လျို့ဝှက်ဆန်းကြယ် ဘုန်းကြီး၊ သူတော်စင် လမ်းပြခြင်း
Vol. 18 Ch. 268
အခန်း (၂၆၈) : လျို့ဝှက်ဆန်းကြယ် ဘုန်းကြီး၊ သူတော်စင် လမ်းပြခြင်း
“ စီနီယာအစ်ကိုရှန်ထျန်းကို လေးစားနေတာ ကြာလှပြီ ”
“ အစ်ကိုရှန်ထျန်းက ကောင်းကင်ဘုံ ကောင်းချီးပေးခံထားရတဲ့ ကံကြမ္မာသားတော်ဆိုတာ အမှန်လားဟင်”
“ အစ်ကိုရှန်က စစ်နတ်ဘုရား ကျောက်ပြားမှာ အဆင့် ၁ ရခဲ့ပြီးတော့ ကြယ်ရှစ်ပွင့် ပါရမီရှင်လို့ ကြားတယ်။ အရမ်းအံ့ဩဖို့ ကောင်းလိုက်တာ ”
“ အစ်ကိုကြီးရဲ့ ဇာတ်ကြောင်းတွေ နားထောင်ရင်း ကြီးပြင်းလာခဲ့တာပါ။ အခု တာအိုလက်တွဲဖော် ရှိနေပြီလားဟင်။ ကျွန်မကို ထည့်စဉ်းစားပေးလို့ ရမလား ”
…………....
ရှန်ထျန်းက ကြာဖြူကောင်းကင်အသျှင်တို့ဆီ လျှောက်လှမ်းလာစဉ် အမျိုးသမီး တပည့်များစွာ သူ့ဆီ စုပြုံလာကြသည်။ သူတို့က ရှန်ထျန်းဘေးနား ဝိုင်းနေရင်း မျက်လုံးများက တလက်လက် ဖြစ်နေရှာသည်။
ရှန်ထျန်းက ဤသည်မှာ ဉာဏ်မရှိသော ရွေးချယ်မှု ဖြစ်သွားကြောင်း ချက်ချင်း ခံစားမိသွားသည်။ အစက ရှန်ထျန်းသည် ကြာဖြူကောင်းကင်အသျှင် အဖွဲ့ထဲ၌ လူများစွာ ရှိနေသောကြောင့် သူကား ပေါ်လွင်ထင်းရှားနေမည် မဟုတ်ဟု ယူဆခဲ့မိသည်။ ထို့ကြောင့် သူ လုပ်ချင်တာ လုပ်ဖို့အတွက် အတော်လေး အဆင်ပြေလှပေမည်။
သို့သော်လည်း သူ အဖွဲ့ထဲ ရောက်သွားသည်နှင့် ဆုံးဖြတ်ချက်ကို နောင်တရလာမိသည်။
သူက သူ့ရုပ်ရည်အကြောင်း တစ်ခေတ္တ မေ့လျော့သွားခဲ့သည်။ သူ မည်သည့်နေရာသို့ ရောက်ရောက် အာရုံစိုက်မှု ဗဟိုချက် ဖြစ်သွားတတ်သည်။
ကြာဖြူကောင်းကင်အသျှင်အဖွဲ့ထဲ လူတစ်ရာကျော် ရှိနေလျှင်ပင် သူက အာရုံစိုက်ခံရဖွယ် ဖြစ်ဖို့ ကံပါလာပြီးသား ဖြစ်၏။ ထိုအရာက ရှောင်ရှား၍ မရပေ။
သူ့ကို လူအများကြီးက စောင့်ကြည့်နေလေရာ သူ့အနေနှင့် မည်သို့ တိတ်တခိုး လှုပ်ရှားနိုင်တော့မည်နည်း။ ဤသည်က လုံးဝကို မဖြစ်နိုင်ပေ။
ဟူး … ရုပ်ချောလွန်းတာကလည်း ပြဿနာများတာပဲ …
“ စီနီယာတို့၊ ဂျုနီယာတို့ စိတ်အေးအေးထားကြပါ ”
ရှန်ထျန်း၏ မျက်နှာက မသာမယာ ဖြစ်လာပြီး “ ကျွန်တော်တို့က မိစ္ဆာဝိညာဉ်ဂိုဏ်းကို သုတ်သင်ဖို့ သွားမှာလေ။ လေ့လာရေးကွင်းဆင်းဖို့ မဟုတ်ဘူး။ အားလုံး သတိကြီးကြီးထားပြီး ပေါ့ပေါ့တန်တန် မတွေးကြပါနဲ့။ ဒါက အယောင်ပြလေ့ကျင့်ရေး မဟုတ်ဘူးဆိုတာ ထပ်သတိပေးပါရစေ။
မိစ္ဆာဝိညာဉ်ဂိုဏ်းကို ရှင်းထုတ်ပြီးသွားတဲ့အခါ ဂျူနီယာတို့၊ စီနီယာတို့ကို ဒဏ်ရာရနေတာမျိုး မဖြစ်စေချင်ဘူး ”
ရှန်ထျန်း၏ ကျယ်ကျယ်လောင်လောင် စကားသံက အမျိုးသမီး ကျင့်ကြံသူများအား တိတ်ဆိတ်သွားစေသည်။ သို့သော်လည်း ရှန်ထျန်းကို ကြည့်နေသည့် သူတို့မျက်ဝန်းရှိ လေးစားမှုက ပိုမို မြင့်တက်လာရသည်။
အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က ထင်ထားတဲ့အတိုင်းပဲ ရုပ်ချောရုံတင် မဟုတ်ဘူး။ အရမ်းပဲ ညင်သာလိုက်တာ
သူက ညင်သာရုံတင် မဟုတ်ဘူး။ လွှမ်းမိုးနိုင်လောက်အောင်အထိကို ချောမောလွန်းတယ် …
ငါ အရမ်းသဘောကျတယ် …
ရှန်ထျန်းက မိန်းကလေးများကြား နာမည်ကြီးနေသည်ကို မြင်ပြီး ကြာဖြူကောင်းကင်အသျှင်က ပြုံးလိုက်မိသည်။
တစ်ဖက်တွင် ကြာနီကောင်းကင်အသျှင်က ထိုအမျိုးသမီးအုပ်စုအား မကျေမနပ် အမူအယာဖြင့် ကြည့်လိုက်သည်။ သူမကို ကြက်သွေးရောင် ဇာမဏီ နတ်မိုးကြိုး (မီး) လွှမ်းခြုံထားသောကြောင့် သူမက လှပကြော့ရှင်းပြီး မဟာဆန်ကာ … စိတ်ကြီးဟန် ပေါ်နေသည်။
“ အားလုံ အာရုံစိုက်ကြ … မင်းတို့တွေက အပျော်ခရီးထွက်လာတယ်များ ထင်နေလား။ ဟိုနားတစ်ယောက် ပုံရိပ်ဖမ်း သလင်းကျောက်ကို လွှင့်ပစ်လိုက်စမ်း။ အဆုံးမဲ့ရှေးဟောင်းနယ်မြေထဲမှာ မိစ္ဆာဂိုဏ်းသားတွေက နေရာတိုင်းမှာ ပုန်းအောင်းပြီး ငါတို့ကို အချိန်မရွေး ချောင်းမြောင်းလုပ်ကြံသွားနိုင်တယ်။
ဒီလိုအခြေအနေအောက်မှာ အသုံးမဝင်တဲ့ဟာတွေ တွေးနိုင်သေးတယ်လား။ မင်းတို့အားလုံး သေချင်နေကြတာလား …
ဒီလိုအနေအထားနဲ့ မိစ္ဆာဂိုဏ်းသားတွေနဲ့ တွေ့ရရင် သေခြင်းတရားက စောင့်ကြိုနေမှာပဲ ”
ကြာနီကောင်းကင်အသျှင် လက်ထဲမှ ခက်ထန်ဟန်ပေါ်သည့် အနီရင့်ရင့် နဂါး လခြမ်းကွေးဓားက သူမ၏ သဲနာရီခန္ဓာကိုယ် အချိုးအစားနှင့် ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်နေသည်။
နဂါး လခြမ်းကွေးဓားက မီးတောက်များ လောင်ကျွမ်းနေပြီး ကြာနီကောင်းကင်အသျှင်က အေးစက်စက် ပြောလိုက်သည် “ ငါတို့တွေ အဆုံးမဲ့ရှေးဟောင်းနယ်မြေထဲ ဝင်တာနဲ့ အချိန်မရွေး အန္တရာယ်နဲ့ တွေ့နိုင်တယ်။ တကယ်လို့ တစ်ယောက်ယောက် အဓိပ္ပါယ်မရှိတာ ထပ်ပြောနေမယ်ဆိုရင် ငါ့ကို မသက်ညှာတတ်ဘူးလို့ လာအပြစ်မတင်ကြနဲ့ ”
ကြာနီကောင်းကင်အသျှင် စကားအဆုံးတွင် သူမက ဓားကို ကိုင်ဆောင်ရင်း အဆုံးမဲ့ရှေးဟောင်းနယ်မြေထဲ ပြေးဝင်လိုက်သည်။
စိတ်ကြီးလိုက်တဲ့ ဆရာဒေါ်လေး …
“ အစ်မကြာနီက စိတ်မရှည်ဘူး။ သူမ ပြောတာကို စိတ်ထဲ မထားပါနဲ့။ ဒါပေမဲ့ သတိထားကြ ”
ကြာဖြူကောင်းကင်အသျှင်က ကြာနီကောင်းကင်အသျှင်နောက်မှ လိုက်သွားရင်း ပြုံးကာ ပြောလိုက်သည်။ ရဲရဲနီကကြိုး ကောင်းကင်အသျှင်က ကျောက်စိမ်းကြေးမုံကို ကိုင်ကာ ဘေးမှ လိုက်စောင့်ရှောက်ပေးနေသည်။
သူတို့က အဆုံးမဲ့ရှေးဟောင်းနယ်မြေဆီ အားအင်အပြည့်ဖြင့် ဝင်သွားလိုက်ကြသည်။
………….
အဆုံးမဲ့ရှေးဟောင်းနယ်မြေအတွင်း တစ်ချိန်တည်း၌
နန်းတော်ပျက်တစ်ခုအတွင်း ဘုန်းကြီးတစ်ပါးက ခြေချိတ်လျက် ထိုင်နေသည်။ ထိုကိုယ်တော်က ထူးထူးဆန်းဆန်း ဝတ်ဆင်ထားပြီး ခေါင်းကိုလည်း တစ်ဝက်သာ ကတုံး တုံးထားသည်။ သူ့ခေါင်း ဘယ်ဘက်ခြမ်းမှာ အင်မတန် ပြောင်လက်နေပြီး ညာဘက်ခြမ်းကား ဆံပင်အနက်ရောင် အရှည်ဖြင့် အပြည့် ဖြစ်နေသည်။
သူ့ခေါင်းဘယ်ဘက်ခြမ်း တစ်ဝက်လောက်၌ စကြာတံဆိပ် အမှတ်အသား ရှိထားပြီး ညာဘက်တွင် ထူးဆန်းဖွယ် မီးနက်လုံး ရှိနေသည်။
သူက ခန္ဓာကိုယ် ဘယ်ဘက်ခြမ်းတွင် အဖြူလွှလွှ ဘုန်းကြီးဝတ်ရုံကို ဝတ်ဆင်ထားပြီး ညာဘက်ခြမ်းကား အသူရာတစ်ယောက်လိုမျိုး အနက်ရောင်ချပ်ဝတ်ကို ဝတ်ထားသည်။
သူက နန်းတော်အတွင်း ထိုင်နေသော်လည်း သူ့ဘယ်ဘက်ခြမ်း၌ ဗုဒ္ဓအလင်းရောင် တောက်ပနေပြီး သုခဘုံအလား အရာအားလုံးကို လှပတင့်တယ် ငြိမ်းချမ်းစေသည်။ တစ်ဖက်တွင်မူ အနက်ရောင် မီးခိုးများ ထွက်ပေါ်နေပြီး သွေးများ၊ မီးတောက်များနှင့် အဆုံးမဲ့ သတ်ဖြတ်မှုများကို ဝိုးတိုးဝါးတား မြင်တွေ့နိုင်သည်။
ထိုထူးဆန်းသည့် ကိုယ်တော်က တကယ့် ဗုဒ္ဓနှင့် မိစ္ဆာ နတ်ဆိုးကြား၊ သေခြင်းရှင်ခြင်းကြား၊ ကောင်းခြင်းဆိုးခြင်းကြား တည်ရှိနေသလိုမျိုး ဖြစ်နေသည်။
ဗုဒ္ဓ ဟောကြားချက်အတိုင်း “ အတိဒုက္ခပင်လယ်သည် အကန့်အသတ်မဲ့သော်လည်း ထိုအရာ၏ အလှည့်အပြောင်းက တစ်ဖက်ကမ်းမျှသာ ဖြစ်သည်။ အပြစ်ကျူးလွန်သူသည် ဒုစရိုက်မကောင်းမှုကို စွန့်လွှတ်သည်နှင့် ကယ်တင်နိုင်ပေသည်”
သို့သော်လည်း ထိုကိုယ်တော်က ဘယ်ဘက်ကိုမှ မရွေးချယ်သောကြောင့် သူ့တည်ရှိမှုတစ်ခုလုံးက အရှုပ်အထွေးတစ်ခု ဖြစ်လာရသည်။ သူက ကျမ်းစာတချို့ ရွတ်ဖတ်နေလေသည်။ သူ ရွတ်ဆိုလိုက်တိုင်း သူ့ခန္ဓာကိုယ်တစ်လျှောက် အက္ခရာများ စတင် ဖြစ်တည်လာသည်။
အကယ်၍ တခြားကိုယ်တော်သာ ရှိနေလျှင် သူ ရွတ်ဆိုနေသည့် ကျမ်းစာမှာ အထွတ်အထိပ် မဟာပရဂျနသုတ္တန်မှ ဖြစ်ကြောင်း တန်းသိပေမည်။
သို့သော်လည်း သူက ကျမ်းစာကို နောက်ပြန်ရွတ်နေလေ၏။ ဗုဒ္ဓဘာသာ၌ မဟာပရဂျနသုတ္တန်သည် တော်ဝင်ကျမ်းနှင့်ပင် နှိုင်းယှဉ်၍ ရသောကြောင့် တန်ဖိုးကြီးမားလှသည်။
ဗုဒ္ဓဘုန်းကြီးများအတွက် ဤကျမ်းစာသည် အထွတ်အထိပ် ဖြစ်ပြီး လိုက်နာရပေမည်။ ထိုအရာကို ရရှိသည့် ကိုယ်တော်တိုင်း ဗုဒ္ဓကို ဝတ်ပြုရှိခိုးနေသလိုမျိုး အပတ်တကုပ် ရွတ်ဖတ်ကြလိမ့်မည်။
စာလုံးတစ်လုံး မှားဖတ်ခြင်းကပင် စော်ကားသလို ဖြစ်နေလေရာ သူ့လိုမျိုး တမင် နောက်ပြန်ရွတ်သည့်အကြောင်းကိုတော့ ပြောဖို့ မလိုတော့ပေ။ ၎င်းသည် သမာသမတ်လမ်းစဉ်နှင့် လုံးဝ သွေဖယ်နေပြီး ဗုဒ္ဓအတွက် အရှက်ရစရာသာ ဆောင်ကျဉ်းလာလေသည်။
ပို၍ အံ့ဩဖို့ကောင်းသည်က သူ နောက်ပြန်ရွတ်ဆိုနေသည်က လုံးဝ အဓိပ္ပါယ်မရှိသော်လည်း မိုးမြေစည်းမျည်းများက သူ့ကျမ်းစာကို တုံ့ပြန်ကာ သက္ကတ အက္ခရာများ ဖြစ်ပေါ်နေစေခြင်း ဖြစ်၏။
သက္ကတ အက္ခရာများက မည်းနက်နေပြီး တစ်ခုချင်းစီက စွမ်းအားဖြင့် ပြည့်နှက်နေသည်။ သူတို့က ဗုဒ္ဓဘာသာနှင့် လုံးဝ ဆန့်ကျင်ဖက်ဖြစ်သည့် အမှန်တရားတချို့ကို ဖုံးကွယ်ထားပုံ ရသည်။
အချိန်များက ဖြည်းဖြည်းချင်း ကုန်လွန်လာလေ၏။ အနီရင့်ရင့် သက္ကတ အက္ခရာများက ပို၍ များပြားလာကာ စုစည်းလာသည်။ အဆုံးသတ်၌ ထိုအက္ခရာများက ကိုယ်တော် ခန္ဓာကိုယ်ပေါ် အမှတ်အသားပြုလုပ်လိုက်သလို ဖြစ်ကာ ချက်ချင်း ပျောက်ကွယ်သွားသည်။
ကိုယ်တော်က ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လိုက်သည်။ သူ့ရှေ့တွင် ပုံရိပ်သုံးခု ရှိနေလေ၏။
ထိုပုံရိပ်သုံးခုလုံးက အနီရင့်ရင့် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားကြပြီး သူတို့အနီးအနားမှ စည်းမျည်းများကိုလည်း ဝေဝါးဝါး မြင်နေရသည်။ သူတို့တွင် ထူးခြားသော ကျင့်ကြံဆင့် ရှိကြောင်း သိသာလှသည်။ မည်သို့ပင်ဆိုစေကာမူ သူတို့က ကျိုးကျိုးနွံ့နွံ နေနေပြီး ထိုကိုယ်တော်ရှေ့မှောက် တစ်လှမ်းမျှ မလှုပ်ရှားရဲကြပေ။
“အသက်မဲ့ဘုရင် … ကျင့်ကြံရေးဂိုဏ်းက ကျင့်ကြံသူတွေ ရောက်လာပါပြီ။ ကျွန်တော်တို့ လှုပ်ရှားလိုက်ရတော့မလား ”
ကိုယ်တော်က အသာပြုံးလိုက်ပြီး သူ့လက်ညိုးထိပ်မှ ဗုဒ္ဓအလင်းက ကုမုဒြာရွှေကြာပန်းနက် ဖြစ်တည်လာစေသည်။ ထိုအရာက ထူးခြားပုံပေါ်၏။
သူက ပြုံးကာ “ ကောင်းပြီ … အချိန်မကျသေးဘူး ”
သူက စကားအဆုံးတွင် မိစ္ဆာဝိညာဉ်ဂိုဏ်းခွဲအား လာရောက်သုတ်သင်ကြသော မဟာမိတ်အဖွဲ့က သူ့အမြင်အရ ဘာမှမဟုတ်တော့သလိုမျိုး မျက်လုံးတဖန် ပိတ်ကာ ကျမ်းစာအား နောက်ပြန်ရွတ်ဆိုလိုက်ပြန်သည်။
…………...
“ငရဲသွားစမ်း”
တောင်ကို ကာကွယ်ပေးထားသော အစီအရင်ဗဟိုချက်ကို အနီတောက်တောက် ပေတစ်ထောင်နီးပါး၇ှိ ဓားကြီးက ပိုင်းဖြတ်လိုက်သည်။
ကြာနီကောင်းကင်အသျှင်က နဂါးလခြမ်းကွေး ဓားအား ကိုင်ဆောင်ကာ အစီအရင်ဆီ ပြေးဝင်သွားသည်။ အခြားဂိုဏ်းများ တပည့်များက နောက်မှ အနီးကပ် လိုက်ပါလာလေ၏။
“ ကောင်းကင်အသျှင်ကို သတင်းပို့ပါတယ် … အခုထိ မိစ္ဆာဝိညာဉ်ဂိုဏ်းသားတွေကို မတွေ့သေးပါဘူး ”
“ ကောင်းကင်အသျှင်ကို သတင်းပို့ပါတယ်။ ကျွန်မတို့ မိစ္ဆာဝိညာဉ်ဂိုဏ်းရဲ့ ဆေးလုံးခန်း ဗလာကျင်းနေပြီး ဆေးအိုးတွေနဲ့ ဆေးမီးဖိုတွေအားလုံး ယူသွားကြတာကို တွေ့လိုက်ရပါတယ် ”
“ကောင်းကင်အသျှင်ကို သတင်းပို့ပါတယ်။ ကျွန်မတို့ မိစ္ဆာဝိညာဉ်ဂိုဏ်းရဲ့ လက်နက်လည်း ဗလာကျင်းနေပါတယ်။ မီးဖိုနဲ့ ဓမ္မလက်နက်အားလုံးလည်း မရှိတော့ပါဘူး ”
“ ကောင်းကင်အသျှင်ကို သတင်းပို့ပါတယ်။ ကျွန်မတို့ မိစ္ဆာဝိညာဉ်ဂိုဏ်းရဲ့ ရတနာခန်း တံခါးက ပွင့်နေပြီးတော့ အကုန်ပြောင်သလင်းခါနေပါတယ် ”
ကောင်းကင်အသျှင် သုံးယောက်၏ မျက်နှာထားက ထိုတင်ပြချက်များအား ကြားပြီး မည်းမှောင်သွားလေသည်။
သူတို့က အစီအရင်ဗဟိုချက် ခုနှစ်ခု၊ ရှစ်ခုလောက် ရှင်းခဲ့ရသော်လည်း မိစ္ဆာဝိညာဉ်ဂိုဏ်းသား တစ်ယောက်ပင် မတွေ့ဘဲ အခန်းအားလုံးကလည်း ရှင်းလင်းနေလေပြီ။
သူတို့အခန်း ဘယ်လောက်ရှင်းလင်းနေလဲဆိုရင် ပိုးဟပ်တောင် အစာငတ်သေလောက်တယ်
ဒါက ဘာအဓိပ္ပါယ်လဲ …
ဆိုလိုသည်မှာ ခုနှစ်သွယ် သတ်ဖြတ်ရေးဂိုဏ်းသားများက သတင်းကို ကြိုရကာ အရင်နောက်ဆုတ်သွားလေပြီ။
ယခု သူတို့က မိစ္ဆာဝိညာဉ်ဂိုဏ်းသားများ ထွက်ပြေးသွားမည့်အစား အဆုံးမဲ့ရှေးဟောင်းနယ်မြေ တစ်နေရာရာ၌ ပုန်းအောင်းနေဖို့သာ မျှော်လင့်ထားရတော့မည်။
မဟုတ်လျှင် ခုနှစ်သွယ် သတ်ဖြတ်ရေးဂိုဏ်းကို သုတ်သင်မည့် အစီအစဉ်ကား ဟာသပြက်လုံး ဖြစ်သွားလိမ့်မည်။
ကြာဖြူကောင်းကင်အသျှင်က ရှန်ထျန်းအား ကြည့်ကာ “ ထျန်းအာ … ငါ ဂိုဏ်းတူအစ်ကိုဆီကနေ မင်းက ကံကြမ္မာသားတော်လို့ ကြားထားတယ်။ အရင်တစ်ခါကလည်း မင်းပဲ မိစ္ဆာဝိညာဉ်ဂိုဏ်းသားတွေကို ရှာတွေ့ပြီးတော့ ဖော်ထုတ်လိုက်တာဆို … အခု ငါတို့အဖွဲ့က ဘာမှမတွေ့သေးဘူးဆိုတော့ နောက်ထပ် ငါတို့ ဘယ်နေရာကို သွားသင့်လဲ ”
ကြာဖြူကောင်းကင်အသျှင်၏ မေးခွန်းကြောင့် အားလုံး၏ အာရုံက ရှန်ထျန်းဆီ စုပြုံလာသည်။
အံ့ဖွယ်မိုးကောင်းကင် သူတော်စင်အား စိတ်အားထက်သန်မှုအပြည့်ဖြင့် ကြည့်နေကြသည်။
ပေါ်လာပြီ … ပေါ်ထွက်လာပြီ … နာမည်ကျော် သူတော်စင်ရဲ့ ရွေးချယ်မှု …
သူတို့က အံ့ဖွယ်မိုးကောင်းကင် သူတော်စင်သည် ရုပ်ချောရုံသာ မဟုတ်ဘဲ ကံကြမ္မာကောင်းချီးပေးခံထားရကြောင်း ကြားထားကြသည်။ ထို့ကြောင့် သူ မည်သည့်နေရာသွားသွား ကံအပြောင်းအလဲ အခွင့်အရေးနှင့် ကြုံတွေ့စမြဲသာ ဖြစ်၏။
နောက်ဆုံးတွင် သူတို့ကိုယ်တိုင် ထိုမြင်ကွင်းမျိုး မြင်နိုင်ပေတော့မည်။ ဤသည်မှာ စိတ်ကူးကြည့်ရုံနှင့်ပင် စိတ်လှုပ်ရှားဖွယ် ကောင်းလှ၏။
……………....
အမှန်အတိုင်းပြောရလျှင် ရှန်ထျန်းအနေနှင့် အစောကတည်းက လမ်းပြောပြချင်မိသောကြောင့် ကြာဖြူကောင်းကင်အသျှင်၊ ကြာနီကောင်းကင်အသျှင်နှင့် ရဲရဲနီကကြိုး ကောင်းကင်အသျှင်တို့အား ကူကယ်ရာမဲ့စွာ ကြည့်လိုက်မိသည်။ ပြဿနာမှာ ဆရာဒေါ်လေးကြာနီက စိတ်မရှည်လွန်းသောကြောင့် ဖြစ်၏။ သူမက အစ်မယွင်ရှီးထက်ပင် လွှမ်းမိုးနိုင်ပြီး နဂါးလခြမ်းကွေးဓားကို ဆွဲကိုင်ကာ အပြေးအလွှား ဝင်ရောက်သွားသည် မဟုတ်ပါလော။
တကယ်တော့ အစ်မယွင်ရှီး၏ မီးမိုးကြိုးကို သူမ သင်ပေးထားသောကြောင့် သူမ၏ တပည့်အဖြစ် သတ်မှတ်နိုင်ပေသည်။
မည်သို့ပင်ဆိုစေကာမူ ရှန်ထျန်းက ကြာနီကောင်းကင်အသျှင်အား မတားရဲပေ။ သူသာ တားလိုက်ပါက သူမဓားကို အချိန်မီမတားနိုင်လျှင် နှစ်ပိုင်းပြတ်သွားမည်ကို စိုးရိမ်နေမိသည်။
ကိစ္စကောင်းက ကြာဖြူကောင်းကင်အသျှင်က ရှန်ထျန်းကို ထုတ်မေးလာခြင်း ဖြစ်၏။ ထို့ကြောင့် ယခု ရှန်ထျန်းတွင် အာရုံခြောက်ပါးကို ပြရမည့် အခွင့်အရေး ရလာလေပြီ။
ဆရာဒေါ်လေးတို့၊ စီနီယာအစ်မတို့၊ ဂျူနီယာညီမလေးတို့ရဲ့ ကံအပြောင်းအလဲ အခွင့်အရေးအားလုံးကို အလကား ဝေမျှယူလိုက်ပါ့မယ်လေ