← Chapters

အံ့ဖွယ်ပင်လယ် နယ်ပယ်အဆင့်

Vol. 6 Ch. 75

အံ့ဖွယ်ပင်လယ် နယ်ပယ်အဆင့်

Vol. 6 Ch. 75

အခန်း (၇၅) : အံ့ဖွယ်ပင်လယ် နယ်ပယ်အဆင့်

ဝမ်ဝေ့ အိမ်ကို ပြန်လာပြီးနောက် သူ၏ အသစ်ရရှိထားသော စွမ်းအားနှင့် အသားကျဖို့ လဝက်လောက် အချိန်ယူလိုက်ရသည်။ ထို့နောက် အသစ်ယာယီခန့်အပ်ထားသော အစေခံခေါင်းဆောင်ကို ခေါ်ကာ လွန်ခဲ့သော ရက်အနည်းငယ်မှ သတင်းများကို စတင် ဖတ်တော့သည်။ သူ့လုပ်ရပ်ကြောင့် ကမ္ဘာပေါ်ရှိ စွမ်းအားကြီးဂိုဏ်းများမှ သူတို့၏ ကောင်းကင်ရွေးချယ်ခံကို တိုးမြှင့်လေ့ကျင့်ပေးနေကြောင်းကို သိလိုက်ရသည်။ သို့သော် သူ့ကိုယ်သူ ယုံကြည်မှုရှိနေဆဲ ဖြစ်သည့်အတွက် ထိုအရာများကို ဂရုမစိုက်ပေ။

ဝမ်ဝေ့က အချက်အလက်ကို ဖတ်ပြီးနောက် ရုတ်တရက် တစ်စုံတစ်ခုကို စဉ်းစားမိသွားကာ အစေခံခေါင်းဆောင်အား မေးမြန်းလိုက်သည်

“ လီကျွင်းကိုလည်း နိဗာနကိုးပါးသွေးချီကျင့်ကြံခိုင်းဖို့ ခွင့်တောင်းတဲ့ကိစ္စကို ဂိုဏ်းက လက်ခံလိုက်ပြီလား”

“ လက်ခံလိုက်ပါပြီ သခင်လေး။ သခင်လေးလီကျွင်းရော မမလေး ယန်းလီလင်းပါ ကျင့်ကြံနိုင်တယ်လို့ အကြီးအကဲတွေက ပြောလိုက်ပေမဲ့ သူတို့က နိဗာနကိုးခုလုံးကို ကျင့်ကြံနိုင်မှာတော့ မဟုတ်ဘူးလို့ ပြောခိုင်းလိုက်ပါတယ်”

ထိုအကြောင်းကို ပြောပြီးနောက် အစေခံခေါင်းဆောင် အသစ်က စိတ်ရှုပ်သွားသည်။ လီမိသားစုနှင့် ယန်းမိသားစု၏ အမွေခံများအတွက် တားမြစ်ထားရအောင် ကျင့်စဉ်က  ဘယ်လောက်ထိ စွမ်းအားကြီးနေလဲ သူမ သိချင်နေမိသည်။

သို့သော် ဝမ်ဝေ့က အကြီးအကဲများ၏ အသိပေးမှုကို နားလည်သည်။ လီကျွင်းနှင့် ယန်းလီလင်းတို့ နှစ်ယောက်လုံးသာ ၁၃လွှာမြောက် ခန္ဓာကိုယ်သန့်စင်ခြင်း နယ်ပယ်အဆင့်သို့ ရောက်ရှိသွားပါက သူတို့ နတ်ဘုရားအပြစ်ဒဏ်ကို ထပ်မံ ခံယူရမည် ဖြစ်သည်။

ဂိုဏ်းအနေဖြင့် ဧကရာဇ်အစီအရင်များ အသက်သွင်းခြင်းအတွက် ကုန်ကျမှုကို ထပ်ပြီး မတတ်နိုင်သေးပေ။ ဝမ်ဝေ့ သူ့အဖေဆီမှ သင်ယူခဲ့ရသည့်အရာက နတ်ဘုရားအပြစ်ဒဏ်အတွက် တာအိုအခွင့်အလမ်းဂိုဏ်း သွေးထွက်ဖို့ လိုအပ်ကြောင်း သိခဲ့ရသည်။ ဂိုဏ်း၏ နောက်ခံအင်အား ရှိသော်လည်း သူတို့လည်း တစ်ခါထပ်ပိုပြီး မလုပ်ချင်ပေ။

ထို့အပြင် သူတို့ ကောင်းကင်အလိုဆန္ဒကို ဖီဆန်ခဲ့သည့်အတွက် ဂိုဏ်းမှ ချီကံကောင်းမှု အများအပြားကို ဆုံးရှုံးလိုက်ရသည်ဟုလည်း သူ့အဖေက ပြောခဲ့သည်။

ဝမ်ဝေ့က ထိုနှစ်ယောက် နိဗာနကိုးပါးသွေးချီကို ကျင့်ကြံရာတွင် နိဗာနကိုးခုလုံး ကျင့်ကြံသွားနိုင်မည်နှင့် ပတ်သက်ပြီး အရမ်းအဆိုးမမြင်မိပေ။ လိုအပ်သည့် စွမ်းအားကြီးဝိညာဉ် မရှိလျှင် အံ့ဖွယ်ပင်လယ် ပေါက်ကွဲသွားပြီးနောက် မူလချီကို ထိန်းချုပ်ရန် မလွယ်ကူပေ။ တစ်ချိန်တည်းမှာပင် အပြီးတိုင် ပျက်စီးသွားခြင်းမျိုး မရှိစေရန် သေချာအောင် လုပ်ရသည်။

ထို့အပြင် လီကျွင်းနှင့် ယန်းလီလင်း နှစ်ယောက်လုံးက သူ့လိုမျိုး ကောင်းကင်အလိုဆန္ဒကို ရင်ဆိုင်ကာ စိတ်ကူးယဉ်ကမ္ဘာထဲတွင် သူ လုပ်ခဲ့သလိုမျိုး အောင်မြင်နိုင်လိမ့်မည်ဟု မထင်ပေ။ ကိုးခုမြောက် မျှော်နန်းဆောင် စစ်ဆေးမှုတွင် သူ၏ တိုက်တွန်းမှုကြောင့် မဟုတ်ပါက အရာအားလုံး လုံးဝ မတူညီစွာဖြင့် အဆုံးသတ်သွားနိုင်သည်။

သူ တောင်းဆိုရသည့် အကြောင်းအရင်းက လီကျွင်းသည် သူ၏ အကောင်းဆုံး ညီလေး တစ်ယောက်ဖြစ်သလို ကောင်းမွန်သည့်အရာအားလုံးကို သူနှင့် ဝေမျှနေကျ ဖြစ်သည်။ သူတို့အမြဲတမ်း ကျင့်ကြံခြင်းဖြင့် အချိန်ကုန်နေသည့်အတွက် အချင်းချင်း မတွေ့ဖြစ်သည်မှာ ငါးနှစ်ကျော်နေပြီဖြစ်သော်လည်း တစ်ခါတစ်ရံ ဆက်သွယ်ရေးအဆောင်များကို အသုံးပြုကာ စကားပြောလေ့ရှိကြသည်။

ယန်းလီလင်း သူတို့အနားသို့ ချဉ်းကပ်လာရသည့် အကြောင်းအရင်းမှာ မရိုးရှင်းနိုင်သည့်အတွက် ဝမ်ဝေ့က အမြဲတမ်း သူမကို သံသယဝင်နေပြီး ဘယ်တုန်းကမှ သူမကို အမှန်တကယ် ယုံကြည်တာမျိုး မရှိခဲ့ပေ။ သို့သော် သူမကို သူ၏ အနာဂတ်အဖွဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ပျိုးထောင်ရန် ဂိုဏ်းမှ ဆုံးဖြတ်ချက် ချလိုက်ပုံပေါ်သည်။

သူမ၏ အရည်အချင်းအရ အနာဂတ်တွင် ကောင်းကောင်း အသုံးဝင်မည့်သူ ဖြစ်သည်။ ထို့ကြောင့် ဝမ်ဝေ့က သူမ ဘယ်လိုလူလဲဆိုတာ သိအောင် လုပ်ဖို့ အချိန်ယူရန် ဆုံးဖြတ်ခဲ့သည်။

သာမန်ပြဿနာများအား ဖြေရှင်းပြီးနောက် ဝမ်ဝေ့ ဆက်လက်ကျင့်ကြံရန် ကျင့်ကြံရေးအဆောင်ထဲသို့ ဝင်သွားသည်။

သူက အံ့ဖွယ်ပင်လယ် နယ်ပယ်အဆင့်ထဲသို့ ဆယ်ကြိမ်မြောက် ဝင်ရောက်တော့မည် ဖြစ်သည်။ သို့သော် ဖြစ်စဉ်က ထင်ထားသည်ထက် ပိုမိုကြာမြင့်နေသည်။ သူ၏ အင်မတန်သန့်စင်ပြီး စွမ်းအားကြီးသော သွေးချီကြောင့် အဆင့်တက်ရန် ၂နှစ်ကျော် အချိန်ယူလိုက်ရသည်။ သို့သော် သူ အောင်မြင်သွားပြီးနောက် မူလမြစ်၏ ထိပ်သီးဒုတိယအဆင့်သို့ ချက်ချင်း ရောက်ရှိသွားသည်။

ဝမ်ဝေ့က မူလချီများဖြင့် ပြည့်နှက်နေသော သူ၏ ကျယ်ပြန့်လှသည့် အံ့ဖွယ်ပင်လယ်ကို စိုက်ကြည့်လိုက်သည်။ မူလလမ်းစဉ်ကျမ်းအရ လုပ်လိုက်ပြီးနောက် နောက်ထပ် အနည်းငယ် မြစ်ထဲသို့ ထပ်မံပေါင်းထည့်လိုက်နိုင်သည်။

“ အဲဒါက ငါ့အရင်ဘဝတုန်းက ပြောခဲ့တဲ့ အတွင်းအားနဲ့ ဆင်တူတာပဲ” ဝမ်ဝေ့ ရေရွတ်လိုက်သည်။ သို့သော် မူလချီက အတွင်းအားနှင့် မတူညီသည်ကို သူ သိသည်။

အတွင်းအားက ခန္ဓာကိုယ်ဆုံမှတ်များကိုသာ ဖြတ်သန်းသွားလာနိုင်ပြီး မူလချီက မတူညီပေ။ မူလချီက ခန္ဓာကိုယ်၏ အစိတ်အပိုင်းများဖြစ်သည့် သွေး၊ ကြွက်သွားနှင့် အရိုးများအားလုံးဆီသို့ သွားလာနိုင်သည်။ အသုံးပြုသူ ဆန္ဒရှိသည့်အတိုင်း ရွေ့လျားနိုင်သည်။

နောက်ထပ်ခြားနားချက်တစ်ခုက အတွင်းအားက ဖြတ်သန်းသွားသည့် နေရာအပေါ်မူတည်ပြီး မတူညီသော အကျိုးသက်ရောက်မှုများရှိပြီး မူလချီတွင် ထိုကဲ့သို့သော အကျိုးသက်ရောက်မှုမျိုး မရှိပေ။ ချီသွေးကြောမှာရှိသည့် တစ်ခုတည်းသော ရည်ရွယ်ချက်က အံ့ဖွယ်ပင်လယ်ထဲရှိ မူလချီပမာဏ တိုးမြင့်လာဖို့ ဖြစ်သည်။

ချီသွေးကြော၏ ထူးခြားသည့် လမ်းကြောင်းက မူလချီစုစည်းမှုသည့် အကျိုးသက်ရောက်မှုနှင့် သန့်စင်မှုကို ဆုံးဖြတ်ဖို့ဖြစ်သည်။

မူလချီကို စစ်ဆေးစဉ်အတွင်း အရမ်းသန့်စင်ပြီး သဘာဝလွန် နယ်ပယ်အဆင့် ကျင့်ကြံသူများ၏ မူလအဆီအနှစ်ကိုပင် နှိုင်းယှဉ်လို့ရနိုင်သည်ဟု ဝမ်ဝေ့ ပြောနိုင်သည်။

ထို့အပြင် ဝမ်ဝေ့က သူ၏ အံ့ဖွယ်ပင်လယ်ထဲတွင် ထူးခြားသည့်အရာတစ်ခုကို တွေ့လိုက်ရသည်။ ထိုအရာက သူ့ဘာသာသူ ကျယ်ပြန့်လာခြင်းဖြစ်သည်။ ယခုလိုဖြစ်ရခြင်း အကြောင်းက နိဗာနကိုးပါးသွေးချီကြောင့် ဖြစ်သည်ဟု ခန့်မှန်းမိသည်။

ဤထူးခြားသော အံ့ဖွယ်ပင်လယ်ရှိနေသည့်အတွက် သူ ဖန်တီးနိုင်သည့် ပမာဏထက်ပိုပြီး အသုံးမပြုသ၍ မူလချီ အသုံးပြုရာတွင် စိုးရိမ်စရာ မလိုတော့ပေ။ ထိုလုပ်ဆောင်ချက်ကို မူလချီအား အားဖြည့်ရန် ကောင်းကင်နှင့် ကမ္ဘာမြေကြီးမှ စိတ်ဝိညာဉ်ချီကို ထိန်းချုပ်နိုင်သော အံ့ဖွယ်စင်မြင့် နယ်ပယ်အဆင့် ကျင့်ကြံသူများသာလျှင် လုပ်နိုင်သည်။

ရုတ်တရက် ဝမ်ဝေ့ နောက်ထပ် အကြံတစ်ခု ရသွားသည်။ ကျင့်ကြံခြင်း နယ်ပယ်အဆင့် တစ်ခုချင်းစီတိုင်းတွင် သူ၏ နယ်ပယ်အဆင့်က သာမန်နှင့် မတူကွဲပြားပြီး ထူးခြားနေအောင် လုပ်မည်။

ဥပမာအားဖြင့် သူ ၁၃လွှာမြောက် ခန္ဓာကိုယ်သန့်စင်ခြင်း နယ်ပယ်အဆင့်သို့ ရောက်ရှိသွားသည့်အခါ အံ့ဖွယ်ပင်လယ်ကို နယ်ချဲ့နိုင်နေပြီဖြစ်သည်။ အနာဂတ်တွင် ထူးခြားသော အံ့ဖွယ်စင်မြင့်၊ သဘာဝလွန် နယ်ပယ်အဆင့် စသည်များကို ကျင့်ကြံနိုင်အောင် ကြိုးစားမည်။ ထိုအရာက သူ့အတွက် များပြားသော အကျိုးအမြတ်ကို ယူဆောင်လာလိမ့်မည်ဟု သူ ခံစားမိသည်။

သူ၏ အံ့ဖွယ်ပင်လယ်ကို စစ်ဆေးပြီးသွားသည့်အခါ ဝမ်ဝေ့က မူလချီကို အသင့်ပြင်စုရုံးကာ ထူးဆန်းသော စကားလုံးများကို ရေရွတ်လိုက်သည်။ ထို့နောက် သူ့လက်ထဲတွင် တောက်ပသော မီးတောက်တစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် သူ စကားလုံးအချို့ကို ထပ်မံရေရွတ်လိုက်ပြီးနောက် သူ့လက်ထဲမှ ရေခဲ၊ သစ်သား၊ ရေနှင့် မြေတို့ကို ဖန်တီးနိုင်သွားသည်။

သူအသုံးပြုနေသည်များက ဂါထာများနှင့် မူလစွမ်းရည်များသာ ဖြစ်သည်။ မူလလမ်းစဉ်ကျမ်းက ကိုယ်ခံပညာနှင့် ချီကျင့်ကြံခြင်းမှ ဆင်းသက်လာသည့်အတွက် ဂါထာမန္တန်များစွာ ရှိသည်။ သို့သော် ကျင့်ကြံသူများအနေဖြင့် ဂါထာများ အသုံးပြုရင် အံ့ဖွယ်စင်မြင့် နယ်ပယ်အဆင့်သို့ ရောက်ရှိနေရမည်ဖြစ်သည်။

အံ့ဖွယ်ပင်လယ် နယ်ပယ်အဆင့်ထဲတွင် အခြေခံဓာတ်ငါးပါး ဂါထာကိုသာ အသုံးပြုနိုင်သည်။ ထိုဂါထာများကို တိုက်ပွဲတွင် အသုံးမပြုနိုင်ဘဲ နေ့စဉ်ဘဝတွင်သာ အသုံးပြုနိုင်သည်။

ရေဂါထာက ကျင့်ကြံသူများ သောက်သုံးဖို့အတွက် လတ်ဆတ်သန့်ရှင်းသော ရေကို ဖန်တီးပေးနိုင်သည်။ မီးဂါထာက တစ်ခုခုချက်ဖို့ လိုအပ်သည့်အခါ မီးမွေးဖို့ လုပ်ပေးနိုင်သည်။ မြေနှင့် သစ်သားဓာတ် ဂါထာများက ဥယျာဉ်ထဲရှိ ဝိညာဉ်ဆေးပင်များကို ဂရုစိုက်ဖို့ ဖြစ်သည်။

အံ့ဖွယ်ပင်လယ် ကျင့်ကြံသူတွေကို စွမ်းအားကြီး တိုက်ခိုက်စွမ်းရည် ရရှိအောင် လုပ်ပေးနိုင်သည့် စွမ်းအားကြီး ဂါထာအချို့လည်း ရှိနေနိုင်သည်။ ဝမ်ဝေ့က ထိုအကြောင်းနှင့် ပတ်သက်ပြီး သိပ်မသေချာပေ။ ကမ္ဘာကြီးက ကျယ်ဝန်းလွန်းသည့်အတွက် ဘာမဆို ဖြစ်နိုင်သည်။

သူ စာကြည့်တိုက်ထဲတွင် အချက်အလက်တချို့ကို ရှာနိုင်သော်လည်း ဝမ်ဝေ့က ယခု စိတ်မဝင်စားသေးပေ။ ကိုယ်ခံပညာများကဲ့သို့ လက်သီးဖြင့်သာ တိုက်ခိုက်ချင်သည်။

ကျင့်ကြံခြင်းပြီးသွားသည့်အခါ ဝမ်ဝေ့ ရေချိုးလိုက်သည်။ သူ ရေချိုးစရာ မလိုတော့သော်လည်း အမြဲတမ်း ရေချိုးလာသည့်အတွက် အသားကျနေပြီး အကျင့်ကို ပြောင်းလဲဖို့ရာ ခက်ခဲလှသည်။

ထို့နောက် သူ့မိဘများကို တွေ့ဖို့အတွက် မိသားစုခန်းမဆောင်သို့ သွားလိုက်သည်။ သူ မရောက်ခင် မီတာအနည်းငယ်အကွာတွင် အော်ဟစ်ပြောဆိုနေသည့် အသံနှစ်သံကို ကြားလိုက်ရသည်။ ထိုအသံများက သူ့အဖေနှင့် အဘိုးဖြစ်သူ၏ အသံဖြစ်ကြောင်း သူ ကောင်းကောင်းမှတ်မိသည်။

“ မဟုတ်ဘူး သူက ကျွန်တော်ရဲ့ နည်းလမ်းအတိုင်း လုပ်လိမ့်မယ်”

“ ငါ့ရဲ့ နည်းလမ်းက သူ့အတွက် ပိုပြီးသင့်တော်တယ်”

“ သူက ကျွန်တော်ရဲ့သားဆိုတော့ သေချာပေါက် ကျွန်တော်ခြေရာနင်းရမှာပဲ”

“ ကောင်းပြီလေ သူက ငါ့မြေးလေ။ ငါသာ မရှိရင် မင်းတို့ မွေးတောင် မွေးလာမှာ မဟုတ်ဘူး”

ဝမ်ဝေ့ အခန်းထဲသို့ ဝင်လာသည့်အခါ သူ့အဖေနှင့် အဘိုးက အချင်းချင်း အော်ဟစ်နေကြပြီး သူ့အမေက ဘေးမှာထိုင်ရင်း အဝတ်အစားတချို့ကို ချုပ်နေကာ သူတို့ရန်ဖြစ်နေသည်ကို ပြုံးရင်း ကြည့်နေသည်။

ဝမ်ဝေ့ အခန်းထဲသို့ ဝင်သွားသည့်အချိန်မှာပင် သူတို့နှစ်ယောက်လုံး သူ့ကို သတိမထားမိကြပေ။ သူတို့နှစ်ယောက် ဘာကြောင့်ငြင်းခုန်နေလဲဆိုတာကို သိချင်သည့်အတွက် သူ့အမေနား သွားလိုက်သည်။

ယုယန်က သူမ၏ သားဖြစ်သူကို တွေ့ရသည့်အတွက် ပျော်ရွှင်နေသည်။ သူမ ဘေးမှာထိုင်ဖို့ လက်ပြလိုက်ပြီးနောက် ဆံပင်လေးကို ပွတ်ပေးရင်း ဖြေလိုက်သည်

“ အနာဂတ်မှာ တိုက်ခိုက်တဲ့အခါ သား ဘယ်လိုကျင့်စဉ်ကို အသုံးပြုသင့်လဲဆိုတာနဲ့ ပတ်သက်ပြီးတော့ ငြင်းခုန်နေကြတာလေ”

ဝမ်ဝေ့က နှုတ်ခမ်းများကိုတွန့်ချိုးလိုက်မိသည်။

သူတို့က ဒါလေးကြောင့်နဲ့ ငြင်းခုန်နေကြတာလား

သူတွေးလိုက်ပြီးနောက် သူ့အမေကို မေးလိုက်သည်

“ အမေကရော ကျွန်တော် ဘယ်တစ်ခုကို ရွေးချယ်သင့်တယ်လို့ထင်လဲ”

ယုယန်က ပြုံးကာ ပြန်ဖြေလိုက်သည်

“ သား လိုချင်တာ ရွေးလို့ရတယ်။ အဆုံးမှာ အကျိုးအရှိဆုံးသူက သားပဲလေ။ အဲဒါကြောင့် မင်း အသင့်တော်ဆုံးလို့ ထင်တဲ့ နည်းလမ်းကို ရွေးလိုက်။ နှစ်ခုလုံးကို မသင့်တော်ဘူးထင်ရင် ဂိုဏ်းထဲမှာ ကျင့်စဉ်တွေ အများကြီး ရှိပါသေးတယ်”

ဝမ်ဝေ့ ခေါင်းညိတ်ပြကာ သူ့အမေနှင့် စကားပြောရင်း သူတို့နှစ်ယောက်ငြင်းခုန်နေသည်ကို ဆက်လက်ကြည့်ရှုနေသည်။ မိနစ်အနည်းငယ် ကြာသွားပြီးနောက် ယုယန်က သူတို့ငြင်းခုန်နေသည်ကို ကြည့်ကာ ပင်ပန်းလာသည့်အတွက် မူလအဆီအနှစ်ကို အသုံးပြုပြီး ချောင်းဟန့်လိုက်သည့်အသံက အခန်းတစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။

ရုတ်တရက် သူတို့နှစ်ယောက် ရပ်တန့်သွားကာ သူမကို စိုက်ကြည့်လာကြသည်။ ယုယန် ပြုံးကာ ပြောလိုက်သည်

“ အဟမ်း … လည်ချောင်းထဲမှာ တစ်ခုခုကပ်နေသလိုပဲ။ အာရုံရနေတုန်း ပြောရဦးမယ်။ အဲဒီနှစ်ခုလုံးကို ဖတ်ခိုင်းပြီး ဝေ့အာကိုပဲ ဘယ်ကျင့်စဉ်အသုံးပြုမယ်ဆိုတာကို ရွေးခိုင်းလိုက်ပါ့လား”

ဝမ်ထျန်းနှင့် ဝမ်ချန်တို့ အချင်းချင်း စိုက်ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူတို့ ကိုယ်တိုင်ဖန်တီးထားသည့် ကျင့်စဉ်များပါသော ကျောက်စိမ်းအဆောင်များကို ဝမ်ဝေ့ဆီ လက်လွှဲပေးလိုက်သည်။

All Chapters