သူ့အတွက် အားဖြည့်စာ
Vol. 18 Ch. 266
အခန်း (၂၆၆) : သူ့အတွက် အားဖြည့်စာ
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က ခုနှစ်သွယ် သတ်ဖြတ်ရေးဂိုဏ်း ရှင်းထုတ်ရေးအတွက် အပြည့်အဝ အမှတ်မယူထားပေ။ တစ်ဖက်တွင် ကျောက်စိမ်းရေကန် အထွတ်အမြတ်မြေက ထိုအရာကို ကောင်းကောင်း သိထားပြီး သူတို့လည်း အမှတ်ခွဲနေရနိုင်သည်။
မိစ္ဆာဝိညာဉ်ဂိုဏ်းက နယ်မြေငါးခု၏ အထွတ်အမြတ်မြေများ တိုက်ခိုက်မှုအောက်တွင်ပင် ကြာရှည်တည်ရှိခဲ့လေရာ သူတို့လည်း နောက်ခံမသေးကြောင်း ပြသနေသည်။
မိစ္ဆာဝိညာဉ်ဂိုဏ်းက ဂိုဏ်းတစ်ခုအဖြစ် သတ်မှတ်ရမည်ထက် အပြစ်ကျူးလွန်သူများ စုစည်းထားသည့် မဟာမိတ်တစ်ခုနှင့် ပိုတူပေသည်။
အကယ်၍ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေသာ အားအပြည့်သုံးလိုက်ပါက ခုနှစ်သွယ် သတ်ဖြတ်ရေးဂိုဏ်းခွဲကို အလွယ်လေး ဖျက်စီးပစ်နိုင်သည်။
သို့သော်လည်း အထွတ်အမြတ်မြေ၏ စွမ်းအားအများစုကို သုံးလိုက်လျှင် မိစ္ဆာဝိညာဉ်ဂိုဏ်းက သူတို့ကို လက်စားချေဖို့ ပစ်မှတ်ထားလာနိုင်သည်။ ဤသည်က အရေးကြီးသည့် အနေအထားတော့ မဟုတ်ပေ။ လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းခန့်က အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေအနေနှင့် သူတို့၏ အတ္တနှင့် အင်အားကို ပြလိုသောကြောင့် အမှားပြုလုပ်မိခဲ့သည်။ ထိုအချင်းအရာက သူတို့အတွက် အဆုံးသတ် မကောင်းခဲ့ပေ။
နောက်ဆုံးတွင် အထွတ်အမြတ်မြေ၌ ကံကြမ္မာသားတော် ပေါ်ထွက်လာပြီး ကိစ္စများက ပြန်ကောင်းလာခဲ့ခြင်း ဖြစ်၏။
ကျန်းလုံယွမ်က ထိုအချိန်တုန်းကလိုမျိုး အမှားကို မလုပ်ချင်တော့ပေ။ သူက အကျိုးမြတ်တစ်ဝက်သာ ယူပြီး ကျောက်စိမ်းရေကန် အထွတ်အမြတ်မြေကို ၃၀ ရာခိုင်နှုန်းနှင့် ကျန် ၂၀ ရာခိုင်နှုန်းကို ကောင်းချီးနယ်မြေများနှင့် ချိုင့်ဝှမ်းများကို ခွဲပေးမည်။ ဤသည်မှာ ဂိုဏ်းအမြစ်ဖြတ်ရှင်းထုတ်မှုတွင် ပံ့ပိုးမှုနှင့် အကျိုးမြတ် ခွဲဝေပေးထားခြင်း ဖြစ်၏။
အခြားလူများနှင့် ဆွေးနွေးလိုက်ပြီးနောက် အထွတ်အမြတ်မြေနှစ်ခု၊ ချိုင့်ဝှမ်း ခြောက်ခုနှင့် ကောင်းချီးနယ်မြေ ၁၂ ခုတို့က ဂိုဏ်းအမြတ်ဖြတ်ရှင်းထုတ်ရေးတွင် ပါဝင်လာကြသည်။ အထွတ်အမြတ်မြေ ဂိုဏ်းချုပ်များက ဦးဆောင်လိုက်ကြသည်။
အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေမှ ကြာဖြူကောင်းကင်အသျှင်၊ ကြာပြာကောင်းကင်အသျှင်နှင့် ကြာနီကောင်းကင်အသျှင်တို့ကို ကနဦးဝိညာဉ်အဆင့် ကျင့်ကြံသူ ၁၈ ယောက်ဖြင့် စေလွှတ်ပေးခဲ့သည်။
ကျောက်စိမ်းရေကန် အထွတ်အမြတ်မြေက နှင်းပွင့်ကကြိုး ကောင်းကင်အသျှင်၊ ဝိညာဉ်ကကြိုး ကောင်းကင်အသျှင်နှင့် ရဲရဲနီ ကကြိုးကောင်းကင်အသျှင်တို့ကို ကနဦးဝိညာဉ်အဆင့် ကျင့်ကြံသူ ၁၈ ယောက်နှင့်အတူ ပေးပို့ခဲ့သည်။
ချိုင့်ဝှမ်းများက တစ်ဂိုဏ်းချင်းစီအတွက် ကောင်းကင်အသျှင် တစ်ယောက်၊ ကနဦးဝိညာဉ်အဆင့် ကျင့်ကြံသူ ၆ ယောက်နှင့် ရွှေအမြုတေအဆင့် ကျင့်ကြံသူ ၁၈ ယောက်တို့ကို ပံ့ပိုးခဲ့သည်။ ကောင်းချီးနယ်မြေများကား ကနဦးဝိညာဉ် ထိပ်သီးအဆင့် ကျင့်ကြံသူ ၃ ယောက်နှင့် ရွှေအမြုတေအဆင့် ၁၈ ယောက်တို့ကို ထောက်ပံ့ခဲ့သည်။
စုစုပေါင်းအားဖြင့် သူတော်စင်အရှင် နှစ်ယောက်၊ ကောင်းကင်အသျှင် ၁၂ ယောက်၊ ကနဦးဝိညာဉ်အဆင့် ကျင့်ကြံသူ ၁၀၈ ယောက်နှင့် ရွှေအမြုတေအဆင့် အယောက် ၃၆၀ တို့ ဖြစ်ကြသည်။ အရေအတွက်အားဖြင့် အားကြီးသော အင်အားစုတစ်ခု ဖြစ်၏။ အထွတ်အမြတ်မြေပင် ထိုသို့အဖွဲ့မျိုးဖြင့် ရင်ဆိုင်တိုက်ရဲမည် မဟုတ်ပေ။
ဤသည်မှာ ပူးပေါင်းခြင်း အင်အား ဖြစ်၏။
…………...
စံအိမ်တော်အတွင်း အစားအသောက် သုံးဆောင်ပြီးနောက် ကျန်းလုံယွမ်က ချိုင့်ဝှမ်းနှင့် ကောင်းချီးနယ်မြေများအား ပြင်ဆင်ဖို့ သိပ်များများစားစား မပေးပေ။
မိစ္ဆာဝိညာဉ်ဂိုဏ်းက သွေးသတ်ဖြတ်ရေး ဂိုဏ်းသခင် အဖမ်းခံရကြောင်း သိဖို့ သိပ်ကြာမည် မဟုတ်ပေ။
သူတို့သာ သတင်းရသွားသည်နှင့် ဆက်စပ်တွေးမိသွားလောက်သည်။ သူတို့က အမှောင်ထဲ ပုန်းအောင်းနေသောကြောင့် အင်မတန် သတိကြီးကြသည်။ အကယ်၍ သူတို့သာ မမြန်ဆန်ပါက ထိုမိစ္ဆာဝိညာဉ်ဂိုဏ်းသားများအား ဖမ်းမိမည် မဟုတ်ပေ။ ချိုင့်ဝှမ်းနှင့် ကောင်းချီးနယ်မြေများ၌ မိစ္ဆာဝိညာဉ်ဂိုဏ်းမှ သူလျိုများ ရှိနေမလားလည်း မသိထားပေ။
ယခု သူက မည်သူကိုမှ မယုံပေ။
“ ထျန်းအာ … ဒါက အတွေ့အကြုံကောင်းကောင်း ရမဲ့ ခရီးတစ်ခုပဲ။ မင်းလည်း လိုက်သင့်တယ် ”
ဂိုဏ်းချုပ်က ထျန်းအာ ပခုံးကို ပုတ်ကာ ဆက်ပြောလိုက်သည် “ မင်းက ကံကြမ္မာသားတော်ဆိုတော့ မင်းသာ ပါလာရင် ငါတို့တွေ အနိုင်ရမှာ အသေအချာပဲ”
အထွတ်အမြတ်မြေ ဂိုဏ်းချုပ်က ရှန်ထျန်းကို မည်မျှတန်ဖိုးထားကြောင်း မြင်ပြီး ချိုင့်ဝှမ်းများနှင့် ကောင်းချီးနယ်မြေများ၏ ပါရမီရှင်များက မနာလိုဖြစ်လာကြသည်။
ဟူး …
ပြောရမည်ဆိုလျှင် အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ် ကျန်းလုံယွမ်က သူရဲကောင်းတစ်ဦး ဖြစ်၏။
သူက ပျက်စီးနေသော အထွတ်အမြတ်မြေကို ပြန်လည်ပျိုးထောင်နိုင်ခဲ့သည်။ တကယ်တော့ သူက တစ်ချိန်လုံး ကံကြမ္မာကို အသုံးချနေခြင်းသာ ဖြစ်နေသည်။
ရှန်ထျန်း၏ ကံကြမ္မာက အတော်လေး ထူးခြားကောင်းမွန်ကြောင်း ဝန်ခံရပေမည်။ သူက အထွတ်အမြတ်မြေ၏ အခန်းဆက် အမွေအနှစ်ကို ရှာတွေ့ရုံသာမက စစ်နတ်ဘုရား မျှော်နန်းဆောင်ကိုလည်း ရှာတွေ့ခဲ့သည်။
သို့သော်လည်း သူ့အား တိုက်ပွဲလာဘ်ကောင် လုပ်ခိုင်းဖို့ မသင့်တော်လောက်ပေ။
မိစ္ဆာဝိညာဉ်ဂိုဏ်းကနေ ဆန်းကြယ်ပညာရပ်တစ်ခုခု သုံးပြီး သူ့ကို သတ်သွားရင်ရော …
ကျန်းလုံယွမ်က ထိုအကြောင်းကို လုံးလုံး စိတ်မပူပေ။ သူက ကံကြမ္မာစွမ်းအားကို အပြည့်အဝ ယုံကြည်ထား၏။
ရှန်ထျန်းအနေနှင့် ကံဆိုးစရာ အကြောင်း မရှိပေ။ ကံကြမ္မာအနေအထားအရ ရှန်ထျန်းသည် ဤတိုက်ပွဲကြီး၌ အခွင့်အရေးမြောက်များစွာ ကြုံတွေ့နိုင်ကြောင်း သေချာနေသည်။
စွန့်စားမှု၊ တိုက်ပွဲများ၊ ပဋိပက္ခများက ကံကြမ္မာသားတော် ကြီးထွားလာစေဖို့အတွက် အားဖြည့်စာသာ ဖြစ်၏။
သူက သူ ဖတ်ဖူးသည့် စာအုပ်ကို ကျေးဇူးတင်ရပေမည်။ ကျန်းလုံယွမ်က ရှန်ထျန်းအတွက် အခွင့်အရေးကောင်း ဖန်တီးပေးသင့်သည်ဟု ခံစားမိသည်။ ထိုအခါမှ ရှန်ထျန်းက အချိန်တိုအတွင်း တတ်နိုင်သမျှ မြန်မြန် အားကောင်းလာပေမည်။
…………….....
ရှန်ထျန်းက တိုက်ပွဲသွားရမည့် အကြံအစည်အား သဘောမကျပေ။
ဆင်းရဲသူများသာ သူတို့အသက်ကို စွန့်စွန့်စားစား ကျင့်စဉ်များနှင့် အရင်းအမြစ်များကို သွားရောက်ရှာဖွေကြသည် မဟုတ်ပါလော။
ရှန်ထျန်းက ယင်ယန် မိုးကြိုးဖောက်ခွဲရေးအဆောင်နှင့် စစ်နတ်ဘုရား မျှော်နန်းဆောင် ဝေစုဖြင့်ပင် ပိုက်ဆံရှာနိုင်နေလေပြီ။ သူက တခြားသော တော်ဝင်ကျမ်းများစွာလည်း လက်ဝယ်ပိုင်ထားသေး၏။
သူ့အနေနှင့် ခုနှစ်သွယ် သတ်ဖြတ်ရေးဂိုဏ်းဆီ လိုက်ပြီး တိုက်ပွဲဝင်ရသည်မှာ အကျိုးအကြောင်းမသင့်လှပေ။ ရှန်ထျန်းက ခဏတာ စဉ်းစားလိုက်ပြီးနောက် ငြင်းပယ်ဖို့ ဆုံးဖြတ်လိုက်သည်။
သူက ဂိုဏ်းချုပ်အား ပြောလိုက်၏ “ ဆရာက သွားဖို့ ပြောမှတော့ ကျွန်တော် နာခံပါ့မယ် ”
ဟုတ်ပေသည်။ သူက သူ့အတွေးကို ငြင်းဆန်လိုက်ခြင်း ဖြစ်၏။
သူ့ဆရာက ဒီတစ်ခါ ကိုယ်တိုင် ပြောနေလေရာ သူ့အနေနှင့် ငြင်းပယ်ဖို့ ခက်ခဲလှသည်။
ဂိုဏ်းချုပ်အနားမှ ကောင်းကင်အရှိန်အဝါတို့က လှုပ်ခတ်သွားပြီး “ ကောင်းတယ် … မင်းရဲ့ စွန့်စားချင်တဲ့ စိတ်ဓာတ်ကို သဘောကျတယ် ”
သူ့အိတ်ထဲမှ သူတော်စင် အမှတ်အသားပြားက ပျံသန်းထွက်လာလေသည်။ ဂိုဏ်းချုပ်က ထိုအပေါ် မိုးကြိုးအားတစ်ချက် ချပေးလိုက်၏။ ထိုမိုးကြိုးချက်က အမှတ်အသားပြားထဲ ဝင်သွားသည့်အခါ ဂိုဏ်းချုပ်၏ အရှိန်အဝါက သိသိသာသာ မှေးမှိန်သွားသည်။
သူက စွမ်းအားများစွာ သုံးလိုက်ရဟန် ပေါ်၏။
အမှတ်အသားပြားက ရှန်ထျန်းဆီ ပြန်ရောက်လာပြီးနောက် ဂိုဏ်းချုပ်က ပြောလိုက်သည် “ တိုက်ကွက် သုံးကွက် ပြန်ထည့်ပြီးသွားပြီ။ ထျန်းအာ … မိစ္ဆာဂိုဏ်းက ကောင်းကင်အသျှင်တွေနဲ့ တိုက်ရင် ကိုယ့်ဘာသာ ကာကွယ်ဖို့ သတိထား။ ဘေးကင်းမှုက ဦးစားပေးပဲ။ မင်းရဲ့ အသက်က မိစ္ဆာဝိညာဉ်ဂိုဏ်းက သူတော်စင်အရှင်ဆယ်ယောက်ကို သတ်တာထက် ပိုအရေးကြီးတယ် ”
ဂိုဏ်းချုပ်က စိတ်ခံစားချက်မပါဘဲ ပြောလိုက်သော်လည်း ရှန်ထျန်းက သူ မည်မျှဂရုစိုက်ခံရကြောင်း ခံစားမိလိုက်သည်။
“ဆရာ စိတ်ချနေပါ။ ကျွန်တော် သေချာဂရုစိုက်ပါ့မယ် ”
စစ်နတ်ဘုရား မျှော်နန်းဆောင် ကမ္ဘာငယ်လေးထဲ ရောက်လာစဉ်အခါက ယဲ့ချန်းခန်ကလည်း ရှန်ထျန်းအား အမှတ်အသားပြားတစ်ခု ထုတ်ပေးခဲ့သည်။
ထိုအမှတ်အသားပြားက ရှန်ထျန်းနှင့် ယဲ့ချန်းခန်အား ဆက်သွယ်နိုင်အောင် ပြုလုပ်ပေးထားသည်။ အကယ်၍ လိုအပ်လာပါက သူက လေဟာနယ်အတွင်း စစ်နတ်ဘုရား မျှော်နန်းဆောင်ကို လှမ်းဆင့်ခေါ်နိုင်သည်။
ရှန်ထျန်းက သူသာ သတိထားပါက ဤအမှတ်အသားပြားဖြင့် ဘာပြဿနာမှ မရှိကြောင်း ခံစားမိ၏။
တိုက်ပွဲအကြောင်း အသေးစိတ်ဆွေးနွေးပြီးနောက် ဂိုဏ်းချုပ်နှစ်ယောက်က ကောင်းကင်အသျှင်များ၊ အထွတ်အထိပ်ရှင်များနှင့်အတူ ထိုနေရာသို့ ထွက်ခွာသွားသည်။
ကျန်ရှိနေသူများက ညွှန်ကြားချက်ကို စောင့်ဆိုင်းပြီး မိစ္ဆာဝိညာဉ်ဂိုဏ်းသားများကို သုတ်သင်ပစ်မည့် နေရာသို့ ပို့ဆောင်ခံရမည် ဖြစ်သည်။ သူတို့က အဓိကတိုက်ပွဲ၌ မကူနိုင်ကြပေ။
ရွှေအမြုတေအဆင့် ကျင့်ကြံသူများက သူတော်စင်အဆင့်နှင့် ကောင်းကင်အသျှင်တို့ တိုက်ပွဲ၌ ပါးမွှားမျှသာ ဖြစ်ကြသည်။
သူတော်စင်အရှင်၏ တိုက်ကွက်တစ်ခုက ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်အုပ်လုံးကို အလွယ်လေး သတ်ပစ်နိုင်သည်။
ရှန်ထျန်းကတော့ ချွင်းချက် ဖြစ်၏။
..............
အံ့ဖွယ်မိုးကောင်းကင် ယာဉ်ပျံကြီး ပေါ်လာသည်။
တိုက်ပွဲ ဗုံသံများ စတင်မြည်ဟီးလာပြီး ဂိုဏ်းချုပ်အနားရှိ ကောင်းကင်အရှိန်အဝါတို့ကလည်း မြင့်တက်လာသည်။ သူက လက်ဟန်တချို့ ပြုလုပ်ကာ ဧရာမ အာကာပြင်မုခ်ဝကြီးကို ဆင့်ခေါ်လိုက်သည်။
တံခါးကြီးက ယာဉ်ပျံရှေ့မှောက် ပေါ်ထွက်လာသည်။ မည်သူမှ ထိုတံခါးချပ် ဦးတည်နေသည့်နေရာကို မသိကြပေ။
“ ယာဉ်ပျံကို ပို့ဆောင်ပေးဖို့ အာကာပြင်မုခ်ဝ အလွယ်လေး ဖန်တီးလိုက်တာလား။ လုံယွမ် … ရှင်က ကျွန်မ ထင်ထားတာထက် အားကောင်းတာပဲ ” ကျောက်စိမ်းရေကန် ဂိုဏ်းချုပ်က ပြောလိုက်သည်။
ယာဉ်ပျံ ထွက်ခွာပြီးနောက် တံခါးထဲ ဝင်ကာ ပျောက်ကွယ်သွားသည်။
တိုက်ပွဲအသစ်ကား စတင်တော့ပေမည်။