← Chapters

ယဲ့ချန်းခန်ကိုပင် ဆွဲဆောင်နိုင်သည့် ကံအပြောင်းအလဲ အခွင့်အရေး

Vol. 18 Ch. 270

ယဲ့ချန်းခန်ကိုပင် ဆွဲဆောင်နိုင်သည့် ကံအပြောင်းအလဲ အခွင့်အရေး

Vol. 18 Ch. 270

အခန်း (၂၇၀)   :  ယဲ့ချန်းခန်ကိုပင် ဆွဲဆောင်နိုင်သည့် ကံအပြောင်းအလဲ အခွင့်အရေး

“ အသက်မဲ့ဘုရင် … ကြာဖြူကောင်းကင်အသျှင်တို့ အဖွဲ့က မေ့ပျောက်ခြင်း မြစ်ငယ်လေးဆီ ရောက်နေပါပြီ”

“ ကိစ္စမရှိဘူး။ ဒီနေရာက ထူးခြားပြီးတော့ ရှုပ်ထွေးတယ်။ ငါ သူတို့ကို တစ်ရက်လောက် ပိတ်မိနေအောင် ပုံရိပ်ယောင် အစီအရင် ခင်းကျင်းပြီးသား ”

“ဒါပေမဲ့ သူတို့က တံတားကို ဖြတ်လာပြီ ”

“ ဘာ ”

………….

မေ့ပျောက်ခြင်း မြစ်၊ နိုက်ဟယ်တံတား၌ …

အားလုံးက တအံ့တဩဖြင့် မျက်လုံးအပြူးသား ဖြစ်နေကြသည်။

မှန်ပေသည်။ သူတို့ လှည့်စားခံလိုက်ရလေပြီ။

မေ့ပျောက်ခြင်း မြစ်၊ နိုင်ဟယ်တံတားနှင့် ငရဲလေးကမ္ဘာတို့က အားကောင်းသည့် ကျင့်ကြံသူတချို့ ခင်းကျင်းထားသည့် ပုံရိပ်ယောင် အစီအရင်မျှသာ ဖြစ်၏။ သူတို့ မေ့ပျောက်ခြင်း မြစ်ဆီ ရောက်လာသည်နှင့် အစီအရင်ထဲ ဝင်ပြီးသား ဖြစ်သွားကာ ပုံရိပ်ယောင်ထဲ ပိတ်မိသွားကြသည်။

တကယ်တော့ ရှန်ထျန်းသာ ကြာနီကောင်းကင်အသျှင်၏ ရောင်ဝါထဲ ကြိုတင်မမြင်ထားဘဲ ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် စက်ဝန်းပြားဖြင့် ပုံရိပ်ယောင်ကို ဖျက်စီးဖို့ ကြိုတင် မပြင်ဆင်ထားမိခဲ့လျှင် သူကိုယ်တိုင်ပင် ပုံရိပ်ယောင်ထဲ ပိတ်မိသွားနိုင်သည်။

ကြာနီကောင်းကင်အသျှင်၏ နဂိုကံအပြောင်းအလဲ အခွင့်အရေး မြင်ကွင်း၌ သူမအနေနှင့် ပုံရိပ်ယောင် အစီအရင်ကို ချိုးဖောက်ဖို့အတွက် တစ်နေ့နှင့် တစ်ည အချိန်ယူလိုက်ရသည်။ ထိုစဉ် သူမ၏ အဖွဲ့သား တစ်ဝက်လောက်က ထိုပုံရိပ်ယောင်ကြောင့် ဝိညာဉ်ဖမ်းချုပ်ခံလိုက်ရပြီးသား ဖြစ်သွားလေပြီ။ သူတို့ရုပ်ခန္ဓာများနှင့် ဝိညာဉ်က မေ့ပျောက်ခြင်း မြစ်ထဲသို့ ကျသွားကာ အာဟာရဖြစ်သွားရတော့သည်။

ထို့ကြောင့် ရှန်ထျန်းက ထိုလူအုပ်စု၏ အသက်များကို ကယ်တင်ပေးနိုင်လိုက်သည်။

“ သူတော်စင် ရှန်ထျန်းအပေါ် အကြွေးတင်သွားပါပြီရှင် ”

“ သူတော်စင် ရှန်ထျန်းရဲ့ တာအိုနှလုံးသားက ဒီလောက်ခိုင်မာနေလိမ့်မယ်လို့ ထင်မထားမိဘူး။ ဒီလိုပုံရိပ်ယောင်ကို ဖောက်မြင်နိုင်တယ် ”

“ အားလုံးက သူတော်စင်ကို ကြယ်ရှစ်ပွင့် ပါရမီရှင်လို့ ပြောနေတုန်းက မယုံခဲ့မိဘူး။ အခုတော့ အပြည့်အဝကို ယုံကြည်သွားပြီ ”

“ သူတော်စင်က ကျွန်မအသက်ကို ကယ်ပေးခဲ့တယ်ဆိုတဲ့ အကြောင်းကို ဘယ်တော့မှ မမေ့ဘူး။ ကျွန်မမှာ ငယ်ရွယ်ပြီး လှပတဲ့ သမီးလေးတစ်ယောက် ရှိပါတယ်။ သူမကို အစေခံအဖြစ် ပေးဖို့တောင် လိုလားပါတယ်ရှင် ”

“ အိပ်မက်မက်နေလိုက် … ရှင့်သမီးက ဖရဲသီးလို လုံးဝန်းနေတာ ငါတို့ သူတော်စင်ကို ခစားဖို့ ဘယ်လိုလုပ် ထိုက်တန်မှာလဲ ”

“ သူတော်စင်လေး အဲအစား ကျွန်မသမီးကို ရွေးလိုက်ပါ။ သူမက နတ်ဆိုးမြေခွေးရဲ့ သွေးဆက် ဆက်ခံထားတာလေ ”

ဘာကြီး …

သူတို့က အခု ဒီလောက်ဆိုးဆိုးရွားရွား အခြေအနေကြား ရောက်နေတာလေ … သမီးတွေ ပေးမဲ့အကြောင်း ပြောဖို့ အချိန် မဟုတ်ဘူးလားလို့

သူတို့က သမီးတွေ မပို့ခင် အိမ်ပြန်ရောက်ပြီးတဲ့အထိ စောင့်ပြီးတော့ ငါ့ကို သတိထား စောင့်ကြည့်သင့်တယ် မဟုတ်ဘူးလား …

ဒီလူတွေက ကိစ္စတွေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ တကယ် မသိကြဘူးကိုး … ဟူး ငါ သူတို့ခေါင်းကို ရိုက်ပစ်လိုက်ချင်တယ်

“ တိတ်တိတ်နေကြစမ်း … ဒါက ခုနှစ်သွယ် သတ်ဖြတ်ရေးဂိုဏ်းရဲ့ ဗဟို တားမြစ်နေရာပဲ ဖြစ်ရမယ်”

ရဲရဲနီကကြိုး ကောင်းကင်အသျှင်က သွေးလွှမ်းနေသည့် မြစ်ဝါကို ကြည့်ကာ   “ငါ နတ်ရေစင် ဝိညာဉ်အသျှင်ဆီကနေ ပညာရပ်တချို့ သင်ခဲ့ဖူးတယ်။ ဒီတောင်အနေအထားက အတော်လေး ထူးခြားပြီးတော့ အဆင့်မြင့် ကျင့်ကြံသူတစ်ဦးက “ငရဲကမ္ဘာ စမ်းချောင်းဝါ” ကို ပြန်လုပ်ထားတာမျိုးပဲ။ ဒါက အရမ်းမိစ္ဆာဆန်တယ် ”

သူမက အချက်ပြသေနတ်ကို ထုတ်ကာ ကောင်းကင်ယံသို့ ချိန်ရွယ်လိုက်သည်  “ ဂိုဏ်းချုပ်တွေနဲ့ ကျန်တဲ့လူတွေကို အရင်ဆုံး အကြောင်းကြားလိုက်တာ အကောင်းဆုံးပဲ ”

ကြာနီကောင်းကင်အသျှင်က သူမ၏ ဓားကို ဆွဲကိုင်လိုက်ရင်း  “ ဒီနေရာနဲ့ ပုံရိပ်ယောင်တွေက တကယ်ကို ထူးဆန်းတယ်။ ဒါပေမဲ့ ငါ့အတွက် ခြိမ်းခြောက်မှု မဟုတ်ဘူး။ မင်းတို့အားလုံး ဒီမှာနေပြီး တပ်ကူကို စောင့်နေလိုက်ကြ။ ငါ တံတားကို အရင်ဆုံး ဖြတ်သွားပြီးတော့ လမ်းကြောင်းရှာထားလိုက်မယ် ”

ထိုသို့ပြောပြီးနောက် ကြာနီကောင်းကင်အသျှင်က တံတးတစ်ဖက်ကမ်းသို့ စိတ်လိုက်မာန်ပါ သွားလိုက်သည်။

အဖွဲ့က သီးသန့်နယ်မြေ၊ ဆန်းကြယ်နယ်ပယ် သို့မဟုတ် ကမ္ဘာငယ်နှင့် တွေ့ဆုံသည့်အခါတိုင်း တစ်ယောက်က ရှေ့ဆုံးမှ ဦးဆောင်ကာ စွန့်စားရမည် ဖြစ်၏။ အကယ်၍ အဖွဲ့၌ သေစေလောက်သည့် အန္တရာယ်ကြုံတွေ့သည့်အခါ အဖွဲ့ဝင်အားလုံး မပျက်သုန်းသွားစေရန် ကာကွယ်ဖို့ ဖြစ်သည်။ သို့သော် ကြာနီကောင်းကင်အသျှင်လိုမျိုး ရှေ့ဆုံးမှသွားဖို့  စိတ်ဓာတ်တက်ကြွနေသည့်လူမျိုးက ရှားလှပေသည်။

“ အစ်မကတော့ တကယ်ကို စိတ်မရှည်တာပဲ ” ကြာဖြူကောင်းကင်အသျှင်က ရယ်ရမည်လား ငိုရမည်လား မသိတော့ပေ  “ အစ်မကကြိုး … ညီမတို့ တစ်ယောက်ကို တစ်ယောက် စောင့်ရှောက်ရင်း သွားတာ ပိုကောင်းမယ် ထင်တယ်”

ရဲရဲနီကကြိုး ကောင်းကင်အသျှင်က ခဏတာ တွေးလိုက်ပြီးနောက် “ ဒီနယ်မြေအမျိုးအစားကို  ပိုသိတယ်ဆိုတော့ အစ်မပဲ သွားလိုက်မယ်။ ညီမကြာဖြူက ဒီမှာပဲ စောင့်နေလိုက်။ တကယ်လို့ မိစ္ဆာဝိညာဉ်ဂိုဏ်းရဲ့ ကောင်းကင်အသျှင်တွေက ဒီကလေးတွေကို လာတိုက်ခိုက်ရင် ဘယ်လိုလုပ်မလဲ ။ သူတို့ကို ကာကွယ်ပေးမဲ့ ကောင်းကင်အသျှင်တစ်ယောက်တော့ လိုတယ်လေ မဟုတ်ရင် သူတို့ အန္တရာယ်ကြီးသွားနိုင်တယ် ”

ကြာဖြူကောင်းကင်အသျှင်ကလည်း တွေးလိုက်မိသည်။

မှန်ပေသည်။

ကြာနီကောင်းကင်အသျှင်၏ ဘေးကင်းလုံခြုံမှုက အရေးကြီးသော်လည်း တခြားတပည့်များ၏ အသက်လည်း ရှိနေသေး၏။ အထူးသဖြင့် ထျန်းအာ ဖြစ်သည်။ အကယ်၍ ကျန်လူအားလုံး သေဆုံးသွားလျှင်ပင် အထွတ်အမြတ်မြေ၏ စိတ်ဓာတ်ထိခိုက်စရာမျှသာ ဖြစ်ပေမည်။ သို့သော် ထျန်းအာသာ တစ်ခုခု ဖြစ်သွားခဲ့ပါက အံ့ဖွယ်မိုးကောင်းကင်အား အကြီးကြီး ထိချက် ဖြစ်စေပြီး ပြန်လည်မြင့်မားလာဖို့ ဘယ်သောအခါမှ အခွင့်အရေး ရတော့မည် မဟုတ်ပေ။

“အစ်မကကြိုး ပြောတာ ဟုတ်ပါတယ်။ အဲဆို ဂရုစိုက်ပါနော်  ”

…………….....

ရှန်ထျန်းက ရှေ့ထွက်လာကာ  “ ဆရာဒေါ်လေး ကြာနီတို့နောက်ကို ကျွန်တော် လိုက်သွားလိုက်ပါ့မယ်။ တခြားပုံရိပ်ယောင်တွေနဲ့ တွေ့ရင်လည်း တစ်ယောက်ကို တစ်ယောက် ကူပေးလို့ ရတာပေါ့ ”

“မရဘူး ”ကြာဖြူကောင်းကင်အသျှင်က ဝင်ပြောလိုက်သည်  “ အရမ်းအန္တရာယ်များတယ် … တကယ်လို့ မင်းသာ တစ်ခုခုသာ ဖြစ်သွားခဲ့ရင် ငါတို့ ခုနှစ်သွယ် သတ်ဖြတ်ရေးဂိုဏ်းတစ်ခုလုံးကို ရှင်းထုတ်ပစ်နိုင်ရင်တောင် ငါတို့ဂိုဏ်းအတွက် ဆုံးရှုံးမှုကို  ပြန်အစားထိုးလို့ ရမှာ မဟုတ်ဘူး ”

ရှန်ထျန်းက သူတော်စင် အမှတ်အသားပြားကို ပြုံးရင်း ထုတ်လိုက်ကာ  “ဆရာဒေါ်လေး ကြာဖြူ သိပ်စိတ်မပူပါနဲ့။ ဒီသူတော်စင် အမှတ်အသားပြားထဲမှာ ဆရာရဲ့ စွမ်းအား ပါတယ်ဆိုတော့ ကျွန်တော် အဆင်ပြေမှာပါ။ ပြီးတော့ အဲဒီမိစ္ဆာဝိညာဉ်ဂိုဏ်းသားတွေ လျပ်တစ်ပြက် လုပ်ကြံရင်တောင် ဘယ်သူမှ ကျွန်တော်ကို ထိခိုက်အောင် လုပ်နိုင်မှာ မဟုတ်ပါဘူး ”

လျပ်တစ်ပြက် လုပ်ကြံခံရရင်တောင် ဘာမှမဖြစ်ဘူးတဲ့လား … ဘယ်လောက်တောင် ယုံကြည်ချက် ရှိနေတာလဲ …

လုံယွမ်ချပ်ဝတ်ဖြင့် ခံ့ညားနေသော ရှန်ထျန်းကို ကြည့်လိုက်ရင်း မိန်းမပျိုလေးများက ညို့ယူခံလိုက်ရသည်။

ရုပ်ချောလွန်းပြီးတော့ အကြောက်တရားမဲ့တယ်။ အရမ်းရဲရင့်တယ် … သူက တကယ်ကို အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ပဲ

သူတို့ မသိသည်က ရှန်ထျန်းသည် သူ့စိတ်ထဲတွင် တစ်စုံတစ်ယောက်နှင့် အချေအတင် ပြောဆိုနေခြင်း ဖြစ်၏။

“စီနီယာ ကျွန်တော်တို့ တကယ်ဝင်သွားမှာလား။ အန္တရာယ် မတွေ့တာ သေချာရဲ့လား ”

ရှန်ထျန်းအတွင်း စစ်နတ်ဘုရား မျှော်နန်းဆောင်က မသိမသာ တောက်ပလာပြီး  “ မင်းက ဘာတွေကြောက်နေတာလဲ … ငါတစ်ယောက်လုံး မင်းကို ကာကွယ်ပေးမှာပါကွာ။ တကယ်လို့ အန္တရာယ်ရှိလာခဲ့ရင် စစ်နတ်ဘုရား မျှော်နန်းဆောင် ထုတ်ပြီးတော့ မင်းကို ကယ်ပေးမယ်”

ယဲ့ချန်းခန်က အတော်လေး တက်ကြွနေဟန် ပေါ်၏  “ ရှားရှားပါးပါး အခွင့်အရေးလေး … ဒီလိုကျတ်တီးမြေမှာ ဒီလိုပစ္စည်းကောင်းလေးနဲ့ တွေ့ရလိမ့်မယ်လို့ ထင်မထားဘူး။ မင်းက ကံကောင်းစေတဲ့ ကြယ်ပွင့်လေးပဲ … တုံ့ဆိုင်းမနေနဲ့ မြန်မြန် သွားတော့ ”

ပစ္စည်းကောင်းလေးတဲ့လား …

ရှန်ထျန်းအနေနှင့် ဘယ်အရာက ယဲ့ချန်းခန်ကို ဤမျှပျော်စေကြောင်း နားမလည်ပေ။

သူက ကြာနီကောင်းကင်အသျှင်နှင့် ရဲရဲနီ ကကြိုးကောင်းကင်အသျှင်တို့ ခေါင်းအထက်တွင် ထူးထူးခြားခြား ကံအပြောင်းအလဲ အခွင့်အရေးမျိုး မမြင်မိပေ။

ထားလိုက်ပါတော့ … လူအိုကြီးက အဆင်ပြေမယ် ပြောထားမှတော့ စမ်းကြည့်ရမှာပေါ့

အကယ်၍ သူတို့သာ အန္တရာယ်နှင့် တွေ့ပါက သူက အငွေ့အသက်ကို ရုတ်သိမ်းကာ မြေလျိုးလိုက်ရုံသာ လိုအပ်သည်။ သူ့ဆီရှိထားသော ဝှက်ဖဲများအရ ရှန်ထျန်းက သူ့ကိုယ်သူ အလွယ်လေး အသတ်မခံရကြောင်း ယုံကြည်ထားသည်။

ရှန်ထျန်းက ထိုအတွေးဖြင့် ပိုသတ္တိရှိလာကာ “ ဆရာဒေါ်လေး ကျွန်တော်ကိုလည်း လိုက်ခွင့်ပေးပါ ”

ရှန်ထျန်းက ဆုံးဖြတ်ချက် ပြတ်သားနေသောကြောင့် ကြာဖြူကောင်းကင်အသျှင်က ထပ်တားဖို့ မကြိုးစားတော့ပေ။

ထားလိုက်ပါလေ … ဒုတိယအစ်ကို ပြောသလိုဆို ထျန်းအာက ကံကြမ္မာသားတော်ပဲလေ

ကံကြမ္မာသားတော်က ဆန်းကြယ်နယ်ပယ်ထဲ ရောက်သွားရင်တောင် အန္တရာယ် ကြုံရမှာ မဟုတ်လောက်ဘူးဆိုတော့ သူက ကောင်းကင်အသျှင်နှစ်ယောက်ကို ကောင်းကောင်း ဂရုစိုက်ပေးနိုင်မှာပါလေ

ယခင် နိုင်ဟယ်တံတားရှိ ပုံရိပ်ယောင်အစီအရင်နှင့် ရင်ဆိုင်ရစဉ်အခါက ရှန်ထျန်းက ဦးဆုံး ဖြေရှင်းပေးခဲ့ပြီး အားလုံးကို ပြန်နှိုးနိုင်ခဲ့လေသည်။

“ ထျန်းအာ … အစ်မကြာနီ၊ အစ်မကကြိုးတို့နဲ့ ကပ်နေဖို့ မှတ်ထားနော် … ဘာကိုမှ စွန့်စွန့်စားစား မလုပ်နဲ့ ”

ကြာဖြူကောင်းကင်အသျှင်က အမေတစ်‌ယောက်လိုမျိုး တတွတ်တွတ် မှာကြားနေသည်။

သူနှင့် ကောင်းကင်အသျှင်နှစ်ယောက်တို့ တံတားတစ်ဖက်ကမ်း ရောက်သွားသည့်အခါ သူတို့ရှေ့မှ မြင်ကွင်းကား လုံးဝ ပြောင်းလဲသွားလေသည်။

သူတို့ လှည့်ကြည့်လိုက်သည့်အခါ တံတားကား ပျောက်ကွယ်သွားလေပြီ။ သူတို့က အနီရောင်ပန်းများ ပွင့်လန်းနေသည့် ဝါညစ်ညစ် လမ်းမအထက် ရောက်ရှိနေသည်။

သူတို့က အရွက်မရှိ၊ ပွင့်ချပ်မရှိဘဲ ပွင့်နေသည့် ထူးခြားသည့် ပန်းများ ဖြစ်ပြီး သွေးနီရောင် တောက်ပနေသည်။ သူတို့က မျက်စိတစ်ဆုံး ကွင်းပြင် နေရာအနှံ့ ဖုံးလွှမ်းထားသည်။

ဝါညစ်ညစ် လမ်းလေးမှလွဲ၍ သူတို့ မြင်နိုင်သည်မှာ ထိုအနီတောက်တောက် ပန်းများသာ ဖြစ်၏။

ရဲရဲနီကကြိုး ကောင်းကင်အသျှင်၏ မျက်ဝန်းများ လေးနက်လာကာ  “ စမ်းချောင်ဝါလမ်း … အနီရောင် လီလီပန်းများ … အဆင့်မြင့် ကျင့်ကြံသူက ဘာလုပ်ချင်နေတာလဲ ”

All Chapters