← Chapters

မင်းအဖေကို ထပ်အရှက်ကွဲအောင် လုပ်ရအောင်

Vol. 81-85 Ch. 1257

မင်းအဖေကို ထပ်အရှက်ကွဲအောင် လုပ်ရအောင်

Vol. 81-85 Ch. 1257

ပိုင်ရွှယ် ဒူးထောက်ရမည့် အဖြစ်အား တားဆီးရန်အတွက် နေဘုရင်၏ သားတော်ကို သူ သတ်ခဲ့သည်။

ဤအပြုအမူက အလွန် အတင့်ရဲလွန်းလှသည်။

သူ၏ အမိန့်တစ်ခုက ရီဆု၏ သေခြင်းတရားကို ဆောင်ယူလာလိမ့်မည်ဟု ပိုင်ကျန့်ချင်း လုံးဝ ထင်မထားမိပေ။ ယခု ပိုင်ရွှယ် ဒူးထောက်ရန် မလိုအပ်တော့ပေ။ သူမ ဒူးထောက်ရမည့်သူက သေသွားသဖြင့် ဘယ်သူ့ကို သွား ဒူးထောက် ရမည်နည်း။

“မင်း … မင်း တော်တော် ဟုတ်နေတယ်ပေါ့လေ၊ နေဘုရင်ရဲ့ သားတော်ကို သတ်လိုက်မှတော့ မင်းက ငါတို့ လေ့ယန် နိုင်ငံရဲ့ ထာဝရ ရန်သူ ဖြစ်သွားပြီ”

“ငါတို့ စစ်သည်တော်တွေ မင်းနယ်မြေထဲ ကျူးကျော်စစ်ခင်းမယ်၊ ငါတို့ စစ်သည်တော်တွေက မင်းလူတွေကို သတ်ပစ်မယ်၊ ငါတို့တွေက မင်းချစ်ရတဲ့လူတွေကို အနာကျင်ဆုံး ဝေဒနာကို ခံစားရအောင် နှိပ်စက်မယ်၊ မင်းမိန်းမတွေက ငါတို့ လေ့ယန်လူမျိုးတွေရဲ့ ကစားစရာအဖြစ် နေ့ရောညပါ အသုံးတော် ခံစေရမယ်၊ မင်းမှာ ကလေးတွေ ရှိခဲ့ရင် သူတို့ကို လေ့ယန် ပြည်နယ်ထဲမှာ ဈေးအနိမ့်ဆုံး ကျွန်တွေအဖြစ် သတ်မှတ်ပစ်မယ်ကွ”

“နားညည်းလိုက်တာ”

ယဲ့ဖန်က အေးစက်စွာ အော်ဟစ်၍ လက်ဆန့်ကာ ထွက်သွားဟူသည့်ဟန်ဖြင့် စိတ်ဆိုးမာန်ဆိုး လက်ခါလေသည်။ ထိုအခါ သူ၏ လက်ဝါးမှနေ၍ စွမ်းအင်လှိုင်းတစ်ခုက သံတမန်ထံ ရိုက်ခတ်သွားသည်။

“ဝုန်း”

ထိုသံတမန်သည် အနားမှ ကျောက်နံရံထံ လွှင့်ထွက်သွားပြီ အရိုးများ ချက်ချင်း ကျိုးကြေကာ တစ်ကိုယ်လုံး ပုံပျက်ပန်းပျက် ဖြစ်ပြီး အသားပြား ဖြစ်သွားလေသည်။ သူ၏ သေဆုံးခြင်းက ကြောက်စရာ ကောင်းလှသည်။

ခန်းမတစ်ခုလုံး ယခင်ကဲ့သို့ မာန်ဝင့်ထည်ခြင်းများ မရှိတော့ဘဲ ကြောက်လန့်သွေးပျက်သော စိတ်များနှင့် သွေးများသာ စွန်းပေနေ၏။

ယနေ့ ဤနေရာ၌ သေကြေပျက်စီးသူ များလှသည်။ ယဲ့ဖန်ဟူသော လူတစ်ယောက်က အင်ပါယာတစ်ခုလုံး၏ အချုပ်အခြာကို ကိုင်လှုပ်လိုက်လေပြီ။

ဧကရာဇ်ကို ထပ်ခါထပ်ခါ ဆန့်ကျင့်၍ အကြိမ်ကြိမ် ပုတ်ခတ် စော်ကားခဲ့ပြီး ဧကရာဇ်၏ အမိန့်ကို ဥပေက္ခာ ပြုပြီးရင်း ပြုခဲ့သည်။ ရူးသွပ်ကာ ရဲတင်းလွန်းလှပေ၏။

ပိုင်ကျန့်ချင်း၏ မျက်နှာသည် အလွန် မည်းမှောင်းသွားပြီး ဒေါသကြောင့် တုန်ယင်လာသည်။ လေ့ယန်နိုင်ငံ၏ မင်းသား သေသွားခဲ့သလို သံတမန်လည်း သေသွားခဲ့လေပြီ။

ယခုတစ်ခေါက်၌ ကျုံးကျိုး အင်ပါယာနှင့် လေ့ယန် မြက်ခင်းလွင်ပြင် နိုင်ငံတို့၏ မဟာမိတ် ဆက်ဆံရေးက အပြီးတိုင် ပျက်သုဉ်းသွားပြီ ဖြစ်သည်။

စစ်ခင်းရန် စစ်သည်တော်များ မစေလွှတ်လျင်တောင်မှ မည်သည့်အရေးကိုမှ ဝင်ရောက်ကူညီ ထောက်ပံ့ပေး တော့မည် မဟုတ်ပါ။

ယဲ့ဖန်ကြောင့် သူ၏ အရေးအပါဆုံးနှင့် အင်အားအကြီးဆုံး မဟာမိတ်ကို ဆုံးရှုံးခဲ့ရသည်။ ထို့နောက် သူ၏ အကြည့်က ပိုင်ရွှယ်ပေါ် ရောက်လာသည်။ ဧကရာဇ်၏ ဖိအား အရှိန်အဝါနှင့် မျက်လုံးမှ ဒေါသ အရိပ်အယောင် တို့က ချုပ်ထိန်းမရအောင် ပေါ်လွင်နေသည်။

*ဒါတွေက ဒီခွေးမကြောင့်ပဲ*

*ဒီခွေးမက ငါ့ကို လက်စားချေချင်စိတ် ရှိနေတာ*

*ဒီနေ့ လုပ်ရပ်တွေက သူ အစောကြီးကတည်းက ကြံစည်ထားခဲ့တာ ဖြစ်ရမယ်*

“ခွေးမ နင်က သေချင်နေတာပဲ၊ သူ့ကို သတ်ကြစမ်း”

ပိုင်ကျန့်ချင်းက ကျယ်လောင်စွာ အော်ဟစ် အမိန့်ပေးလိုက်သည်။ အစောပိုင်းကတည်းက ဒီယုတ်ညံ့သော မျိုးစေ့ကို နန်းတော်ထဲ သူ အဝင်မခံခိုင်းသင့်ခဲ့ပါ။

ပိုင်ရွှယ်၏ မျက်နှာလေး ဆတ်ခနဲ တောင့်သွားပြီးနောက် မချိတင်ကဲ ပြုံးလိုက်မိသည်။ ဤသို့သော နေ့မျိုး ရောက်လာလိမ့်မည်ဟု သူမ ခန့်မှန်းထားမိသော်လည်း ဤမျှ မြန်မြန် ရောက်လာလိမ့်မည်ဟု ထင်မထားမိခဲ့ပေ။

ထို့အပြင် သူမကို သတ်ချင်သည့်လူက သူမ၏ ဖခင်အရင်း ဖြစ်နေ၏။ ကျားပင် ကိုယ့်ကလေး ကိုယ်ပြန်စားရိုး ထုံးစံ မရှိဟု ပြောကြသော်လည်း သူကတော့ မိမိသားသမီးအပေါ် သနားကြင်နာခြင်း မရှိချေ။

ပိုင်ရွှယ် မျှော်လင့်ချက်မဲ့နေသောအချိန်၌ ယဲ့ဖန်က ရှေ့တိုး၍ ပိုင်ရွှယ်ရှေ့၌ ပိတ်ရပ်ကာ အေးစက်စက် မျက်နှာထားနှင့်‌ ပြောလိုက်သည်။

“သူ့ကိုသတ်ချင်တဲ့ ဘယ်သူမဆိုကို ကျုပ် သတ်ပစ်မယ်”

ဖိနှိပ်ချုပ်ချယ်နိုင်လွန်းပြီး‌ မောက်မာလွန်းလှသည်။ သက်ရှိအားလုံးကို အထင်သေးတတ်သည့် ကောင်းကင်ဘုံ ဖန်ဆင်းရှင် တစ်ပါးလိုပင်။

လက်ရှိအချိန်၌ ပိုင်ကျန့်ချင်းထက် ယဲ့ဖန်က ဧကရာဇ်တစ်ပါးနှင့် ပိုတူနေ၏။ လူတိုင်း အာရုံကြောများ ထုံထိုင်း သွားသည်အထိ ထိတ်လန့်သွားကြသည်။ ယဲ့ဖန် ယခု တစ်လောကလုံးကို ထဖျက်ဆီးလျင်တောင်မှ သူတို့ ထပ်မံ၍ အံ့ဩနိုင်တော့မည် မဟုတ်ပါ။

သူ့စကားကို ကြားပြီး ပိုင်ကျန့်ချင်းက မီးဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် ချက်ချင်း အော်ဟစ် လိုက်သည်။

“မင်းကို ငါ မသတ်ရဲဘူးလို့ ထင်နေလား”

ယဲ့ဖန်၏ ထပ်ခါထပ်ခါ ရန်စခြင်းက သူ့အား သည်းမခံနိုင်လောက်သည်အထိ ဒေါသထွက်သွားစေသည်။

“လုပ်နိုင်တယ်ထင်ရင် လုပ်ကြည့်လေ”

ယဲ့ဖန် အမူအရာ ခံစားချက်ကင်းမဲ့စွာဖြင့် ပိုင်ကျန့်ချင်းအား အေးစက်စွာ ကြည့်နေသည်။ လူတိုင်း မအံ့ဩဘဲ မနေနိုင်တော့ချေ။

*ဒါဆို သူက ပိုင်ကျန့်ချင်းနဲ့ ထိပ်တိုက် ရင်ဆိုင်ချင်တဲ့ သဘောလား*

*အင်ပါယာရဲ့ လက်ရှိဧကရာဇ်ကို စိန်ခေါ်ရဲရအောင် သူ ဘယ်ကနေ သတ္တိရလာတာလဲ*

*တစ်ယောက်တည်းနဲ့ မြို့ကို သိမ်းခဲ့ပြီးတော့ အခု ယဲ့ဖန်က နိုင်ငံကိုပါ သိမ်းချင်နေတာလား*

*သေချင်နေတာပဲ*

*ဒီကောင် သေချာပေါက် သေတွင်းတူးနေတာ*

နန်းတော်ထဲမှ သန်းချီသော စစ်သည်တော်များ မဆိုထားနှင့် ပုန်းကွယ်နေသော လူအိုကြီးတစ်ချို့ကပင် ယဲ့ဖန်အား ဆန်ပြုတ်သောက်ရသည့်အဆင့် ဖြစ်သွားအောင် လုပ်နိုင်ပေသည်။ ထိုလူအိုကြီးများသည် သူတော်စင် သခင်အဆင့်များ ဖြစ်လေသည်။

“ဝှစ် ဝှစ် ဝှစ်”

ရုတ်တရက် လူရိပ်များစွာ ပေါ်လာ၏။ နူးညံ့ကြင်နာတတ်ပုံရသည့် မျက်ဝန်းများရှိသော ရွှေအိုရောင်သင်္ကန်းကို ဝတ်ဆင်ထားသည့် ဘုန်းတော်ကြီးတစ်ပါးက ဘုရားစာ ရွတ်ဆိုကာ ရောင်ခြည်များစွာ ဝန်းရံ၍ ရောက်ရှိ လာသည်။

ဆံပင်များ ဖြူဖွေးနေသည့် တာအိုဆရာသခင်ကလည်း လက်နောက်ပစ်၍ လောကကို ထိန်းချုပ်နိုင်သည့် အမတ တစ်ပါးအလား ရောက်လာလေသည်။

အလွန် သန်မာသော အရှိန်အဝါများရှိသည့် ပုဂ္ဂိုလ်ကြီးများ တစ်ယောက်ပြီး တစ်ယောက် ထွက်လာသဖြင့် လေဟာနယ်ပင် မသိမသာ တုန်ခါသွားရသည်။

ဤပုဂ္ဂိုလ်များအား မျက်မှောက်ခေတ် လူများသည် နာမည်ပင် မသိကြပေ။ အကြောင်းမှာမူ သူတို့ တည်ရှိနေ သည်မှာ အချိန် အတော်ကြာနေပြီ ဖြစ်သဖြင့် လူအများက သူတို့၏ နာမည်ကို မေ့လျော့သွားခြင်း ဖြစ်သည်။

သို့သော် သေချာသည့် တစ်ခုတည်းသော အရာမှာ သူတို့အားလုံး အလွန် ကြောက်စရာကောင်းသည် ဟူသော အချက်ပင်။

“လူငယ်လေး မင်းလေသံက ကြီးကျယ်လှချည်လား၊ မင်းကများ ညီလာခံခန်းမမှာ ရိုင်းရိုင်းပျပျ ပြုမူရဲ တယ်ပေါ့လေ၊ အင်ပါယာထဲမှာ မင်းကို ထိန်းချုပ်နိုင်မယ့်သူ မရှိဘူးလို့ တကယ် ထင်နေတာလား”

“ကျုံးကျိုး အင်ပါယာ စတည်ထောင်ခဲ့ကတည်းက မင်းလောက် မောက်မာတဲ့ လူငယ်မျိုး ငါ တစ်ခါမှ မမြင်ခဲ့ ဖူးဘူး၊ မင်းက ထူးချွန်ပင်မယ့် မှန်ကန်တဲ့ လမ်းကြောင်းပေါ် ရောက်မလာတာက စိတ်ပျက်စရာပဲ၊ ဒီနေ့ မင်း ဒီမှာ သေကိုသေရမယ်”

“အင်ပါယာရဲ့ ဂုဏ်သတင်းက ဒီလောက်နဲ့ နင်းချေလို့ ရနိုင်တဲ့အရာ မဟုတ်ဘူး၊ မင်း ဒူးထောက်ပြီး ပြစ်ဒဏ် ခံယူမယ်ဆိုရင် အခွင့်အရေး ရှိနိုင်သေးတယ်”

ထိုလူအိုကြီးများသည် တစ်ယောက်ပြီး တစ်ယောက် ပြောဆိုမာန်မဲလာပြီး သူတို့၏ စကားတိုင်း၌ မာနတရား တို့ဖြင့် ပြည့်နှက်နေ၏။

သူတို့၏ သိုင်းအဆင့်အရ သူတို့သည် သက်ရှိအားလုံးကို အထင်သေးကြလေသည်။ သူတို့အားလုံး၏ အမြင်တွင် သက်ရှိများသည် ပုရွက်ဆိတ်သာသာ အဆင့်သာ ရှိပြီး သူတို့ စိတ်ရှိသလို သတ်နိုင်သည်ဟု မှတ်ယူထားသည်။ ထို့ကြောင့် သူတို့က ယဲ့ဖန်ကို မျက်လုံးထဲပင် မထည့်ပေ။

“ယဲ့ဖန် မင်းရဲ့ နောက်ဆုံးစကားက ဘာလဲ”

ပိုင်ကျန့်ချင်းက အပြုံးကြီးပြုံး၍ ယဲ့ဖန်ကို အထင်သေးနေသည်။ သူ့စိတ်ထဲတွင် ယဲ့ဖန်အား သေလူဟု သတ်မှတ် ပြီးနေ၏။

“ငါ့နောက်ဆုံးစကား ဟုတ်လား”

ယဲ့ဖန် ရယ်ချင်သွားပြီး ပြန်မေးလိုက်သည်။

“ငါ့ကို သတ်နိုင်မယ်လို့ လုံးဝ ယုံကြည်နေတာလား”

“ဪ”

ပိုင်ကျန့်ချင်းက အံ့ဩစရာကောင်းလောက်အောင်ပင် ဒေါသထွက်မလာဘဲ အပြုံးနှင့် ပြန်မေးလိုက်သည်။ ယဲ့ဖန် ဤအခြေအနေမှ မည်သို့ ကိုယ်လွတ်ရုန်းမလဲ သူ သိချင်နေ၏။

*မင်းက မောက်မာတဲ့ကောင် မဟုတ်လား၊ အခု မောက်မာဦးလေ*

*သူတော်စင်သခင်အဆင့်တွေရဲ့ ရှေ့မှာ မင်း ဘယ်လို မောက်မာဦးမလဲ ကြည့်ကြသေးတာပေါ့*

ရုတ်တရက် လေအေးတစ်ချက် ဖြတ်တိုက်လာပြီး ပိုင်ကျ့န်ချင်း၏ ဆံပင်တစ်စ ပြတ်တောက်သွားသည်။ ထို့အတူ သူ့ပါးပေါ်၌ သွေးစင်းကြောင်းတစ်ခု ပေါ်လာသဖြင့် အလွန် ကြောက်လန့်သွားရသည်။

ချက်ချင်းဆိုသလိုပင် ပိုင်ကျန့်ချင်းက မှင်တက်သော အမူအရာနှင့် ယဲ့ဖန်အား မယုံနိုင်သလို ကြည့်လေသည်။

“ပြောရမှာတော့ စိတ်မကောင်းပါဘူး၊ အခု ကျုပ် ပစ်တာ လွဲချော်သွားတာ မဟုတ်ဘူး၊ သတိပေးရုံလေးပဲ လုပ်လိုက်တာ”

ယဲ့ဖန် အေးတိအေးစက် ပြုံးနေသည်။ သူတော်စင်သခင် အဆင့်များအားလုံး မှင်တက်သွားကြသည်။

*ယဲ့ဖန်က သူတို့မျက်စိရှေ့တည့်တည့်၌ အခြားသူကို ထိခိုက်အောင် လုပ်နိုင်တာလား*

*ငါတို့တောင် သတိမထားလိုက်မိဘူး*

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

*ယဲ့ဖန်ကလည်း သူတော်စင်သခင်အဆင့် ဖြစ်နေတာများလား*

*ဒါပေမဲ့ သူက သူတော်စင်သခင်အဆင့် ရောက်နေရင်တောင်မှ ဒီလောက် လူအများကြီးရဲ့ ရှေ့မှာ လျှို့ဝှက် လှုပ်ရှားဖို့ မဖြစ်နိုင်ဘူးလေ*

*တကယ်ပဲ ဘာတွေဖြစ်ကုန်တာလဲ*

ယခင်က ယဲ့ဖန် ငရဲကို သယ်ဆောင်လာခဲ့သော်လည်း သူတို့ကို မထိတ်လန့်စေခဲ့ပါ။ သို့သော် ယခု သူတို့၏ မျက်စိရှေ့၌ လှုပ်ရှားလိုက်ပုံက သူတို့အား ကြက်သီးထသွားစေသည်။

ယဲ့ဖန်က သူတို့တောင်မှ မသိလိုက်ဘဲ ပိုင်ကျန့်ချင်းကို ထိခိုက်အောင် လုပ်နိုင်စွမ်း ရှိသည်။ ဤသည်က ယဲ့ဖန်သာ ပိုင်ကျန့်ချင်းကို သတ်ချင်စိတ် ရှိလျင် ယခု ပိုင်ကျန့်ချင်း သေနေလောက်ပြီဟု ဆိုလိုနေ၏။

“ကျုပ် ခင်ဗျားကို ကတိပေးတယ်၊ ကျုပ်တို့ သေရမယ်ဆိုရင်တောင်မှ ခင်ဗျားကို ကျုပ်တို့ရှေ့မှာ သေချာပေါက် သေအောင် လုပ်ဦးမှာ”

ယဲ့ဖန်က ပြုံး၍ ပိုင်ကျန့်ချင်းအား မချိုမချဉ် ကြည့်နေသည်။ လှောင်ပြောင်နေသလိုပင်။ ပိုင်ကျန့်ချင်း ဒေါသက ငယ်ထိပ် ရောက်နေ၏။ ယဲ့ဖန်က သူ့အား ထပ်ခါထပ်ခါ ရန်စခဲ့ပြီး ယခု သူ့ကို အကြိမ်ကြိမ် အရှက်ကွဲအောင် လုပ်နေသည်။

*သူ့ကို လွှတ်ပေးလိုက်ရမလား*

အင်ပါယာ၏ မျက်နှာ သုန်မှုန်နေသည်။

*သူ့ကို မလွှတ်ပေးရဘူးလား*

*ဒါက လောင်းကစားပဲ၊ ငါတို့အသက်တွေကို လောင်းကြေးထပ်ပြီး လုပ်ရမယ့် လောင်းကစား၊ လုပ်ဖို့ ထိုက်တန် ပါ့မလား*

တကယ်တမ်းတွင် ယဲ့ဖန်၌ ထွက်မသွားခင် ပိုင်ကျန့်ချင်းကို သတ်နိုင်သည့် အရည်အချင်း ရှိသလို ဤလူအိုကြီးများ အားလုံးကိုလည်း သေသွားအောင် လုပ်နိုင်စွမ်း ရှိပါသည်။

သို့သော် ထိုသို့လုပ်လိုက်လျင် အဓိပ္ပာယ်မဲ့သွားပေလိမ့်မည်။ ပိုင်ရွှယ်၏ လက်စားချေခြင်းအား သူမလက်ဖြင့် ကိုယ်တိုင် လုပ်မှ အဓိပ္ပာယ် ရှိပေမည်။

လူတိုင်း ချောက်ချားသွားကြသည်။ ဤသို့ သေရေးရှင်ရေး အခြေအနေ၌ ယဲ့ဖန်က သူ့ဘာသာသူ နောက်လှည့် ထွက်သွားလိမ့်မည်ဟု သူတို့ ထင်မထားမိပါ။

“ထွက်သွားပါစေ၊ အခုတော့ သူတို့ကို ထွက်သွားခွင့်ပေးလိုက်”

နောက်ဆုံးတွင် ပိုင်ကျန့်ချင်းသည် ကြောက်နေသေးသော်လည်း မာန်ပါပါ အမိန့်ပေးလိုက်ပြီး အင်္ကျီလက်စကို ဒေါသတကြီး ရိုက်ထုတ်၍ ခန်းမနောက်ဘက်သို့ လျှောက်သွားလေသည်။

သူ့အသက်ကိုရင်း၍ စွန့်စားရဲသည့် သတ္တိမျိုး မရှိသဖြင့် ဂုဏ်သိက္ခာရှိရှိ နောက်ဆုတ်လိုက်ဟန် ပြုမူလိုက်သည်။ သူတော်စင်သခင်အဆင့် လူအိုကြီးများလည်း မျက်မှောင်ကြုတ်ကာ မျက်နှာ မည်းမှောင်နေ၏။ သူတို့သည် ယဲ့ဖန်အား စူးစူးရဲရဲ စိုက်ကြည့်နေသည်။ သူတို့အား အရှက်ကွဲအောင် လုပ်ခဲ့သည့် ဤလူငယ်အား တစ်သက်လုံး မှတ်မိနေအောင် သေချာ ကြည့်နေကြသည်။

နှစ်ထောင်ပေါင်းများစွာအတွင်း ယဲ့ဖန်ကဲ့သို့ သူတို့ကို တုန်လှုပ်အောင် လုပ်နိုင်သည့်သူ တစ်ယောက်မှ မရှိခဲ့ဖူးပါ။

“ဟေ့ကောင် ဒီတစ်ခေါက် ကံကောင်းသွားတယ်လို့ မှတ်ပါ၊ နောက်တစ်ခါ မင်း အသက်မရှည်စေရဘူး”

အဖြူရောင်ဝတ်စုံနှင့် အဘိုးအိုက အေးစက်စက် ကြုံးဝါးလိုက်ပြီး သူ့မျက်လုံးများက လူသတ်ချင်စိတ်ကြောင့် ခက်ထန်နေ၏။

“ငါ့လက်ထဲကနေ ဘယ်သူမှ ပြေးမလွတ်ခဲ့ဘူး၊ မင်းလည်း အတူတူပဲ”

အနက်ရောင်ဝတ်စုံနှင့်လူက စဉ်းလဲစွာ ရယ်မောလေသည်။ သူသည် တံစဉ်တစ်လက်ကို ကိုင်ထားပြီး လက်ငါးချောင်းလုံးက အရိုးသာ ကျန်ရှိနေပြီး မျက်လုံး၌ အစိမ်းရင့်ရောင် မီးတောက်များ ဖြတ်ပြေးနေသည်။ ဝေးကွာသော အတိတ်အခါက သူ့အား သေမင်းနတ်ဘုရားဟု ခေါ်ဆိုကြသည်။

ယဲ့ဖန်က ပျက်ရယ်ပြု၍ ပိုင်ရွှယ်ကို ခေါ်၍ အပြင်သို့ ထွက်လာခဲ့သည်။ ထို့နောက် သူ့ပုံရိပ် ပျောက်ကွယ် သွားလေသည်။

ဤအဖြစ်အား လုံခွေနှင့် အခြားသူများက ခါးသီးသော အမူအရာမျိုးနှင့် ကြည့်နေကြသည်။ စွန်းထောင်က ခံစားချက်ပါသော လေသံဖြင့် ပြောလာသည်။

“အခုကစပြီး ကျွန်တော်တို့က တကယ် ဆရာနဲ့ တိုက်ခိုက်ရတော့မှာလား”

သူ့မျက်နှာ ပြာနှမ်းနေသည်။ သူ ထိုသို့ မလုပ်ချင်ပါ။ အဘယ်ကြောင့်ဆိုသော် သူ ယဲ့ဖန်ကို စိတ်ရင်းအတိုင်း လေးစားသောကြောင့် ဖြစ်လေသည်။ ထိုအခါ စစ်နတ်ဘုရားအိုကြီးက အေးစက်စက် ပျက်ရယ်ပြုလိုက်သည်။

“သူက သူ့ဆုံးဖြတ်ချက်ကို ချပြီးမှတော့ မင်းလည်း သေချာ ရပ်တည်ဖို့ အချိန်တန်ပြီ”

ထိုသို့ပြောပြီး သူ အဝေးသို့ လျှောက်သွားလေသည်။ ထိုအခိုက်တွင် ပိုင်ရွှယ်သည် ယဲ့ဖန်၏ ကျောကိုမှီကာ မျက်နှာကို သေချာ ကြည့်နေ၏။

“မင်း ဘာကို ကြည့်နေတာလဲ”

ယဲ့ဖန် ရုတ်တရက် ပြန်မေးလိုက်သည်။

“ဘာမှမဟုတ်ပါဘူး၊ ဘယ်လိုအရူးကများ သိတာ တစ်ပတ်လောက်ပဲ ရှိသေးတဲ့ ကလေးမလေးအတွက်နဲ့ လောကကို ဆန့်ကျင်တာလဲလို့ ကြည့်နေတာပါ”

ပိုင်ရွှယ်က အလေးအနက် ပြောလိုက်သည်။ ယဲ့ဖန်က ချက်ချင်း အကြည့်လွှဲလိုက်သည်။

“မင်းမှာ တော်တော် မသိတတ်တာပဲ၊ ငါ ဒါကို ဘယ်သူ့အတွက် လုပ်တာလဲ”

ပိုင်ရွှယ်က တခစ်ခစ် ရယ်မော၍ ယဲ့ဖန်၏ ပခုံးပေါ် မေးတင်၍ မှီလိုက်သည်။

“ပြောပါဦး ကျွန်မတို့ ရှေ့ဆက် ဘယ်ကိုသွားမလဲဆိုတာကို”

“မင်းအတွက် လောကထဲက လူတိုင်းကို သတ်ပေးမယ်လို့ ငါ ပြောခဲ့သားပဲ၊ မင်းကို စော်ကားခဲ့တဲ့လူတိုင်း သေကို သေရမယ်”

ယဲ့ဖန် အသာပြုံးနေသည်။ သူ့စကားက ယင်ကောင်ကို သတ်ကြောင်း ပြောနေသကဲ့သို့ အေးအေးလူလူ ရှိလှသည်။ ပိုင်ရွှယ် တုန်လှုပ်သွားပြီး သူမစိတ်ထဲ၌ ယဲ့ဖန်အား သွေးအေး၍ ရက်စက်သူဟု အဓိပ္ပာယ် ဖွင့်လိုက် မိသည်။

ထို့နောက် ယဲ့ဖန်က ရပ်၍ အပြုံးဖြင့် မေးလိုက်သည်။

“ငါတို့ ဘယ်ကိုအရင်သွားမလဲ စဉ်းစားရအောင် ပြီးမှ ငါတို့ ခရီးဆက်တာပေါ့”

ပိုင်ရွှယ်က တင်ပျဉ်ခွေ ထိုင်ချလိုက်ပြီး မေးထောက်၍ သေချာတွေးနေသည်။ ယဲ့ဖန်က ပြုံး၍သာ ကြည့်နေပြီး မနှောင့်ယှက်ချေ။

“ထောင်ဟွာမြို့ကို သွားမယ်၊ ကျွန်မ မွေးခဲ့တဲ့ မြို့လေးလေ၊ အဲ့မှာ ကျွန်မ ကျေးဇူးရှင်တွေရော ရန်သူတွေပါ ရှိတယ်”

တစ်ခဏကြာသော် ပိုင်ရွှယ်က စိတ်လှုပ်ရှားစွာ ပြောလာသည်။

“ကောင်းပြီလေ၊ ထောင်ဟွာမြို့ကို သွားကြတာပေါ့”

ယဲ့ဖန်က ခေါင်းညိတ်လိုက်ပြီးနောက် သူ့အနောက်ကို ပြန်ကြည့်၍ သရော်ပြုံး ပြုံးလိုက်သည်။

“မသွားခင် မင်းအဖေကို ထပ်အရှက်ကွဲအောင် လုပ်ရအောင်”

All Chapters