← Chapters

လိမ္မာလှပါသော အစောင့်ခွေးလေး

Vol. 125 Ch. 1616

လိမ္မာလှပါသော အစောင့်ခွေးလေး

Vol. 125 Ch. 1616

ကောင်းကင်နတ်ဧကရာဇ်ဟောင် ထိုသို့ ပြောလိုက်သည်နှင့် နတ်ကောင်းကင်ခန်းမထဲရှိ‌ ကောင်းကင်နတ်အရှင်အားလုံး တိတ်ဆိတ်ငြိမ်သက်သွားကြသည်။ သူတို့၏ မျက်လုံးများက တောက်ပလာကြပြီး ကောင်းကင်နတ်အရှင်ဟွေ့ ကိုင်တွယ်မည့်နည်းလမ်းအား စောင့်ကြည့်နေကြသည်။

ကောင်းကင်နတ်အရှင်ဟွေ့က သူ့ခွက်ကို မြှောက်၍ တစ်ကြိုက်တည်း သောက်ချလိုက်သည်။ “အရှင်မင်းကြီးကတော့ စ, နောက် နေပြန်ပါပြီ…. ကျွန်တော်မျိုးက ဘယ်လိုလုပ် လောကကြီးရဲ့ တစ်ဝက်ကို ယူရမှာလဲဗျာ…. ထာဝရငြိမ်းချမ်းရေးအင်ပါယာတစ်၀က်ကိုပဲ လိုချင်တာပါ… ကျန်တဲ့ပိုင်နက်တွေကိုတော့ တစ်လက်မလေးတောင် မလိုချင်ပါဘူး”

ကောင်းကင်နတ်ဧကရာဇ်ဟောင်က ပြုံးလိုက်ပြီး ‌ကောင်းကင်နတ်အရှင်ဟွေ့အား စိုက်ကြည့်လိုက်သည်။

“ဟားဟားဟား” နှစ်ယောက်လုံးက ရုတ်တရက် ရယ်မောလိုက်ကြ၏။

ကျန်ကောင်းကင်နတ်အရှင်များကလည်း ရယ်မောလိုက်ကြသည်။ သူတို့၏ ရယ်သံများ ပျောက်ကွယ်သွားသည့်အချိန်တွင် ကောင်းကင်နတ်ဧကရာဇ်ဟောင်က ပြုံးလျက် မေးလေသည်။ “ရှေးဟောင်းနတ်ဘုရားဘုရင်၊ မင်း ထာ၀ရငြိမ်းချမ်းရေးအင်ပါယာကို လိုချင်လား….”

ရှေးဟောင်းနတ်ဘုရားဘုရင်က ဦးညွှတ်အရိုအသေပေးကာ ဖြေ၏။ “ကျွန်တော်က အရှင်မင်းကြီးနဲ့ အမိန့်တော်ကြောင့် ရွှမ်တုကို စောင့်ရှောက်နေတာပါ… ရွှမ်တုတစ်ခုတည်းကတင် ကမ္ဘာလောကတွေအပေါ် ဖုံးလွှမ်းထားရလို့ ကျယ်ပြန့်လွန်းတဲ့အတွက် အုပ်ချုပ်စီမံရတာ ခက်ခဲနေပါပြီ…. မလိုချင်ကြောင်းပါဘုရား”

ကောင်းကင်နတ်ဧကရာဇ်ဟောင်က ကောင်းကင်နတ်အရှင်ရှုကို လှမ်းကြည့်လိုက်ရာ သူမကလည်း ခေါင်းခါရမ်းပြ၏။ “အရှင်မင်းကြီး၊ ကျွန်မလည်း ရှေးဟောင်းနတ်ဘုရားဘုရင်နဲ့ အတူတူပါပဲ…. ထာ၀ရငြိမ်းချမ်းရေးအင်ပါယာရဲ့ ကြွယ်၀မှုတွေကို မမျှော်မှန်းရဲပါဘူး … ယိုတုကို ကောင်းကောင်းစီမံနိုင်ဖို့ပဲ မျှော်လင့်မိပါတယ်…”

ကောင်းကင်နတ်ဧကရာဇ်ဟောင်သည် ပြုံးလိုက်၏။ “ဒါဆို ငါနဲ့ ၀န်မင်းဟွေ့ပဲ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာကို ခွဲဝေယူရတော့မှာပေါ့…”

ထိုက်ချူက ပြုံးလိုက်သည်။ “အရှင်မင်းကြီး၊ ခဏလေးပါ”

နတ်ကောင်းကင်ခန်းသည် အပ်ကျသံမကြားအောင် တိတ်ဆိတ်ငြိမ်သက်သွားပြီး အကြည့်များက ထိုက်ချူထံ ကျရောက်လာ၏။

ထိုက်ချူက ပြုံးနေသည်။ “ကျုပ်တို့‌ ကောင်းကင်နတ်အရှင်ဆယ်ပါး ဖြစ်ခဲ့တုန်းက ရည်ရွယ်ချက် တူညီခဲ့ကြပြီး အကျိုးအမြတ်တွေကို အညီအမျှ ခွဲဝေယူခဲ့ကြတယ်… အခု တစ်လောကလုံးကို ပေါင်းစည်းပြီးသွားပြီဆိုတော့ အတိတ်တုန်းကအတိုင်း လုပ်လို့တော့ မရတော့ဘူး… စကြ၀ဠာတစ်ခုလုံးက အရှင်မင်းကြီး ပိုင်တာဆိုပေမယ့် အရှင်မင်းကြီး နန်းတက်နိုင်ခဲ့တာက ညီအစ်ကိုတွေရဲ့ ပံ့ပိုးမှုကြောင့်ပဲလေ…အရှင်မင်းကြီးက တစ်လောကလုံးကို ရသွားပြီဆိုတော့ ကျုပ်တို့ကိုလည်း အကျိုးသယ်ပိုးမှုအတိုင်း ချီးမြှောက်သင့်ပါတယ်… ကျုပ်တို့နောင်တော်၊ ညီတော်တွေ၊ ညီမတော်တွေအကြား သွေးအေးသွားလို့ မဖြစ်ဘူးမလား…”

ကောင်းကင်နတ်ဧကရာဇ်ဟောင်က ပြုံးလိုက်သည်။ “နန်းစွန့်ဧကရာဇ်ရဲ့ စကားက အကျိုးအကြောင်းသင့်တင့်ပါတယ်…. ကျုပ်က အခုမှ နန်းတက်တာဆိုတော့ နန်းစွန့်ဧကရာဇ်လောက် ဘယ်မြော်မြင်နိုင်ပါဦးမလဲ … ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ဘယ်လိုပိုင်းခြားသင့်တယ် ထင်ပါသလဲ”

ထိုက်ချူက ဖြေ၏။ “အကျိုးသယ်ပိုးခဲ့တာအပေါ် မူတည်ပြီး ချီးမြှောက်သင့်ပါတယ်…. ရွှမ်တုတိုက်ပွဲပဲဖြစ်ဖြစ်၊ ယိုတုတိုက်ပွဲပဲဖြစ်ဖြစ် အားလုံးက အားစိုက်ထုတ်ခဲ့ကြပြီး အသက်ကို ရင်း၊ တိုက်ခိုက်ခဲ့ကြတယ်…. ကျဆုံးသွားခဲ့တဲ့ တာအိုမိတ်ဆွေတချို့တောင် ရှိတယ်… အသက်ရှင်နေသေးပြီး အောင်မြင်မှုနဲ့ နာမည်ကျော်ကြားမှုကို ရရှိခဲ့တဲ့သူတွေကလည်း သေဆုံးသူတွေရဲ့ မုဆိုးမတွေနဲ့ ကလေးတွေကို စောင့်ရှောက်ရတာ ရှိပါတယ်… ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ကြွယ်ဝမှုက ကောင်းကင်နတ်ဘုံထက် အနည်းငယ်ပဲ လျော့တာဆိုတော့ အရင်စည်းမျဉ်းတွေအတိုင်း ခွဲဝေပေးလို့ရပါတယ်… အရှင်မင်းကြီးအတွက် အများကြီး နစ်နာစေမှာ မဟုတ်ပါဘူး”

အခြားကောင်းကင်နတ်အရှင်များက မည်သည်မှ မပြောဘဲ တိတ်ဆိတ်စွာ နားထောင်နေကြသည်။

ကောင်းကင်နတ်ဧကရာဇ်ဟောင်က တည်ကြည်လေးနက်စွာ ပြော၏။ “နန်းစွန့်ဧကရာဇ်ရဲ့ အကြံပြုချက်က မှန်ကန်ပါတယ်”

ထိုက်ချူက ပြုံးလိုက်သည်။ “လူသားမျိုးနွယ်ရဲ့ ကောင်းကင်နတ်အရှင်တစ်ပါးဖြစ်တဲ့ ကောင်းကင်နတ်အရှင်ဟွေ့က အရှင်မင်းကြီးနဲ့ သဘောတူညီချက် ရှိခဲ့ပြီးသားပါ… ထိုက်ကျိရှေးဟောင်းနတ်ဘုရားအပြင် ကျုပ် နန်းစွန့်ဧကရာဇ်နဲ့ အရှေ့နတ်မင်းတို့ဟာလည်း အကျိုးသယ်ပိုးခဲ့ကြတဲ့ ၀န်မင်းတွေပါပဲ… ဒါ့အပြင် ကောင်းကင်နတ်အရှင်မူကလည်း အညံ့ခံစာမှာ အသနားခံငိုကြွေးနေပြီးတော့ အရှင်မင်းကြီးကို ကိုးကွယ်ရင်း သီးသန့်နေထိုင်နိုင်မယ့် နေရာတစ်နေရာ တောင်းဆိုထားပါတယ်… အဲဒီလိုအပ်ချက်တွေအားလုံး ဆွေးနွေးသင့်ပါတယ်”

သူက ကျယ်လောင်စွာ ရယ်မောလိုက်သည်။ “ကောင်းကင်နတ်အရှင်ရှုနဲ့ ရှေးဟောင်းနတ်ဘုရားဘုရင်ကလည်း ထာဝရငြိမ်းချမ်းရေးအင်ပါယာကို မတောင်းဆိုရဲပေမယ့် ဝေစုတစ်စုတော့ လိုချင်ကြမှာပဲ … ထာဝရငြိမ်းချမ်းရေးအင်ပါယာက ချမ်းသာကြွယ်ဝတဲ့အပြင် စက်ရုံတွေ၊ သင်္ချာပညာရှင်တွေနဲ့ ပန်းပဲဆရာတွေအများကြီး ရှိပါတယ်… သူတို့ကို ခွဲမထုတ်လိုက်ရင် အနာဂတ်မှာ ပြန်လည်ပေါင်းစည်းသွားပြီး ပုန်ကန်မလာဘူးလို့ ပြောလို့ မရနိုင်ပါဘူး… ခွဲဝေလိုက်တာ အကောင်းဆုံးပါပဲ”

ကောင်းကင်နတ်ဧကရာဇ်ဟောင်သည် တိတ်ဆိတ်ငြိမ်သက်သွားပြီး တဆတ်ဆတ် ခေါင်းညိတ်နေ၏။ သူက ထောက်ခံသည်။ “နန်းစွန့်ဧကရာဇ်ပြောတာ အဓိပ္ပါယ်ရှိပါတယ်…”

သူက ကောင်းကင်ယင်သားတော်ကို လှမ်းကြည့်လိုက်ရာ ကောင်းကင်ယင်သားတော်ကလည်း သတ္တိမွေးကာ လျှောက်တင်သည်။ “ကောင်းကင်နတ်ဧကရာဇ်ခင်ဗျာ၊ ကျွန်တော်လည်း အကျိုးသယ်ပိုးခဲ့တာဆိုတော့ ဝေစုလိုချင်ပါတယ်”

ကောင်းကင်နတ်အရှင်ဟွေ့က အေးစက်စွာ မေးလေသည်။ “ကောင်းကင်ယင်သားတော်၊ မင်းက ယိုတုတိုက်ပွဲမှာ ပေါ်လာခဲ့လို့လား… ဘာတွေများ အကျိုးသယ်ပိုးခဲ့လို့လဲ”

ကောင်းကင်နတ်ဧကရာဇ်ဟောင်က ပြုံးလိုက်၏။ “ကောင်းကင်ယင်သားတော်ကလည်း ကောင်းကင်နတ်အရှင်တစ်ပါးပဲလေ… ကောင်းကင်နတ်အရှင်တစ်ပါးဆိုတော့ ဝေစု ရသင့်ပါတယ်… မဟုတ်ရင် နာမည်အရပဲ ကောင်းကင်နတ်အရှင် ဖြစ်နေမှာပေါ့… ရှေးဟောင်းနတ်ဘုရားဘုရင်နဲ့ ကောင်းကင်နတ်အရှင်ရှု မင်းတို့နှစ်ယောက်လည်း ကြောက်နေစရာ မလိုပါဘူး… ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ မင်းတို့အတွက် ဝေစုရှိပါတယ်”

ရှေးဟောင်းနတ်ဘုရားဘုရင်နှင့် ကောင်းကင်နတ်အရှင်ရှုတို့က တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီးနောက် ပြိုင်တူဦးညွှတ်အရိုအသေပေးလိုက်ကြသည်။ “ကျေးဇူးကြီးမားလှပါတယ် အရှင်မင်းကြီး”

ကောင်းကင်နတ်ဧကရာဇ်ဟောင်က ပြုံးလိုက်၏။ “အစက ကောင်းကင်နတ်ဘုံမှာ ကောင်းကင်နတ်အရှင်ဆယ်ပါး ရှိခဲ့ပေမယ့် အခုတော့ ကောင်းကင်နတ်အရှင်ရှု၊ ရှေးဟောင်းနတ်ဘုရားဘုရင်၊ ကောင်းကင်နတ်အရှင်ဟွေ့၊ ထိုက်ချူ၊ ကောင်းကင်ယင်သားတော်နဲ့ ငါပဲ ကျန်တော့တယ်…. ကြည့်ရတာ လူသစ်တွေ မွေးထုတ်ရတော့မယ့်ပုံပဲ… ကောင်းကင်ယင်သားတော်က ကောင်းကင်နတ်အရှင်ယင် ဖြစ်လာပြီဆိုတော့ အဖြူရောင်နတ်မင်း၊ ဇာမဏီနတ်မင်းနဲ့ အစိမ်းရောင်နတ်မင်းတို့ကိုလည်း ကောင်းကင်နတ်အရှင်ဆယ်ပါးအဖြစ် လျာထားလို့ရတယ်..”

ထိုက်ချူက ပြုံးလျက် ကန့်ကွက်သည်။ “အဖြူရောင်နတ်မင်း၊ ဇာမဏီနတ်မင်းနဲ့ အစိမ်းရောင်နတ်မင်းတို့က အကျင့်စရိုက်အရ လိုအပ်နေသေးတယ်… အရှင်မင်းကြီး၊ ထိုက်ကျိရှေးဟောင်းနတ်ဘုရားကတော့ ကောင်းကင်နတ်အရှင် ဖြစ်လာနိုင်ပါတယ်”

ကောင်းကင်နတ်ဧကရာဇ်ဟောင်က သူ၏ဝိုင်ခွက်ကို ဝှေ့နေရင်း ပြောသည်။ “ဟုတ်သားပဲ မေ့သွားတော့မလို့… တာအိုနောင်တော်နဲ့ အစ်မတော်က ရွှမ်တုတိုက်ပွဲမှာ အကျိုးအတော်များများ သယ်ပိုးခဲ့တာဆိုတော့ ကောင်းကင်နတ်အရှင်တွေအဖြစ် အသိအမှတ်ပြုလို့ရပါတယ်… ဒါဆိုရင် ကောင်းကင်နတ်အရှင်မူကိုပါ ထည့်လိုက်ကြစို့လား… ကောင်းကင်နတ်အရှင်ကိုးပါး ဖြစ်သွားတာပေါ့”

ကောင်းကင်နတ်အရှင်ဟွေ့က စောဒကတက်သည်။ “အရှင်မင်းကြီး၊ ဘာလို့ သစ္စာဖောက်တစ်ယောက်ကို ကောင်းကင်နတ်အရှင်ရာထူး ပေးရတာလဲခင်ဗျာ”

ကောင်းကင်နတ်ဧကရာဇ်ဟောင်က ပြုံးလိုက်သည်။ “တခြားပေးချင်တဲ့သူ ရှိလို့လား”

ကောင်းကင်နတ်အရှင်ဟွေ့က လျှောက်တင်၏။ “ကောင်းကင်နတ်အရှင်မူက သစ္စာဖေါက်တစ်ယောက်ပါ… သူ့ကို ကောင်းကင်နတ်အရှင်ဆယ်ပါးထဲမှာ အသိအမှတ်ပြုလိုက်ရင် တခြားကောင်းကင်နတ်အရှင်တွေက အညံ့ခံတော့မှာ မဟုတ်ပါဘူး… ဒါ့အပြင် ကောင်းကင်နတ်အရှင်ဆယ်ပါးက အဖွဲ့ပျက်သွားတာ မဟုတ်ဘူးလေ… နတ်ဧကရာဇ်လန်ရွှမ် ရှိပါသေးတယ်”

ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ လက်ထဲရှိ ဝိုင်ခွက်သည် ကွဲကြေသွားသော်လည်း သူက ပြုံးလျက်ပင်။ “နတ်ဧကရာဇ်လန်ရွှမ်က ကောင်းကင်နတ်အရှင်မူလက်ထဲမှာ သေသွားပြီ…”

“မိုးကောင်းကင်က နတ်ဧကရာဇ်လန်ရွှမ်ကို မျက်နှာသာပေးခဲ့ပါတယ်... သူ အသက်ရှင်နေသေးတယ်”

ကောင်းကင်နတ်အရှင်ဟွေ့က ရုတ်တရက် ပြုံးလိုက်ရာ သူ၏မျက်နှာပေါ်ရှိ မျက်နှာဖုံးက ကြောက်စရာကောင်းသွားသည်။

“အရှင်မင်းကြီးက နတ်ဧကရာဇ်လန်ရွှမ်ရဲ့ လူဝင်စား ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ ရှိနေသေးတာ မေ့သွားတာလားခင်ဗျာ… ‌မိုးကောင်းကင်က သူ့ကို သနားခဲ့တယ်ထင်ပါရဲ့… သူ့ရဲ့ လူဝင်စား သစ္စာဖောက်ရဲ့ လက်ထဲမှာ မသေအောင် ကျွန်တော် ကယ်ပေးထားပါတယ်”

ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ ဝိုင်ခွက်က အရည်ပျော်သွားပြီး ရွှေရည်များအဖြစ် စီဆင်းသွားသည်။ သူက ရုတ်တရက် ကျယ်လောင်စွာ ရယ်မောလိုက်၏။ “တော်လိုက်တာ… သိပ်ကို တော်ပါပေတယ်… ကောင်းကင်နတ်အရှင်ဟွေ့က တိုင်းပြည်အပေါ် သိပ်ကိုသစ္စာရှိတဲ့ အထွတ်အမြတ် ၀န်မင်းတစ်ယောက်ပါပဲ… ငါ တန်ဖိုးအထားရဆုံး ပုဂ္ဂိုလ်ဆိုတဲ့အတိုင်းပဲ”

ကောင်းကင်နတ်အရှင်ဟွေ့မှာ ကြောက်ရွံ့လာမိပြီး တုန်လှုပ်စွာ လျှောက်တင်လိုက်သည်။ “အရှင်မင်းကြီး၊ မြှောက်ပင့်နေပြန်ပါပြီ”

ထိုက်ချူ၏ မျက်လုံးက တောက်ပသွားပြီး သူက ရယ်မောလိုက်သည်။ “ကောင်းကင်နတ်အရှင်ဟွေ့က တကယ်ကို သစ္စာအရာမှာ ပြိုင်ဘက်ကင်းပါပေတယ်”

ကောင်းကင်နတ်ဧကရာဇ်ဟောင်က နှာမှုတ်သည်။ “အရှေ့နတ်မင်းကလည်း လာရောက်အညံ့ခံတဲ့အတွက် ကောင်းကင်နတ်အရှင်တစ်ပါးဖြစ်ဖို့ ထိုက်တန်တယ်… ကောင်းကင်နတ်အရှင်ဟွေ့အနေနဲ့ ကန့်ကွက်စရာ မရှိဘူးမလား”

ကောင်းကင်နတ်အရှင်ဟွေ့က ပြုံး၏။ “အ‌ရှေ့နတ်မင်း ကောင်းကင်နတ်အရှင်တစ်ပါးဖြစ်လာမှာကို ကျွန်တော် ကန့်ကွက်စရာမရှိပါဘူး”

ကောင်းကင်နတ်ဧကရာဇ်ဟောင်သည် လက်သီးဆုပ်၍ ဖြည်းဖြည်းချင်း ဖြေလျော့လိုက်သည်။ သူက ပြုံးနေဆဲပင်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ အကျိုးအမြတ်တွေက ကောင်းလွန်းပါတယ်… ကျုပ်တို့အနေနဲ့ ဘယ်လိုခွဲဝေယူရမလဲ အငြင်းပွားနေစရာ မလိုပါဘူး… အောက်က ကလေးတွေ ဆွေးနွေးကြပါစေ… ဒီနေ့က ကျုပ်ရဲ့ နန်းတက်ပွဲဆိုတော့ အဲဒီလို အငြင်းပွားစရာကိစ္စတွေ ပြောမနေစေချင်ဘူး… ကျုပ် လေးစားချစ်ခင်ရတဲ့ ဝန်မင်းတွေနဲ့အတူ မူးတဲ့အထိ သောက်စားပျော်ပါးချင်တယ်’

နတ်ကောင်းကင်ခန်းမမှာ အားပေးသံများဖြင့် ဆူညံသွားတော့သည်။

“အစောင့်ခွေးတစ်ကောင်ကများ မိုးကောင်းကင်ကို သေးနဲ့ တက်ပန်းချင်နေတယ်”

နန်းတက်ပွဲအခမ်းအနားပြီးသည့်အနောက် ကောင်းကင်နတ်ဧကရာဇ်ဟောင်က အခြားသူများအား ပြန်လွှတ်ကာ ကောင်းကင်ယင်သားတော်၊‌‌ ကောင်းကင်နတ်အရှင်ရှုနှင့် ရှေးဟောင်းနတ်ဘုရားဘုရင်တို့သာ ကျန်ရစ်ခဲ့စေသည်။ သူတို့လည်း မီးလောင်ရာ လေပင့်ရင်း ဒေါသအမျက်တချောင်းချောင်း ထွက်နေကြသည်။

“ဟွေ့က တန်ကြေးကောင်းကောင်းအတွက် စောင့်မနေတော့ဘူး … ငါ သူ့ကို တန်ကြေးကောင်း မပေးနိုင်မှန်း သိတဲ့အတွက် ထိုက်ချူဆီမှာ အရင်တည်းက ရောင်းခဲ့ပြီးပြီ”

ကောာင်းကင်ယင်သားတော်သည် စကားတစ်ခွန်းမှ မပြောရဲချေ။

ကောင်းကင်နတ်အရှင်ရှုနှင့်‌ ရှေးဟောင်းနတ်ဘုရားဘုရင်တို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ရှေးဟောင်းနတ်ဘုရားဘုရင်က ဝင်ညှောင့်သည်။ “အရှင်မင်းကြီး၊ ကောင်းကင်နတ်အရှင်ဟွေ့က ပြောရရင် မျိုးနွယ်ခြားပဲမလား…. ကျွန်တော်တို့မျိုးနွယ်မှ မဟုတ်တာ”

ကောင်းကင်နတ်ဧကရာဇ်ဟောင်သည် အသက်ကို တစ်ချက် ရှူသွင်းလိုက်ပြီးနောက် ရှေ့လျှောက်လိုက်၊ နောက်လျှောက်လိုက် လုပ်နေ၏။ “ဒဲဒီကိစ္စက အတိတ်မှာ ကျန်ခဲ့ပြီလို့ သူ ထင်နေတာလေ … သူ မရှိရင် ငါ မဖြစ်ဘူးလို့ ထင်နေတာ…. ခွေးသာသာ ကောင်ကများ.... မိုက်ရိုင်းလွန်းတယ် … သူ လန်ရွှမ်ကို ဆက်ခေါ်ထားပေးမယ်ဆိုရင်တော့ ငါ သည်းမခံနိုင်တော့ဘူး…. လန်ရွှမ်ကို ထိုက်ချူဆီ ရောင်းစားခဲ့တယ်တဲ့လား… သူကများ ရာရာစစ”

ကောင်းကင်နတ်အရှင်ရှုကလည်း မီးလောင်ရာလေပင့်သည်။ “လန်ရွှမ်က ထိုက်ချူနဲ့ ပူးပေါင်းသွားတဲ့အပြင် ‌ထိုက်ကျိရှေးဟောင်းနတ်ဘုရားရဲ့ အကူအညီနဲ့ဆိုရင် နှစ်အနည်းငယ်အတွင်း အကောင်းအတိုင်း ပြန်သက်သာလာလိမ့်မယ်… သူက အရှင်မင်းကြီးနဲ့ ယှဉ်လာနိုင်မှာ စိုးရိမ်မိပါတယ်”

ကောင်းကင်နတ်အရှင်ဟောင်သည် ဒေါသတကြီး နှာမှုတ်လိုက်ပြီးနောက် ပြုံးလိုက်သည်။ “ငါ‌ မွေးထားတဲ့ ခွေးက ငါ့ပြန်ကိုက်နေတာပဲ…. ကောင်းတယ်… သိပ်ကို ကောင်းတယ်…. ဒါပေမဲ့ ငါက ပြင်ဆင်ထားပြီးသားပါ… မယ်တော်”

သခင်မယွမ်မုက ကန့်လန့်ကာနောက်မှ‌ နေ၍ လေးပင်စွာ ပြန်ထူးလိုက်ပြီး ပြုံးနေသည်။ “ဟောင်အာ၊ ထိုက်ချူကို စိုးရိမ်နေစရာ မလိုပါဘူး… စိတ်ချလက်ချ နေပါ”

ကောင်းကင်နတ်အရှင်ရှုနှင့် ရှေးဟောင်းနတ်ဘုရားဘုရင်မှာ ကြောက်လန့်တုန်လှုပ်သွားကြသည်။ သူတို့က တစ်ယောက်ကို တစ်ယောက်ကြည့်ကာ တိတ်ဆိတ်ငြိမ်သက်သွားကြလေသည်။

ကောင်းကင်နတ်ဧကရာဇ်ဟောင်က ပြုံးသည်။ “၀န်မင်းဟွေ့၊ မင်းက ပုန်ကန်ခဲ့ပြီပေါ့… ကောင်းပြီလေ… မင်း မပုန်ကန်မှာကိုတောင် ငါက စိုးရိမ်နေခဲ့တာ…. ပြောရရင် မင်းက ငါ့အတွက် အကျိုးအများဆုံး သယ်ပိုးပေးခဲ့တဲ့သူမလား…. ၀န်မင်းတွေကို စိတ်မပျက်စေဘဲ မင်းကို သတ်နိုင်မယ့် အကြောင်းပြချက် မရှိခဲ့ဘူး… ဒါပေမဲ့ အခုကတော့ မင်းက ငါ့ကို လှုပ်ရှားဖို့ ဖိအားပေးလိုက်တာပဲ”

ထိုက်ချူက တအန်းနန်းဆောင်သို့ ပြန်ရောက်လာ၏။၊ တအန်းနန်းဆောင်ဆိုသည်မှာ ဧကရာဇ်တစ်ပါး ထီးနန်းစွန့်ပြီးနောက်ပိုင်း စံမြန်းရသော နေရာ ဖြစ်သည်။ တအန်းဆိုသည့် အဓိပ္ပါယ်က နန်းတွင်းရေးမှ ကင်းဝေးရာနေရာဟု ဆိုရမည်။ နန်းစွန့်ပြီးသည့် မင်းတစ်ပါးအနေဖြင့် နန်းတွင်းရေးရာ၌ ဝင်မပါရတော့ပေ။။

ဤအချိန်တွင် တအန်းနန်းဆောင်ထဲ၌ ထိုက်ချူ၊ ထိုက်ကျိနှင့် ‌‌ကောင်းကင်နတ်အရှင်ဟွေ့တို့ ထိုင်နေကြသည်။ ထိုက်ချူက ပြုံးလျက် ချီးကျူးနေသည်။ “မင်း အမှန်အတိုင်း ပြောဝံ့ခဲ့တာ လေးစားမိပါတယ်…”

ကောင်းကင်နတ်အရှင်ဟွေ့က ခေါင်းရမ်းသည်။ “ကောင်းကင်နတ်ဧကရာဇ်က ကျုပ်ကို ဘာအကျိုးအမြတ်မှ မပေးတော့ဘူးလေ… ဒါကြောင့် နန်းစွန့်ဧကရာဇ်နဲ့ ပူးပေါင်းခဲ့ရတာပါ….”

ထိုက်ချူက အော်ဟစ်ရယ်လိုက်၏။ “ဟောင်အာက ဧကရာဇ်ဖြစ်လာတည်းက မင်းကို အကျိုးအမြတ်တွေ မ‌ပေးတဲ့အပြင် အတိတ်တုန်းက ပေးခဲ့တာတွေကိုပါ ပြန်သိမ်းပိုက်ဖို့ ကြိုးစားနေတာပဲ…. ဒီလိုနည်းနဲ့ တခြားသူတွေကို ဘယ်လိုသိမ်းသွင်းနိုင်မှာတဲ့လဲ…. အကျိုးသယ်ပိုးခဲ့တဲ့သူတွေအနေနဲ့ စိတ်ပျက်သွားကြလိမ့်မယ်”

ကောင်းကင်နတ်အရှင်ဟွေ့က အေးစက်စွာ ပြုံးလိုက်သည်။ “ဟုတ်တယ် ဒါကြောင့် ကျုပ်လည်း အရယူရုံပဲ…. ‌အဲ့ထက် ကောင်းတဲ့အရာ ရှိပါတော့မလား…. ရှေးဟောင်းနတ်ဘုရားဘုရင်က ရွှမ်တုကို သိမ်းပိုက်ထားပြီးတော့ ကောင်းကင်နတ်အရှင်ရှုက ယိုတုကို သိမ်းပိုက်ထားတယ်…. ခွေးကောင် ကောင်းကင်ယင်သားတော်ကတော့ ဘယ်လိုကပ်ဖားယက်ဖား လုပ်ရမလဲဆိုတာပဲ သိတာ…. အဲ့လိုကောင်က ကောင်းကင်နတ်အရှင်ရာထူးအပြင် ယိုတုတစ်၀က်ကိုပါ ရသွားသေးတယ်….ကျုပ်က သူ တစ်လောကလုံးကို သိမ်းပိုက်နိုင်ဖို့ ကူညီပေးခဲ့တာတောင် အဆုံးသတ်မှာ တောင်ကောင်းကင်ကိုပါ ပြန်ယူချင်နေပြီ”

ထိုက်ချူက ခေါင်းညိတ်သည်။ “ငါနဲ့ ပူးပေါင်းလိုက်… မင်း တောင်ကောင်းကင်ကိုကာကွယ်နိုင်မယ့်အပြင် ထာဝရငြိမ်းချမ်းရေးအင်ပါယာကိုပါ ခွဲဝေယူနိုင်တယ်…. ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ဘယ်သူပဲရရ ကောင်းကင်နတ်ဧကရာဇ်ဟောင် လက်ထဲတော့ ရောက်သွားလို့ မဖြစ်ဘူး…. သူ့လက်ထဲရောက်သွားရင် အခြေအနေကို ဘယ်လိုမှ ပြောင်းပြန်လှန်နိုင်တော့မှာ မဟုတ်ဘူး”

ကောင်းကင်နတ်အရှင်ဟွေ့က ခေါင်းညိတ်လိုက်သည်။ သူ၏ အကြည့်က ထိုက်ကျိရှေးဟောင်းနတ်ဘုရားနှစ်ပါးဆီသို့ ကျရောက်သွား၏။ “သူက သခင်လေးသုံးနဲ့ သခင်လေးလေးရဲ့ ထောက်ပံ့မှုကို ရထားတာဆိုတော့ ကျုပ်တို့ နိုင်နိုင်မယ့်အခွင့်အရေး မရှိ‌‌လောက်ဘူး’’

“သခင်လေးသုံး သူ့ကို ထောက်ပံ့နေတာက ယာယီပါပဲ”

ထိုက်ချူက ပြုံးလိုက်သည်။ “သူ့ရဲ့ အစီအစဉ်က သိပ်ကို လိမ္မာပါးနပ်တယ်… ငါတို့ သခင်လေးသုံးနဲ့ သခင်လေးလေးကို လာခွင့်မပေးလိုက်ရင် သေချာပေါက် ကျေနပ်ကြမှာ မဟုတ်ဘူး… သူတို့ မကျေနပ်တာကို ငါတို့အခွင့်ကောင်းယူလို့ရတယ်”

ကောင်းကင်နတ်အရှင်ဟွေ့က စိတ်အေးသက်သာစွာ သက်ပြင်းချလိုက်သည်။

ထိုက်ကျိရှေးဟောင်းနတ်ဘုရားနှစ်ပါးက တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ပြော၏။ “ကောင်းကင်နတ်အရှင်ဟောင်က သေချာပေါက် တာအိုမိတ်ဆွေဟွေ့ကို တိုက်ခိုက်လာလိမ့်မယ်… သူ့အနေနဲ့ မင်းကို သည်းခံထားဖို့ သိပ်ကိုခက်ခဲတယ်… ဂရုစိုက်ပြီးနေပါ”

ကောင်းကင်နတ်အရှင်ဟွေ့သည် မှင်သေသေ တုံ့ပြန်၏။ “ကျုပ်တို့အားလုံး နဂါးဟန်ခေတ်က ကောင်းကင်နတ်အရှင်တွေ… သိုင်းလမ်းစဉ်ကို ဖွင့်လှစ်နိုင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေချည်းပဲ… သူက ကျုပ်ထက် စွမ်းအားကြီးတာမှန်ပေမယ့် ကျုပ်ကို သတ်ဖို့ မလွယ်ပါဘူး… နတ်ဧကရာဇ်လန်ရွှမ်ကို ခင်ဗျားတို့နှစ်ယောက်နဲ့ ထားခဲ့မယ်… သူ ဘယ်အချိန်ကျရင် အကောင်းပကတိအတိုင်း ပြန်လည်သက်သာလာလောက်မလဲ”

ရှေးဟောင်းနတ်ဘုရားယန်က ပြုံးကာ ဖြေသည်။ “ဆယ်နှစ်အတွင်း နတ်ဧကရာဇ်လန်ရွှမ်က အရင်ကထက် ပိုပြီး အခြေအနေကောင်းပါလိမ့်မယ်”

ကောင်းကင်နတ်အရှင်ဟွေ့က ရယ်မောကာ ဦးညွှတ်အရိုအသေပေးလိုက်၏။ “ကောင်းကင်နတ်အရှင်တွေ ဖြစ်လာတဲ့အတွက် ဂုဏ်ယူပါတယ်”

ရှေးဟောင်းနတ်ဘုရားနှစ်ပါးနှင့် နှုတ်ဆက်စကားပြောဆိုပြီးနောက် ကောင်းကင်နတ်အရှင်ဟွေ့က ထကာ ထွက်ခွာသွားတော့သည်။ ထိုက်ချူသည် နန်းဆောင်အပြင်သို့ သူကိုယ်တိုင် လိုက်ပို့၏။

“အစ်ကိုတော်၊ ကောင်းကင်နတ်အရှင်ဟွေ့ကို ယုံလား” ရှေးဟောင်းနတ်ဘုရားမယင်က ရုတ်တရက် မေးလိုက်သည်။

“မယုံဘူး”

ထိုက်ချူက ခေါင်းခါရမ်းသည်။ “ကောင်းကင်နတ်အရှင်ဟွေ့ သစ္စာဖောက်ခဲ့တဲ့သူ‌တွေ အများကြီးပဲ… ကောင်းကင်နတ်အရှင်ယွီ သေသွားပြီးတဲ့နောက် သူဟာ စွမ်းအားအာဏာကိုကြောက်ရွံ့ပြီး သူ့ကိုယ်သူ အရင်ဦးဆုံး သစ္စာဖောက်ခဲ့တယ်… သူ့ရဲ့ နှလုံးသားကို သစ္စာဖောက်ပြီးတော့ ဟောင်အာနဲ့ ပူးပေါင်းခဲ့တယ်… အဲဒီနောက်မှာတော့ သူ့ရဲ့ အချစ်ခင်ရဆုံးသူငယ်ချင်းဖြစ်တဲ့ ကောင်းကင်နတ်အရှင်ယွင်ကို သစ္စာဖောက်ခဲ့တယ်… ကောင်းကင်နတ်အရှင်ယွင် သေသွားပြီးတဲ့နောက် သူ့ရဲ့မျိုးနွယ်ကို သစ္စာဖောက်ပြန်ရော… အခုကျ ဟောင်အာကို သစ္စာဖောက်ပြီး ငါနဲ့ ပူးပေါင်းနေတယ်လေ… အနာဂတ်မှာ ငါ့ကို သစ္စာမဖောက်ဘူးလို့ ပြောလို့မရဘူး”

ရှေးဟောင်းနတ်ဘုရားယန်က ပြောသည်။ “ကောင်းကင်နတ်အရှင်ဟွေ့လို ပုဂ္ဂိုလ်တွေကို အသုံးချလို့ရတဲ့အချိန်မှာ အသုံးချပြီးတော့ အသုံးမဝင်တော့ရင် သတ်ပစ်လိုက်ရုံပါပဲ”

ထိုက်ချူက ပြုံးလိုက်၏။ “ငါ ပြောချင်တာလည်း အဲဒီအဓိပ္ပာယ်ပဲ…”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ တာအိုဒဿနတက္ကသိုလ်တွင်..

ယွီချိန်ကျစ်သည် ကောင်းကင်နတ်ဘုံမှ ပြန်လည်ရောက်ရှိလာပြီး ချင်မူ့အား သူ ကောင်းကင်နတ်ဘုံတွင် တွေ့ကြုံခဲ့ရသည်များကို ပြန်လည်အစီအရင်ခံသည်။ မည်သည်ကိုမှ ထိမ်ချန်မထားဘဲ အသေးစိတ်အချက်အလက်ဟူသမျှ ပြောပြ၏။

ချင်မူက တိတ်ဆိတ်စွာ နားထောင်နေပြီးနောက် မကြာခဏ တချို့အချက်များကို မေးမြန်းတတ်သည်။ ယွီချိန်ကျစ်ကလည်း လစ်ဟာမှုမရှိ ပြန်လည်ရှင်းပြသည်။

အချိန်အတော်ကြာပြီးနောက် ချင်မူက ပြုံးလိုက်သည်။ “ကောင်းကင်နတ်အရှင်ဟွေ့ သေတော့မှာပဲ…”

ယွီချိန်ကျစ်က ပြော၏။ “ကျွန်‌တော် ကောင်းကင်နတ်ဘုံကနေ ထွက်လာခဲ့တုန်းက အကျိုးအမြတ် အများဆုံး သယ်ပိုးခဲ့တဲ့သူတွေကို ချီးမြှောက်မယ်လို့ ကောင်းကင်နတ်ဧကရာဇ်ဟောင်က ပြောနေတာ ကြားခဲ့ပါတယ်… အားလုံးထဲမှာ ကောင်းကင်နတ်အရှင်ဟွေ့ က အကျိုးသယ်ပိုးတာ အများဆုံးပဲ… ကောင်းကင်နတ်ဧကရာဇ်ဟောင်က သူ့ကို ကောင်းကင်နတ်ဧကရာဇ်နဲ့ ညီမျှတဲ့ ရာထူးဖြစ်တဲ့ မဟာဥသျှောင်အရှင်သခင်ရာထူးပေးဖို့ စီစဉ်နေတာ … အတိတ်တုန်းက ကောင်းကင်နတ်အရှင်ဟွေ့က နတ်ဘုရားတွေကြားမှာ ပြိုင်ဘက်ကင်းတဲ့ ကောင်းကင်အရှင်သခင်ပဲ ဖြစ်ခဲ့ပေမယ့် အခုတော့ မဟာဥသျှောင် ဖြစ်တော့မယ်”

ချင်မူက ပြုံးလိုက်သည်။ “ကောင်းကင်နတ်ဧကရာဇ်ဟောင်က သူ့ကို ဘာအကျိုးအမြတ်မှ မပေးချင်တာဆိုတော့ ရာထူးပေးလိုက်ရုံပဲ ရှိမှာပေါ့လေ … ရာထူးပေးလိုက်တာက သေဖို့ တစ်ရက်နီးသွားတာနဲ့ တူတယ်”

ယွီချိန်ကျစ်သည် ပြုံးလေသည်။ “ဧကရာဇ်အတိုင်ပင်ခံ နတ်ဧကရာန်လန်ရွှမ်ကို လွှတ်လိုက်တာကြောင့်လည်း ပါပါတယ်… အဲ့ဒါက အချိန်ကိုက်ကွက်တိ ဖြစ်သွားတာလေ”

ချင်မူ ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ထရပ်လိုက်၏။ “ငါ ကောင်းကင်နတ်အရှင်ဟွေ့ သေသွားတာကို သေချာကြည့်ဖို့ လိုတယ်… ဒီမိတ်ဆွေဟောင်းရဲ့ နောက်ဆုံးခရီးကို ကိုယ်တိုင်လိုက်ပို့ရမယ် မဟုတ်လား”

သူက ပြုံးလိုက်သည်။ “ကောင်းကင်နတ်ဧကရာဇ်ဟောင် သေချာ တွေးတောမထားမှာကိုတော့ စိတ်ပူမိတယ်… ပြောရရင် ကောင်းကင်နတ်အရှင်ဟွေ့က နဂါးဟန်ခေတ်က ကောင်းကင်နတ်အရှင်ကိုးပါးထဲက တစ်ပါးမဟုတ်လား... သူ ဖုံးကွယ်ထားတဲ့ စွမ်းဆောင်ရည်တချို့ကို တစ်ခါမှ ထုတ်မပြရသေးဘူး”

သူ၏ မျက်လုံးများက စူးရှစွာတောက်ပသွားသော်လည်း သူက ချက်ချင်း ဖုံးကွယ်လိုက်သည်။

ယွီချိန်ကျစ်က ပြုံးလျက် အရိုအသေပေးလိုက်သည်။ “ဧကရာဇ်အတိုင်ပင်ခံဆီကနေ သတင်းကောင်း စောင့်နေပါ့မယ်ခင်ဗျာ”

ချင်မူက သာမန်သစ်သားတချို့ ထုတ်ပြီးနောက် ဓားအိမ်အဖြစ် ထွင်းထုလိုက်သည်။ သူက ကပ်ဘေးဓားကို ဓားအိမ်ထဲ ထည့်ပြီးနောက် တာအိုဒဿနတက္ကသိုလ်မှ ထွက်ခွာသွားတော့၏။

ရွှေသင်္ဘောပေါ်တွင် ဖက်တီးထိုက်ရှီနှင့် လူငယ်အသွင်ပြောင်းနေပြီဖြစ်သည့် ချင်ဖုန်းကျင့်တို့က တိတ်တဆိတ် စူးစမ်းလေ့လာနေကြသည်။ ချင်မူ သင်္ဘောဆီသို့ လာနေသည်ကို မြင်လျှင် ထိုက်ရှီက ချက်ချင်း အော်ဟစ်လိုက်၏။ “ကောင်းကင်နတ်အရှင်မူ၊ ဒီမှာ သရဲခြောက်နေတယ်ကွ”

All Chapters