းအား ထွက်ပေါ်လာစေခဲ့သည်။

ဒီအချိန်၌ လီရွှမ်သည် ဒန်ဆေးသိုင်းပညာ လျှို့ဝှက်ကျမ်းအား လုံးဝ တတ်မြောက်သွားခဲ့၏။ ဤသည်မှာ စုလင်းရှုံကဲ့သို့ ရှေ့ပြေးပုံစံ မဟုတ်ပေ။

ဒန်ဆေးလုံး သန့်စင်ခြင်း၊ ရောဂါများကို ကုသခြင်းနှင့် ဒန်‌ဆေးလုံး ဖော်မြူလာများ... အစရှိသည်တို့ အားလုံးပါဝင်သည့် ပြီးပြည့်စုံသည့် ကျမ်းဖြစ်၏။

ဒန်ဆေး သိုင်းပညာအတွင်းရှိ ဆေးပညာ စနစ်တစ်ခုလုံးမှာ ဝေဝါးသည့် သီအိုရီမျှသာ မဟုတ်တော့ပေ။ တိကျသည့် ရလဒ်တစ်ခု ဖြစ်လာခဲ့၏။

All Chapters