ကြာပြာ ကောင်းကင်အသျှင် အငြင်းခံရခြင်း
Vol. 18 Ch. 267
အခန်း (၂၆၇) : ကြာပြာ ကောင်းကင်အသျှင် အငြင်းခံရခြင်း
ကျယ်ပြောလှသော အရှေ့ပိုင်းလွင်ပြင်၌ သာမန်လူတချို့ အနည်းငယ် နေထိုင်ကြသည်။ ဤကျင့်ကြံရေးလောက၌ လူဦးရေများပြားခြင်းက ပြဿနာ မဟုတ်ပေ။ အကြောင်းမှာ နတ်ဆိုးများက တောင်နှင့် ရှေးဟောင်းတောအုပ်များတွင် ရံဖန်ရံခါ ပေါ်လာတတ်၍ ဖြစ်ကြသည်။ သာမန်လူသားများက အင်အားချဲ့ထွင်ဖို့ နည်းလမ်းမရှိကြပေ။
လူသားတိုင်းပြည်ကို ပစ်ထားလိုက်ခြင်းက ထိုနတ်ဆိုးများအတွက် အစာအဖြစ် အဆုံးသတ်သွားခြင်းနှင့် တူပေသည်။ အရှေ့ပိုင်းလွင်ပြင်၌ မိုင်ရာချီသွားလျှင်ပင် လူတစ်ယောက်နှင့် တစ်ယောက် တွေ့မည် မဟုတ်ပေ။ အရှေ့ပိုင်းလွင်ပြင်အတွင်း ထိုလျို့ဝှက် ဂူနေအိမ်များက တစ်ခုနှင့် တစ်ခု အရမ်းဝေးလှသည်။
ဤသို့သော အခြေအနေမျိုးအောက်တွင် မိစ္ဆာဝိညာဉ်ဂိုဏ်းခွဲများက ပုန်းအောင်းနေနိုင်သည်။ အကယ်၍ သူတော်စင်အရှင် ဖြစ်နေခဲ့လျှင်ပင် သူတို့၏ နတ်ဘုရားအသိစိတ်က အရှေ့ပိုင်းလွင်ပြင်တစ်ခုလုံးကို မဖြန့်ကျက်နိုင်ပေ။ သို့သော် တည်နေရာအကြမ်းဖျင်း ကြိုသိထားလျှင်မူ လုံးဝ ကွဲပြားသော ကိစ္စရပ်တစ်ခု ဖြစ်သွားလေပြီ။
.................
အံ့ဖွယ်မိုးကောင်းကင် ယာဉ်ပျံကြီးက အာကာပြင် လမ်းကြောင်းကို ဖြတ်သန်းလာကာ အာကာပြင်အတွင်း လှိုင်းတွန့်တချို့သာ ဖြစ်လာစေသည်။ မည်သူကမှ သတိမထားမိလိုက်ကြပေ။
နာရီများစွာ ကြာမြင့်ပြီးနောက် အရှေ့ပိုင်းလွင်ပြင် အမည်မသိ တည်နေရာတစ်ခု၌ …
အာကာပြင်အက်ကြောင်း တစ်ခုပွင့်လာပြီး ဧရာမ မုခ်ဝကြီး ဖြည်းဖြည်းချင်း ပေါ်လာသည်။ မြူခိုးအကာအရံတစ်လွှာ ဖုံးလွှမ်းထားသည့် အံ့ဖွယ်မိုးကောင်းကင် ယာဉ်ပျံက ထိုမုခ်ဝကို ဖြတ်သန်းလိုက်သည်။
ထိုမြူခိုးနှင့် တူသည့် အကာအရံက ယာဉ်ပျံမှ အငွေ့အသက်အားလုံးကို တခြားကျင့်ကြံသူများ အာရုံမခံမိစေရန် ကာကွယ်ပေးထားခြင်း ဖြစ်၏။
အားကောင်းသည့် ကျင့်ကြံသူများက ထိုယာဉ်ပျံ ကုန်းပတ်ပေါ်တွင် စောင့်ဆိုင်းနေကြပြီး သူတို့မျက်နှာထားများက သတိထားကာ ခက်ထန်လေးနက်နေသည်။
မိစ္ဆာဝိညာဉ်ဂိုဏ်းသားများကို အဆုံးသတ်မည့် တာဝန်ကား ရယ်စရာ မဟုတ်ပေ။ သူတို့အားလုံးက ရူးသွပ်နေကြသူများ ဖြစ်ပြီး အထွတ်အမြတ်မြေများနှင့် တိုက်ဖို့ ကြောက်ကြသည့်သူများ မဟုတ်ကြချေ။ ထို့အပြင် သူတို့လက်နက်များက အဆိပ်ပြင်းပြင်း ရှိနေတတ်ကြသေး၏။
အကယ်၍ မိစ္ဆာဝိညာဉ်ဂိုဏ်းသား၏ လှည့်စားမှုကို ခံလိုက်ရပြီး အဆိပ်မိသွားခဲ့လျှင် ဆိုးဆိုးရွားရွား သေဆုံးရပေမည်။ အသက်ရှင်နိုင်ခဲ့လျှင်ပင် အချိန်အတော်ကြာ ဆိုးကျိုးများကို ခံစားရပေဦးမည်။
နမူနာအားဖြင့် မအီမသာ ဖြစ်ခြင်း၊ ကျောက်ကပ် မကောင်းခြင်း၊ ပန်းသေခြင်း စသည်ဖြင့် ဖြစ်၏။
အဆိပ်မိလိုက်ပါက သေခြင်းတရားထက် ဆိုးရွားသည့် ကံကြမ္မာ ဖြစ်သွားမည်။
ကျင့်ကြံသူအားလုံးက အဆိပ်ကို ဖယ်ရှားပေးပြီး ခံနိုင်ရည် မြင့်တင်ပေးသည့် ပြန်လည်ဝင်စားခြင်း သန့်စင်မြေလို ရတနာမျိုး ပိုင်ဆိုင်ကြသည် မဟုတ်ပေ။
သူတို့က မိစ္ဆာဝိညာဉ်ဂိုဏ်းများနှင့် ရင်ဆိုင်ရသည့်အခါ နိုးနိုးကြားကြား သတိထားရုံမှအပ တခြားရွေးချယ်စရာ မရှိပေ။
……….....
“ သတင်းအရတော့ မိစ္ဆာဝိညာဉ်ဂိုဏ်း ခုနှစ်သွယ် သတ်ဖြတ်ရေးဂိုဏ်းခွဲက အဆုံးမဲ့ ရှေးဟောင်းနယ်မြေရဲ့ ကျတ်တီးမြေမှာ ရှိတာတဲ့”
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က ပြောလိုက်ရင်း ယာဉ်ပျံထိပ်တွင် ရပ်လိုက်ကာ အဝေးမှ စိတ်ပျက်ဖွယ် ကုန်းမြေကို လှမ်းကြည့်လိုက်သည်။ အဆုံးမဲ့ရှေးဟောင်းနယ်မြေသည် အရှေ့ပိုင်းလွင်ပြင်၌ အားအကောင်းဆုံး နယ်မြေတစ်ခု ဖြစ်ခဲ့သည်။ ကောင်းချီးနယ်မြေများလောက်အထိ အားကောင်းခဲ့ဖူး၏။
ထိုစဉ်အခါက တော်ဝင်မိသားစုဝင်များက ဝိညာဉ်အသွင်ပြောင်း အဆင့်အထိ ရောက်ခဲ့ကြသည်။ အကယ်၍ အရှေ့ပိုင်းလွင်ပြင်၏ လက်ရှိ ထိပ်တန်းကျင့်ကြံသူများနှင့် ယှဉ်ကြည့်လျှင် သူတို့က ကောင်းကင်အသျှင်များ အလွယ်တကူ ဖြစ်လာနိုင်သည်။
သို့သော် လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းခန့်က မိစ္ဆာဝိညာဉ်များ ကျူးကျော်လာပြီး ကျင့်ကြံသူများ တစ်ယောက်ပြီး တစ်ယောက် ကျဆုံးခဲ့ရသည်။
သူတို့က အစောပိုင်း ဝိညာဉ်အသွင်ပြောင်း ကျင့်ကြံသူမျှသာ ဖြစ်၍ မိစ္ဆာဝိညာဉ်များနှင့် ရင်ဆိုင်ရသည့်အခါ ကူကယ်ရာမဲ့နေသည်။ ထိုတိုက်ပွဲအတွင်း အဆိပ် ကျွမ်းကျင်သည့် မိစ္ဆာဝိညာဉ်က နယ်မြေတစ်ခုလုံးကို အဆိပ်မြူဖြင့် အုပ်လွှမ်းပစ်ခဲ့သည်။
မိစ္ဆာဝိညာဉ်က ထာဝရအရှင်လက်ထဲတွင် သေဆုံးသွားခဲ့သော်လည်း အဆုံးမဲ့ရှေးဟောင်းနယ်မြေကား ကျတ်တီးမြေအဖြစ်သာ ကျန်ရှိနေခဲ့သည်။
မိစ္ဆာဝိညာဉ် သေဆုံးပြီးနောက် သူ့ခန္ဓာကိုယ်ထဲမှ အဆိပ်များက နယ်မြေတစ်ခုလုံး ပျံ့နှံ့သွားကာ အဆိပ်ရှိသော သက်ရှိများ မွေးထုတ်ပေးရာ နေရာတစ်ခု ဖြစ်လာခဲ့သည်။
အဆိပ်အပင်များနှင့် ပိုးကောင်များက အဆများစွာ တိုးပွားလာပြီး ဤကျတ်တီးနယ်မြေတစ်လျှောက် ပျံ့နှံ့သွားသည်။ ထိုကြောင့် လက်ကျန် ကျင့်ကြံသူတို့ကလည်း ထိုနယ်မြေမှ ထွက်သွားဖို့သာ ရွေးချယ်လိုက်ကြရတော့သည်။
ခုနှစ်သွယ် သတ်ဖြတ်ရေးဂိုဏ်းက သူတို့၏ ဌာနချုပ်အဖြစ် တည်ထောင်ထားလိမ့်မည်ဟု မည်သူမှ ထင်မထားကြပေ။
...................
“အဆုံးမဲ့ရှေးဟောင်းနယ်မြေကို ကာထားတဲ့ ဒီမြူခိုးတွေက အဆိပ်ရှိတယ်။ အားလုံး မရှုမိကြဖို့ သတိထားကြပါ ”
ကြာဖြူကောင်းကင်အသျှင်က သိုလှောင်လက်စွပ်ထဲမှ ဆေးပုလင်းများ ထုတ်ကာ အဖွဲ့ဆီ ခွဲဝေပေးလိုက်သည် “ ဒါတွေက အဆိပ်ဖြေဆေးလုံးတွေ … မြူခိုးကြောင့် အဆိပ်မမိအောင် တားဆီးပေးတယ် ”
ဆေးက အလကား ဖြစ်၏။ လူတွေက တတ်နိုင်သလောက် များများ ယူထားကြသည်။
ထို့အပြင် ကြာဖြူကောင်းကင်အသျှင်၏ ဆေးပညာကား ဂုဏ်သတင်း ကျော်ဇောပေသည်။
ဤသို့သော အဆိပ်များသည့် အဆုံးမဲ့ရှေးဟောင်းနယ်မြေလိုမျိုး နေရာ၌ ဆေးပုလင်း အပိုဆောင်ထားခြင်းက ပိုကောင်းသည်။ ထိုစဉ် အားလုံးက ကြာဖြူကောင်းကင်အသျှင်အပေါ် လေးစားမှုအပြည့် ဖြစ်ကာ ကျေးဇူးတင်နေကြသည်။
“ သူတော်စင် ရှန်ထျန်းက အဆိပ်ဖြေဆေး မယူတော့ဘူးလား ” ရဲရဲနီ ကကြိုးကောင်းကင်အသျှင်က ရှန်ထျန်းဆီ ရောက်လာပြီး ဂရုတစိုက်ဖြင့် မေးလိုက်သည်
“ အရမ်းစိတ်မပူပါနဲ့။ ဒီမိစ္ဆာဝိညာဉ်ဂိုဏ်းကို သုတ်သင်ရေးမှာ အတွေ့အကြုံယူတယ်လို့ပဲ သဘောထား ဟုတ်ပြီလား။ ဘာမှစွန့်စားစရာ မလိုပါဘူး။ အံဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၊ အစ်ကိုချူး၊ အစ်မကြာဖြူနဲ့ ငါတို့က မင်းကို ကာကွယ်ပေးမှာပါ … ဘာအန္တရာယ်မှ မတွေ့စေရဘူး ”
ရှန်ထျန်းက ရဲရဲနီကကြိုး ကောင်းကင်အသျှင် မျက်နှာအထက်မှ မိခင်အပြုံးကို ကြည့်ကာ ခေါင်းညိတ်လိုက်ပြီး “ ဆရာဒေါ်လေး ဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျ … ကျွန်တော် နားလည်ပါပြီ ”
တကယ်တော့ သူက ရဲရဲနီကကြိုး ကောင်းကင်အသျှင်အား သူ့အနေနှင့် အဆိပ်ကို လုံးဝ ဂရုစိုက်ဖို့ မလိုကြောင်း ပြောပြချင်နေသည်။
ဒါပေမဲ့လည်း ထားလိုက်ပါတော့လေ …
ပြန်လည်ဝင်စားခြင်း သန့်စင်မြေက ဆန်းကြယ်မြေစာရင်းအတွင် အဆင့်သုံး ဖြစ်၏။ သူ့ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် စက်ဝန်းပြားက ပို၍ ရှားပါးသော လက်နက်တစ်ခု ဖြစ်နေသေး၏။
မည်သို့ပင်ဆိုစေကာမူ သူက အားလုံးကို လိုက်ပြောပြနေမည် မဟုတ်ပေ။ လူတစ်ယောက်က သိုသိုသိပ်သပ်နေပြီး ချမ်းသာကြွယ်ဝမှုအကြောင်း လိုက်မကြွားနေသင့်ပေ။
ဤသို့သော တိုက်ပွဲကြီး၌ လူမသိလူမသိလေး နေခြင်းက ပိုကောင်းပေသည်။ နောက်ကွယ်တွင် နေရင်း အကူအညီလိုအပ်လာမှ ရှေ့ထွက်ရမည်။ ရှန်ထျန်းက သူ့ခန်းမင်လက်စွပ်မှ အဆိပ်ဖြေဆေး တစ်လုံး ထုတ်ကာ မျိုချလိုက်သည်။ သူက လုံယွမ်ချပ်ဝတ်အား မထင်ရှားဆုံးဖြစ်အောင် ထိန်းညှိလိုက်သည်။
နတ်သားရဲငါးကောင် တောက်ပမှုက ပျောက်ကွယ်သွားပြီး နဂိုခမ်းနားကြီးကျယ်ဖွယ် ချပ်ဝတ်က ပုံစံရိုးရိုးအဖြစ် ပြောင်းလဲသွားသည်။ သို့သော် လုံယွမ်ချပ်ဝတ်တန်ဆာ၏ ကာကွယ်စွမ်းက မပြောင်းမလဲ ကျန်ရှိနေဆဲ ဖြစ်၏။ ယခု ရိုးရှင်းမှေးမှိန်သွားရုံမျှသာ ဖြစ်ပေသည်။
………….....
အားကောင်းသည့် ကျင့်ကြံသူများက ယာဉ်ပျံပေါ်မှ ခုန်ဆင်းကာ သူတို့အငွေ့အသက်များကို သေချာဖုံးကွယ်လိုက်ကြသည်။
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်နှင့် ကျောက်စိမ်းရေကန် ဂိုဏ်းချုပ်တို့လည်း လေဟာနယ်ထဲ ခုန်ဆင်းလိုက်ကြသည်။ ထိုနေရာမှ သူတို့က အဖွဲ့ကို ထောက်ပံ့ပေးကာ နယ်မြေတစ်ခုလုံးကို ပိတ်ဆို့ထားနိုင်မည့် အစီအရင် ဖန်တီးနိုင်မည် ဖြစ်၏။
အကယ်၍ မိစ္ဆာဝိညာဉ်ဂိုဏ်း၏ သူတော်စင်အရှင် ပေါ်လာခဲ့လျှင် သူတို့က ချက်ချင်း ဝင်နိုင်လိမ့်မည်။
“ အဆုံးမဲ့ရှေးဟောင်းနယ်မြေမှာ အဆိပ်ရှိတဲ့ အပင်တွေ၊ ပိုးကောင်တွေ အများကြီးရှိတယ်။ တချို့က အသိစိတ် မြင့်မားလာပြီးတော့ မကောင်းဆိုးဝါး အကြံအစည်တွေပါ ချတတ်နေကြပြီ။ အားလုံး ဂရုစိုက်ကြပါ ”
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ အသံ ထွက်ပေါ်လာသည် “ တကယ်လို့ အန္တရာယ်တွေ့ရင် ဘေးကင်းလုံခြုံမှုကိုသာ ဦးစားပေးကြပါ ”
သူတို့က အဆုံးမဲ့ရှေးဟောင်းနယ်မြေနား ချည်းကပ်လာလေလေ အဖွဲ့က တစ်ခုခု လွဲမှားနေသလိုမျိုး ခံစားလာရသည်။
သူတို့၏ နတ်ဘုရား အသိစိတ်အပေါ် အတားအဆီး သက်ရောက်ခံနေရမှန်း ခံစားလိုက်ရပြီး ရန်သူ၏ လှုပ်ရှားမှုကို ကောင်းကောင်း မစုံစမ်းနိုင်တော့ပေ။
ဆိုလိုသည်မှာ အနီးအနား၌ တစ်ခုခုကို ဖုံးကွယ်ဖို့ရာ ကျင့်ကြံသူများ ဖန်တီးထားသည့် အစီအရင် တစ်ခု ရှိနေခြင်း ဖြစ်၏။
အကယ်၍ သူတို့သာ အစီအရင်ဗဟိုချက်ကို မချိုးဖောက်လျင် နတ်ဘုရားအသိစိတ်ဖြင့် စစ်ဆေး၍ ရမည် မဟုတ်တော့ပေ။ သို့သော် အစီအရင်ချိုးဖောက်လိုက်ပါက သူတို့တည်ရှိမှုအကြောင်း ရန်သူကို အသိပေးသလို ဖြစ်သွားပေမည်။
အစီအရင် ချိုးဖောက်ရန် လိုအပ်သော အချိန်ပမာဏက သူတို့ပစ်မှတ်ကို ထွက်ပြေးသွားစေနိုင်၏။ အဆုံးမဲ့ရှေးဟောင်းနယ်မြေက ကျတ်တီးမြေတစ်ခု ဖြစ်လေရာ ဤနေရာ၌ အစီအရင်တစ်ခု မည်သို့ရှိနေရသနည်း။
ဤသည်မှာ လုံးဝ အဓိပ္ပါယ်မရှိပေ။
အဖွဲ့က ဤနေရာ၌ ခုနှစ်သွယ် သတ်ဖြတ်ရေးဂိုဏ်း ပုန်းအောင်းနေကြောင်း အနည်းနှင့်အများ ယုံကြည်လာကြသည်။
ကောင်းကင်အသျှင် ၁၂ ယောက်ကား တစ်ယောက်ချင်းစီတွင် ကနဦးဝိညာဉ်အဆင့် ၉ ယောက်နှင့် ရွှေအမြုတေအဆင့် အယောက် ၃၀ တို့ကို ဦးဆောင်ထားကြသည်။ သူတို့က အဆုံးမဲ့ရှေးဟောင်းနယ်မြေဆီ ချီတက်လာကြသည်။
တစ်ယောက်ချင်းစီက အံ့ဖွယ်မိုးကောင်းကင်မှ သီးသန့် ပြုလုပ်ပေးထားသော အချက်ပြ သေနတ်တစ်လက်စီ ကိုင်ဆောင်ထားကြသည်။ အသက်သွင်းလိုက်သည်နှင့် မိုင်ရာချီ အဝေးမှာရှိနေသော အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေဆီ အချက်ပြမီး ပစ်လွှတ်ပေးလိမ့်မည်။
ထိုသို့သော နတ်ဘုရားအသိစိတ် ကန့်သတ်ခံထားရသော အခြေအနေမျိုး၌ အချက်ပြနည်းလမ်းက တပ်ကူခေါ်ဖို့ အထိရောက်ဆုံး နည်းလမ်း ဖြစ်၏။ သေနတ်တစ်ချက်မှ အချက်ပြမီးတစ်ခုဖြင့် တပ်ကူသောင်းချီ ရောက်လာလိမ့်မည်။
................
“ ထျန်းအာ … ငါတို့အဖွဲ့ကို လာလေ ”
ရှန်ထျန်းက ကြာဖြူကောင်းကင်အသျှင်နှင့် တစ်သင်းတည်း ဖြစ်ရန် ရည်ရွယ်ထားလေသည်။
ထိုစဉ် ခပ်ကျယ်ကျယ် အသံတစ်ခု ထွက်ပေါ်လာလေ၏ “ ငါသာ မင်းကို ကာကွယ်ပေးမယ်ဆိုရင် ဘယ်သူမှ မင်းကို ထိရဲမှာ မဟုတ်ဘူး ”
ကြာပြာကောင်းကင်အသျှင်က သူ့ရွှေတုတ်ဖြင့် လှောက်လှမ်းလာလေသည်။ သူ့နောက်တွင် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေမှ အထွတ်အထိပ်ရှင် ကိုးယောက် လိုက်ပါလာ၏။
ရှန်ထျန်းက ပြန်မေးလိုက်သည် “ဆရာဦးလေးကြာပြာဆီမှာ ကနဦးဝိညာဉ်အဆင့် ကျင့်ကြံသူပဲ ရှိပြီးတော့ ရွှေအမြုတေအဆင့် တစ်ယောက်မှ ဘာလို့ပါမတာလဲ ”
ကြာပြာကောင်းကင်အသျှင်က မာနကြီးဟန်ဖြင့် “ ငါက ငါ့အဆင့်တူအတွင်းမှာ အတော်ဆုံးလေ။ သူတော်စင်အရှင်ကိုတောင် အနိုင်ယူနိုင်တယ်။ ရွှေအမြုတေအဆင့်လောက်က ငါ့အဖွဲ့ထဲ ရှိဖို့ မတန်ဘူး ”
ကြာပြာကောင်းကင်အသျှင်နောက်မှ အထွတ်အထိပ်ရှင်များ၏ နဖူးမှ ချွေးအေးများ စီးကျလာသည်။
တကယ်ကြီး ပြောနေတာလား … သူက တကယ်ကို အရှက်မရှိတာပဲ
ခင်ဗျားကြီး ငြင်းလိုက်လို့ဆိုတာ သေချာရဲ့လား … ရွေအမြုတေအဆင့် ကျင့်ကြံသူတိုင်းက ခင်ဗျားအဖွဲ့ထဲ မဝင်ချင်တာ ရှင်းနေတာကို …
မဟုတ်သေးဘူး … ပြောရရင် ဘယ်သူမှ ဒီအဖွဲ့ထဲ မဝင်ချင်တာ
သူတို့က မိစ္ဆာဝိညာဉ်ဂိုဏ်းနှင့် ရင်ဆိုင်ရမည် ဖြစ်ကာ မယုံကြည်ရသည့် ခေါင်းဆောင်ဆီ မည်သူကများ အဖွဲ့ဝင်ချင်မည်နည်း။
ကြာပြာကောင်းကင်အသျှင်နောက်မှ အထွတ်အထိပ်ရှင်ကိုးဦးပင် သူ့နောက်လိုက်လာဖို့ အတင်းကျပ် ဖိအားပေးခံထားရခြင်း ဖြစ်၏။
သူတို့က တစ်ဂိုဏ်းတည်းမှ မဟုတ်ပါလော။ အကယ်၍ သူတို့သာ ငြင်းဆန်လိုက်လျှင် နောင်အနာဂတ်၌ မည်သို့လက်စားပြန်ချေမည်ကို မည်သူကများ သိမည်နည်း။
ရွှေအမြုတေအဆင့် ကျင့်ကြံသူများကိုတော့ ကြာပြာကောင်းကင်အသျှင်က သူ့အဖွဲ့ဆီ ဝင်ခိုင်းဖို့ နည်းလမ်း မရှိလိုက်ပေ။ အကြောင်းမှာ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေက ပို့လွှတ်သည့်အထဲ ရွှေအမြုတေအဆင့် ကျင့်ကြံသူများ မပါဝင်ချေ။
သူက တခြားချိုင့်ဝှမ်းများနှင့် ကောင်းချီးနယ်မြေများမှ ရွှေအမြုတေအဆင့် ကျင့်ကြံသူများကိုတော့ အတင်းအကျပ် မလုပ်ရဲပေ။
ထိုရွှေအမြုတေအဆင့် ကျင့်ကြံသူများ တစ်ခုခု ဖြစ်သွားခဲ့လျှင် တာဝန်အကြီးကြီး ယူရပေမည်။ အထူးသဖြင့် သူတို့က အစကတည်းက အဖွဲ့မဝင်ချင်သည့်အခါမျိုးတွင် ဖြစ်သည်။
…………....
ရှန်ထျန်းက ကြာပြာကောင်းကင်အသျှင်နောက်မှ အထွတ်အထိပ်ရှင်များ၏ ဝမ်းနည်းဖွယ် အမူအယာကို ကြည့်ပြီး ကူကယ်ရာမဲ့သွားသည်။ သူက ဆက်ဆံရေးကောင်းသူ ဖြစ်၍ ထိုအမူအယာများနောက်ကွယ်၌ အကြောင်းအရင်း ရှိနေမှန်း ခန့်မှန်းမိလိုက်သည်။
ဆရာဦးလေးကြာပြာက သာမန်ရွှေအမြုတေအဆင့် ကျင့်ကြံသူတွေကို အသုံးမဝင်ဘူးလို့ ခံစားမိတာ ဖြစ်ရမယ် … သူတို့က ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်နေရက်နဲ့ အကျိုးမြတ် ခွဲပေးနေရဦးမှာလေ …
သူက အသုံးမဝင်သည့် ရွှေအမြုတေအဆင့် ကျင့်ကြံသူများကို ခေါ်မလာဘဲ အားကောင်းသူများဖြင့်သာ ဖွဲ့စည်းထားခဲ့သည်။ ဤနည်းဖြင့်သူက အခွင့်အရေးများများ ရလာနိုင်သည် မဟုတ်ပါလော။
ကျစ်ကျစ် … တကယ်ကို ဆရာဦးလေး ကြာပြာ တွေးတဲ့နည်းလမ်းပဲ … ဉာဏ်များတယ်၊ တွက်ချက်တယ် …
ကြာပြာကောင်းကင်အသျှင်၏ ခေါင်းအထက်မှ အဖြူအမည်းရောင်ဝါကို ကြည့်လိုက်ပြီးနောက် ရှန်ထျန်းတစ်ယောက် သူ့အတွက် တိတ်တဆိတ် ဝမ်းနည်းမိသွားသည်။
ဆရာဦးလေးကြာပြာရဲ့ကံကြမ္မာ နိမ့်လွန်းနေတာ သနားစရာပဲ …
ရှန်ထျန်းက ကျန်သော ကောင်းကင်အသျှင်များ၊ အထွတ်အထိပ်ရှင်များနှင့် ရွှေအမြုတေအဆင့်များ၌ပင် ကံအပြောင်းအလဲ အခွင့်အရေးကို မြင်ထားသည်။
ဆိုလိုသည်မှာ သူတို့က မိစ္ဆာဂိုဏ်းခွဲကို ဝင်စီးရင်း အကျိုးမြတ်မြောက်များစွာ ရလာနိုင်ကြောင်း ညွှန်ပြနေသည်။
သို့သော် သူက ကြာပြာကောင်းကင်အသျှင်၏ ခေါင်းအထက်တွင် ကံအပြောင်းအလဲ အခွင့်အရေး တစ်ခုတလေမျှ မမြင်မိပေ။ သူ့နောက်တွင် ရပ်နေကြသော အထွတ်အထိပ်ရှင်များရှိ ခေါင်းပေါ်ကလည်း ဗလာကျင်းနေလေ၏။
ဒီလိုအခြေအနေမျိုးကို အဖွဲ့ထဲလာဖို့ ခေါ်နေသေးတာလား … မဖြစ်နိုင်ဘူး
ရှန်ထျန်းက ချွေးပြန်လာမိသည်။
“ ကျွန်တော်က ရွှေရောင်ကိုယ်ထည် သန့်စင်ခြင်းအဆင့်ပဲ ရှိသေးတာဆိုတော့ ဆရာဦးလေးအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်နေပါ့မယ်ဗျာ။ ကျွန်တော် ဆရာဒေါ်လေးကြာဖြူနောက် လိုက်သွားတာက အားလုံးအတွက် ပိုကောင်းပါတယ်။ ပြီးတော့ ဆရာဒေါ်လေးရဲ့ အဖွဲ့မှာ ရွှေအမြုတေအဆင့် အစ်ကို၊ အစ်မတွေလည်း ပိုများတယ်လေ ”
ထိုသို့ပြောပြီးနောက် ရှန်ထျန်းက ကြာဖြူကောင်းကင်အသျှင်နောက် မြန်မြန် တိုးသွားလိုက်သည်။
ကြာဖြူကောင်းကင်အသျှင်က အဖွဲ့တစ်ခုလုံးတွင် အထူးခြားသော အဆင့်အတန်း ရှိသူ ဖြစ်၏။ သူမအဖွဲ့တွင် တာဝန်ယူထားသည့် ကောင်းကင်အသျှင် သုံးယောက် ပါဝင်သည်။ အကြောင်းမှာ ကြာဖြူကောင်းကင်အသျှင်က ဆေးပညာရပ်တွင် ထူးချွန်သော်လည်း တိုက်ခိုက်ရာ၌ သိပ်မကျွမ်းကျင်လှပေ။
ရလဒ်အနေနှင့်် အထွတ်အမြတ်မြေနှစ်ခုက သူမနှင့် တစ်ဖွဲ့တည်းထားဖို့ရာ ကြာနီကောင်းကင်အသျှင်နှင့် ရဲရဲနီကကြိုးကောင်းကင်အသျှင်တို့ကို သီးသန့်စီစဉ်ပေးခဲ့သည်။
ကောင်းကင်အသျှင် ၃ ဦး၊ ကနဦးဝိညာဉ်အဆင့် ၂၇ ယောက်နှင့် ရွှေအမြုတေအဆင့် အယောက် ၁၂၀ ပါဝင်သည်။ သူတို့ဖွဲ့စည်းပုံက ကြီးကျယ်ကာ အားကြီးလွန်းလှသည်။
အားကောင်းသော ကာကွယ်သူ တစ်ယောက်နောက်တွင် ပုန်းကွယ်ခြင်း သို့မဟုတ် အကောင်းဆုံးသော အခွင့်အရေးများမှ အကျိုးမြတ်ရယူခြင်းတို့က အကောင်းဆုံးရွေးချယ်မှု ဖြစ်ကြောင်း ရှန်ထျန်း သိပေသည်။ ထိုစဉ် ကြာပြာကောင်းကင်အသျှင်၏ နှလုံးသားက ကံကောင်းကြယ်ပွင့်လေး ရှန်ထျန်းကို လက်လွှတ်လိုက်ရသည့်အတွက် နာကျင်နေမိသည်။
ကြာပြာကောင်းကင်အသျှင်နှင့် ရှန်ထျန်းတို့ ထွက်သွားတာကို ကြည့်နေရင်း သူက ကံအပြောင်းအလဲ အခွင့်အရေးများ သူ့ဆီမှ အဝေးလမ်းလျှောက်ထွက်သွားတာကို ကြည့်နေရသလို ခံစားလိုက်ရသည်။
သူ့နှလုံးသားပင် တစစီ ဖြစ်သွားလေသည်။
ဝမ်းနည်းဖို့ ကောင်းလိုက်တာ … ငါတော့ ငိုမိတော့မယ်
................
ကြာပြာကောင်းကင်အသျှင်၏ နာကျင်မှုကို မည်သူမှ နားမလည်ကြပေ။ အကြောင်းမှာ ကြာဖြူကောင်းကင်အသျှင်၏ အဖွဲ့ထဲရှိ ကောင်းကင်အသျှင်အားလုံးမှာ အမျိုးသမီးများသာ ဖြစ်ကြသည်။ ရလဒ်အနေနှင့် သူမတို့ အဖွဲ့ဝင်အများစုကား အမျိုးသမီး ဖြစ်သွားလေသည်။
အဖွဲ့ဝင်တိုင်းက ရှန်ထျန်းကို နွေးနွေးထွေးထွေး ကြိုဆိုကြသည်။ ရှန်ထျန်းက ကံကြမ္မာသားတော်ဟု နာမည်ကျော်ကြားနေသည် မဟုတ်ပါလော။
ပို၍ အရေးကြီးသည်ကား သူက ရုပ်ချောလွန်းပေသည်။ သူ့ဘေးနားမှာသာ ရှိနေပါက မျက်စိပသာဓ ဖြစ်၏။ နဂိုအန္တရာယ်များကာ မှုန်မှိုင်းနေသော လုပ်ကြံရေးတာဝန်က ယခုအခါ စိတ်ဝင်စားဖွယ်အဖြစ် ပြောင်းလဲသွားလေသည်။