← Chapters

ရွှေသင်္ဘောထက်က တာအိုပန်းပွင့်

Vol. 125 Ch. 1617

ရွှေသင်္ဘောထက်က တာအိုပန်းပွင့်

Vol. 125 Ch. 1617

“ခင်ဗျားတို့နှစ်ယောက်ကသာ ခြောက်နေတဲ့ သရဲတွေမဟုတ်ဘူးလား”

ချင်မူက သင်္ဘောပေါ်တက်လိုက်ပြီး အတွေးတစ်ချက်ဖြင့် သင်္ဘော၏ အပြင်ပန်းသွင်ပြင်အား များစွာသေးငယ်သွားစေသည်။ ၎င်းသည် ရွှေသင်္ဘောငယ်လေးတစ်စင်းနှင့် တူသော်လည်း သင်္ဘောပေါ် တက်လိုက်သည့်အချိန်တွင်တော့ အတွင်းရှိနေရာမှာ များစွာကျယ်ပြန့်နေသေးသည်။

“ညီလေး၊ ဒီသင်္ဘောပေါ်မှာ တကယ်သရဲ ရှိတာဟ”

ချင်ဖုန်းကျင့်မှာ ပြောသင့်မပြောသင့် စဉ်းစားနေပြီးနောက်မှ ပြောသည်။ “ငါ ဖိုးဖိုးကြီးကို တွေ့လိုက်တယ်”

ချင်မူမှာ တခဏ မှင်သက်သွားသည်။ ခိုင်ဧကရာဇ်ကို တွေးမိသည့်အခါ သူသည် တိတ်ဆိတ်ငြိမ်ကျသွား၏။

“တကယ်တွေ့ခဲ့တာပါဆိုနေ”

ချင်ဖုန်းကျင့်သည် ချင်မူ သူ့အား မယုံသည်ကို တွေ့လိုက်ရသဖြင့် ချက်ချင်း ပြောသည်။ “မင်းရော တခြားသူတွေရော အခုရက်ပိုင်း တအားတွေ အလုပ်များနေကြတာဆိုတော့ ဖက်တီးပေါက်စကို လာကူခိုင်းထားတာ … ငါတို့နှစ်ယောက်သား သင်္ဘောမှာ အကြာကြီး လိုက်ရှာကြည့်ပြီးပြီ... ဖိုးဖိုးကြီးကို တကယ် တွေ့ခဲ့တာပါဆို”

သူ ပြောသည့် ဖက်တီးပေါက်စဆိုသူမှာ ထိုက်ရှီဖြစ်သည်။ ချင်ဖုန်းကျင့်ကဲ့သို့ ဧရာမခန္ဓာကိုယ်ကြီးနှင့် ယှဥ်လျှင် ထိုက်ရှီမှာ လုံးလုံးပုပု ဖက်တီးပေါက်စလေးသဖွယ်သာ ဖြစ်နေသည်။

မှန်ပါသည်။ ဤဖက်တီးပေါက်စ၏ စွမ်းဆောင်ရည်များက အလွန်တရာမြင့်မားသည်။ ထိုက်ကျိရှေးဟောင်းနတ်ဘုရားကို ယှဉ်နိုင်သူ များများစားစား မရှိပေ။ သူကတော့ ထိုသူများထဲမှ တစ်ယောက်ဖြစ်၏။

ချင်မူလည်း ရင်ထဲတွင် အနည်းငယ်လှုပ်ရှားသွားသည်။

ရွှေသင်္ဘောသည် ဟင်းလင်းပြင်ထဲသို့ ဖြည်းဖြည်းချင်း ရွက်လွှင့်နေ၏။

“အစ်ကိုကြီးတို့နှစ်ယောက် သူ့ကို ဘယ်မှာတွေ့ခဲ့တာလဲ”

ထိုက်ရှီက ဖြေ၏။ “မဟာခန်းမတစ်ခုထဲမှာ…. သူနဲ့ တူတဲ့ လူရိပ်တစ်ခုကို ဖျတ်ခနဲ တွေ့လိုက်ရတာ… အနောက်ကလိုက်ဖမ်းပေမယ့် အနားမကပ်နိုင်ခဲ့ဘူး… သူ့ခန္ဓာကိုယ်ကိုပဲ ဖောက်ထွက်သွားတယ်”

ချင်မူ့မျက်နှာအမူအရာက သုန်မှုန်နေပြီး ရေရွတ်လိုက်သည်။ “သူ့ရဲ့ တံဆိပ်အမှတ်အသား ဖြစ်နိုင်တယ်…. သခင်လေးလေးရဲ့ တိုက်ကွက်က စွမ်းအားကြီးမားလွန်းတဲ့အတွက် သူ့ကို လုံးဝပျောက်ကွယ်သွားစေခဲ့တာလေ… သူ့ဝိညာဉ်သဲမှုန်တွေတောင် မကျန်ခဲ့ဘူး…”

“ညီလေး၊ မင်း တစ်ချက်လောက် သွားကြည့်ချင်လား” ချင်ဖုန်းကျင့်က မျှော်လင့်ချက်အပြည့်ဖြင့် မေးသည်။

သူသည် ချင်မူ့ကို အမြဲတမ်း ညီဆိုးလေးဟု ပြောခဲ့သော်လည်း ရင်ထဲတွင် သူ၏ညီလေးသည် ပြိုင်ဘက်ကင်းသည်ဟုသာ အမြဲတမ်းမှတ်ယူထားခဲ့၏။ ထို့ကြောင့် ချင်မူ ခိုင်ဧကရာဇ်အား ရှာတွေ့နိုင်ရန် မျှော်လင့်ထားမိသည်။ သူ၏ ညီဆိုးလေး၌ ခိုင်ဧကရာဇ်အား ကယ်တင်နိုင်မည့် နည်းလမ်းပင်ရှိနေသေးနိုင်၏။

ချင်မူက တွေးတောပြီးနောက် ခေါင်းညိတ်လိုက်သည်။

ခိုင်ဧကရာဇ်သည် သခင်လေးလေး၏ တိုက်ကွက်ဆီမှ မည်သို့နည်းနှင့်မှ လွတ်မြောက်ခဲ့မည်မဟုတ်ဟု သူ၏ယုတ္တိကျကျ စဉ်းစားဆင်ခြင်နိုင်စွမ်းက ပြောပြနေသော်လည်း နှလုံးသားကမူ အံ့ဖွယ်ဖြစ်ရပ် ဖြစ်လာပါစေဟုသာ မျှော်လင့်နေမိသ်ည။

ချင်ဖုန်းကျင့်နှင့် ထိုက်ရှီက ရှေ့မှ ဦးဆောင်သွားပြီး ချင်မူက သူတို့နောက်မှ လိုက်သွားသည်။

သင်္ဘောအပေါ်ရှိ နန်းဆောင်များကို မီလော့နန်းတော်အရှင်သခင်က ဆောက်လုပ်ထားခြင်းဖြစ်ပြီး ၎င်းတို့တစ်ခုစီတိုင်းသည် ကောင်းကင်ဘုံနှင့် ညီမျှ၏။ အတွင်းရှိ နေရာဟင်းလင်းပြင်က ကျယ်ပြန့်သလို ထူးဆန်းစွာဖြင့် နန်းဆောင်အရေအတွက်မှာ အတည်အကျ မရှိချေ။

နန်းဆောင်အရေအတွက်က သင်္ဘောပေါ်တွင် ပါရှိသော လူဦးရေတိုးလာတိုင်း တိုးလာတတ်သည်။ စကြ၀ဠာတစ်ခုလုံး သင်္ဘောပေါ် တက်လိုက်လျှင်တောင်မှ ထိုသူအားလုံးအတွက် နေစရာနေရာရှိ၏။

ပို၍ထူးဆန်းသည်က နန်းဆောင်တစ်ခုထဲသို့ ဝင်၍ ထွက်လာပါက နန်းဆောင်အသစ်ကို တွေ့ရပေလိမ့်မည်။ အမြဲတမ်းရှာဖွေနေလျှင်တောင်မှ တစ်ခါမှ မမြင်ဖူးသော နန်းဆောင်များကို တွေ့ရမည် ဖြစ်သည်။

ဤသည်က မီလော့နန်းတော်အရှင်သခင် သွန်းလုပ်ဖန်ဆင်းထားသော လောကပေါင်းကူး ရွှေသင်္ဘောပင် မဟုတ်ပါလော။

လောကပေါင်းကူး ရွှေသင်္ဘောသည် မှော်ဆန်ဆန် ခမ်းနားပြီး အဆုံးမရှိသော နေရာဟင်းလင်းပြင်များ ပါရှိသည့်တိုင် မဟာပျက်စီးခြင်းကပ်ဘေးကြီးနှင့် ရင်ဆိုင်ရသည့်အခါတွင်တော့ မည်သူ့ကိုမှ ကာကွယ်မပေးနိုင်ခဲ့ချေ။

ချင်မူက သူတို့နောက်မှ နေ၍ နန်းဆောင်တစ်ခုဆီသို့ လိုက်လာခဲ့သည်။ ချင်ဖုန်းကျင့်က အလျင်အမြန် လှည့်ပြော၏။ “ဒီမှာ မဟုတ်ဘူး”

သူက နောက်ထပ် ကောင်းကင်နန်းဆောင်တံခါးတစ်ခုကို ဖွင့်၍ အလောတကြီး ထွက်ခွာသွားသည်။ ထို့နောက် နောက်ထပ် နန်းဆောင်တံခါးတစ်ချပ်ကို ဖွင့်ကာ အလျင်အမြန် ထွက်သွားပြန်၏။

နန်းဆောင်တံခါးများမှာ တစ်ခုပြီးတစ်ခု ဖွင့်ခံနေရပြီး ပို၍ များပြားသော ရွှေ‌ရောင်နန်းဆောင်များက ရွှေသင်္ဘောပေါ်တွင် ထွက်ပေါ်လာကြသည်။ တဖြည်းဖြည်းနှင့် ချင်ဖုန်းကျင့် နန်းဆောင်ရာဂဏန်းတချို့ကို စစ်ဆေးကြည့်ပြီးတိုင်း နန်းဆောင်အသစ် အရေအတွက်များက ထပ်မံတိုးပွားလာ၏။ ချင်မူမှာ သူ ပျာယာခတ်နေသည်ကို ကြည့်ရုံသာ ကြည့်နေနိုင်တော့သည်။

အဝေးတွင် သူတို့ စစ်ဆေးခဲ့သည့် ကောင်းကင်နန်းဆောင်များက ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားနေပြီး နန်းဆောင်အသစ်များက ထွက်ပေါ်နေကြသည်။ ချင်ဖုန်းကျင့်က ခေါင်းမာစွာဖြင့် လက်မလျှော့ဘဲ ဆက်လက်စစ်ဆေးနေ၏။ သူသည် လုံး၀ စိတ်ဓာတ်ကျမသွားပေ။

ချင်မူလည်း သူ့နောက်မှ လိုက်နေပြီး အချိန်တစ်ခုကြာပြီးသော် ချင်ဖုန်းကျင့်မှာ ပင်ပန်းနွမ်းနယ်လာသည်။ သူက တတိယမြောက်မျက်လုံးကို ဖွင့်၍ အသည်းအသန် ရှာဖွေပြန်သည်။ “သူက ဘယ်နန်းဆောင်မှာလဲဟ… ငါတို့ သူ့ကို သေချာပေါက် တွေ့လိုက်ပါတယ်”

ချင်မူလည်း ဇဝေဇဝါဖြင့် နန်းဆောင်ထဲသို့ ကြည့်လိုက်သည်။ လူရိပ်တစ်ခု သူ့ထံ လျှောက်လှမ်းလာသည်ကို တွေ့လိုက်ရ၏။ သူတို့နှစ်ယောက်က မျက်နှာချင်းဆိုင် တွေ့ဆုံလိုက်ရသော်လည်း ထိုပုဂ္ဂိုလ်က သူ၏ ခန္ဓာကိုယ်ကို ဖောက်ထွက်သွားလေသည်။

ချင်မူမှာ အနည်းငယ် ကြောင်အနေပြီး ထိုလူကို ကြည့်နေမိ၏။ ဤသည်က မီလော့နန်းတော်အရှင်သခင် ထားရစ်ခဲ့သည့် တံဆိပ်အမှတ်အသား ဖြစ်လေသည်။ သူသည် ပူဆွေး၀မ်းနည်းမှုများ ပြည့်နှက်နေသော မျက်နှာဖြင့် နန်းဆောင်ခန်းမထဲမှ လျှောက်ထွက်လာသည်။

ချင်မူ ပြန်လှည့်ကြည့်လိုက်ရာ ခန်းမထဲတွင် မရေမတွက်နိုင်သော သက်ရှိသတ္တဝါတို့အား တွေ့လိုက်ရသည်။ ထိုနေရာတွင် မြို့များ၊ မြို့တံတိုင်းများနှင့် အမျိုးမျိုးသော အဆောက်အဦးများ ရှိနေကြသည်။

သူတို့က ခန်းမများထဲတွင် နေထိုင်အခြေချနေကာ တစ်ဦးနှင့် တစ်ဦး အပျော်များ ကူးစက်နေကြသည်။

ရုတ်တရက် အားလုံးမှာ အရိုးဖြူများအဖြစ် ပြောင်းလဲသွားကြပြီး မြို့ထဲရှိ အဆောက်အဦးအားလုံး ဖရိုဖရဲချီများအဖြစ် ပြိုကွဲသွားကြသည်။

အရိုးဖြူများက အက်ကွဲပြိုလဲကုန်ပြီး ဖရိုဖရဲချချီမျှင်များအဖြစ် အသွင်ပြောင်းလဲသွားကြသည်။

ချင်မူမှာ ကြောင်အသွားမိသည်။ စောစောကလေးတင် ခန်းမထဲ၌ ကမ္ဘာလောကတစ်ခု ရှိခဲ့သော်လည်း ယခုတွင်တော့ မည်သည်မှ မရှိတော့ချေ။

သူ ပြန်လှည့်ကြည့်လိုက်ရာ မီလော့နန်းတော်အရှင်သခင်၏ ပုံရိပ်သည် ခန်းမအပြင်တွင် ရပ်နေသည်ကို တွေ့လိုက်ရ၏။ သူက ခေါင်းမော့လျက် ငေးငိုင်နေသည်။

ချင်မူက သူ့ဘေးသို့ လျှောက်သွား၍ မော့ကြည့်လိုက်သော်လည်း ကြည့်နေသည့်အရာကို မမြင်ရချေ။

ချင်မူ လှည့်ကြည့်လိုက်ရာ မီလော့နန်းတော်အရှင်သခင် မျက်လုံးထောင့်မှ မျက်ရည်စီးကြောင်းနှစ်ကြောင်း စီးကျလာနေသည်ကို တွေ့လိုက်ရသည်။ သူ၏မျက်ရည်များကလည်း ဤနေရာတွင် တံဆိပ်ခတ်နှိပ်၍ ထာဝရတည်ရှိနေကြသည်။

ချင်မူမှာ မှင်သက်နေသော်လည်း ထိုနေရာတွင် မနေချေ။ ချင်ဖုန်းကျင့်၊ ထိုက်ရှီနှင့်အတူ ဆက်လက်ရှာဖွေသည်။

ရွှေသင်္ဘောက သူ၏ စိတ်ဆန္ဒအတိုင်း တောင်ကောင်းကင်ဆီသို့ ရောက်လာခဲ့သည်။ ရွှေသင်္ဘောအတွက် ဟင်းလင်းပြင်ကို ဖြတ်ကာ တောင်ကောင်းကင်သို့ ရောက်ရှိရန် တစ်လမှ နှစ်လခန့် ကြာတတ်၏။

ချင်ဖုန်းကျင့်နှင့် ထိုက်ရှီမှာ သင်္ဘောပေါ်တွင် ရှာဖွေနေကြဆဲဖြစ်ပြီး ခန်းမများမှာ တစ်နှင့်တစ်ခု ထပ်နေခြင်း မရှိပေ။ သူတို့အနေဖြင့် ခိုင်ဧကရာဇ်အား တွေ့ခဲ့သော ခန်းမကို ရှာရန် ခက်ခဲနေသည်။

လမ်းတစ်လျှောက်တွင် မီလော့နန်းတော်အရှင်၏ ပုံရိပ်များစွာ တွေ့ခဲ့ရသည်။ သူသည် ငေးငိုင်နေသော အသွင်အပြင်ဖြင့် ပေါ်ပေါ်လာတတ်၏။

ချင်မူတို့ ပိုပို၍များပြားသော နန်းဆောင်များကိုရှာဖွေလေလေ ပိုများသော မီလော့နန်းတော်အရှင်သခင်တို့၏ တွေ့လာရလေလေ ဖြစ်သည်။

ထိုပုံရိပ်အမှတ်အသားများက အက်ကွဲဝမ်းနည်းနေတတ်သလို ပူဆွေးငေးငိုင်နေတတ်ပြန်သည်။ တစ်ခါတစ်ရံတွင်တော့ ပျော်ရွှင်တတ်ကြွနေသလို တစ်ခါတလေတွင်တော့ စိတ်ဓာတ်ကျနေကြ၏။

သူတို့ ဆက်လက်ရှာဖွေနေသည်နှင့်အမျှ မီလော့နန်းတော်အရှင်သခင်၏ ပုံရိပ် ပေါ်လာသည့်နေရာများမှာ ပထမစကြဝဠာ၏ ပြည်သူပြည်သားများ သေဆုံးခဲ့သည့်နေရာများ ဖြစ်ကြောင်း ချင်မူ သိလိုက်ရသည်။

‘တခြားနည်းနဲ့ ပြောရရင် ပထမဆုံးမဟာပျက်စီးခြင်းကပ်ဘေးကြီး ထွက်ပေါ်လာခဲ့တုန်းက နန်းဆောင်တချို့က ‌ဗလာဖြစ်နေခဲ့တဲ့အဓိပ္ပာယ်ပဲ… အထဲမှာ နေထိုင်တဲ့သူတွေရှိတဲ့ နန်းဆောင်အရေအတွက်က ကန့်သတ်ချက်ရှိခဲ့တယ်”

သူက ရုတ်တရက် ရပ်လိုက်ပြီး တစ်စုံတစ်ခုကို နားလည်သွားသလို ခံစားလိုက်ရသည်။

ချင်ဖုန်းကျင့်က ရှေ့တွင် ဆက်လက်ရှာဖွေနေဆဲဖြစ်သည်။ ချင်မူက ခေါင်းငဲ့၍ တွေးတောစဉ်းစားနေသည်။ ‘နေတဲ့သူရှိတဲ့နန်းဆောင်နဲ့ မရှိတဲ့နန်းဆောင်က နိယာမတစ်ခုကြောင့် ပေါ်ထွက်လာတာပဲဖြစ်ရမယ်… နိယာမ တစ်ခုရှိရင် ရွှေသင်္ဘောပေါ်မှာ ရှိနိုင်တဲ့ နန်းဆောင်အရေအတွက်က ကိန်းဂဏန်းတစ်ခုရှိလိမ့်မယ်… ဘာလို့လဲဆိုတော့ ပထမစကြ၀ဠာရဲ့ သက်ရှိအရေအတွက်ကလည်း အကန့်အသတ်ရှိတယ်လေ”

သူ၏ဦးနှောက်က ပိုပို၍လျင်မြန်စွာ လည်ပတ်လာသည်။ “နန်းဆောင်အရေအတွက် ကိန်းဂဏန်းတစ်ခု ရှိတယ်ဆိုတဲ့အဓိပ္ပာယ်က ငါတို့ နန်းဆောင်တွေအားလုံးကို ရှာလို့ရတယ်ဆိုတဲ့အဓိပ္ပာယ်ပဲ”

သူက ရုတ်တရက် အသိစိတ်အလျဉ်ကို အသက်သွင်းလိုက်ပြီး သူ လျှောက်ခဲ့သော လမ်းများနှင့် ရှာဖွေခဲ့သော နန်းဆောင်များကို ပြန်လည်မြင်ယောင်ဖန်ဆင်းလိုက်သည်။ သူက ထိုနန်းဆောင်များကိုဖြန့်ကျက်၍ ၎င်းတို့၏သင်္ချာနိယာမများကို တွက်ချက်နေသည်။

ချင်ဖုန်းကျင့်က ရပ်တန့်ပြီး လှည့်ကြည့်လိုက်သည်။

ချင်မူက သူ့အနောက်သို့ ဖြည်းဖြည်းချင်း လိုက်လာပြီး ရုတ်တရက် မေးလိုက်သည်။ “အစ်ကိုကြီး၊ ကောင်းကင်နတ်အရှင်ရုံရဲ့ ကျင့်စဉ်ကို သိလား”

ချင်ဖုန်းကျင့်မှာ ဇဝေဇဝါဖြစ်သွားလေသည်။

“ကောင်းကင်နတ်အရှင်ရုံရဲ့ ကိုယ်ပွားကျင့်စဉ်‌ကို ပြောတာ”

ချင်မူက ပြောသည်။ “အစ်ကိုကြီးရဲ့ ယိုတုလမ်းစဉ် အောင်မြင်မှုတွေက သူနဲ့ ယှဉ်နိုင်တယ်… သူ‌တောင် လုပ်နိုင်ရင် အစ်ကိုကြီးလည်း လုပ်နိုင်လိမ့်မယ်”

ချင်ဖုန်းကျင့်၏ မျက်လုံးများ တောက်ပသွားပြီး သူ့ခန္ဓာကိုယ်က အနည်းငယ် တုန်ရီသွားသည်။ ချင်ဖုန်းကျင့်နောက်တစ်ယောက်က သူ၏ခန္ဓာကိုယ်ထဲမှ ထွက်လာလေသည်။

ချင်ဖုန်းကျင့်နှစ်‌ယောက်က တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့၏ သိုင်းအခြေခံသည် အညီအမျှခွဲသွားပြီး ‌ခန္ဓာကိုယ်များက နောက်တစ်ကြိမ် ယိမ်းယိုင်ပြီးနောက် ချင်ဖုန်းကျင့် နောက်တစ်ယောက်အဖြစ် ကွဲထွက်သွား၏။

ချင်ဖုန်းကျင့်သည် ဆက်လက်ကွဲထွက်နေပြီး နောက်ဆုံးတွင် ချင်ဖုန်းကျင့် တစ်သောင်းအထိ ရှိလာချေပြီ။

ဤသည်က ကောင်းကင်နတ်အရှင်ရုံ၏ ကျင့်စဉ်စနစ်ဖြစ်၏။

ကောင်းကင်နတ်အရှင်ရုံ၏ အစွမ်းထက်ဆုံးကောင်းကင်နတ်သိုင်းမှာ ဤနည်းဖြင့် ကျင့်ကြံထားခြင်းဖြစ်သည်။ ကိုယ်ပွား ကုဋေပေါင်းများစွာ ရှိပြီး ၎င်းတို့တစ်ယောက်ချင်းစီတွင် မူလဝိညာဉ်များ ရှိသဖြင့် သူ၏ မူလဝိညာဉ်မှာ အလိုအလျောက် သန်မာလာခြင်းပင်။

သို့သော် ထိုသို့လုပ်ရာတွင် အားနည်းချက်တစ်ခုလည်း ရှိသည်။ ရုပ်ခန္ဓာ အားနည်းသွားခြင်း ဖြစ်၏။

ယိုတုလမ်းစဉ်သည် သက်ရှိရုပ်ခန္ဓာများကို ဆန့်ကျင်သည့်အတွက် ရုပ်ခန္ဓာကို အထွတ်အထိပ်အထိ ရောက်ရှိအောင် ကျင့်ကြံရန် ခက်ခဲသဖြင့် ကောင်းကင်နတ်အရှင်ရုံ၏ ရုပ်ခန္ဓာအောင်မြင်မှုများက မမြင့်မားပေ။

မရေမတွက်နိုင်သော ချင်ဖုန်းကျင့်များက ဦးတည်ရာမဲ့ ပြေးလွှားနေပြီး နန်းဆောင်များထဲ ဝင်သွားကြသည်။ ဤသို့ဖြင့် ပို၍များပြားသော နန်းဆောင်များက ထွက်‌ပေါ်လာကြ၏။

ချင်ဖုန်းကျင့်မှာ ဆက်လက်ပြေးလွှားနေပြီး သူ့ခန္ဓာကိုယ်သည် တုန်ရီကာ ကွဲထွက်နေ၏။

ချင်မူ့အကြည့်များက တဖျတ်ဖျတ် တောက်ပနေပြီး သူ မြင်ယောင်ဖန်ဆင်းနေသည့် ကောင်းကင်နန်းဆောင်အရေအတွက်က ပိုပို၍ များပြားလာသည်။ ၎င်းတို့ထဲရှိ အမှတ်အသားများကလည်း ပို၍ရှင်းလင်းပြတ်သားလာကြသည်။

ထိုက်ရှီမှာ ၎င်းကို ကြည့်၍ ပါးစပ်အဟောင်းသားဖြစ်နေပြီး ရုတ်တရက် မေးလိုက်၏။ “ချင်ဖုန်းကျင့်က ကောင်းကင်နတ်အရှင်ရုံရဲ့ ကျင့်စဉ်ကို သင်ထားတာလား”

ချင်မူက ခေါင်းခါလိုက်သည်။ “တစ်ခါမှ မသင်ဖူးဘူး… ကောင်းကင်နတ်အရှင်ရုံက တစ်ယောက်တည်းနေတာ များလို့ သူနဲ့ရင်းနှီးတဲ့သူက နည်းနည်းပဲ ရှိတယ်… ယိုတုမဟာတာအိုကလည်း သိပ်ကို နက်နဲပြီး နားလည်ရခက်တဲ့အတွက် သူက တခြားသူတွေကို အလုပ်ရှုပ်ခံပြီး သင်မပေးဘူး”

ထိုက်ရှီမှာ ထစ်အစွာ မေးလိုက်သည်။ “ဒါ... ဒါဆိုရင် ချင်ဖုန်းကျင့်က ဘယ်လိုလုပ် သိနေတာလဲ”

ချင်မူက အနိမ့်အမြင့်မရှိသော အသံဖြင့် ခပ်တည်တည် ဖြေသည်။ “သူက တုံးသယောင် ထင်ရပေမယ့် ကျွန်တော့်လိုပဲ ဉာဏ်ကောင်းတယ်”

ထိုက်ရှီသည် တခဏ တွေးတောပြီးနောက် မေးလိုက်ပြန်၏။ “ဒါဆိုရင် မင်းကရော ဘာလို့မသိတာလဲ”

အဖြေကား မရှိ။

နောက်ဆုံးတွင် ချင်ဖုန်းကျင့်သည် နောက်ဆုံးနန်းဆောင်ကို ရှာဖွေပြီးသွားသော်လည်း နောက်ထပ် နန်းဆောင်အသစ်များ ထွက်ပေါ်မလာခဲ့ချေ။ သူက သူ၏ကိုယ်ပွားများကို ပြန်ရုတ်သိမ်းပြီးနောက် စိတ်ဓာတ်ကျနေသော မျက်နှာအမူအရာဖြင့် ခေါင်းခါရမ်းလိုက်သည်။ “ငါ ဖိုးဖိုးကြီးကို မရှာနိုင်ခဲ့ဘူး… ဖက်တီးပေါက်စ၊ မင်းရဲ့ မျက်လုံးက ပြုတ်ထွက်တော့မယ့်အတိုင်းပဲ ပြူးနေလိုက်တာ”

ထိုက်ရှီမှာ ပါးစပ်ဟစိဟစိဖြင့် စကားပင် မပြောနိုင်ချေ။

ချင်မူက လေပူတစ်ချက် မှုတ်ထုတ်လိုက်ပြီး သူ မြင်ယောင်ဖန်ဆင်းထားသည့် ကောင်းကင်နန်းဆောင်များကို ကြည့်လိုက်သည်။ ၎င်းထဲရှိ သင်္ချာနိယာမများကို လေ့လာကြည့်ပြီးနောက် ခေါင်းရမ်းကာ ပြောလိုက်၏။ “သင်္ဘောပေါ်မှာ ပေါ်မလာသေးတဲ့ နန်းဆောင်တစ်ခု ရှိတယ်… ဒါပေမဲ့ အဲဒီနန်းဆောင်ရဲ့ တည်နေရာကို ကျွန်တော် သတ်မှတ်လို့ရတယ်”

သူက ရှေ့သို့တက်သွားပြီး နေရာအလွတ်တစ်ခုသို့ ရောက်လာသည်။ ထို့နောက် လက်မြှောက်၍ မျက်ခုံးနှစ်ဖက်ကြားသို့ အသာအယာ ထိတွေ့လိုက်ရာ ဒေါင်လိုက်မျက်လုံး ပွင့်လာ၏။

မရေမတွက်နိုင်သော ဖန်စများကဲ့သို့ အလင်းတန်းများက သူ၏မျက်ခုံးနှစ်ဖက်ကြားရှိ နတ်မျက်လုံးထဲမှ တောက်ပလာသည်။ ၎င်းတို့က အရပ်လေးမျက်နှာသို့ အလင်းယိုင်သွားကြပြီး ကောင်းကင်နတ်အရှင်ယွဲ့၏ နေရာဟင်းလင်းပြင်ကျမ်းစာမှာ အဆုံးအစွန်အထိ အသက်သွင်းခံလိုက်ရလေသည်။

ဖန်စများကဲ့သို့ အလင်းရောင်က သူ၏မျက်လုံးများထဲမှ ထွက်ပေါ်လာပြီး မရေမတွက်နိုင်သော နေရာဟင်းလင်းပြင်အလွှာများအား အလင်းယိုင်လိုက်ကြသည်။ ထိုထူးဆန်းသော နေရာများထဲတွင် နန်းဆောင်များ ရှိနေပြီး ဤ ရွှေသင်္ဘော၏ အတွင်းနေရာများ ဖြစ်ကြသည်။

ရုတ်တရက် ချင်မူ့အကြည့်က နန်းဆောင်တစ်ခုပေါ်သို့ စုဆုံကျရောက်၍ တောက်ပသွား၏။ သူ၏အကြည့်ထဲရှိ ဖန်သားများက အရှေ့မှ အနောက်သို့ ရွေ့လျားကာ ထူးဆန်းသောအခြေအနေတစ်ခု ဖွဲ့တည်လာသည်။ ဖန်သား အနောက်သို့ ရွေ့လျားသွားသည့်အချိန်တွင် ဖန်သား၏ ကျောပြင်၌.... ရတနာနန်းဆောင်တစ်ခုက အလိုအလျောက် ထွက်ပေါ်လာ၏။

ရွှေသင်္ဘောဆီမှ ပျောက်ကွယ်နေခဲ့သည့် ရွှေရောင်နန်းဆောင်ကား ပေါ်လွင်လာခဲ့ချေပြီ။

“သင်္ချာ နားလည်ထားသရွေ့ လျှို့ဝှက်ချက်ဆိုတာ မရှိဘူး” ထိုက်ရှီက ပါးစပ်အဟောင်းသား ဖြစ်နေသော ချင်ဖုန်းကျင့်ကို ရှင်းပြသည်။

ချင်ဖုန်းကျင့်က ရွှေရောင်နန်းဆောင်ကို ငေးကြည့်နေပြီး ရေရွတ်လိုက်သည်။ “မင်းသာ ဖက်တီးပေါက်စ မဟုတ်ဘူးဆိုရင် မင်း ပြောလိုက်တာက အဓိပ္ပာယ်ရှိတယ်လို့ ထင်မိမှာပဲ…”

ချင်မူက သူ၏ဝတ်ရုံကို ခါလိုက်ပြီး နန်းဆောင်ခန်းမတံခါးကို ဖွင့်ကာ ဝင်ရောက်သွားတော့သည်။

သူ၏အရှေ့တွင် တာအိုပန်းပွင့်တစ်ပွင့်ကား ဖြည်းဖြည်းချင်း လှည့်ပတ်နေသည်။ ၎င်းသည် မရေမတွက်နိုင်သော ဓားသွားများဖြင့် ဖွဲ့တည်ထားသည့်အလား တည်ရှိနေ၏။

ချင်မူမှာ ငိုကြွေးနေပုံပေါက်သော်လည်း မျက်ရည်များ စီးကျမလာချေ။ သူက အပြုံးမဟုတ်သော အပြုံးတစ်ခုဖြင့် ပြုံးနေပြီး ထိုနေရာတွင် အချိန်အတော်ကြာ ရပ်နေသည်။

ကောင်းကင်နတ်ဘုံတွင် ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ နန်းတက်ပွဲ ပြီးဆုံးသွားပြီဖြစ်သော်လည်း အချိန်တစ်ခုအထိ စည်းကားသိုက်မြိုက်နေသေးသည်။ ကောင်းကင်နတ်ဧကရာဇ်ဟောင်က အကျိုးသယ်ပိုးခဲ့သော ဝန်မင်းများကို ရာထူးများ တိုးမြှင့်ပေးခဲ့ပြီး အာရုံစိုက်ခံရဆုံးမှာတော့ အသစ်စက်စက် ကောင်းကင်နတ်အရှင်များ ဖြစ်ကြ၏။

ကောင်းကင်ယင်သားတော်မှာ ဘဝပြန်ဝင်စားခြင်းတန်ခိုးရှင် ကောင်းကင်နတ်အရှင်ယင်အဖြစ် ရာထူးပေးအပ်ခံခဲ့ရပြီး ထိုက်ကျိရှေးဟောင်းနတ်ဘုရားနှစ်ပါးကတော့ ကောင်းကင်နတ်အရှင်ထိုက်ယန်နှင့် ကောင်းကင်နတ်အရှင်ထိုက်ယင်ဟူ၍ အသီးသီး ချီးမြှောက်ခံကြရသည်။ အရှေ့နတ်မင်းချင်းလုံးကိုတော့ ကောင်းကင်နတ်အရှင်ချင်းလုံဟု တိုးမြှင့်ပေးခဲ့သည်။

ထင်မထားသည်က လုံရှောင်လည်း လာရောက်၍ ရာထူးရခဲ့ခြင်းပင်။ သူ့ကို ကောင်းကင်နတ်ဧကရာဇ်ဟောင်က ကောင်းကင်နတ်အရှင်လုံရှောင်အဖြစ် ရာထူးပေးအပ်ခဲ့ပြီး သားရဲကမ္ဘာလောကအပေါ် အုပ်ချုပ်စေသည်။

အခြားကောင်းကင်နတ်အရှင်များဖြစ်သည့် ဟွေ့၊ ရှုနှင့် ရှေးဟောင်းနတ်ဘုရားဘုရင်တို့မှာလည်း ဆုလာဘ်များ ချီးမြှင့်ခံရ၏။ သူတို့၏ ရာထူးအဆင့်အတန်းများကတော့ ပို၍မြင့်မားချေသည်။

အခမ်းအနားကြီး ပြီးသည့်နောက် ကောင်းကင်နတ်ဧကရာဇ်ဟောင်က အညံ့မခံသူများဆီသို့ စစ်ချီတိုက်ခိုက်စေသည်။ သူက အနောက်ဝင်ရိုးစွန်းနှင့် မြောက်ဝင်ရိုးစွန်းတို့ကို စစ်တပ်များ စေလွှတ်တိုက်ခိုက်စေရန် ပြင်ဆင်ထားလေသည်။

ကမ္ဘာလောကအသီးသီး၏ အုပ်ချုပ်သူများကတော့ သူတို့၏ သက်ဆိုင်ရာ ကမ္ဘာလောကများဆီသို့ ပြန်သွားကြသည်။ ကောင်းကင်နတ်အရှင်တို့ကလည်း သူတို့၏ ပိုင်နက်ဆီသို့ ပြန်သွားကာ စစ်ချီရန်အတွက် စစ်သည်တော်များ၊ မြင်းများ စုဆောင်းနေကြ၏။

ကောင်းကင်နတ်အရှင်ဟွေ့က ကောင်းကင်ရတနာရထားလှည်းထဲတွင် ထိုင်နေပြီး မျက်လုံးများကို မှိတ်၍ အနားယူနေ၏။ ကောင်းကင်ရတနာရထားလှည်းက ကြယ်တာရာကောင်းကင်အား ဖြတ်သန်းသွားလာနေသည်။ ၎င်းက အလွန်တရာတောက်ပနေသဖြင့် ကောင်းကင်တလျှောက် လမ်းကြောင်းတစ်ခု ချန်ရစ်ခဲ့၏။

ကြွယ်ဝချမ်းသာပြီး အာဏာရှိသူတစ်ယောက် အိမ်သို့ ပြန်ခြင်းက ညအချိန်တွင် တောက်ပသော ဝတ်ကောင်းစားလှများ ဝတ်၍ လျှောက်သွားနေသကဲ့သို့ပင်။

ဤအကြောင်းအရင်းကြောင့် စွမ်းအင်အကူးအပြောင်းတံတားကို မသွားဘဲ ကောင်းကင်ရတနာရထားလှည်းဖြင့် တောင်ကောင်းကင်သို့ ပြန်နေခြင်းဖြစ်သည်။

ကောင်းကင်နတ်အရှင်တစ်ပါးအနေဖြင့် ကောင်းကင်နတ်အရှင်တစ်ပါး၏ ကိုယ်ဟန်အရှိန်အဝါ ရှိသင့်သည် မဟုတ်ပါလော။

ခရီးလမ်းက ဘေးကင်းပြီး မည်သည့်အနှောင့်အယှက်မှ မရှိခဲ့ချေ။

ကောင်းကင်ရတနာရထားလှည်းသည် တောင်ကောင်းကင်သို့ ရောက်လာလျှင် တဖြည်းဖြည်း အရှိန်လျော့သွား၏။ ကောင်းကင်ရတနာရထားလှည်းက တောင်ကောင်းကင်မှ ကောင်းကင်ဘုံအမျိုးမျိုး၏ ကောင်းကင်ထက်မှ ဖြတ်သန်းသွားသည်။ အောက်တွင်တော့ သာမန်ပြည်သူများက ဒူးထောက်လျက် ပူဇော်ကိုးကွယ်နေကြ၏။

ကောင်းကင်နတ်အရှင်ဟွေ့သည် ခရီးလမ်းတစ်ခုလုံးကို စစ်ဆေးကြည့်ရှုရင်း လိုက်ပါလာခဲ့သည်။ တောင်ကောင်းကင်မှာ အစီအစဉ်ကျသော်လည်း ပရမ်းပတာ ဖြစ်နိုင်ခြေအရိပ်အယောင်များကို ခပ်ရေးရေး တွေ့မြင်နေရသည်။ သူ့မှာ မျက်မှောင်ကြုတ်လိုက်မိသည်။

ပုန်ကန်နေသူများက လူသားများ မဟုတ်ဘဲ နတ်ဘုရားတစ်ပိုင်းများ ဖြစ်ကြသည်။ သူတို့က အရာအားလုံးကို မီးလောင်တိုက်သွင်းပြီး သတ်ဖြတ်နေကြလေသည်။ အခြားတစ်ဖက်တွင် လူသားများကတော့ လုံးဝခုခံခြင်းမရှိဘဲ အညံ့ခံကြသည်။

ကောင်းကင်နတ်အရှင်ဟွေ့က နတ်ဘုရားတစ်ပိုင်းတစ်ဦးကို ဖမ်းဆီး၍ မေးမြန်းသည်။ နတ်ဘုရားတစ်ပိုင်းက လည်ပင်းဆန့်၍ ဖြေသည်။ “ငွေ မရှိတော့ဘူးလေ… တောင်ကောင်းကင်မှာ လယ်သမားတွေ၊ ပိုးကောင်မွေးတဲ့သူတွေနဲ့ အဝတ်ချုပ်တဲ့သူတွေနဲ့ပဲ ပြည့်နေတာလေ… ဘယ်မှာလဲ စက်ရုံတွေ… တိုင်းပြည်အတွင်း သုံးဖို့တောင် ကောင်းကင်လက်နက်တွေ မရှိဘူး… အကုန်လုံးကို ထာဝရငြိမ်းချမ်းရေးအင်ပါယာကနေပဲ ဝယ်သုံးနေရတာ… အခု ကျုပ်တို့ အရှင်သခင်တွေမှာတောင် ငွေမရှိတော့တဲ့အတွက် ပုန်ကန်ရုံပဲ တတ်နိုင်တယ်”

ကောင်းကင်နတ်အရှင်ဟွေ့က သူ့ကို လွှတ်ပေးလိုက်သည်။ သူ့မှာ အတော်လေး အတွေးနက်နေမိသည်။

“ငါတို့ ထာဝရငြိမ်းချမ်းရေးအင်ပါယာကို မသိမ်းပိုက်ရင် တောင်ကောင်းကင်အနေနဲ့ ဆက်ပြီး ရပ်တည်နိုင်ဖို့ ခက်ခဲလိမ့်မယ်… တောင်ကောင်းကင်က လူဦးရေနည်းနည်းပဲ ရှိတဲ့ တိုင်းပြည်ပဲ… ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ စက်ရုံအလိုက် သွန်းလုပ်တဲ့စနစ်ကို ဘယ်လိုယှဥ်နိုင်ပါ့မလဲ”

သူ ထိုသို့တွေးနေစဉ် ရုတ်တရက် ရယ်မောနေသည့် အသံတစ်သံ ကြားလိုက်ရသည်။ “ကောင်းကင်နတ်အရှင်ဟွေ့က တကယ့်ကို ပါရမီရှင်ပါပဲ… ဒီနေရာက လူသားတွေကို ရိုကျိုးနေအောင် ကောင်းကောင်းမွေးမြူထားနိုင်တယ်… တွန်းလှန်ဖို့ စိတ်ဆန္ဒတစ်စက်မှ မရှိတဲ့အပြင် တွန်းလှန်နိုင်စွမ်းလည်း မရှိဘူး… ဒီလူတွေက အသက် ၆၀ အထိ နေပြီးရင် နတ်ဘုရားတစ်ပိုင်းတွေ စားတာခံရတာတဲ့လား… အိုလွန်းအားကြီးတယ်… အသက် ၆၀ အရွယ် အသားက ဝါးရတာ မကောင်းဘူး…. အခုအချိန်ကစပြီး အသက် ၄၀ ကို အဆိုပြုသင့်တယ်…. အဲဒီအရွယ်ကျ အသားလေးက ဝါးရတာ ကွက်တိပဲ”

All Chapters