← Chapters

မင်း ကြိုက်တဲ့အချိန် ကျောက်စိမ်းရေကန်ဆီ လာလည်လို့ ရတယ်

Vol. 18 Ch. 265

မင်း ကြိုက်တဲ့အချိန် ကျောက်စိမ်းရေကန်ဆီ လာလည်လို့ ရတယ်

Vol. 18 Ch. 265

အခန်း (၂၆၅)  :  မင်း ကြိုက်တဲ့အချိန် ကျောက်စိမ်းရေကန်ဆီ လာလည်လို့ ရတယ်

“ ဂိုဏ်းတူအစ်မက အစ်ကိုချူးကို အထင်လွဲနေတာပါ ”

ရဲရဲနီကကြိုး ကောင်းကင်အသျှင်က စိတ်ဖြင့်ဆက်သွယ်ကာ “ အရင် မိစ္ဆာဝိညာဉ်ဂိုဏ်း တိုက်ခိုက်တုန်းက ကျွန်မ အသတ်ခံလုနီးပါး ဖြစ်ခဲ့တာ။ အစ်ကိုချူး ကယ်ပေးခဲ့လို့ ကံကောင်းပြီး အသက်ရှင်ခဲ့တာပါ။ အစ်ကိုချူးက ကျွန်မကို ဂရုစိုက်နေတုန်းလို့ ယုံတယ်။ ကျွန်မသာ ဆက်ကြိုးစားရင် သူ့ကို ရင်ခုန်အောင် လုပ်နိုင်လာမှာပါ ”

ရဲရဲနီကကြိုး ကောင်းကင်အသျှင်က ပြောပြလိုက်ရင်း ချူးလုံဟယ်အား လေးလေးစားစား ကြည့်နေလိုက်သည်။

ဒီအရှက်မရှိတဲ့လူက မင်းကို လာကယ်တာတဲ့လား …

 ညီမရေ … မင်းက နှစ်တစ်ထောင်ကျော် အပျိုစင်ဖြစ်နေပြီလေ။ ဒီလောက် တုံးအ မနေပါနဲ့တော့လား …

ကျောက်စိမ်းရေကန် ဂိုဏ်းချုပ် ပတ်လည်တွင် တိမ်တိုက်နီများနှင့် ကောင်းကင်အရှိန်အဝါများ ထွက်ပေါ်လာကာ ဒေါသတကြီး မေးလိုက်သည်  “ ဟိုမိစ္ဆာဝိညာဉ်ခွေးသားတွေက ဘယ်မှာလဲ ”

ကျောက်စိမ်းရေကန် ဂိုဏ်းချုပ်က ထိုမိစ္ဆာဂိုဏ်းများ တည်ရှိမှုကို စက်ဆုပ်ကြောင်း သိသာလှသည်။

“ မိုးကြိုးအကျဉ်းထောင်ထဲမှာ သွေးသတ်ဖြတ်ရေး ဂိုဏ်းသခင်ကို ပိတ်ထားပါတယ်။ သူ ထွက်မပြေးနိုင်ပါဘူး ”

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က ပြုံးကာ  “ ဂိုဏ်းချုပ် ဟေမာန်လဝန်းလည်း ခရီးပန်းလာလောက်ပြီ။ ကျုပ် အသီးနဲ့ သေရည်တချို့ ပြင်ထားပါတယ်။ ကြိုဆိုရေးအခမ်းအနားမှာ လိုက်သုံးဆောင်လိုက်ပါဦး”

ကျောက်စိမ်းရေကန် ဂိုဏ်းချုပ်နှင့် ရင်ဆိုင်ရသည့်အခါပင် ကျန်းလုံယွမ်က တည်ငြိမ်နေဆဲ ဖြစ်ပြီး ဂိုဏ်းချုပ်တစ်ယောက်၏ ပုံစံကို အပြည့်အဝ ပြသထားနိုင်၏။

ကြာဖြူကောင်းကင်အသျှင်က သူ့ကို ကြည့်နေရင်း မျက်လုံးများ တလက်လက် ဖြစ်နေသည်။

“ တာအိုအစ်ကိုလုံယွမ်ကို ကျေးဇူးတင်ပါတယ် ”

ကျောက်စိမ်းရေကန် ဂိုဏ်းချုပ်က အေးစက်စက် ခေါင်းညိတ်လိုက်သည်။

သူမက တိတ်တခိုး တွေးလိုက်မိသည်။ သူတို့က ဆရာတူပြီး နှစ်ယောက်လုံးကလည်း ထိပ်တန်း ပါရမီရှင်များ ဖြစ်ကြသည်။

ယခင်ဂိုဏ်းချုပ်က အမြင်ကောင်းကောင်းနဲ့ ဒုတိယတပည့် ကျန်းလုံယွမ်ကို ဂိုဏ်းချုပ်အဖြစ် ရွေးခဲ့တာပဲ …

ချူးလုံဟယ်နှင့် ယှဉ်လိုက်လျှင် လက်ရှိ အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က အဖက်ဖက်က ပိုကောင်းပေသည်။ သူက အံ့ဖွယ်မိုးကောင်းကင်ကို  ယခုလို ဖြစ်လာအောင်အထိ ဦးဆောင်နိုင်သည်မှာ မဆန်းတော့ပေ။

……………….....

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က ဖြည်းဖြည်းချင်း ဆင်းသက်လာလေ၏။

ထိုစဉ် အနီရောင်ကောဇောခင်းက အံ့ဖွယ်မိုးကောင်းကင် ကမ္ဘာငယ်အဝင်ဝမှ ဂိုဏ်းချုပ်တောင်ထိပ်အထိ ခင်းပြီးသား ဖြစ်သွားသည်။

အနီရောင်ကောဇောက အရှည်အားဖြင့် မီတာတစ်ရာမျှ ရှိပြီး ကောင်းကင်မှ ပွင့်ချပ်များလည်း ဝဲကျလာကာ ကျောက်စိမ်းရေကန် ဂိုဏ်းချုပ်ကို ကြိုဆိုနေကြသည်။ သူတို့ ခြေလှမ်းလှမ်းလိုက်တိုင်း ကြာပန်းများ ဖြစ်တည်လာသည်။

ကြိုဆိုပွဲအခမ်းအနားက ခမ်းနားကြီးကျယ်လှသည်။

“ တာအိုအစ်ကိုလုံယွမ်က အရမ်းစဉ်းစားတတ်တာပဲ ”

ကျောက်စိမ်းရေကန် ဂိုဏ်းချုပ်က ကောဇောခင်းပေါ် ကြော့ရှင်းစွာ  လျှောက်လှမ်းရင်း ပြောလိုက်သည်။ သူမက ဖြည်းဖြည်းချင်း လှမ်းနေသော်လည်း တစ်လှမ်းတည်းဖြင့် ပေတစ်သောင်းအကွာလောက် ရောက်သွားသလို ပေါ်သည်။

ခဏလေးအတွင်း အားလုံးက ဂိုဏ်းချုပ်တောင်ထိပ်သို့ ရောက်သွားကြသည်။ သူတို့က ခမ်းနားကြီးကျယ်လှသည့် စံအိမ်တော်ကြီးရှေ့တွင် ရပ်လိုက်ကြသည်။

စံအိမ်တော် တံခါးဝတွင် ရွှေရောင်ချပ်ဝတ် ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦး ရှိနေသည်။

သူ့မျက်ခုံးများက ဓားအသွင် တဖြောင့်တည်း ဖြစ်နေပြီး မျက်ဝန်းများက ကြယ်တာရာလို လင်းလက်နေသည်။ သူ့တွင် ဆံပင်ရှည်ရှည် ရှိထားပြီး ကောင်းကင်ဘုံမှ ထာဝရအရှင်တစ်ပါး ဆင်းသက်လာသည်နှင့် တူသော်လည်း လူငယ်တစ်ယောက်၏ တက်ကြွမှုအပြည့် ရှိနေသည်။

သူ့မျက်ဝန်းကို ကြည့်လိုက်ပါက သံသယများဟန် ထင်ရသော်လည်း အရာအားလုံးကို ထွင်းဖောက်မြင်နေသလိုမျိုး ဖြစ်နေသည်။ထိုစဉ် သူ့မျက်ဝန်း၌ စကြဝဠာတစ်ခုလုံး တည်ရှိနေသလိုမျိုး ဖြစ်၏။

ထူးခြားတယ် … သူက အရမ်းကို ထူးခြားလွန်းတယ် …

ကျောက်စိမ်းရေကန် ဂိုဏ်းချုပ်နှင့် အမျိုးမျိုးသော ခေါင်းဆောင်များက လူမျိုးစုံကို မြင်တွေ့ဖူးသား ဖြစ်သော်လည်း သူတို့ ဤလူငယ်လေးကို မြင်လိုက်သည်နှင့် မအံ့ဩဘဲ မနေနိုင်ကြတော့ပေ။

ဒီကမ္ဘာကြီးထဲမှာ ဒီလောက်ရုပ်ချောတဲ့လူ ရှိသေးတာပါ့လား …

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်နှင့် အခြားလူများ ပေါ်လာသည့်အခါ လူငယ်လေးက အသာဦးညွှတ်လိုက်ပြီး  “ ဆရာ … ကြိုဆိုပွဲအခမ်းအနားကို ပြင်ဆင်ပြီးသွားပါပြီ ”

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က ခေါင်းညိတ်ကာ  “ ထျန်းအာ တာဝန်ယူထားတယ်ဆိုတော့ စိတ်ချရပါတယ်။ အားလုံး ထိုင်ကြပါဦး ”

သူ့စကားအဆုံးတွင် ဂိုဏ်းချုပ်၏ စံအိမ်တော်တံခါးက ပွင့်လာပြီး လေထုထဲ ရနံ့သင်းသင်းလေး ပျံ့နှံ့လာသည်။

အားလုံးက စံအိမ်တော်အတွင်း နေရယူလိုက်ကြသည်။ သူတို့က ဝိညာဉ်သစ်သီးများ၊ ထိပ်တန်းသေရည်နှင့် အရသာရှိဖွယ်မျိုးစုံ တည်ခင်းထားသည်ကို တွေ့လိုက်ရသည်။

အားလုံးက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ စုဆောင်းထားသော အဖိုးတန်ရတနာများသာ ဖြစ်၏။ စားပွဲပေါ်ရှိ ဝိညာဉ်သစ်သီးတိုင်းက အပြင်မှာရောင်းချလျှင် ဈေးကား မိုးထိမတတ် မြင့်သည်။

သေရည်က ပိုမို ထူးခြားလှ၏။ ဝိညာဉ်သစ်သီးကို မိုးကြိုးဖြင့် ချက်လုပ်ထားသော မိုးကြိုးဝိညာဉ်သေရည်ကလည်း သက်တမ်းရာချီ ရှိနေလေပြီ။

သာမန်ကျင့်ကြံသူများအတွက် သေရည်တစ်ခွက် သို့မဟုတ် သစ်သီးတစ်လုံးကပင် သူတို့ခန္ဓာကိုယ်ကို အားကောင်းလာစေဖို့ လုံလောက်နေလေပြီ။ သူတို့ပါရမီကိုပင် တိုးမြင့်ပေးနိုင်၏။

………....

ဂိုဏ်းချုပ်များနှင့် အကြီးအကဲများကလည်း နေရာယူလိုက်ကြသည်။

သူတို့နောက်တွင် ဂျူနီယာလေးများက ရိုရိုကျိုးကျိုး ရပ်နေကြသည်။ သူတို့က အတူတူထိုင်ဖို့ အရည်အချင်း မပြည့်မှီပေ။ သို့သော်လည်း ရှန်ထျန်းက တခြားရွေးချယ်စရာ မရှိပေ။ သူက အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်ဘေး၌ ထိုင်ဖို့ ဖိအားပေးခံလိုက်ရသည်။

မှန်ပေ၏။ သူက ထိုင်နေစဉ် တခြားသော မျိုးဆက်တူများက မတ်တတ်ရပ်နေကြရသည်။

ကျောက်စိမ်းရေကန် ဂိုဏ်းချုပ်က ရှန်ထျန်းအား စိုက်ကြည့်လိုက်ပြီးနောက် သူမအနားမှ ကောင်းကင်အရှိန်အဝါတို့က အသာလှုပ်ခတ်သွားလေသည်  “ ဒီကောင်လေးက အံ့ဖွယ်မိုးကောင်းကင်ရဲ့ သူတော်စင်လား ”

အံ့ဖွယ်မိုးကောင်းကင်  ဂိုဏ်းချုပ်အနားရှိ ကောင်းကင်အရှိန်အဝါတို့ကလည်း အသာလှုပ်ခတ်သွားကာ  “သူက ထျန်းအာလေ။ သူက  မိစ္ဆာဝိညာဉ်ဂိုဏ်းရဲ့အစီအစဉ်ကို တားဆီးဖို့ အကြီးကြီး အကျိုးဆောင်ပေးခဲ့တာ ”

ကျောက်စိမ်းရေကန် ဂိုဏ်းချုပ်က ရှန်ထျန်းအား ခြုံငုံကြည့်လိုက်ပြီး  “ သူရဲကောင်းအများစုက လူငယ်လေးတွေဆိုတာ အမှန်ပဲကိုး။ သူက ရုပ်ရည်ချောမောရုံတင် မကဘူး။ ကံကြမ္မာကောင်းချီးလည်း ပေးခံထားရတယ် ”

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က ပြန်ဖြေလိုက်သည်  “ ဂိုဏ်းချုပ်ဟေမာန်လဝန်းက သူ့ကို ချီးကျူးလွန်းနေပါပြီ။ ကျုပ် ကြားတာတော့ ခင်ဗျားလည်း မွေးရာပါ ဝိညာဉ်ဖွဲ့စည်းပုံ ပါတဲ့ တပည့်တစ်ယောက် ရထားတယ်ဆို ”

ကျောက်စိမ်းရေကန် ဂိုဏ်းချုပ်က ရှန်ထျန်းအား ကြည့်လိုက်ရင်း

“ သူမရဲ့ ဖွဲ့စည်းပုံက အတော်လေး ကောင်းပေမဲ့ သူမက ရှင့်တပည့်အပေါ် လုံးဝ စိတ်ရောက်နေတာတော့ နှမြောစရာပဲ။ ကျွန်မ တပည့်အပေါ် အာရုံစိုက်မှုတွေ အချည်းနှီးဖြစ်ကုန်မှာပဲ စိုးရိမ်မိတယ်။

ရှင့်တပည့်လေးက ရုပ်ချောပြီး ချစ်စရာကောင်းတယ်ဆိုတော့ အဆင်ပြေပါတယ်လေ … ဒါက တစ်ဖက်သတ် ဖြစ်နေမှာလည်း စိုးရိမ်မိတယ်။ အသည်းခွဲသမား တစ်စုံတယောက်ဆီက မသင်ယူထားတာ ပိုကောင်းလိမ့်မယ်လေ ”

ကျောက်စိမ်းရေကန် ဂိုဏ်းချုပ်၏ စကားကြောင့် ရှန်ထျန်း၊ ရှောင်လင်းနှင့် ရဲရဲနီကကြိုး ကောင်းကင်အသျှင်တို့၏ မျက်နှာက အနည်းငယ် အနီရောင်သမ်းလာကြသည်။

ကြာပြာကောင်းကင်အသျှင်က ဘာမှထူးမလာပေ။ သူက ခေါင်းအသာလှည့်ပြီး နောက်မှ တုတ်ဖြင့် ကစားနေလေ၏။

တာအိုလက်တွဲဖော် ထားလိုက်ရင် ငါ နယ်မြေငါးခုကို စိတ်ကြိုက် မသွားနိုင်တော့ဘူး … ငါက အထက်ဘုံကို‌ သေချာပေါက် တက်လှမ်းမှာဆိုတော့ အနေဝေးတဲ့ ဆက်ဆံရေးမျိုးကို လုံးဝမယုံနိုင်ဘူး

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က ပြောလိုက်သည်

“ ကလေးတွေ ကိစ္စကို သူတို့ကိုပဲ ဆုံးဖြတ်ခိုင်းလိုက်တာပေါ့။ ယွင်ရှီးနဲ့ ထျန်းအာက စေ့စပ်ထားတယ်လေ။ ဒါပေမဲ့ သူတို့ကို အတင်းကျပ် ဖိအားမပေးပါဘူး။ အားလုံးက ကံစီမံရာအတိုင်းပဲပေါ့ ”

ကျောက်စိမ်းရေကန် ဂိုဏ်းချုပ်က ရှန်ထျန်းကို သေချာစိုက်ကြည့်လိုက်ပြီး

“ ဂိုဏ်းချုပ်လုံယွမ် ပြောတာ မှန်တယ်။ ကံစီမံရာအတိုင်း ထားလိုက်ကြတာပေါ့။ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေနဲ့ အိမ်နီးချင်းတွေဆိုတော့ တကယ်လို့ သူတော်စင် စိတ်ဝင်စားရင် မကြာခဏ လာလည်လို့ ရတယ်နော်။

ကျောက်စိမ်းရေကန် အထွတ်အမြတ်မြေက အမျိုးသမီး ကျင့်ကြံသူတွေကိုပဲ လက်ခံတာလေ။ သူတော်စင်လိုမျိုး ပြိုင်ဖက်ကင်း ပါရမီရှင်တွေ အများကြီး ရှိတယ်ဆိုတော့ ရောက်လာမယ်ဆိုရင် သူတို့က ကြိုဆိုကြမှာပါ … ”

ကျောက်စိမ်းရေကန် ဂိုဏ်းချုပ်က ပုံမှန်အတိုင်း ပြောလိုက်သော်လည်း အခြားသော ဂိုဏ်းခေါင်းဆောင်များနှင့် အကြီးအကဲများက မနာလိုဖြစ်လာကြသည်။

ကျောက်စိမ်းရေကန် အထွတ်အမြတ်မြေ၌ အချောအလှလေးများဖြင့် ပြည့်နှက်နေကြောင်း သိထားရပေမည်။ ဤသည်မှာ အရှေ့ပိုင်းလွင်ပြင် တွင် လူသိများသည့်အချက် ဖြစ်၏။

အရှေ့ပိုင်းလွင်ပြင် ပါရမီရှင်များက ကျောက်စိမ်းရေကန် အထွတ်အမြတ်မြေမှ အမျိုးသမီး ကျင့်ကြံသူကို ပိုးပန်းပြီး လက်ထပ်ယူနိုင်လျှင် ဂုဏ်ယူကြရသည်။

ရှေးအခါကတည်းက ကျောက်စိမ်းရေကန် အထွတ်အမြတ်မြေဆီ ထူးထူးခြားခြား ချွင်းချက်အနေနှင့် ဆင့်ခေါ်ခံရသော ပါရမီရှင်အရေအတွက်က လက်တစ်ဖက်ဖြင့် ရေတွက်လို့ ရပေသည်။ သူတို့က စဖိတ်ခေါ်သည်ကိုတော့ ပြောနေဖို့ပင် မလိုတော့ပေ။

ကျောက်စိမ်းရေကန် ဂိုဏ်းချုပ်က အံ့ဖွယ်မိုးကောင်းကင် သူတော်စင်အား အထင်ကြီးနေလိမ့်မည်ဟု မည်သူကများ တွေးထားမည်နည်း။

ဘာလို့လဲ … သူက ရုပ်ချောလွန်းနေလို့လား …

ထိုစဉ် သူတို့စီနီယာများနောက် ရပ်နေကြသည့် ပါရမီရှင်အားလုံးက အားကျနေကြသည်။

တစ်ဖက်တွင် ရှန်ထျန်းက တစ်ယောက်နှင့် တစ်ယောက် မျက်နှာချင်းဆိုင်ထိုင်လျက် ကောင်းကင်အရှိန်အဝါများ လှုပ်ခတ်နေကြသော ဂိုဏ်းချုပ်နှစ်ယောက်ကိုသာ ကြည့်လိုက်မိတော့သည်။

ရှန်ထျန်းက သူတို့နှစ်ယောက်ကြား မမြင်နိုင်သည့် တိုက်ပွဲမျိုး ဖြစ်ကာ မီးပွားများ လွှင့်စင်လာသလိုမျိုး ခံစားနေရသည်။

ဂိုဏ်းချုပ်နဲ့ အကြီးအကဲခေါင်းဆောင်တွေက ငါ့ဆရာရဲ့ပွဲအခမ်းအနားမှာ ဘာလို့ ငါ့ကို ရှိစေချင်ကြတာလဲ …

ငါ့လို အားနည်းလှတဲ့ ရွှေရောင်ကိုယ်ထည်အဆင့်လေးနဲ့ ဒီလိုအားကောင်းတဲ့ ပုဂ္ဂိုလ်တွေနဲ့ ထိုင်ဖို့  သင့်တော်ပါ့မလား …

ငါ့ကို တစ်ယောက်ယောက် သတိထားမိသွားရင် ဘယ်လိုလုပ်မလဲ … သူတို့က ငါ့ကို အကောက်ကြံကြရင်ရော …

မိတ်ဆွေတစ်ယောက်ရှိခြင်းက ရန်သူတစ်ယောက် တိုးခြင်းထက် ပိုကောင်းသောကြောင့် လူမသိလူမသိလေးသာ နေဖို့ ဆုံးဖြတ်ထားသည်။

ဆရာရေ ကျွန်တော်ကို ဘာလို့များ လူမသိလူမသိလေး မနေခိုင်းရတာလဲဗျာ …

...............

ရှန်ထျန်းက သူ့နေရာမှာ ထိုင်ရတာ မသက်မသာ ဖြစ်လာမိသည်။

လောကဝတ် ပြုပြီးနောက် ဂိုဏ်းချုပ်တို့က တခြားကိစ္စများသာ ဆက်လက် ဆွေးနွေးကြ၍ ကံကောင်းသွားလေသည်။

“ ကျုပ်က ခင်ဗျားတို့အားလုံးကို ဖိတ်ခေါ်လိုက်တာ စစ်နတ်ဘုရား မျှော်နန်းဆောင်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဆိုပေမဲ့ ဒီအကြောင်းချည်းတော့ မဟုတ်ပါဘူး ”

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ ကောင်းကင်အရှိန်အဝါတို့က တဖန်မြင့်တက်လာသည်။

“ ပိုပြီး အရေးကြီးတာက ကျုပ် မိစ္ဆာဝိညာဉ်ရဲ့ ခုနှစ်သွယ် သတ်ဖြတ်ရေးဂိုဏ်း တည်နေရာကို သိထားပြီးပြီ။ မနက်ဖြန် ညသန်းခေါင်ဆိုရင် နှစ်သုံးထောင် တစ်ခါကျရောက်တဲ့ ကောင်းကင်နတ်ဆိုးရက်မြတ်ပဲ။ သူတို့မိစ္ဆာကျင့်ကြံသူတွေအတွက် မိစ္ဆာဝိညာဉ် ဓမ္မလက်နက်တွေ ဖန်တီးဖို့ အကောင်းဆုံးပဲ။ ကောင်းကင်နတ်ဆိုးရက်မြတ်မတိုင်ခင် အားလုံးရဲ့ အင်အားကို စုစည်းပြီးတော့ ခုနှစ်သွယ် သတ်ဖြတ်ရေးဂိုဏ်းကို ရှင်းထုတ်ပစ်ဖို့ မျှော်လင့်ပါတယ်။

မဟုတ်ရင် ခုနှစ်သွယ် သတ်ဖြတ်ရေးဂိုဏ်းရဲ့ ကျင့်ကြံသူတွေက သူတို့ဓမ္မလက်နက်တွေ ဖန်တီးဖို့ ထပ်ပြဿနာရှာကြလိမ့်မယ်. အဲဒီအခါကျ ကျုပ်တို့ဘက်က အားသာနေရင်တောင် သူတို့ကို တားဆီးလို့ မရနိုင်တော့ဘူး  ”

ကျန်းလုံယွမ်၏ အသံက အေးစက်နေသော်လည်း သူ့စကားများက အထွတ်အထိပ်ရှင်များနှင့် ကောင်းကင်အသျှင်များကို အံ့ဩသွားစေသည်။

ရှေးအခါကတည်းက မိစ္ဆာဝိညာဉ်ဂိုဏ်းသည် လျို့ဝှက်စွာ ပုန်းအောင်းခဲ့ကြသည်။ သူတို့ တိုက်ခိုက်သည့်အချိန်တိုင်း တည်နေရာကို ပြောင်းလေ့ရှိသောကြောင့် သူတို့အား ရှင်းထုတ်ပစ်ဖို့ အင်မတန် ခက်ခဲလှပေသည်။

ပုံမှန်အားဖြင့် သူတို့က တည်နေရာ တစ်ခု၊ နှစ်ခုလောက်ကို ဖျက်စီးနိုင်သည်ဆိုလျှင် အောင်မြင်မှုကြီး ဖြစ်နေလေပြီ။

ကျန်းလုံယွမ်က ဂိုဏ်းခွဲ၏ တည်နေရာကို သိထားလိမ့်မည်ဟု မည်သူကများ ထင်မိမည်နည်း။

မိစ္ဆာဝိညာဉ်ဂိုဏ်းခွဲများ၌ အားအနည်းဆုံးဂိုဏ်းခွဲပင် သာမန်ချိုင့်ဝှမ်းဖြင့် နှိုင်းယှဉ်၍ ရလေသည်။

သူတို့ကြားတွင် အားအကောင်းဆုံး ဂိုဏ်းခွဲတချို့က အားနည်းသော အထွတ်အမြတ်မြေများကိုပင် တိုက်ရဲကြသည်။ အကယ်၍ သူတို့သာ ဂိုဏ်းခွဲတစ်ခုကို ရှင်းထုတ်နိုင်ခဲ့ပါက အရှေ့ပိုင်းလွင်ပြင်၏ အင်အားကို ပြသပြီးသား ဖြစ်သွားရုံသာမက ဤနှစ်အတွင်း စုဆောင်းခဲ့ကြသော ပစ္စည်းများ၊ အရင်းအမြစ်များကိုလည်း ရနိုင်သေး၏။

ထိုအရာများက အထွတ်အမြတ်မြေအနေနှင့်ပင် လိုချင်တပ်မက်လောက်အောင် အထင်ကြီးစရာ ကောင်းပေသည်။

All Chapters