← Chapters

မင်းတို့ဆရာ အဆင့်ပိုမြင့်တဲ့ လူတစ်ယောက်ကို ဘယ်လိုအနိုင်ယူမလဲ ဆိုတာကို သေသေချာချာ ကြည့်ကြ

Vol. 9 Ch. 135

မင်းတို့ဆရာ အဆင့်ပိုမြင့်တဲ့ လူတစ်ယောက်ကို ဘယ်လိုအနိုင်ယူမလဲ ဆိုတာကို သေသေချာချာ ကြည့်ကြ

Vol. 9 Ch. 135

စုလင်းရှုံတစ်ယောက် ဝတ်စုံနက်နှင့်လူ၏ လက်ဝါးချက်ဖြင့် ရိုက်ချလိုက်မှုကို တွေ့ရ၏။ ကြောက်စရာကောင်းသည့် စွမ်းအားက ရွှီယန်ကို သုတ်သင်သွားတော့မည့်ပုံ ရှိသည်။

သူမ၏ မျက်နှာက ဖြူရော်သွားပြီး မျက်လုံးများ၌ ကြောက်ရွံ့မှုတို့ ပေါ်လာကာ ဆရာဖြစ်သူကို ခေါင်းလှည့်  ကြည့်မိသည်။

"ဆရာ.."

ရလဒ်အနေနှင့် ဆရာဖြစ်သူမှာတော့  တည်ငြိမ်စွာသာ ထိုင်နေဆဲရှိသည်။ မည်သည့် လှုပ်ရှားမှုမှ ပြုလုပ်မည့် အရိပ်အယောင်တို့ မပြပါ။

ရွှီယန်၏ ပုံစံက အလွန် လေးနက်သွား၏။ သူက ဓားချက်ကို ရှေ့သို့ ထုတ်ဖော်လိုက်သည်။

ဓားချီက ထောင်ပေါင်းများစွာသော မြစ်များ လှိုင်းထလာသည့်နှယ် ကြမ်းကြုတ်စွာ အော်မြည်ပြီး ဝင်ရောက်လာသည့် လက်ဝါးရိုက်ချက်အား ထိပ်တိုက်ရင်ဆိုင်၏။

သို့ရာတွင် ထည်ဝါလှသည့် ဓားဆန္ဒ၏ အကူအညီနှင့်ပင်လျှင် သူ၏ တိုက်ခိုက်မှုသည် ထိုကြောက်စရာကောင်းသည့် လက်ဝါးရိုက်ချက်နှင့် နှိုင်းယှဉ်ပါက သေးငယ်သွားသည့်ပုံ ရှိသည်။ အဆင့်ခြားနားချက်က အလွန်ကြီးမားလှ၏။

ဝတ်စုံနက်နှင့်လူ၏ စွမ်းအားမှာ ရှင်းလင်းစွာပင် သာမန် စစ်ဘုရင်တစ်ယောက်ထက် ကျော်လွန်နေပါသည်။

"ဘုန်း.."

ရွှီယန်က သူ၏ လက်ဝါးရိုက်ချက်ကို ထုတ်လွှတ်လိုက်သည်။ ရွှေရောင်နဂါးကြီးက မျက်လုံးပွင့်စွာဖြင့် ကြောက်စရာကောင်းသည့် အရှိန်အဝါကို သယ်ဆောင်ကာ ရှေ့သို့ပြေးဝင်သွားသည်။

"နဂါးနိုင်လက်ဝါး.."

"ဘုန်း.."

ရွှေရောင်နဂါးကြီးဟာ အနှိုင်းမဲ့သည့် ခွန်အားနှင့် ပေါက်ကွဲ ထွက်သွားခဲ့၏။ ကျဆင်းလာနေသည့် လက်ဝါးရိုက်ချက်ကို တည့်မတ်စွာ ထိမှန်သည်။

"အုန်း.."

ဝတ်စုံနက်နှင့်လူ၏ အကြည့်က ခတ်ထန်သွားသည်။ သူ၏ လက်ဝါးရိုက်ချက်သည် စိတ်ကူးထားသည့်အတိုင်း လူငယ်ကို သုတ်သင်ရန် ကျရှုံးခဲ့၏။

လေထဲတွင် ကြောက်စရာကောင်းသည့် လက်ဝါးအားက ပျက်စီးသွားရလေသည်။ ရွှေရောင်နဂါးကြီးလည်း ပျက်ကွယ်သွားပြီး ဓားချီတို့လည်း ပြိုလဲကာ လွင့်ပါးသွားခဲ့၏။

ရန်သူ၏ လက်ဝါးရိုက်ချက်မှ အကြွင်းအကျန်အားက လေထဲရှိ ရွှီယန်ကို ထိမှန်ကာ အောက်သို့ ရိုက်ချခြင်း ခံလိုက်ရသည်။

ခြံဝန်းအတွင်းတွင်...

"စီနီယာအကို.."

စုလင်းရှုံက ထိတ်လန့်စွာဖြင့် အလျှင်အမြန် အပြေးသွားကာ တွဲကူပေးသည်။

ရွှီယန်က အမြန် မတ်တပ်ရပ်၏။ သူ၏ပုံစံက အနည်းငယ် ဖရိုဖရဲ ဖြစ်နေပါသည်။ သို့ပေမယ့် ဒဏ်ရာရရှိခြင်း မရှိပေ။

လေထဲရှိ ဝတ်စုံနက်နှင့်လူကို ကြည့်ကာ လေးနက်စွာပြော၏။

"ငါက သူ့ရဲ့ပြိုင်ဘက် မဟုတ်ဘူး။ မူလအဆင့်ရဲ့ ပြီးပြည့်စုံခြင်းကို ရောက်ရှိမှပဲ သူ့ကို အနိုင်ယူဖို့  အခွင့်အရေး ရှိနိုင်လိမ့်မယ်.."

ထိုအချိန်၌ သူ၏ အတွင်းဘက်နယ်မြေမှ သိုင်းပညာများအား အထင်သေးမှုတို့ လျော့ပါးသွားခဲ့၏။ အတွင်းဘက်နယ်မြေရှိ သိုင်းပညာစနစ်သည် လုံးဝ ခွန်အားမဲ့နေတာ မဟုတ်ပေ။ စစ်ဘုရင်တစ်ယောက်၏ စွမ်းအားမှာ အလွန်ထည်ဝါလှပြီး   သူ၏ နဂါးနိုင်လက်ဝါး အဆင့်၃နှင့် နဂါးလက်ဝါး၏ စစ်မှန်သည့်အဓိပ္ပါယ်ကို နားလည်သဘောပေါက်ထားမှုနှင့် ပင်လျှင် ရင်ဆိုင်နိုင်ခြင်း မရှိပေ။

သူသည် ဓားလမ်းစဉ်ကို ခြေချပြီးနောက် တောင်နှင့်မြစ် ဓားဆန္ဒကိုလည်း နားလည်သဘောပေါက် ထားခဲ့၏။

သို့ပေမယ့် ရန်သူကို ယှဉ်ပြိုင်နိုင်ခြင်း မရှိဘဲ ဖြစ်နေပါသည်။

"မင်းလိုမျိုး မကောင်းဆိုးဝါးဆန်တဲ့ ပါရမီရှင်တစ်ယောက် ဒီလောကမှာ ရှိနေတာက ငါ့ကို တကယ် ထင်မထားစေခဲ့ဘူး။ ငါ့ဆီကနေ လက်ဝါးချက်တစ်ချက်ကို ခံနိုင်တဲ့ ဒုတိယမြောက် သိုင်းသခင်တစ်ယောက်ကို ရှာတွေ့ဖို့ဆိုတာ အရမ်းကို ခက်ခဲတယ်.."

"အထူးသဖြင့် မင်းလိုမျိုး ငယ်ရွယ်တဲ့ သိုင်းသခင်တစ်ယောက်ကို ဘယ်တော့မှ ရှာတွေ့မှာ မဟုတ်ဘူး.."

ဝတ်စုံနက်နှင့်လူ၏ အသံက အေးစက်ကာ လူသတ်ငွေ့တို့ လွှမ်းခြုံနေ၏။

သူ၏ အရှိန်အဝါက မြင့်တက်လာပြီး ဖိအားက ပိုမိုပိုမိုကာ ကြီးမားလာခဲ့သည်။ လေထဲမှ ‌ဒီဗိုင်းစွမ်းအားတစ်ခု သက်ဆင်းလာသည့်နှယ် ရှိနေ၏။

"ဒါပေမယ့် မင်းဘာသာ ဘယ်လောက်ပဲ ပါရမီမြင့်မြင့် ဒီနေ့မှာ သေဆုံးရလိမ့်မယ်။ ငါမင်းကို အသက်ရှင်ရက်ထားမှာ မဟုတ်ဘူး။ ဒီကိစ္စက မင်းကိုယ်မင်းပဲ အပြစ်တင်ရမယ်။ တချို့လူတွေနဲ့ ဆက်ဆံမိတာက ကိုယ့်ကိုယ်ကို သေတွင်းတူးတာပဲ.."

"ဘုန်း.."

လေထဲတွင် ကြောက်စရာကောင်းသည့် အားတစ်ခု ထွက်ပေါ်လာခဲ့သည်။ ပြီးခဲ့တုန်းက လက်ဝါးချက်ထက် ပိုမိုကာပင် ကြောက်စရာကောင်းသည့် လက်ဝါးပုံရိပ်ကြီး သက်ဆင်းလာခဲ့၏။

ရွှီယန်က ကြောက်ရွံ့ခြင်း လုံးဝ မရှိပေ။ သူက ရန်သူ၏ ပြိုင်ဘက် မဟုတ်ပေမယ့် ဆရာရှိနေပါသည်။

"မင်းလို ဒီလောက်ကြောက်တတ်တဲ့ ကောင်က ဘာလို့ မောက်မာတဲ့ စကားတွေကို စွတ်ပြောနေတာလဲ.."

ရွှီယန်က အထင်သေးစွာ ပြောသည်။

လီရွှမ်က ကုလားထိုင်ပေါ်မှ မတ်တပ်ရပ်ပြီး ပြော၏။

"ငါ့တပည့်.. ငါမင်းကို အမြဲတမ်း နိမ့်နိမ့်ချချနေပြီး စိတ်ရှည်ဖို့ သင်ပေးထားတယ်လေ။ မင်းအခု ဘယ်လိုခံစားရလဲ.."

"အတွင်းဘက်နယ်မြေရဲ့ သိုင်းပညာစနစ်က အားနည်းတာနဲ့ အဲ့ဒီ့က အရာအားလုံးကို မင်းအထင်သေးလို့ မရဘူး.."

"မင်းသိထားရမှာက သိုင်းပညာလမ်းစဉ်ပေါ်မှာ မင်းက စတင်သူတစ်ယောက်လေးပဲ ဖြစ်တယ်။ မင်းထက် ပိုပြီးသန်မာတဲ့ မရေမတွက်နိုင်တဲ့ သိုင်းသမားတွေ ရှိနေသေးတယ်.."

"သိုင်းသမားတစ်ယောက် အနေနဲ့ အကြီးမားဆုံး ရှောင်ရှားသင့်တဲ့အရာက မာနလွန်ကဲပြီး ကိုယ့်ကိုယ်ကို အဟုတ်ထင်နေတာပဲ.."

"အကြီးမားဆုံး အမှားကတော့ ရန်သူကို အထင်သေးခြင်းပဲ။ ဘယ်လို ရန်သူမျိုးကိုပဲ ရင်ဆိုင်ရင်ဆိုင် အမြဲတမ်း သတိတရားနဲ့ လုပ်ဆောင်ရမယ်.."

"ရန်သူကို သတ်ဖြတ်တဲ့အခါမှာ ခေါင်းဖြတ်တာတောင် သေချာပေါက် သေဆုံးပြီလို့ အာမမခံနိုင်ဘူး.."

"အဲ့ဒါကို မှတ်ထားပါ... ရန်သူကို သတ်ဖြတ်တဲ့အခါမှာ သူတို့ရဲ့ အရိုးကို ချေမွှပြီး ပြာကိုလွှင့်ရမယ်။ ဝိဉာဉ်ကို ဖြောက်ဖျက်ပြီး အသက်ရှင်ဖို့ ဘာအခွင့်အရေးမှ မထားရဘူး။ ရန်သူကို လွတ်မြောက်စေဖို့ ဆံချည်မျှင်တစ်မျှင်စာ အခွင့်အရေးတောင်မှ မချန်ထားနဲ့.."

ဝတ်စုံနက်နှင့်လူ၏ စွမ်းအားကြီးမားသည့် ဖိအားကို  လစ်လျူရှု့ကာ လီရွှမ်က သူ၏ တပည့်ဖြစ်သူအား  လေးနက်စွာ သင်ကြားနေ၏။

ရွှီယန်ပဲဖြစ်ဖြစ်၊ မုန့်ချုံပဲဖြစ်ဖြစ်၊ စုလင်းရှုံပဲဖြစ်ဖြစ်အားလုံးမှာ ငယ်ရွယ်ပြီး မောက်မာသည့် အချိန်အခါ၌ ရှိကြသည်။

သူတို့၏ ခွန်အားတို့ တိုးတက်လာသည်နှင့် အမျှ  အတွင်းဘက်နယ်မြေ၏ သိုင်းပညာကို အလွန်အားနည်းလှသည်ဟု ခံစားလာရမှာ ဖြစ်၏။

ဤသည်က တဖက်လူအပေါ် အထင်သေးခြင်းအား ဖြစ်စေပြီး ပေါ့ဆကာ ကိုယ့်ကိုယ်ကို အဟုတ်ကြီး ထင်လာခဲ့စေသည်။

စွမ်းအားကြီးမားသည့် ပါရမီရှင် များစွာတို့သည် ရန်သူအပေါ် အထင်သေးကာ ပေါ့စမှုဖြင့် သေဆုံးမှုကို ကြုံကြရ၏။

ထို့ကြောင့် သူ၏ တပည့်များအား သတိကြီးမားခြင်း၏ အရေးပါပုံကို နားလည်အောင် သင်ကြားပေးရန် လိုအပ်ပါသည်။

ရန်သူကို သတ်ဖြတ်ပါက သူတို့ကို ပြာအဖြစ် ပြောင်းလဲရမည် ဖြစ်၏။ ထိုအခါမှသာ သေဆုံးသည်အား သေချာနိုင်မည် ဖြစ်သည်။

ရန်သူအတွက် အသက်ရှင်သန်နိုင်မည့် ဆံချည်မျှင်တစ်မျှင်စာ အခွင့်အရေးပင် ချန်ထားလို့ မဖြစ်ပေ။

တစ်ဖက်ရန်သူက အားနည်းပုံပေါ်ပြီး မိမိထက် စွမ်းအားတို့ အလွန် နိမ့်ပါးနေလျှင်တောင် သတိကြီးစွာ ထားရှိရမည် ဖြစ်ပြီး ဘယ်တော့မှ အထင်သေးလို့ မရပေ။

ဤသည်က နောင်တရမည့် ကိစ္စတို့ ပေါ်လာခြင်းအား ရှောင်ရှားနိုင်၏။

ရွှီယန်နှင့် မုန့်ချုံတို့က  လေးစားစွာ နားထောင်နေကြသည်။ စုလင်းရှုံလည်း စိတ်သက်သာရာ ရသွား၏။

နောက်ဆုံးတွင် သူတို့၏ ဆရာ ဝင်ပါလာတော့မည်လား။

ယခုအချိန်၌ နောက်ဆုံးတွင် သူမ လုံခြုံနိုင်ပြီလား...

"ရှေးအခါ ကတည်းက စွမ်းအားကြီးမားတယ်ဆိုတဲ့ လူတွေ ရန်သူအပေါ် အထင်သေးမှုနဲ့ ပေါ့စမူတို့ကြောင့်  ကိုယ့်ထက်အားနည်းတဲ့ သိုင်းသမား လက်အောက်မှာတောင် သေဆုံးခဲ့ကြရတယ်။ ကိုယ့်ကိုယ်ကိုယ် အဟုတ်ထင်ပြီး ယုံကြည်မှုလွန်ကဲတဲ့ လူတွေက မကြာခဏ အားနည်းသူတွေရဲ့ လုပ်ကြံသတ်ဖြတ်မှုကို ခံကြရတယ်.."

"ငါ့တပည့်တို့ မှတ်ထားကြ... ရန်သူကို အပြီးအပိုင် သုတ်သင်ဖို့အတွက် ဘယ်တော့မှ မတွန့်ဆုတ်နဲ့။ အဲ့ဒီ့ရန်သူက အရမ်းအားနည်းနေရင် တောင်မှပေါ့။ သူတို့ကို အသက်ရှင်ဖို့အတွက် အခွင့်အရေး တစ်စက်တောင်မှ မပေးနဲ့.."

"သိုင်းသမားတစ်ယောက်ရဲ့ ဂုဏ်က ကိုယ့်ထက်နိမ့်ကျတဲ့လူကို မထီမဲ့မြင် မလုပ်ခြင်းဘဲ။ စစ်မှန်တဲ့ သိုင်းသမားတစ်ယောက်က ဘယ်ရန်သူကိုမှ ပေါ့ပေါ့တန်တန် မသတ်မှတ်ဘဲ အလေးအနက် ထားတယ်။ ရန်သူကို ပြာအဖြစ် ဘယ်လိုပြောင်းလဲရမလဲ ဆိုတာကို သိတဲ့ သိုင်းသမားတစ်ယောက်ကိုပဲ စစ်မှန်တဲ့ သိုင်းသမားတစ်ယောက်လို့ ခေါ်ဆိုနိုင်တယ်.."

ရွှီယန်နှင့် မုန့်ချုံတို့က စိတ်အားထက်သန်စွာ နားထောင်နေပြီး သူတို့၏ ပုံစံက လေးစားစွာနှင့် လေးနက်စွာ ရှိနေပါသည်။

ထိုအပြင် သူတို့၏ ဆရာက သိုင်းလောက အကြောင်း ကိုယ်ပိုင် အတွေ့အကြုံများကို သင်ကြားပို့ချနေခြင်းဖြစ်၏။ ဤသည်မှာ ရှားပါးသည့် အခွင့်အရေးတစ်ခု ဖြစ်သည်။

ထိုတန်ဖိုးမဖြတ်နိုင်သည့် အတွေ့အကြုံများမှ တစ်ဆင့်သာလျှင် သူတို့သည် သိုင်းလောကတွင် ခြေချနိုင်ကာ ကိုယ့်ကိုယ်ကိုယ် နာမည်တစ်ခု တွင်ကျယ်လာအောင် လုပ်ဆောင်နိုင်မည် ဖြစ်၏။

"ဟုတ်ကဲ့ပါ ဆရာ.. ကျွန်တော် စိတ်ထဲမှာ သေသေချာချာ မှတ်သားထားပါမယ်.."

ရွှီယန်က လေးစားစွာ ပြန်ကြားသည်။

"ကျွန်တော်လည်း စိတ်ထဲမှာ သေသေချာချာ မှတ်သားထားပါတယ်.."

မုန့်ချုံကလည်း လိုက်ပါ ပြောကြား၏။

"ကျွန်မ... ကျွန်မလည်း မှတ်သားထားပါတယ်.."

စုလင်းရှုံက မဝံ့ရဲစွာ ပြောသည်။

ဦးခေါင်းထက်တွင် ရန်သူက ရှိနေ၏။ ၎င်းက သူမကို ပစ်မှတ်ထားနေသည့်ပုံပါ။ စီနီယာအကို နှစ်ယောက်နှင့် ဆရာအတွက် ပြဿနာကို ဖြစ်စေခဲ့ရာ မသက်မသာ ခံစားနေရ၏။

လေထဲရှိ ဝတ်စုံနက်နှင့်လူ၏ မျက်လုံးများက အေးစက်သည့် အလင်းတစ်ခု လက်သွားသည်။ အောက်တွင် ရပ်နေသည့် ထိုလူငယ်သည် ခုနက တိုက်ခိုက်ခဲ့သည့် လူငယ်၏ ဆရာ ဖြစ်သည်လား။

ဤသည်က မည်ကဲ့သို့ ဖြစ်နိုင်မည်နည်း။ ကြည့်ရတာ သူတို့ထက် အသက်အနည်းငယ်သာ ပိုမိုကြီးသည့်ပုံ ရှိသည်။ ထို့အပြင် စစ်ဘုရင် တစ်ယောက်နှင့်လည်း တူညီခြင်း မရှိပေ။

လီရွှမ်က လျှို့ဝှက်ဆန်းကြယ်သည့် အငွေ့အသက်ကို အသုံးပြုထားခြင်း မရှိဘဲ သူ၏ စွမ်းအားကို ဖုံးကွယ်ထားရာ ဝတ်စုံနက်နှင့်လူ အနေနှင့် သူ့အပေါ် မည်သည့် စွမ်းအားကြီးသည့် ပုဂ္ဂိုလ်တစ်ဦး၏ လက္ခဏာရပ်ကိုမှ ခံစားနိုင်ခြင်း မရှိဘဲ ဖြစ်နေပါသည်။

"စစ်ဘုရင်တစ်ယောက်ကို လျစ်လျူရှု့တာက ဘယ်လိုပြစ်ဒဏ်မျိုးကို ထိုက်သင့်တယ်လို့ရော မင်းထင်လဲ။ ဒီနေ့မှာ မင်းရဲ့အရိုးကို ခြေမွှပြီးတော့ ပြာကို ငါလွှင့်ပေးမယ်.."

ဝတ်စုံနက်နှင့်လူက ဒေါသထွက်စွာ ပြော၏။

All Chapters