ကောင်းကင်နတ်အရှင်ဟွေ့၏ သိက္ခာ
Vol. 125 Ch. 1618
“အသစ်စက်စက် ကောင်းကင်နတ်အရှင် ချင်းလုံပါလား …”
ကောင်းကင်နတ်အရှင်ဟွေ့က လျှောက်လာနေသော အရှေ့နတ်မင်း နဂါးစိမ်းတဖြစ်လဲ ကောင်းကင်နတ်အရှင်ချင်းလုံကို တစ်ချက်လှမ်းကြည့်လိုက်သည်။ ကောင်းကင်နတ်အရှင်ချင်းလုံမှာ သိသိသာသာပင် ဘဝင်ခွေ့ကာ ပျော်ရွှင်နေသည်။ သူက ပတ်ဝန်းကျင်အား ကျီးကန်းတောင်းမှောက် ကြည့်ရင်း တောင်ကောင်းကင်၏ အရာအားလုံးကို စိတ်ဝင်တစား စပ်စုနေသည်။
“ကောင်းကင်နတ်အရှင်ချင်းလုံ ၊ ခင်ဗျားက အစတုန်းက အရှေ့ဝင်ရိုးစွန်းကို တာဝန်ယူအုပ်ချုပ်ခဲ့တဲ့ အရှေ့နတ်မင်း ဖြစ်ခဲ့တယ် … အခု ကောင်းကင်နတ်အရှင်တစ်ပါးဖြစ်လာတော့ အရှေ့ဝင်ရိုးစွန်းက ကောင်းကင်နတ်ဧကရာဇ်ဟောင်လက်ထဲ တိုက်ရိုက်ရောက်သွားတော့မယ်”
ကောင်းကင်နတ်အရှင်ဟွေ့က မှင်သေသေ မေးသည်။ “အခု ခင်ဗျားမှာ ဘာမှ မရှိတော့ဘူးဆိုတော့ ကောင်းကင်နတ်အရှင်ရာထူးက တန်တယ် ထင်သေးရဲ့လား’’
အရှေ့နတ်မင်း ချင်းလုံက ရယ်မောကာ ဖြေသည်။ “အခု ငါ့မှာ ဘဝတစ်ခုရှိပြီဆိုတော့ တန်ပါတယ်…. အရှေ့ဝင်ရိုးစွန်းက အရှင်မင်းကြီးလက်ထဲ ရောက်သွားပြီဆိုတော့ အရှင်မင်းကြီးက ငါ မသေအောင် အာမခံပေးနိုင်မှာပါ…ငါ ကောင်းကင်နတ်အရှင်မူနဲ့ ပူးပေါင်းခဲ့ပေမယ့် နောက်ဆုံးမှာ သူက ခံနိုင်ရည်မရှိဘူးလေ… ငါ ရှုံးသွားခဲ့တယ်… င့ါဘဝအတွက် ဒီနည်းလမ်းတစ်ခုပဲ ရွေးချယ်စရာရှိတယ်”
ကောင်းကင်နတ်အရှင်ဟွေ့က စိတ်ပျက်နေသောမျက်နှာအမူအရာဖြင့် ခေါင်းခါရမ်းသည်။ “ကောင်းကင်နတ်အရှင်မူက ခင်ဗျားတို့လို ရှေးဟောင်းနတ်ဘုရားတွေနဲ့ မဟာမိတ်ဖွဲ့ထားတာမှတော့ ရှုံးတာလည်း အံ့သြစရာမရှိဘူး… ခင်ဗျားတို့က သူ့ကို ကူညီတာကနည်းနည်း နှောင့်နှေးစေတာကများများ ဖြစ်နေတာလေ … ခင်ဗျားတို့ ရှေးဟောင်းနတ်ဘုရားတွေကြောင့်သာမဟုတ်ရင် ကောင်းကင်နတ်အရှင်မူ ရှုံးလောက်မှာတောင် မဟုတ်ဘူး”
အရှေ့နတ်မင်း ချင်းလုံက ရယ်မောလိုက်သည်။ “ကောင်းကင်နတ်အရှင်ဟွေ့ကြောင့်သာမဟုတ်ရင် ကောင်းကင်နတ်အရှင်မူလည်း မရှုံးလောက်ပါဘူး”
သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ရွံရှာနေသောအကြည့်များဖြင့် ကြည့်နေကြ၏။
ဤအခိုက်အတန့်တွင် လူတစ်စုက ဗုံများ၊ ကြေးစည်များ တီးခတ်ရင်း ခေါင်းတလားတစ်ခုကို သယ်ဆောင်လာကြ၏။ ခေါင်းတလားထဲတွင် အသက် ၆၀ အရွယ် အဘိုးအိုတစ်ဦး ထိုင်နေသည်။ သူသည် အစိမ်းရောင်နှင့် အနက်ရောင် ရောယှက်ထားသော ဝတ်ရုံကို ဝတ်ဆင်ထားပြီး ပျော်ရွှင်ဝမ်းမြောက်စွာ ပြုံးနေ၏။ သူက လက်နှစ်ဖက်ကို ယှက်၍ သူ့ပတ်ပတ်လည်ရှိ လူများကို အဆက်မပြတ် ကျေးဇူးတင်နေသည်။
ထိုလူစုသည် ကောင်းကင်နတ်အရှင်ဟွေ့နှင့် အရှေ့နတ်မင်းချင်းလုံအနားသို့ ရောက်လာကြသည်။ သူတို့က လမ်းပိတ်ရပ်နေသည်ကိုမြင်လျှင် ရပ်တန့်လိုက်ကြ၏။
အရှေ့နတ်မင်းချင်းလုံက ခေါင်းတလားထဲရှိ အဘိုးအိုကို မ,ကြည့်လိုက်သည်။ အနံ့ခံကြည့်ပြီးနောက် ပြန်ချလိုက်၏။
အဘိုးအိုသည် သူ၏ ထူးဆန်းသော အသွင်အပြင်ကို မြင်လျှင် ကျယ်လောင်စွာ လျှောက်တင်သည်။ “ဂုဏ်သရေကြီးလှတဲ့ နတ်ဘုရားမင်းခင်ဗျာ… သုံးဆောင်လို့ရပါပြီ”
အရှေ့နတ်မင်း ချင်းလုံက ခေါင်းခါသည်။ “မင်းက ပိန်နေတဲ့အပြင် အသက်ကလည်း ကြီးလွန်းနေပြီ … ကောင်းကင်နတ်အရှင်ဟွေ့ အသက် ၄၀ အရွယ် ဆိုရင်ရော ဘယ်လိုလဲ…မင်းတို့လူသားတွေက ဆယ်ကျော်သက်အရွယ်မှာ လက်ထပ်ကြပြီး နှစ်ဆယ်ပတ်လည်မှာ ကလေးမွေးကြတယ်… လေးဆယ်အရွယ်ကျရင် မြေးတွေ ရနေကြပြီလေ… အဲဒီအချိန် အရသာက ကွက်တိပဲ… အဲဒီအရွယ်လောက်ဆို ရှေးဟောင်းနတ်ဘုရားတွေနဲ့ နတ်ဘုရားတစ်ပိုင်းတွေဆီ ဆက်သလို့ရပြီ”
ကောင်းကင်နတ်အရှင်ဟွေ့က သူ့ကို ခံစားချက်ကင်းမဲ့သော မျက်နှာအမူအရာဖြင့် ကြည့်နေသည်။
အရှေ့နတ်မင်းချင်းလုံ၏ ခန္ဓာကိုယ်မှာ အလွန်တရာ ကြီးမား၏။ သူက ဆောင့်ကြောင့်ထိုင်၍ လူအုပ်ကို ကြည့်နေသည်။ သူက ပြုံးလျက် မေးလေသည်။ “ကောင်းကင်နတ်အရှင်ဟွေ့ကတော့ ဘာမှမပြောဘူး… ကဲ မင်းတို့ပြောကြ… ငါပြောတာ အဓိပ္ပာယ်ရှိတယ်ထင်လား”
ထိုလူများက ချက်ချင်းပင် ခေါင်းတလားကို ချကာ မြေပြင်တွင် ပြားပြား၀ပ်သွားကြသည်။ သူတို့က ပြိုင်တူ ဖြေလိုက်ကြ၏။ “မှန်တော်မူကြောင်းပါ ဘုရား… အဲဒီအတိုင်း သတ်မှတ်လို့ရပါတယ်”
အရှေ့နတ်မင်းချင်းလုံက ကောင်းကင်နတ်အရှင်ဟွေ့ကို ကြည့်ပြီးနောက် ရုတ်တရက် ရယ်မောလိုက်သည်။ “လေးဆယ်က နည်းနည်းတောင် အသက်ကြီးနေသေးသလိုပဲ…. သုံးဆယ်ဆိုရင်ရော ဘယ်လိုလဲ.. ဘယ်လိုသဘောရကြလဲ’’
ထိုလူများက ဖြေပြန်သည်။ “အရှင်ပြောတာ အဓိပ္ပါယ်ရှိကြောင်းပါ… အဲဒီအတိုင်း သတ်မှတ်လိုက်ပါ့မယ်ခင်ဗျာ”
အရှင်နတ်မင်း ချင်းလုံက ကောင်းကင်နတ်အရှင်ဟွေ့က ထပ်မံကြည့်ကာ ရယ်မောလိုက်ပြန်သည်။ “သုံးဆယ်အရွယ် လူတစ်ယောက်ရဲ့ ချီနဲ့ သွေးက သိပ်မကောင်းချင်တော့ဘူး… အသက်နှစ်ဆယ်ဆိုရင်ရော… မင်းတို့လူသားတွေ နှစ်ဆယ်မတိုင်ခင် ကလေးယူကြပေါ့… ကလေးယူပြီးရင်တော့ ရှေးဟောင်းနတ်ဘုရား နတ်ဘုရားတစ်ပိုင်းတွေဆီ ကိုယ့်ကိုကိုယ် လာရောက်ဆက်သကြ”
ထိုလူများက တုံ့ဆိုင်းနေသဖြင့် ခေါင်းတလားထဲရှိ အဘိုးအိုကြီးသည် တုန်ရီနေသော လေသံဖြင့် လျှောက်တင်၏။ “နတ်မင်းကြီးခင်ဗျာ၊ အသက်နှစ်ဆယ်က ငယ်လွန်းပါတယ်.. နောက်ထပ် နှစ်နည်းနည်းလောက် ပေးဖို့ တောင်းဆိုချင်ပါတယ်… ကလေးတွေ အရွယ်ရောက်တော့မှ လာရောက်ဆက်သလို့ရမလားခင်ဗျာ”
အရှေ့နတ်မင်းသည် တဟားဟား ရယ်မောလိုက်၏။ “မင်းတို့မှာ ရွေးချယ်ပိုင်ခွင့် ရှိလို့လား… မဟုတ်ဘူး… မင်းတို့မှာ ခုခံနိုင်စွမ်းရှိလို့လား… ခုခံနိုင်စွမ်း မရှိသလို ရွေးချယ်ပိုင်ခွင့်လည်းမရှိဘူး… ဒါပဲ စည်းကမ်းသတ်မှတ်ပြီးပြီ”
အောက်တွင် လူငယ်များမှာ ငိုကြွေးနေကြသည်။ သူတို့မှာ ယခုလေးတွင် မိဘများကို ဆုံးရှုံးလိုက်ရသည့်အလား ပူဆွေးနေကြတော့သည်။
“ကျုပ် ခင်ဗျားနဲ့ တိုက်ခိုက်မယ်”
အဘိုးအိုက ခေါင်းတလားထဲမှ ခုန်ထွက်၍ အရှင်နတ်မင်းထံသို့ ပြေးလာကာ ထိုးနှက်ကန်ကြောက်လိုက်သည်။ သို့သော် သူ့မှာ အားနည်းသဖြင့် နည်းနည်းလေးမှ ထိရောက်ခြင်းမရှိပေ။
အရှေ့နတ်မင်းချင်းလုံက စိတ်ထဲပင် ထည့်မထားချေ။ သူ့ခြေထောက်ရှိ နဂါးအကြေးခွံများက အေးစက်သော အလင်းရောင်တို့ဖြင့် တောက်ပသွားပြီး အဘိုးအိုမှာ ပြာကျသွားတော့သည်။
ခေါင်းတလားကို သယ်ထားကြသည့် လူငယ်များမှာ ၎င်းကိုမြင်လျှင် တိတ်ဆိတ်စွာ ထရပ်၍ လှည့်ထွက်သွားကြသည်။ မည်သူကမှ အဘိုးအိုအတွက် ကလဲ့စားချေပေးခြင်း မရှိကြ။
“မင်းတို့က ဒီလိုလွယ်လွယ်လေး လက်ခံလိုက်ပြီလား”
အရှေ့နတ်မင်းချင်းလုံမှာ အံ့သြမှင်သက်သွားသည်။ သူက ပြုံးနေပြီးနောက် ပြောလိုက်၏။ “ကောင်းကင်နတ်အရှင်ဟွေ့၊ ကျုပ်ကို သင်ပေးပါဦး… တောင်ကောင်းကင်ကို ခင်ဗျား ကျွန်ပြုထားတဲ့ နည်းစနစ်သာ တစ်လောကလုံးက ကမ္ဘာလောကတွေဆီ ပျံ့နှံ့သွားရင် အရှင်မင်းကြီးအနေနဲ့ ကောင်းကင်နတ်အရှင်မူကိုတောင် စိုးရိမ်နေစရာ မလိုတော့ဘူး… အနာဂတ်မှာ ဘယ်လိုပုန်ကန်မှုမျိုးမှ ဖြစ်လာမှာ မဟုတ်တော့ဘူး”
ကောင်းကင်နတ်အရှင်ဟွေ့က နှာခေါင်းရှုံ့လိုက်သည်။ “ကျုပ်က လူသားမျိုးနွယ်ကို ကာကွယ်ဖို့ ဒီလိုလုပ်ထားတာ… လူသားမျိုးနွယ်က အားနည်းတယ်… ရှေးဟောင်းနတ်ဘုရားတွေ၊ နတ်ဘုရားတစ်ပိုင်းတွေနဲ့ မယှဥ်ပြိုင်နိုင်ဘူး… ဒီလိုနည်းနဲ့ပဲ လူသားမျိုးနွယ် ရှင်သန်နိုင်လိမ့်မယ်… နဂါးဟန်ခေတ်ကနေ အခုအချိန်အထိ နှစ်တစ်သန်းအတွင်း ကျုပ်ရဲ့ တောင်ကောင်းကင်က လူသားတွေပဲ မျိုးသုဉ်းမှာ စိုးရိမ်စရာမလိုဘဲ ရှင်သန်နိုင်ခဲ့ကြတာ”
“ထာဝရငြိမ်းချမ်းရေးအင်ပါယာလည်း ကောင်းကောင်းရှင်သန်နေတယ်မဟုတ်လား”
အရှေ့နတ်မင်းချင်းလုံက ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။ “တခြားကမ္ဘာလောကတွေရဲ့ လူသားမျိုးနွယ်တွေလည်း မျိုးမသုဥ်းသေးဘူးလားလို့လေ..”
ကောင်းကင်နတ်အရှင်ဟွေ့က အေးစက်စွာ ပြုံး၏။ “ကမ္ဘာဦးဘုံရဲ့ လူသားမျိုးနွယ်က နဂါးဟန်ကပ်ဘေး၊ ချိမင်ကပ်ဘေး၊ ချုံဧကရာဇ်ကပ်ဘေး၊ ခိုင်ဧကရာဇ်ကပ်ဘေးနဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ကပ်ဘေးတွေကို ကြုံတွေ့ခဲ့ရတယ်.. ဘယ်အချိန်တုန်းကများ မျိုးမသုဥ်းလုနီးပါး ဖြစ်ခဲ့လို့လဲ… အကြိမ်တိုင်း နာကျင်မှုတွေ မချိမဆံ့ ခံစားရပြီးတော့မှ ပြန်ရှင်သန်လာနိုင်ခဲ့တာ… ကျုပ်ရဲ့ တောင်ကောင်းကင်ကတော့…”
“ခင်ဗျားပြောတဲ့ ကပ်ဘေးငါးခုမှာ ခင်ဗျားပဲ အမြဲတမ်း ပါခဲ့သလိုပဲနော်… အကြိမ်တိုင်း အရက်စက်ဆုံးက ခင်ဗျားပဲ ဖြစ်ခဲ့တာလေ”
အရှေ့နတ်မင်းချင်းလုံသည် ကောင်းကင်နတ်အရှင်ဟွေ့ ပြန်ချေပတော့မည်ကို မြင်သဖြင့် လက်ခါကာ ပြုံးပြလိုက်သည်။ “ခင်ဗျားနဲ့ ဒီကိစ္စကို ငြင်းခုံဖို့ ကျုပ် ရောက်လာတာမဟုတ်ဘူး… ကောင်းကင်နတ်အရှင်ဟွေ့၊ ခင်ဗျားက အရှင်မင်းကြီးကို စိတ်ကွက်အောင် လုပ်လိုက်ပြီ”
ကောင်းကင်နတ်အရှင်ဟွေ့သည် ရယ်မောကာ သူ့ကို တစ်ချက်လှမ်းကြည့်လိုက်၏။ “ဆိုတော့ ကောင်းကင်နတ်အရှင်ဟောင်က ခင်ဗျားကို သေဖို့ ဒီနေရာဆီ လွှတ်လိုက်တာလား”
အရှေ့နတ်မင်းချင်းလုံက တောက်ပစွာ ပြုံးနေပြီး အေးအေးဆေးဆေး ပြောသည်။ “တောင်နတ်မင်းကျုချွဲကို ကောင်းကင်နတ်အရှင်ဟွေ့က သူ့ရဲ့ အထွတ်အမြတ်နယ်မြေထဲမှာ သတ်ခဲ့တာလေ….ကျုပ်က ကျုပ်ရဲ့ အထွတ်အမြတ်နယ်မြေနဲ့ အဝေးကြီးမှာ ရောက်နေတာဆိုတော့ ကောင်းကင်နတ်အရှင်ဟွေ့နဲ့ ဘယ်ယှဉ်နိုင်ပါ့မလဲ.. ကံကောင်းစွာနဲ့ ကောင်းကင်နတ်အရှင်ဟွေ့မှာ အားနည်းချက်ရှိနေတော့ အရှင်မင်းကြီးက အကူအညီလွှတ်ပေးလိုက်တယ်”
သူ့စကားဆုံးသည်နှင့် ကောင်းကင်ယင်သားတော်က အရိပ်ထဲမှ ခုန်ထွက်လာကာ ဦးညွှတ်အရိုအသေပေးလိုက်သည်။ “ကောင်းကင်နတ်အရှင်ယင် ကောင်းကင်နတ်အရှင်ဟွေ့ကို ဂါဝရပြုပါတယ်ခင်ဗျာ”
ကောင်းကင်နတ်အရှင်ဟွေ့မှာ သူ့ကို မြင်သည်နှင့် ဟက်ဟက်ပက်ပက် ရယ်မောလိုက်မိသည်။
“ကောင်းကင်ယင်သားတော်... ကောင်းကင်နတ်အရှင်ယင်တဲ့လား”
သူ ရယ်မောပြီးသည်နှင့် သူ၏မျက်လုံးထဲတွင် လှေင်ပြောင်သရော်နေသော အရိပ်အယောင်များဖြင့် ပြည့်နှက်သွားသည်။ “မင်းကများ ဒီကိုလာရဲတယ်ပေါ့… ကောင်းကင်နတ်ဧကရာဇ်ဟောင်က ကောင်းကင်နတ်အရှင်လုံရှောင်ကိုရော မလွှတ်လိုက်ဘူးလား… မင်းတို့ ကောင်းကင်နတ်အရှင်အသစ်တွေအားလုံးက အမှိုက်တွေပဲကွ”
ကောင်းကင်ယင်သားတော်က ပြုံးလိုက်သည်။ “ကောင်းကင်နတ်အရှင်ဟွေ့၊ ခင်ဗျားရဲ့ ဝိညာဉ်က အားနည်းတယ် … ဒါကြောင့်မလို့ ခင်ဗျားရဲ့ ဝိညာဉ်ကို ရယူဖို့ အရှင်မင်းကြီးက ကျွန်တော့်ကို လွှတ်လိုက်တာပါ”
ကောင်းကင်နတ်အရှင်ဟွေ့က အေးစက်စွာ နှာမှုတ်လိုက်ပြီး အားအပြည့်ဖြင့် တုံ့ပြန်သည်။ “မင်းတို့က ကောင်းကင်နတ်အရှင်ဟောင်နဲ့ ပူးပေါင်းပြီး ငါ့ရဲ့အစ်ကိုတော် ကောင်းကင်နတ်အရှင်ယွီကို သတ်ခဲ့ကြတာ…. ငါ အမြဲတမ်း သူ့အတွက် ကလဲ့စားချေချင်ပေးခဲ့တယ်.. ဒီနေ့မှာတော့ ဆန္ဒပြည့်ဝပြီပေါ့လေ”
ကောင်းကင်ယင်သားတော်က ခေါင်းခါရမ်းသည်။ “ကျွန်တော့်အနေနဲ့ ကောင်းကင်နတ်အရှင်ယွီကို သတ်ရုံကလွဲပြီး ရွေးချယ်စရာမရှိခဲ့တာပါ… ဒါပေမဲ့ ကျွန်တော်က ကောင်းကင်နတ်အရှင်ယွီကိုပဲ သတ်ခဲ့တာ…. နောင်တော်ကတော့ လူသားကောင်းကင်နတ်အရှင်တွေ အများကြီးကို သတ်ခဲ့တယ်လေ…. ကောင်းကင်နတ်အရှင်ယွင်၊ ကောင်းကင်နတ်အရှင်ယွဲ့၊ မင်ဧကရာဇ်၊ ခိုင်ဧကရာဇ်၊ ကောင်းကင်နတ်အရှင်မူ၊ ကောင်းကင်နတ်အရှင်ရုံ သူတို့အားလုံးကို ရန်သူအဖြစ် သတ်မှတ်ထားပြီး အခုချက်ချင်းတောင် အပိုင်းပိုင်း သတ်ပစ်ချင်နေတာမလား… ခင်ဗျားရဲ့ လက်ထဲမှာ သေခဲ့ရတဲ့ လူသားပါရမီရှင်အရေအတွက်က ကျွန်တော့်လက်ထဲမှာ သေခဲ့တာထက် အဆရာပေါင်းများစွာ များတယ်… နောင်တော်ဟွေ့၊ သူတို့အတွက်ရော ကလဲ့စားချေမပေးချင်ဘူးလား”
ကောင်းကင်နတ်အရှင်ဟွေ့၏ မျက်နှာကြီးမှာ အေးစက်သွားသည်။ “သူတို့က သေဖို့ ထိုက်တန်တဲ့သူတွေ… ငါက မင်းလို ကပ်ဖားတွေကို စောက်ထင်မကြီးဘူးကွ..”
“ကျွန်တော်တို့နှစ်ယောက်က ဒီပုပ်ထဲက ဒီပဲပါပဲ”
ကောင်းကင်ယင်သားတော်က မှင်သေသေ တုံ့ပပြန်သည်။ “ကျွန်တော်က ခင်ဗျားထက်တောင် အဆတစ်ရာလောက် သာသေးတယ်… အနည်းဆုံးတော့ ကျွန်တော့်ရဲ့ အုပ်ချုပ်မှုအောက် ကျွန်တော့်ပိုင်နက်ထဲက လူသားမျိုးနွယ်တွေက တောင်ကောင်းကင်က လူသားတွေထက် ကောင်းကောင်းမွန်မွန် နေနိုင်တယ်…. ကျွန်တော့်တပည့်တွေအများစုကလည်း လူသားတွေပဲ… အဟက်… ခင်ဗျား အမြဲတမ်း အထင်သေးခဲ့တဲ့ ကျွန်တော်ကတောင် ခင်ဗျားထက် သာသေးတယ်… ခင်ဗျား မုန်းတဲ့ ရှေးဟောင်းနတ်ဘုရား တောင်နတ်မင်းလက်အောက်က လူသားမျိုးနွယ်တွေကတောင် တောင်ကောင်းကင်ရဲ့ လူသားမျိုးနွယ်ထက် သာတယ်”
ကောင်းကင်နတ်အရှင်ဟွေ့မှာ ဒေါသူပုန်ထသွားသည်။ သူ သတ်ဖြတ်တော့မည့်အချိန်တွင် ခရာသံတစ်သံက ရုတ်တရက် ထွက်ပေါ်လာ၏။ စောစောက ခေါင်းတလားဖြင့် ထွက်ခွာသွားခဲ့သော တောင်ကောင်းကင်မှ လူငယ်များပြန်လည်ရောက်ရှိလာကြောင်း တွေ့လိုက်ရသည်။
သူတို့သည် ရွာသို့ပြန်ရောက်သောအခါ သူတို့၏ ဇနီးများနှင့် ကလေးများကို နှုတ်ဆက်ခဲ့ကြသည်။ သူတို့က အနီရောင်နှင့်အစိမ်းရောင် ဝတ်ရုံများကို ဝတ်လျက် လျှောက်လာကြနေ၏။
သူတို့ချည်းသာ မဟုတ်ပေ။ ရွာထဲရှိ အသက် ၂၀ မှ ၆၀ အရွယ် အားလုံး ရောက်လာကြခြင်းဖြစ်သည်။
ရွာထဲတွင် ခေါင်းတလားများကို သယ်ဆောင်ပေးနိုင်သည့် လူငယ်များ မရှိတော့သောကြောင့် ခေါင်းတလားများထဲတွင် ထိုင်မနေကြချေ။ လမ်းလျှောက်လာကြ၏။
ရွာထဲတွင် အော်ဟစ်ငိုယိုသံများဖြင့် ပြည့်နှက်နေသည်။
သို့သော် ထိုလူအားလုံးက ပြုံးလျက် ရောက်လာကြခြင်းပင်။ ထို့နောက် တစ်ယောက်ပြီးတစ်ယောက် ဒူးထောက်ကာ ပျော်ရွှင်စွာ လျှောက်တင်ကြသည်။ “နတ်မင်းကြီးခင်ဗျာ၊ သုံးဆောင်လို့ရပါပြီ”
ကောင်းကင်ယင်သားတော်က ခေါင်းခါရမ်းလိုက်သည်။ “သူတို့တွေကို လူသားတွေလို့တောင် ခေါ်လို့မရတော့ဘူး… လူသားနဲ့တူတဲ့ အလောင်းကောင်တွေပဲ… ကောင်းကင်နတ်အရှင်ဟွေ့၊ ခင်ဗျားက ကောင်းကောင်းသင်ပြပေးထားတာပဲနော်”
သူက ရုတ်တရက် အော်ဟစ်ရယ်မောလိုက်ပြီး ကောင်းကင်နတ်အရှင်ဟွေ့အား လက်ညှိုးထိုးလိုက်သည်။ သူသည် မျက်လုံးမှ မျက်ရည်များ စီးကျလာသည့်အထိ အားရပါးရ ရယ်မောနေ၏။ “ဒါတောင်မှ ခင်ဗျားက ကျုပ်ကို အထင်သေးနေသေးတယ်… ကျုပ်မှာ ကျောရိုးမရှိဘူးတဲ့လား…. ကောင်းကင်နတ်အရှင်ဟောင်ရဲ့ ဖိနပ်ကိုပဲ လျက်နေတဲ့ ခွေးတစ်ကောင်တဲ့လား… ခင်ဗျားကမှ တကယ်ကို ကြောင်သူတော် ကြွက်သူခိုး ... ကျုပ် ဘယ်လောက်ပဲဆိုးရွားနေပါစေ ခင်ဗျားထက်တော့ အဆတစ်ရာ သာသေးတယ်”
သူက စိတ်လှုပ်ရှားစွာဖြင့် ခုန်လိုက်သည်။ “ကျုပ်က ဆိုးရွားတဲ့ ပုဂ္ဂိုလ်ပေမယ့် ဆိုးရွားတဲ့နေရာမှာ ဖြောင့်မတ်တယ်… ခင်ဗျားကတော့ မျက်နှာများတဲ့ခွေးကောင်ပဲ… ဖြောင့်မတ်ချင်ယောင်ဆောင်နေတာ… ကိုယ့်အတွက်ကိုယ် အမှတ်တရ ရုပ်တုတောင် ဆောက်ထားသေးတယ်ပေါ့လေ”
သူကား မြေပြင်တွေ လှိမ့်ကာ ရယ်မောနေသည်။ ရယ်ရလွန်းသဖြင့် ထပင် မထနိုင်တော့ချေ။ “ခင်ဗျားက ကျုပ်ထက် အများကြီး ဆိုးရွားတယ်…. ကျုပ်ကို အထင်သေးပြီး ကောင်းကင်နတ်အရှင်တစ်ပါးဖြစ်လာဖို့ မထိုက်တန်ဘူးလို့ ပြောတယ်… ကျုပ်က အမြင့်ကို ရောက်ဖို့ ဖားခဲ့တဲ့ကောင်တဲ့.... ခင်ဗျားကတော့ ရိုးသားဖြောင့်မတ်စွာနဲ့ အမြင့်ကို ရောက်ခဲ့တာပေါ့ ဟုတ်စ… ဘယ်နားကများ ရိုးသားဖြောင့်မတ်နေတာတုန်း… ခင်ဗျားနဲ့ယှဉ်ရင် ကျုပ်က သေမျိုးလောကမှာ မနေတဲ့ တန်ခိုးရှင်တစ်ယောက်လိုပဲ”
ဝုန်း…
ရုတ်တရက် နေရာဟင်းလင်းပြင်မှာ ပြင်းထန်စွာ ပုံပျက်သွားသည်။ မီးတောက်လှည်းဘီးအလွှာများစွာက ကောင်းကင်နတ်အရှင်ဟွေ့၏ ဦးခေါင်းနောက်တွင် လှည့်ပတ်နေပြီး ကောင်းကင်ဘုံများကို ပုံပျက်နေစေ၏။
ကောင်းကင်ဘုံများ၏ ကြယ်တာရာကောင်းကင်မှ မီးတောက်လှည်ဘီးများနှင့်အတူ ကမ္ဘာမြေမှာ ဧရာမစက်ဝန်းကြီးအဖြစ် ပြောင်းလဲသွားသည်။ မရေမတွက်နိုင်သော မြို့ရွာများ၊ တောင်တန်းမြစ်ချောင်းများနှင့် သမုဒ္ဒရာများအားလုံး ဤစက်၀န်းကြီး၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာကြ၏။
ကောင်းကင်နတ်အရှင်ဟွေ့၏ မျက်နှာရှိ မျက်နှာဖုံးပေါ်တွင် အရှက်ရမှုနှင့် ဒေါသတို့ ပြည့်နှက်နေသည်။ ကောင်းကင်ယင်သားတော်နှင့် အရှေ့နတ်မင်းချင်းလုံးတို့သည် ဟန်ချက်ပျက်သွားကြသဖြင့် ဧရာမ မီးတောက်လှည်းဘီးကြီးများ၏ မ,ယူခြင်း ခံလိုက်ရသည်။ သူတို့မှာ ကောင်းကင်နတ်အရှင်ဟွေ့ထံ ပျံသန်းသွားကြလေသည်။
ကောင်းကင်နတ်အရှင်ဟွေ့က လက်ဆန့်တန်းကာ ကောင်းကင်ယင်သားတော်၏ လည်ပင်းကို ညှစ်လိုက်သည်။ သူက နှာခေါင်းရှုံ့လိုက်၏။ “မင်းက ကောင်းကင်နတ်အရှင်ဟောင်ရဲ့ ခွေးတစ်ကောင်သာသာပဲ…. ငါနဲ့ ယှဉ်နိုင်မှာတဲ့လား..
ကောင်းကင်ယင်သားတော်မှာ လည်ပင်းညှစ်ခံနေရသည်။ သူက ခြေထောက်များဖြင့် ရုန်းကန်၍ လက်နှစ်ဖက်လုံးကို ဆွဲခွာနေသော်လည်း အချည်းနှီးပေ။ သူ၏မျက်နှာကြီးက နီရဲလာပြီး သူက ရွဲ့သလို ရယ်ကာ ခနဲ့လိုက်၏။ “ခင်ဗျားလည်း ခွေးပဲ မဟုတ်ဘူးလား… ကျုပ်ထက်တောင် ဖားတတ်သေးတဲ့လူလေ… ဪ ဟုတ်သား… ခင်ဗျားက ခွေးဘယ်ဟုတ်မလဲ…. ခွေးဆိုတာ သစ္စာရှိတယ်.. ခင်ဗျားကတော့”
ဂျွတ်…
ကောင်းကင်နတ်အရှင်ဟွေ့က သူ၏လည်ပင်းအား ချိုးလိုက်ပြီး ပြာကျသွားသည်အထိ မီးလောင်တိုက်သွင်းလိုက်သည်။
အရှေ့နတ်မင်းချင်းလုံမှာ ဘေး၌ ရပ်နေပြီး ရှေ့သို့တက်မလာရဲပေ။
ကောင်းကင်နတ်အရှင်ဟွေ့က သူ၏ဆံပင်ရှိ ပြာများကို ခါလိုက်ပြီး သူ့ကို ကြည့်လိုက်၏။ သူက နှာခေါင်းရှုံ့သည်။ “ကျုပ်ဘဝမှာ ရှေးဟောင်းနတ်ဘုရားတွေကို အမုန်းဆုံးပဲ”
“ဒါပေမဲ့ ထိုက်ချူကိုကျ ဖားနေသေးတယ်နော်”
ဧရာမတံခါးကြီးတစ်ချပ်က တဖြည်းဖြည်း မြောက်တတ်လာသည်။ ယိုတုပင်လယ်သည် တံခါးထဲမှ ထွက်ပေါ်လာပြီး ကြယ်တာရာကောင်းကင်တွင် ယိုတုပင်လယ်ကို ဖွဲ့တည်လိုက်၏။
ယိုတုကောင်းကင်မုခ်၀က ပင်လယ်မျက်နှာပြင်ပေါ်တွင် တည်ရှိနေသည်။ ကောင်းကင်ယင်သားတော်က တံခါးထဲမှ ထွက်လာ၏။ သူက ပြုံးကာ ပြောနေပြန်သည်။ “ခင်ဗျားက ထိုက်ချူကို အမုန်းဆုံးဆိုပေမယ့် သူနဲ့ ပူးပေါင်းခဲ့တယ်… ကောင်းကင်နတ်ဧကရာဇ်ဟောင်ကိုလည်း အမုန်းဆုံးဆိုပြီး ပူးပေါင်းခဲ့သေးတာပဲ… ခင်ဗျားက သူတို့ကို မုန်းတာမဟုတ်ဘူး ကြောက်နေတာ… အာဏာကို ကြောက်တဲ့အတွက် ဒူးထောက်ပြီး အရိုအသေပေးတယ်…. ကောင်းကင်နတ်အရှင်ဟောင်ရဲ့ ယုံကြည်မှုရဖို့အတွက် ကောင်းကင်နတ်အယွင်ကိုတောင် သတ်ခဲ့တယ်… ဟွေ့၊ ခင်ဗျားက ကောင်းကင်နတ်အရှင်ယွီအတွက် အဲဒီတုန်းက ကလဲ့စားချေချင်ခဲ့တာမလား… ကောင်းကင်နတ်အရှင်ဟောင်ရဲ့ ယုံကြည်မှုကို ရယူပြီးတော့ ကောင်းကင်နတ်အရှင်ယွီအတွက် ကလဲ့စားချေချင်ခဲ့တာလေ… ကျုပ် ခင်ဗျားကို စောင့်ကြည့်နေခဲ့တာ.. ဟီးဟီး…”
သူက တံခါးဘောင်တွင် ထိုင်လိုက်ပြီး ခြေထောက်များကို လွှဲရမ်းနေသည်။ သူ၏မျက်နှာတွင် လှောင်ပြောင်သရော်မှုများဖြင့် ပြည့်နှက်နေ၏။ “ခင်ဗျား အာဏာနဲ့ ရမ္မက်မှာ ကျဆုံးခဲ့တာကို တွေ့ခဲ့ရတယ်… ခင်ဗျား ကျုပ်လိုပဲ မြန်မြန်ဆန်ဆန် ဖြစ်လာတဲ့အတွက် သိပ်ကို ပျော်ခဲ့ရတာ…. ဒါပေမဲ့ ကျုပ်ထက် ပိုကောက်ကျစ်ပြီး ပိုဆိုးလာလိမ့်မယ်လို့တော့ ထင်မထားခဲ့ဘူး”
ကောင်းကင်နတ်အရှင်ဟွေ့က လက်ညှိုးထိုးလိုက်ရာ ကောင်းကင်ယင်သားတော်မှာ အစိတ်စိတ်အမွှာမွှာ ပေါက်ကွဲသွားတော့သည်။
နောက်တခဏတွင် ယိုတုပင်လယ်၌ လှိုင်းများထန်လာ၏။ ကောင်းကင်ယင်သားတော်က တံခါးထဲမှ နောက်တစ်ကြိမ် ထွက်လာပြီး ပြုံးနေပြန်သည်။ “ဒီလောကမှာ ဘယ်သူမှ ကျုပ်ကိုမသတ်နိုင်ဘူး… ကောင်းကင်နတ်အရှင်မူတောင် ကြိုးစားခဲ့ပေမယ့် ကျုပ်ကို ဘာမှမလုပ်နိုင်ဘူးလေ…. သက်သက်မဲ့ အားတွေ မဖြုန်းစမ်းပါနဲ့…. ဆန့်ကျင်ဖက်အနေနဲ့ ကျုပ်ကတော့ ခင်ဗျားကို သတ်နိုင်တယ်နော်”
သူ၏မျက်လုံးများက စိတ်လှုပ်ရှားစွာ တောက်ပသွားသည်။ “အရင်တုန်းက ခင်ဗျား မင်ဧကရာဇ်ကို မသတ်နိုင်ခဲ့တဲ့အတွက် ကျွန်တော် သတ်ခဲ့တယ်… အဲဒီအချိန်ကစပြီး ခင်ဗျားနဲ့ မင်ဧကရာဇ်က တူညီတဲ့အားနည်းချက် ရှိတယ်ဆိုတာ သိခဲ့ရတာပဲ… ခင်ဗျားရဲ့ ဝိညာဉ်က အားနည်းလွန်းတယ်… ခင်ဗျားရဲ့ ကျင့်စဉ်တွေက ဝိညာဉ်အထိ မရောက်နိုင်ဘူး”