မဖြစ်နိုင်ဘူး … ပိုက်ဆံ ထပ်ဖြည့်ချင်တယ်
Vol. 18 Ch. 263
အခန်း (၂၆၃) : မဖြစ်နိုင်ဘူး … ပိုက်ဆံ ထပ်ဖြည့်ချင်တယ်
“ ကောင်းကင်ဘုံလွင်ပြင် တူ ၃၆ ချက် - ကြယ်တာရာဖြိုခွင်း တူရိုက်ချက်”
ရွှေရောင်ချပ်ဝတ်နှင့် လူငယ်လေးက ဧရာမတူကြီးကို ကိုင်ဆောင်ထားရင်း စင်မြင့်ပေါ် ပေါ်ထွက်လာသည်။ တူကြီးကို ငွေရောင် အရည်တစ်လွှာဖြင့် ဖုံးအုပ်ထားသောကြောင့် အင်မတန် လေးလံသည့် ဖိအားများ ထုတ်လွှင့်နေသည်။
တူကြီး ကျဆင်းလာသည့်အခါ လေဟာနယ်ပင် တွန့်လိမ့်သွားရသည်။ လေထုထဲ ကောင်းကင်မှ ကြယ်တာရာများ ကျဆင်းလာသကဲ့သို့ မီးပွှားများ လွှင့်စင်လာသည်။
တူရိုက်ချက်၏ ပစ်မှတ်မှာ အထည်ကြမ်း ဝတ်ဆင်ထားသည့် လူလတ်အရွယ် အမျိုးသား ဖြစ်၏။ သူ့မျက်နှာ၌ အမူအယာအမျိုးမျိုး ဖြတ်ပြေးနေသည်။
ဘာတွေဖြစ်နေတာလဲ …
ဒီကောင်လေးက ဝိညာဉ်မြူခိုးကြား သူ့ဘာသာ မြေလျိူး ပုန်းအောင်းပြီး အံ့ဖွယ်ဝါးမျိုနွယ်ပင်တွေနဲ့ အလစ်တိုက်ခိုက်မှာ မဟုတ်ဘူးလား …
ငါ အံ့ဖွယ်ဝါးမျိုနွယ်ပင်တွေကို ရှင်းထုတ်ဖို့ ပြင်ဆင်ထားတဲ့အခါကျမှ ဒီကောင်လေးက ဘာလို့ ပုံစံပြောင်းလိုက်ရတာလဲ …
ချန်းဟယ်ဓားအသျှင်က တူဖြင့် မူးနောက်နေအောင်အထိ ထပ်ကာထပ်ကာ အရိုက်ခံလိုက်ရသည်။
သူ့ဓားအရည်အသွေးက မလုံလောက်၍ မဟုတ်သလို သူ့ဓားအငွေ့အသက်က မခိုင်မာ၍လည်း မဟုတ်ပေ။
အကြောင်းအရင်းကား ရိုးရှင်းလှသည်။ ရှန်ထျန်း၏ အခြေခံအုတ်မြစ်က ခိုင်မာလွန်းနေ၍သာ ဖြစ်၏။ သူ့နတ်ဘုရား ရွှေရောင်ကိုယ်ထည်သည် သာမန်အဆင့်ထက် ကျော်လွန်နေလေပြီ။ သူက ရွှေရောင်ကိုယ်ထည် ဒုတိယအဆင့်မျှသာ ရှိသေးသော်လည်း ထူးခြားအံ့ဖွယ် ပစ္စည်းငါးမျိုး၏ ထောက်ပံ့မှုကြောင့် သူ့အင်အား၊ အမြန်နှုန်းနှင့် ကာကွယ်နိုင်စွမ်းတို့က ချို့ယွင်းချက် မရှိနေပေ။
အကယ်၍ အမှန်တကယ် နှိုင်းယှဉ်ကြည့်ပါက ရှန်ထျန်း၏ နတ်ဘုရား ရွှေရောင်ကိုယ်ထည်တစ်ခုတည်းဖြင့် ရွှေရောင်ကိုယ်ထည် စတုတ္ထအဆင့် သို့မဟုတ် ရွှေရောင်ကိုယ်ထည် ပဥ္စမအဆင့်ကိုပင် ရင်ဆိုင်နိုင်လောက်သည်။ ဤသည်မှာ ထူးခြားအံ့ဖွယ်ပစ္စည်းများ၏ စွမ်းအားကို ထည့်မတွက်ထားသေးပေ။
ထာဝရငှက်မွေးသတ္တုက သူ့အမြန်နှုန်းအား တိုးမြင့်ပေးနိုင်ပြီး အံ့ဖွယ်ဝါးမျိုနွယ်ပင် ပြန်လည်အားဖြည့်နိုင်စွမ်းကို မြင့်တက်လာစေကာ ရှေးဦးအဆီအနှစ် လေးလံရေစင်က သူ့ကာကွယ်အားကို ပိုအားကောင်းစေသည်။ နန်မင်လီ မီးတောက်က သူတိုက်ခိုက်မှုကို အားဖြည့်ပေးပြီး ပြန်လည်ဝင်စားခြင်း သန့်စင်မြေကတော့ သူ့အား အရာအားလုံးနီးပါးကို ခံနိုင်ရည်ရှိအောင် လုပ်ပေးထားသည်။
သူ့ခန္ဓာကိုယ်နှင့် ထူးခြားအံ့ဖွယ် ပစ္စည်းငါးမျိုးကြောင့် ရှန်ထျန်း၏ တိုက်ပွဲစွမ်းရည်မှာ အားနည်းချက်မရှိဘဲ ပြီးပြည့်စုံလှသည်။ သူက ဆဌမအဆင့် ရွှေရောင်ကိုယ်ထည် သန့်စင်ခြင်း သို့မဟုတ် သတ္တမအဆင့် ရွှေရောင်ကိုယ်ထည် သန့်စင်ခြင်း ကျင့်ကြံသူတို့ကိုပင် ကိုင်တွယ်နိုင်လိမ့်မည်။
သူ့အခြေခံအုတ်မြစ်က ပထမအဆင့် ရွှေရောင်ကိုယ်ထည် သန့်စင်ခြင်းအဆင့် ကျော်လွန်နေသည့် လီခန်းလန်ထက် များစွာ ပိုကောင်းပေသည်။ ထိုကြောင့် လုံးဝ အရေးသာနေခြင်း ဖြစ်၏။
လီခန်းလန်က ရှန်ထျန်း၏ ခရမ်းမိုးကောင်းကင် တူရိုက်ချက်တိုင်းကို အားကုန်သုံး၍ ကာဆီးနေရသည်။ ထိုစဉ် လီခန်းလန်၏ ဓားအငွေ့အသက်က လိပ်နက်ဒိုင်းကာ အကာအကွယ်ကြောင့် ဘာမှအသုံးမဝင်သလို ဖြစ်နေပြန်သည်။ ဤအဆုံးမဲ့စွမ်းအားနှင့် ရင်ဆိုင်ရချိန် သူ့ပညာရပ်များနှင့် တိုက်ကွက်များက အရေးမပါတော့ပေ။
……....
“ လူညစ် … မင်းဆီမှာ နတ်ဓား ဖွဲ့စည်းပုံ ပိုင်ဆိုင်ထားရက်နဲ့ တူကို အသုံးပြုနေသေးတယ်။ မင်းက ဓားတာအိုအတွက် အရှက်ရစရာပဲ။ မင်းကို ကောင်းကောင်း ပညာပေးရမယ် ”
ချန်းဟယ်ဓားအသျှင်က ဒေါသမီး လောင်မြိုက်နေသည်။ ပြိုင်ဖက်ကင်း ချန်းဟယ်ဓားအငွေ့အသက်များက သူ ကိုင်ဆောင်ထားသည့် ဓားပြားတွင် စုလာသည်။
အံ့ဖွယ်ဝါးမျိုနွယ်ပင်အားလုံး ထိုဓားစွမ်းအားကြောင့် နောက်ဆုတ်သွားရသည်။ သူက အရှေ့ပိုင်းလွင်ပြင်၏ အကြီးမြတ်ဆုံး ဓားအသျှင် မဟုတ်ပါလော။ သူက နှစ်ခါ လှည့်စားမခံနိုင်ပေ။
အကယ်၍ ရှန်ထျန်းသာ အံ့ဖွယ်ဝါးမျိုနွယ်ပင် တစ်မျိုးတည်းသာ ရှိထားလျှင် ဤတစ်ကြိမ် သူ ရှုံးနိမ့်သွားလောက်၏။ သို့သော်လည်း ရှန်ထျန်းတွင် ပညာရပ်များစွာ ရှိထားလေရာ အံ့ဖွယ်ဝါးမျိုနွယ်ပင်က သူတို့ထဲမှ တစ်ခုသာ ဖြစ်သည်။
“ စစ်နတ်ဘုရား ပထမ အသွင်ပြောင်းခြင်း - လေးလံရေစင် ပုံစံ”
ပုံရိပ်က အချိန်ထပ်မဆွဲစေချင်တော့သလိုမျိုး လီခန်းလန်အား အတင်းကျပ် နောက်ဆုတ်စေလိုက်သည်။
သူ့တစ်ကိုယ်လုံး ငွေရောင်ဖျော့ဖျော့ ဖုံးလွှမ်းထားပြီး တလက်လက် တောက်ပနေသည်။
သိပ်မကြာခင် ရှန်ထျန်း၏ အငွေ့အသက်များက လုံးဝ ပျောက်ကွယ်သွားလေသည်။ ယခု လီခန်းလန်ရှေ့တွင် ရပ်နေသူမှာ သာမန်သေမျိုးတစ်ယောက်လိုမျိုး ဖြစ်နေသည်။ သို့သော် ထိုသာမန်သေမျိုး၏ ဆံပင်များက ငွေဖြူရောင် ပြောင်းသွားလေပြီ။
ထို့နောက် ငွေဖြူရောင် ဆံပင်များ ထောင်မတ်လာကာ ပြောမပြတတ်သည့် အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။
“ ညို့ဓာတ်ပညာရပ်လား ”
လီခန်းလန်က ရှန်ထျန်း၏ ပုံစံကြောင့် သတိလက်လွတ် မဖြစ်သွားပေ။ သူက ဖြောင့်မတ်သည့် ဓားသမား တစ်ဦး မဟုတ်ပါလော။
ထိုစဉ် လီခန်းလန်က ရှန်ထျန်းဆီမှ အန္တရာယ်အငွေ့အသက်ကို ခံစားလာရသည်။ ရှန်ထျန်းက ယခုလက်ရှိ စွမ်းအားအစစ်အမှန်ကို ထုတ်ပြတော့မည်မှန်း ကောင်းကောင်း သိလိုက်သည်။ လီခန်းလန်က ရှန်ထျန်း၏ ခရမ်းမိုးကောင်းကင် တူရိုက်ချက်ကို ကာကွယ်ဖို့ရာ ချီစွမ်းအားကို လောင်ကျွမ်းစေလိုက်သည်။
ရှန်ထျန်းက အဆင့်မြင့် နတ်ဘုရားကိုယ်ထည်မာ လျို့ဝှက်ချက် ပညာရပ်ကို သင်ကြားထားမှန်း သိသာလှသည်။ သူက ခန္ဓာကိုယ်အစစ်ကို အပြည့်အဝ သန့်စင်ထားနိုင်ရုံသာမက ထူးခြားအံ့ဖွယ်ပစ္စည်းများ၏ စွမ်းအားများကိုလည်း ထုတ်သုံးနိုင်သည်။
ယခု ရှန်ထျန်းက စစ်နတ်ဘုရား အသွင်ပြောင်းခြင်းကို ခံယူပြီးနောက် ယခင်ထက် နှစ်ဆမက ပိုအားကောင်းလာလေသည်။
“ မင်းက အားပိုကောင်းလာပေမဲ့ ငါ မင်းကို မကြောက်ဘူး ”
လီခန်းလန်၏ မျက်ဝန်းက ဆုံးဖြတ်ချက် ပြတ်သားမှုအတိ ပြည့်နေသည်။ သူ့နောက်တွင် နတ်ဓားတစ်ထောင် သဏ္ဌာန် ထွက်ပေါ်လာလေ၏။ ထိုဓားတစ်လက်စီက အက်လာလေသည်။
ထိုဓားများ အက်လာသည်နှင့် သဏ္ဌာန်မဲ့ ဓားအငွေ့အသက်က ပိုမို အားကောင်းလာကာ လီခန်းလန်အား စွမ်းအားအကုန်လုံး ထောက်ပံ့ပေးနေသည်။
“ ငါ မင်းကို အနိုင်ပိုင်းပစ်မယ် ” လီခန်းလန်က ရှန်ထျန်းဆီ ရုတ်ချည်း ဝင်မလာခင် အော်ပြောလိုက်သည်။
ထိုစဉ် သူ့ဓားများက လေဟာနယ်အပါအဝင် ထိတွေ့သမျှအရာအားလုံးကို အပိုင်းပိုင်း ပြတ်သွားစေသည်။
မျှော်နန်းဆောင် ခုနှစ်လွှာမြောက်ရှိ ယဲ့ချန်းခန်က တိတ်တဆိတ် ခေါင်းမညိတ်ဘဲ မနေနိုင်တော့ပေ။
“ နောက်ထပ် မျိုးစေ့ကောင်းလေးပဲ။ သူက လေကြီးလွန်းတာ တစ်ခုပဲ … ငါ့မျှော်နန်းဆောင်ကိုလည်း အစုတ်လေး ဘာလေး ခေါ်လိုက်သေးတယ်။ အခုလည်း ဆဲနေပြန်ပြီ။ သူက ဟိုနှစ်ယောက်လိုမျိုး သဘောကျချင်စရာ မကောင်းဘူး။
မင်းက ထျန်းအာကို စိန်ခေါ်ချင်တာမလား။ ထျန်းအာကို မင်းဆီကနေ သင်ယူစေချင်သေးတယ်ပေါ့လေ … ဟမ် မင်းကို သေတဲ့အထိ တူနဲ့ ရိုက်ထုပစ်ဦးမယ် ”
လီခန်းလန်က မျှော်နန်းဆောင် ဝိညာဉ်မလေးဆိုသူသည် တခြားသူများကို ချောင်းကြည့်ရတာ သဘောကျသည့် လူအိုကြီးမှန်း သိမည် မဟုတ်ပေ။
ယခုအချိန် သူ့ခေါင်းထဲ အတွေးတစ်ခုသာ ရှိ၏။ သူ့ရှေ့ရှိ ပုံရိပ်ကို အနိုင်ပိုင်းရန် ဖြစ်သည်။
လီခန်းလန်က သူ့ဓားတာအိုကို အဆုံးအစွန်အထိ မြင့်တင်လိုက်သည်။ သူက မမြင်တွေ့နိုင်သည့် အကာအရံနှင့် ထိတွေ့နေရသလိုမျိုး ခံစားလိုက်ရ၏။
အကယ်၍ သူသာ ထိုအကာအရံကို ဖြတ်ကျော်နိုင်သည်နှင့် နယ်ပယ်အသစ်ဆီ တက်လှမ်းနိုင်လိမ့်မည်။
ပြောင်မြောက်ထူးကဲသော အဆင့်နယ်ပယ် ….
“ ကြီးတိုင်းလည်း ကောင်းတာ မဟုတ်ဘူးကွ။ တခါတခါကျ လက်နက်သေးလေ ပိုပြီး သေစေနိုင်လေပဲ …တိုက်”
အေးစက်စက် အမိန့်ဖြင့် သုံးလက်မအရွယ် ဓားအငွေ့အသက်လေးက လီခန်းလန်၏ လက်ထဲမှ ထွက်သွားသည်။
သုံးလက်မအရွယ် ဓားအငွေ့အသက်လေးက သိပ်အားကောင်းဟန မပေါ်သော်လည်း ဓားစွမ်းအားကို အဆုံးအစွန်အထိ စုစည်းထားပြီးမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
ယခင်ဓားအငွေ့အသက်နှင့် ယှဉ်လိုက်လျှင် ဤသုံးလက်မအရွယ် ဓားအငွေ့အသက်က ပို၍ အားပြင်းပေသည်။ အတားအဆီးမှန်သမျှကို ဖြတ်သန်းသွားနိုင်စွမ်း ရှိ၏။
“ အရွယ်အစားဆိုတာ အရာအားလုံးပဲ … ကြီးလာစမ်း ”
ရှန်ထျန်း၏ ပုံရိပ်က စစ်နတ်ဘုရား စင်မြင့်ပေါ်တွင် ယခင်က မှတ်တမ်းတင်ခဲ့သော အနေအထားသို့ ပြောင်းလဲသွားသည်။ တစ်ချိန်တည်းတွင် သူ့လက်ထဲမှ တူက ပိုကြီးသည်ထက် ပိုကြီးလာသည်။ ယခု ကုန်ကားတစ်စီးလောက် ကြီးမားနေလေပြီ။
မိုးကြိုးများ ဝန်းရံထားသောကြောင့် မြင်လိုက်သည်နှင့် မတုန်လှုပ်ဘဲ မနနိုင်လောက်ပေ။
ဧရာမတူကြီးက သုံးလက်မအရွယ် ဓားအငွေ့အသက်ဖြင့် ထိပ်တိုက် တွေ့သွားသည်။ ကျိုးကြေသွားသံကို ကြားလိုက်ရပြီးနောက် လေဟာနယ်အပိုင်းအစတို့က နေရာအနှံ့ လွှင့်ပျံ့သွားသည်။
“ ဘာလို့ ဒီလောက်မာကြောနေတာတုန်း ”
လီခန်းလန် မျက်ဝန်း၌ မယုံကြည်နိုင်မှုတို့ ဖြတ်ပြေးသွားသည်။
သူ့သုံးလက်မအရွယ် ဓားအငွေ့အသက်က အရာအားလုံးကို ပိုင်းဖြတ်နိုင်ကြောင်း ဂုဏ်သတင်းရှိ၏။ သူက နယ်မြေတစ်ခုလုံးကိုပင် နှစ်ပိုင်း ဖြတ်ပစ်နိုင်သည်။
သူက ရွှေရောင်ကိုယ်ထည် ပထမအဆင့်အထိ ဖိနှိပ်ထားသော်လည်း ကနဦးဝိညာဉ်အဆင့်ကိုပင် သတ်နိုင်ဖို့ ယုံကြည်ချက် အပြည့်အဝ ရှိသည်။ ထို့အပြင် ထိုသုံးလက်မအရွယ် ဓားအငွေ့အသက်က သိပ်သည်းလွန်းသည် မဟုတ်ပါလော။
သို့သော် အဆများစွာ ကြီးလာသော ခရမ်းမိုးကောင်းကင်တူနှင့် ရင်ဆိုင်ရသည့်အခါ သူ့စွမ်းအားက မယုံကြည်နိင်လောက် သက်ရောက်မှု ဖြစ်လာစေသည်။
လီခန်းလန်၏ သုံးလက်မအရွယ် ဓားအငွေ့အသက်က တူကို လုံးဝ မထိုးဖောက်နိုင်ပေ။ ထို့အစား ဓားအငွေ့အသက်သာ တစစီ ကျိုးကြေသွားလေသည်။
………….....
“ သူ ဘယ်လိုလုပ်လိုက်တာလဲ ”
လီခန်းလန်၏ မျက်ဝန်း၌ တုန်လှုပ်မှုများ ပြည့်နေသည်။ သူက နယ်ပယ်အဆင့်အသစ်တစ်ခုနှင့် ထိတွေ့မိသလိုမျိုး ခံစားနေရ၏။
တစ်ဖက်တွင် သူက ထိုနယ်ပယ်ထဲ ဝင်နေပြီဟု ထင်လိုက်မိသော်လည်း နောက်တစ်ခါကျ သူက အပြင်ဘက်တွင်သာ ရှိနေသေးကြောင်း ခံစားလိုက်ရပြန်သည်။
သူ့စိတ်ထဲ အားကောင်းသည့် ခံစားချက်တစ်ခု ကြီးစိုးလာသည်။ သူသာ ထိုခံစားချက်ကို နားလည်သဘောပေါက်သွားလျှင် သူ့ဓားတာအိုက နောက်တဆင့် တက်လှမ်းသွားလိမ့်မည်ဟု ယုံကြည်ထားသည်။
သူက အချိန်များစွာ မပေးနိုင်သည်က နှမြောစရာကောင်းလှသည်။ အကြောင်းမှာ တူကြီးက ဓားအငွေ့အသက်ကို လွှင့်ပျယ်သွားစေပြီးနောက် ဆက်လက် ကျဆင်းလာနေ၍ ဖြစ်သည်။
လီခန်းလန်၏ တစ်ကိုယ်လုံးအား အစိစိအညက်ညက် ကြေမွသွားလေသည်။
မျှော်နန်းဆောင် ဝိညာဉ်မလေး၏ အသံ ထွက်ပေါ်လာပြန်သည် “ လူလတ်ပါရမီရှင်လေး … စိတ်ဓာတ်မကျပါနဲ့။ ကိုယ့်ဘာသာ ယုံကြည်ချက်ထားပါ။ နောက်တစ်ခါကျ ပိုကောင်းအောင် လုပ်နိုင်လာမှာပါ ”
လီခန်းလန်၏ နှုတ်ခမ်းက တွန့်ချိုးသွားလေသည်။
သူက နောက်တစ်ခါ ရှုံးနိမ့်သွားပြန်လေပြီ။
မဖြစ်ဘူး … ငါ ပိုက်ဆံ ထပ်ဖြည့်ရမယ် … နောက်ထပ် ထပ်ကြိုးစားကြည့်ရဦးမယ်