ကျောက်စိမ်းရေကန်၏ ဂိုဏ်းချုပ် မိန်းမလှလေး ချူးယွဲ့
Vol. 18 Ch. 264
အခန်း (၂၆၄) : ကျောက်စိမ်းရေကန်၏ ဂိုဏ်းချုပ် မိန်းမလှလေး ချူးယွဲ့
စစ်နတ်ဘုရား မျှော်နန်းဆောင် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေသို့ ရောက်ရှိပြီးနောက် လာရောက်လည်ပတ်သူများဖြင့် စည်ကားလျက် ရှိသည်။
ချိုင့်ဝှမ်းများနှင့် ကောင်းချီးနယ်မြေများမှ အကြီးအကဲများ၊ တပည့်များစွာနှင့် ဂိုဏ်းချုပ်များပင် ရောက်လာကြသည်။ ထိုချိုင့်ဝှမ်းများနှင့် ကောင်းချီးနယ်မြေများက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေနှင့် ကျောက်စိမ်းရေကန် အထွတ်အမြတ်မြေပေါ် မှီခိုအားထားကြသည်။
အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၌ ဤသို့လူမရှုပ်သည်မှာ အတော်အတန် ကြာမြင့်လှလေပြီ။
အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ စမ်းတဝါးဝါး ဖြစ်ခဲ့သည့် နှစ်များကပင် ထိုချိုင့်ဝှမ်းများနှင့် ကောင်းချီးနယ်မြေများက မပုန်ကန်ရဲကြပေ။ သူတို့က တိတ်တဆိတ်သာ အထင်သေးလာကြ၏။
လက်ရှိ အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ် ကျန်းလုံယွမ် သူ့နေရာမယူခင်အထိ ဖြစ်သည်။ သူ့ကျင့်ကြံဆင့်က အမြန်နှုန်းဖြင့် တိုးတက်လာပြီး စံနှုန်းကို ချိုးဖောက်ကာ အချိန်တိုအတွင်း အတိဒုက္ခလွန်စမ်းသပ်ချက် ခံယူပြီး သူတော်စင်အရှင် ဖြစ်လာခဲ့သည်။
ထို့အပြင် သူက ကျောက်စိမ်းရေကန်၊ မိုးကြိုးလှိုင်းနှင့် အခြားသော အထွတ်အမြတ်မြေများနှင့် မဟာမိတ်ဖွဲ့စည်းထားနိုင်ခဲ့၏။ ဤနည်းဖြင့် သူက နယ်မြေတစ်ခုလုံးကို ဩဇာလွှမ်းမိုးနိုင်ခဲ့သည်။
သူက ထိုကောင်းချီးနယ်မြေများနှင့် ချိုင့်ဝှမ်းများ၏ ပြိုလဲလုမတတ် ဖြစ်နေသည့် သစ္စာတရားကို ပြန်လည်ရယူနိုင်ခဲ့သည်။
ထိုသို့ဆိုလျှင်ပင် ထိုချိုင့်ဝှမ်းများနှင့် ကောင်းချီးနယ်မြေများက တခြား လျို့ဝှက်အကြံအစည်များ ရှိနေကြသေး၏။ သူတို့က တိတ်တဆိတ် ခရမ်းစံအိမ် အထွတ်အမြတ်မြေနှင့် ခုနှစ်စဉ်ကြယ် အထွတ်အမြတ်မြေတို့ဖြင့် မဟာမိတ် ဖွဲ့လာကြသည်။
တကယ်တော့ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေက ထိုမဟာမိတ်များကို သိထား၏။ သူတို့ အချက်အလက် မစုဆောင်းလျှင်ပင် ထိုအရာလောက်တော့ ခန့်မှန်းမိကြပေသည်။ ကျင့်ကြံရေးဂိုဏ်းများအတွက် ကိုယ်ကျိုးက အမြဲဦးစားပေး မဟုတ်ပါလော။
အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေက သူတို့နောက်ဆုံးအခန်းဆက် ပျောက်ဆုံးသွားပြီးနောက် တခြားအင်အားစုများ သူတို့အပေါ် သံသယဝင်လာသည့်အချက်မှာ နားလည်၍ ရပေသည်။ အံ့ဖွယ်မိုးကောင်းကင်၏ သူတော်စင်က တော်ဝင်မိုးကြိုးကျမ်း၏ ကပ်ဘေးတဖန်ကို ပြန်လည်မတွေ့ခင်အထိ ဖြစ်သည်။ ဤအခြေအနေက နောက်ဆုံးတွင် ပြေလျော့သွားလေသည်။
အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေက “ကပ်ဘေးတဖန်” ပြန်တွေ့ကြောင်း သတင်း ပျံ့နှံ့သွားသည်နှင့် ဘေးပတ်ဝန်းကျင် ပဋိပက္ခများက ၄၀ ရာခိုင်နှုန်းလောက် လျော့ကျသွားသည်။
ပဋိပက္ခနောက်ကွယ်မှ မူလအကြောင်းအရင်းကို အလွယ်တကူ ခန့်မှန်း၍ ရပေသည်။ အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က စံယူထိုက်စရာ ခေါင်းဆောင်ကောင်း ဖြစ်သည်။
သို့သော်လည်း အထွတ်အမြတ်မြေအတွက် အမွေအနှစ်တစ်ခု၏ အရေးပါပုံက လူတစ်ယောက်ထက် ပိုပေသည်။ ပြီးပြည့်စုံသော တော်ဝင်ကျမ်းကသာ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေအား လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်း ရှိသည့် အထွတ်အမြတ်မြေတစ်ခုအဖြစ် မှတ်ယူ၍ ရလိမ့်မည်။
…………...
အကယ်၍ ကပ်ဘေးတဖန် အခန်းဆက်က အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေအား သူတို့ထိပ်တန်း အနေအထားဆီ ပြန်လည်ရောက်ရှိဖို့ မျှော်လင့်ချက် ပေးလျှင် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေက ပိုမို မြင့်မားသော အနေအထားအထိ ရောက်နိုင်ခြေရှိ၏။
ဦးနှောက်ပါသူတိုင်း စစ်နတ်ဘုရား မျှော်နန်းဆောင်ရှိ အမွေအနှစ် စာကြည့်တိုက်က အထွတ်အမြတ်မြေများအတွက် မည်မျှအရေးပါကြောင်း သိကြသည်။
သူတို့သာ ယခု စစ်နတ်ဘုရား မျှော်နန်းဆောင် အခြေစိုက်တည်ရှိသော အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေနှင့် အတူတူရှိနေလျှင် သူတို့စွမ်းအားက သိသိသာသာ တိုးပွားလာပေမည်။
ယခု အံ့ဖွယ်မိုးကောင်းကင်ဆီ မကပ်မိလျှင် နောင်အနာဂတ်၌ နောင်တအကြီးကြီး ရမိပေလိမ့်မည်။
သုံးရက်တာအတွင်း အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က ချိုင့်ဝှမ်း ခြောက်ခုနှင့် ကောင်းချီးနယ်မြေ ၁၂ ခုမှ ခေါင်းဆောင်များနှင့် အကြီးအကဲများကို ဧည့်ခံနေရသည်။
အင်အားစုအမျိုးမျိုးကလည်း မဟာမိတ်ဖွဲ့ဖို့ စတင် ဆွေးနွေးလာကြပြီး တရားမဝင် ကုန်သွယ်မှုများလည်း ကမ်းလှမ်းလာကြသေး၏။
ကျန်းလုံယွမ်၏ မိုးကြိုးနှင့် ကောင်းကင်အရှိန်အဝါတို့က အမြင့်ဆုံးအခြေအနေတွင် ကျန်ရှိနေဆဲ ဖြစ်သည်။
ယခုရက်ပိုင်းအတွင်း ကြာပြာကောင်းကင်အသျှင်ပင် အတော်အတန် အကျိုးမြတ်ရလိုက်သေး၏။ လူများစွာ ရောက်လာလေလေ သူ့အတွက် အခွင့်အရေး ပိုများလေလေ ဖြစ်သည်။ သူက တရားဝင်နည်းလမ်းရော၊ တရားမဝင်နည်းလမ်းရော အကုန်သုံးကာ ဝိညာဉ်ကျောက်တုံး ရဖို့ ကြိုးပမ်းနေသည်။
ထိုလူနှစ်ယောက်က ထျန်းအာသည် အထွတ်အမြတ်မြေ၏ ကံကောင်းစေသော ကြယ်ပွင့်လေး ဖြစ်ကြောင်း တွေးနေကြသည်။
အိမ်မှာ ကံကြမ္မာသားတော် ရှိတာ မိုက်လိုက်တာ …
..............
“ ကျောက်စိမ်းရေကန် အထွတ်အမြတ်မြေရဲ့ ဂိုဏ်းချုပ် ရောက်ရှိလာပါတယ် ”
တပည့်တစ်ယောက်၏ အသံက အံ့ဖွယ်မိုးကောင်းကင် ကမ္ဘာငယ် အဝင်ဝမှ ဟိန်းထွက်လာသည်။
ထို့နောက် တရုတ်ရိုးရာဂီတသံ ထွက်ပေါ်လာသည်။ ထိုသံဇဉ်လေးက ကောင်းကင်ဘုံ တေးသံအလား နားဝင်ချိုလှ၏။ မြိုင်မြိုင်ဆိုင်ဆိုင် ဝတ်ဆင်ထားကြသည့် မိန်းမပျိုလေးတစ်သိုက်က တူရိယာများကို တီးခတ်လာကြသည်။ တစ်ယောက်ချင်းစီက ကြော့ရှင်းကာ ချစ်စဖွယ်ကောင်းလှသည်။
သူတို့ မြေပြင်နှင့် ထိလိုက်သည့်အချိန်တိုင်း မြူခိုးများ ဖြစ်ပေါ်လာစေပြီး တိမ်တိုက်ကြားမှ နေရောင်ဖြာနေကျသလိုမျိုး ခံစားရစေသည်။ သူတို့က ပန်းချီကားထဲမှ ထွက်လာသလိုမျိုး အသက်ဝင်နေတော့သည်။
ထိုမိန်းမပျိုလေးတို့ အလယ်၌ ရထားလုံး တစ်ခု ရှိနေသည်။
ရထားလုံးတစ်လုံးက ထာဝရကျောက်စိမ်းဖြင့် ထွင်းထားကာ လက်ရာမြောက်လှသည်။ ကြည့်ရသည်မှာ အင်မတန် သေသပ်ကာ သန့်ပြန်နေလေသည်။
ရထားလုံးရှေ့တွင် သားရဲခုနှစ်ကောင် ဖြစ်သည့် ငှက်ဖြူ၊ ငှက်စိမ်း၊ ငှက်နက်၊ အပြာရောင် ငါး၊ အနီရင့်ရင့် နဂါး၊ ကျားဝါနှင့် ရွှေရောင်ချီလင်တို့ ရှိနေသည်။
ဘီးလုံးများက မြေပြင်ပေါ် ကျရောက်လာသည့်အခါ မိုးခြိမ်းသံလိုမျိုး မဟာဆန်ဆန် ထွက်ပေါ်လာသည်။
ရထားလုံး ပေါ်ထွက်လာသည်နှင့် ကျင့်ကြံသူအားလုံး၏ နတ်ဘုရားအသိစိတ်များက မိုင်ရာချီ ဖြတ်လာကာ ထိုရထားလုံးပေါ် ကျရောက်လာကြသည်။
အားကောင်းသော ကျင့်ကြံသူများမှ တစ်ယောက်ပြီး တစ်ယောက် ထိုရထားလုံးကို ကြိုဆိုဖို့ အပြေးအလွှား ရောက်လာကြသည်။ သူတို့က သူတို့နှုတ်ဆက်မှု နှေးကွေးနေပါက သူတော်စင်အရှင်မ စိတ်ကွက်သွားမည်ကို စိုးရိမ်နေကြသည်။
တကယ်တော့ အမျိုးသမီးတစ်ယောက်ကို စိတ်ငြိုငြင်အောင် မလုပ်သင့်ပေ။ အားကြီးသော အမျိုးသမီးတစ်ယောက်ကို ဘယ်သောအခါမှ ရန်မစသင့်ပေ။ အားကြီးသော အမျိုးသမီးအုပ်စုတစ်ခုလုံးကို ဆိုဖွယ်ပင် မရှိတော့ပေ။
“ ကျောက်စိမ်းရေကန် ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ် ”
“ ကျောက်စိမ်းရေကန် ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ် ”
“ ကျောက်စိမ်းရေကန် ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ် ”
…………...
“ လုပ်ရိုးလုပ်စဉ်တွေ မလိုပါဘူး ”
ရထားလုံးအတွင်းမှ ကြည်လင်ပြတ်သားသော အသံတစ်သံ ထွက်ပေါ်လာသည်။
ပိတ်ကျဲ လိုက်ကာနောက်မှ ကြော့ရှင်းလှပေသာ ပုံရိပ်လေးကို ဝိုးတိုးဝါးတား မြင်နိုင်ပေသည်။ သူမက မဟာဆန်ဆန် ထိုင်လျက်ရှိနေသော်လည်း အာရုံဖမ်းစားဖို့ လုံလောက်နေလေပြီ။
သို့သော် အာရုံဖမ်းစားနိုင်လွန်းသော်လည်း မည်သူကမှ အတွေးဆိုးများ မတွေးရဲကြချေ။
သူတော်စင်အရှင်ကို မည်သူမျှ မလေးမစား မလုပ်ရဲကြပေ။ နယ်မြေငါးခု၌ အားအကောင်းဆုံး အမျိုးသမီး ကျင့်ကြံသူထဲမှ တစ်ဦး ဖြစ်သည့် ကျောက်စိမ်းရေကန် ဂိုဏ်းချုပ်ကို ပြောနေစရာပင် မလိုတော့ပေ။
ကျောက်စိမ်းရေကန် ဂိုဏ်းချုပ်က နှစ်တစ်ထောင်ကျောက် သက်တမ်းရှိပြီ ဖြစ်၍ မိန်းမအိုကြီးတစ်ယောက် ဖြစ်၏။ သို့သော်လည်း သူတော်စင်အရှင်တစ်ယောက်အတွက် မည်သည့်ကပ်ဘေးဆိုးနှင့်မှ မကြုံတွေ့သရွေ့ သူတို့အတွက် နှစ်ရှစ်ထောင်၊ ကိုးထောင် နေနိုင်ခြင်းကား ပုံမှန်သာ ဖြစ်သည်။
သူမက နှစ်တစ်ထောင် သက်တမ်းရှိပြီ ဖြစ်သော်လည်း သူမဘဝ၏ အကောင်းဆုံးအရွယ်တွင် ရှိနေဆဲသာ …
ကျောက်စိမ်းရေကန် ဂိုဏ်းချုပ်၏ နှစ်သက်မှုကို ရယူနိုင်သူများက ထိပ်ဆုံးသို့ တက်လှမ်းနိုင်ကြပြီး နှစ်တစ်ထောင် ရုန်းကန်ခက်ခဲမှုများကို လျော့ချနိုင်သည်။
ကျောက်စိမ်းရေကန် ဂိုဏ်းချုပ်က နှစ်တစ်ထောင် သက်တမ်းရှိနေပြီ ဖြစ်သော်လည်း လက်တွဲဖော် မရှိသေးသည်က ကံဆိုးလှပေသည်။ ကောလဟာလများအရ ကျောက်စိမ်းရေကန် ဂိုဏ်းချုပ်သည် ငယ်စဉ်ဘဝက အပျော်စံအိမ်တွင် ကြီးပျင်းခဲ့ရသူဖြစ်၍ အမျိုးသားမျိုးစုံကို မြင်တွေ့ခဲ့ရသည်။
ထိုစဉ်ကတည်းက သူမအနေနှင့် အမျိုးသားများပေါ် အမြင်ကောင်း မရှိတော့ဘဲ အမျိုးသမီးများ ခြံရံလျက်သာ နေထိုင်တော့သည်။
ထိုကောလဟာလနောက်ကွယ်မှ ဖြစ်ရပ်မှန်ကို စုံစမ်းဖို့ မဖြစ်နိုင်ချေ။
အကယ်၍ တစ်ယောက်ယောက်သာ အမှန်တရားကို သိနေလျှင်ပင် ကျောက်စိမ်းရေကန် ဂိုဏ်းချုပ်နှင့် ပတ်သတ်နေသောကြောင့် အမှန်ကို ထုတ်ပြောမည် မဟုတ်ပေ။
………….....
ရထားလုံး၏ လိုက်ကာက ဖြည်းဖြည်းချင်း ပင့်တင်လိုက်ပြီး အမျိုးသမီး ပုံရိပ်လေး ထွက်ပေါ်လာသည်။
သူမက မြုခိုးအလင်းရောင် ခြုံလွှမ်းထားသလို ဖြစ်နေ၍ သူမ၏ သွင်ပြင်ကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။ မြူခိုးကြားမှ ပန်းတစ်ပွင့်အလား ခံစားနေကြရ၏။ ထိုမြင်ကွင်းက အင်မတန် ဆန်းကြယ်လှသည်။
သူမနောက်တွင် လပြည့်ဝန်းသဏ္ဌာန် လက်နက် ရှိနေသည်။ ထိုအရာမှ မှိန်ဖျဖျ လရောင် ထွန်းလင်းလျက် ရှိနေသည်။ အားလုံးက ထိုမြင်ကွင်းကို ကြည့်နေရင်း စိတ်ပေါ့ပါးသွားကြရသည်။
ထူးခြားလိုက်တာ …
သူမက တကယ်ကို ကျောက်စိမ်းရေကန် ဂိုဏ်းချုပ်ပဲ … ထူးခြားလိုက်တာ
“ ကျောက်စိမ်းရေကန် ဂိုဏ်းချုပ် ရောက်လာလိမ့်မယ်လို့ မထင်ထားမိဘူး။ ထွက်မကြိုမိတာ ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ် ”
လေထဲ၌ မုခ်ဝတစ်ခု ပေါ်လာသည်။
ထွက်ပေါ်လာသူမှာ မိုးကြိုးနှင့် ကောင်းကင်အရှိန်အဝါများ လွှမ်းခြုံထားသည့် လူ ဖြစ်၏။ ထိုသူမှာ အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်မှလွဲ၍ မည်သူ ဖြစ်နိုင်မည်နည်း။
သူ့ဘေးတွင် ရွှေရောင်တုတ်နှင့် ကြာပြာကောင်းကင်အသျှင် ပါလာသည်။ သူက ကျောက်စိမ်းရေကန် ဂိုဏ်းချုပ်ကို မြင်လိုက်သည့်အခါ ပျော်ရွင်စွာ ပြုံးဖြီးသွားလေသည်။
“ ဒါက ငါ့ညီမအလှလေး မဟုတ်ဘူးလား။ နောက်ဆုံးတွေ့ဖြစ်တာတောင် နှစ်ရာချီသွားပြီ။ အခုတော့ မျက်နှာကို မြူခိုးနဲ့တောင် ဖုံးအုပ်ထားဖို့ လှည့်ကွက်သင်ယူပြီးပြီကိုး ”
ကြာပြာကောင်းကင်အသျှင်၏ စကားမဆုံးခင် ကျောက်စိမ်းရေကန် ဂိုဏ်းချုပ်၏ အငွေ့အသက်က ပြင်းထန်လာ၏။
အေးစက်စက် အသံတစ်သံ ထွက်ပေါ်လာသည် “နံပါတ်တစ် ကျွန်မက ရှင့်ရဲ့ ညီမ မဟုတ်ဘူး။ ကျောက်စိမ်းရေကန် ဂိုဏ်းချုပ် ဒါမှမဟုတ် မိန်းကလေးချူးယွဲ့လို့ပဲ ခေါ်ပါ။
နံပါတ်နှစ် ကျွန်မက ဘာလှည့်ကွက်မှ မလေ့ကျင့်ထားဘူး။ ဒါက ကျောက်စိမ်းရေကန် တော်ဝင်ကျမ်းပဲ … ရှင့်လိုမျိုး အရူးကောင်ရဲ့ စော်ကားမှုကို သည်းမခံနိုင်ဘူး။
နံပါတ်သုံး … ရှင်က ညီမလေးရဲရဲနီ ကကြိုးကို သစ္စာဖောက်ခဲ့တဲ့ လူယုတ်မာပဲ။ ကျွန်မနဲ့ ရင်းနှီးဖို့ ကြိုးစားမနေနဲ့။ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေရဲ့ ကာကွယ်မှုကြောင့်သာ မဟုတ်ရင် ရှင့်ကို သင်းကွပ်ပြီးလောက်ပြီ ”
ကြာပြာကောင်းကင်အသျှင်က ချူးယွဲ့ စကားများကြောင့် ကြက်သီးထလာမိသည်။
သူမဘေးတွင် ရဲရဲနီကကြိုး ကောင်းကင်အသျှင်လည်း ရှိနေပြီး သူမ မျက်ဝန်းများက နီရဲနေလေသည်။
သူမက တကယ့်ကို ကျောက်စိမ်းရေကန်ရဲ့ သူဌေးမကြီးပဲ … လွှမ်းမိုးနိုင်လွန်းပါပေတယ် …