သင်္ကေတ ၄၂
Vol. 125 Ch. 1619
လောကပေါင်းကူး ရွှေသင်္ဘော၏ နောက်ဆုံးသော ရွှေရောင်နန်းဆောင်ထဲတွင်
ချင်မူက လက်ဆန့်တန်းကာ တာအိုပန်းပွင့်ကို ထိကြည့်လိုက်သည်။
တာအိုပန်းပွင့်သည် လှည့်ပတ်သွားကာ သူ၏လက်ချောင်းကို ရှသွားစေ၏။
“တာအိုပန်းပွင့် ရှိနေသေးတယ်…”
ချင်မူက မည်သည့်နာကျင်မှုမှ မခံစားရသည့်အလား ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ကျုပ်တို့ အနာဂတ်ကျ ဖရိုဖရဲခန်းမထဲမှာ ပြန်တွေ့ကြမယ်ဆိုတာ ဘာအဓိပ္ပာယ်များလဲ… ခင်ဗျား အသက်ရှင်နေသေးတာမလား… ခင်ဗျား အသက်ရှင်နေသေးတဲ့ ဖြစ်နိုင်ချေ ရှိတယ်”
တာအိုပန်းပွင့်ထဲရှိ ဓားသွားနှစ်ခုသည် လှည့်ပတ်နေရင်း သူ့ကို တုံ့ပြန်နေသည့်အလား တဝီဝီ မြည်နေကြသည်။
ချင်ဖုန်းကျင့်နှင့် ထိုက်ရှီက ခန်းမထဲသို့ ဝင်ရောက်လာကြပြီး သူတို့၏ အကြည့်များလည်း တာအိုပန်းပွင့်အပေါ်သို့ ရောက်လာကြ၏။ ထိုက်ရှီက ဇဝေဇဝါ မေးမြန်းလိုက်သည်။ “ဒါက ခိုင်ဧကရာဇ်ရဲ့ တာအိုပန်းပွင့်လား..”
ချင်မူက ခေါင်းညိတ်သည်။ “ဘာတွေဖြစ်နေလဲဆိုတာကိုတော့ ကျွန်တော် သေချာနားမလည်သေးဘူး…. ခိုင်ဧကရာဇ်ရဲ့ တာအိုပန်းပွင့်က မီလော့နန်းတော် သခင်လေးလေးရဲ့ တိုက်ကွက်အောက်မှာတောင် ဘာလို့ အကောင်းအတိုင်း ရှိနေသေးရတာလဲ… အဲဒီတိုက်ကွက်ရဲ့ စွမ်းအားက ကောင်းကင်နတ်အရှင်လင်ကိုတောင် ချက်ချင်း သေသွားစေနိုင်တယ်…. ဗျပ်စောင်းကြိုးရဲ့ စွမ်းအားက ခိုင်ဧကရာဇ်ကို ဘာမှမကျန်တော့တဲ့အထိ ရှင်းလင်းသတ်ဖြတ်ပစ်ဖို့ လုံလောက်တယ် …. ဒါပေမဲ့ ဒီတာအိုပန်းပွင့်ကတော့ ကျန်နေသေးတယ်…”
သူက ရေရွတ်လိုက်သည်။ “ကျွန်တော် သတိမထားမိတဲ့ စွမ်းအားတစ်ခုက ခိုင်ဧကရာဇ်ရဲ့ တာအိုပန်းပွင့်ကို ကာကွယ်ပေးထားတာ ဖြစ်ရမယ်… သူ့ကို အသက်ရှင်နိုင်ဖို့ အခွင့်အရေး ပေးနိုင်တဲ့အထိပေါ့… ဒီလူရဲ့ ကောင်းကင်နတ်သိုင်းတွေက ကျယ်ပြန့်တယ်… ဖရိုဖရဲခန်းမ… ဖရိုဖရဲခန်းမ… အဲဒီနေရာက ဘာများလဲ”
သူ့မှာ အဖြေမထုတ်နိုင်ပေ။
ချင်ဖုန်းကျင့်က နန်းဆောင်အား ချက်ချင်း လှည့်ပတ်ရှာဖွေလိုက်သော်လည်း ခိုင်ဧကရာဇ်အား မတွေ့ရပေ။ သူက အံ့ဩနေသော မျက်နှာအမူအရာဖြင့် ငေးငေးငိုင်ငိုင် ပြောနေသည်။ “ညီလေး၊ ငါ တကယ်ကို ဖိုးဖိုးကြီးကို တွေ့လိုက်ရတာပါ …ထူးဆန်းတယ်… ဒီမှာမဟုတ်ရင် ဘယ်ကိုများ ရောက်သွားတာလဲ”
“သူ ဆိုတာ သေချာလို့လား” ချင်မူက မေးလိုက်သည်။
“လုံးဝကို သူပဲ”
ချင်ဖုန်းကျင့်သည် ပြော၏။ “သေချာပေါက် မမှားနိုင်ဘူး… အဲဒီအရှိန်အဝါ၊ ဆွဲဆောင်မှုနဲ့ ဓားလမ်းစဉ်က သေချာပေါက် သူပဲ”
ထိုက်ရှီက တခဏ တုံ့ဆိုင်းနေပြီးနောက် ပြောလိုက်သည်။ “ရုပ်ရည်သွင်ပြင်ကလည်း သူ့ပုံစံအတိုင်းပဲ… ဒါပေမဲ့ သူ့ကို ထိလို့မရဘူး…. သူ့ခန္ဓာကိုယ်ကိုပဲ ဖောက်ထွက်သွားတာ…”
ချင်မူက တစ်ယောက်တည်း ရေရွတ်နေပြီး ဟိုဟိုသည်သည် လျှောက်နေသည်။ “ဘာလို့ သူ့ကို ထိလို့ မရတာလဲ… မပြောင်းလဲတဲ့ ဒြပ်ထုအခြေအနေများ ဖြစ်နေလို့လား”
သူသည် ကောင်းကင်နတ်အရှင်လင်နှင့် ပတ်သက်၍ ဖြစ်ပျက်ခဲ့သည်များအား ပြန်တွေးနေသည်။
ထိုစဉ်တုန်းက သူသည် ကောင်းကင်နတ်အရှင်လင်ကို ကယ်တင်ပြီးနောက် သူ၊ ခိုင်ဧကရာဇ်နှင့် အခြားသူများက မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံတွင် နေ၍ မဟာဧကရာဇ်ကို တိုက်ခိုက်ခဲ့ကြ၏။ ကောင်းကင်နတ်အရှင်လင်က ကောင်းကင်နတ်သိုင်းကို အသက်သွင်းပြီး သူတို့အား နှစ်လေးသောင်းအလွန်သို့ ပြန်လည်ပို့ပေးခဲ့သည်။ သူမကတော့ အတိတ်တွင်သာ ကျန်ရစ်ခဲ့သည်။
ထိုအချိန်တုန်းက ကောင်းကင်နတ်အရှင်လင် နှစ်ယောက် ရှိခဲ့၏။ မျက်မှောက်တွင် တည်ရှိနေသော ကောင်းကင်နတ်အရှင်လင်နှင့် ကောင်းကင်နတ်မြစ် ကောင်းကင်နတ်သိုင်းထဲတွင် သေလိုက်၊ ရှင်လိုက် သံသရာလည်နေခဲ့သော ကောင်းကင်နတ်အရှင်လင်ဟူ၍ ဖြစ်သည်။
ထိုကောင်းကင်နတ်အရှင်နှစ်ပါးသည် မည်သူမှ သူတို့ကို မြင်၍မဖြစ်သော အခြေအနေသို့ ရောက်နေခဲ့၏။
တစ်စုံတစ်ယောက်၏ အကြည့်သာ မီလော့နန်းတော်၏ သင်္ကေတများကို လေ့လာနေသော ကောင်းကင်နတ်အရှင်လင်အပေါ် ကျရောက်သွားပါက သူမသည် ပြိုလဲသွားလိမ့်မည်။ ကောင်းကင်နတ်မြစ် ကောင်းကင်နတ်သိုင်းထဲတွင် သံသရာလည်ရင်း ပိတ်မိနေသော ကောင်းကင်နတ်အရှင်လင်ကသာ အစစ်အမှန် ဖြစ်ပေလိမ့်မည်။
ဤသည်က မပြောင်းလဲသောဒြပ်ထု၏ ထူးခြားသော အခြေအနေတစ်ရပ်ပင်။
ကြည့်ရှုခြင်းမခံရပါက ကောင်းကင်နတ်အရှင်လင်သည် အရှိတရား နှစ်ခု ဖြစ်နေသည်။ တစ်ခုက မီလော့ကောင်းကင်နတ်သိုင်းများ လေ့လာရင်း အစစ်အမှန်ကမ္ဘာလောကထဲ၌ နေထိုင်နေပြီး ကျန်တစ်ခုကတော့ ကောင်းကင်နတ်မြစ်ထဲတွင် အကြိမ်ကြိမ်သေဆုံး၍ ပြန်လည်အသက်ဝင်လာနေခဲ့သည်။
ကောင်းကင်နတ်အရှင်လင်တစ်ယောက်တည်းသာ ဤအခြေအနေကို ဖြေရှင်းနိုင်လေသည်။ ထိုအချိန်တုန်းက သူမသည် မီလော့နန်းတော်၏ တာအိုအမှတ်အသားများကို လေ့လာခဲ့ပြီး ချင်မူ့ခေတ် ရောက်လာမည်ကို စောင့်ဆိုင်းနေခဲ့သည်။
သူမ ခိုင်ဧကရာဇ်ကို တွေ့ဆုံသည့်အချိန်မှသာ တစ်ကြိမ် ဖြေရှင်းခဲ့လေသည်။
ထို့ကြောင့် ကောင်းကင်နတ်အရှင်လင်သည် နှစ်လေးသောင်းအတွင်း လုံးဝ ပေါ်မလာခဲ့ချေ။
'ခိုင်ဧကရာဇ်ကလည်း ဒီအခြေအနေမှာ ဖြစ်နေလောက်တယ်’
ချင်မူက ခေါက်တုံ့ခေါက်ပြန် လျှောက်နေသည်။ “အစ်ကိုကြီးတို့ တွေ့ခဲ့ရတဲ့ ခိုင်ဧကရာဇ်က အနာဂတ် ခိုင်ဧကရာဇ်ကို မတော်တဆ တွေ့ခဲ့ရတာ ဖြစ်နိုင်တယ်… မှန်းဆလို့ မရအောင်ကို စွမ်းအားကြီးတဲ့ ပုဂ္ဂိုလ်တစ်ယောက်က အသိပ်သည်းဆုံး မှော်စွမ်းအင်ကို သုံးပြီး သခင်လေးလေးကို သူ့ရဲ့ မှော်စွမ်းအင်တွေ ပေါက်ကွဲထွက်လာတဲ့အချိန်မှာ အနာဂတ်ကို ပို့လိုက်တာပဲ… ခိုင်ဧကရာဇ်ကလည်း အနာဂတ်ကို ဖောက်ထွက်နိုင်တဲ့ အရာဝတ္ထုတစ်ခုဆီ ပို့ခံလိုက်ရတယ်… အဲဒီအရာဝတ္ထုက လောကပေါင်းကူးရွှေသင်္ဘောပဲ…”
သူ၏မျက်လုံးများ တဖြည်းဖြည်း တောက်ပလာပြီး သူ၏ခြေလှမ်းများကလည်း ပိုပို၍မြန်ဆန်လာသည်။ သူ၏စကားများကလည်း မြန်လာသလို သူက လက်ခုပ်တီးကာ ပြောလိုက်၏။ “ဒါက တစ္ဆေသင်္ဘောပေါ် တက်လိုက်တာပဲပေါ့... ဒီသင်္ဘောက အနာဂတ်ရဲ့ ရွှေသင်္ဘောပဲ…. ရွှေသင်္ဘောပေါ် တက်လိုက်တဲ့သူတွေက တစ္ဆေတွေကို မြင်ရပြီး တစ္ဆေတွေ သူတို့ကို စကားပြောသလို ခံစားရလိမ့်မယ်… ဒါက တစ္ဆေမဟုတ်ဘဲ အဲ့ဒီအင်အားကြီးမားတဲ့ ပုဂ္ဂိုလ်ကြောင့် အနာဂတ်ကို ပို့ခံလိုက်ရတဲ့ ခိုင်ဧကရာဇ် ဖြစ်နေတာ”
သူက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ “ရွှေသင်္ဘောကို မီလော့နန်းတော်အရှင်သခင် သွန်းလုပ်ခဲ့တယ်… သင်္ဘောကိုယ်တိုင်က ထာဝရတည်ရှိနိုင်ပြီး မပြောင်းလဲတဲ့ ဒြပ်ထုဖြစ်တယ်… စကြဝဠာရဲ့ မဟာပျက်စီးခြင်းကပ်ဘေးကြီးတွေကို ကျော်လွှားနိုင်တယ်…. ဒါကြောင့်မလို့ မပြောင်းလဲတဲ့ဒြပ်ထု အခြေအနေအနေနဲ့ အတိတ်မှာ ပေါ်လာနိုင်တာပဲ… အဘွားစစ်နဲ့ တခြားသူတွေက သင်္ဘောပေါ်မှာ တွေ့ခဲ့တာက အနာဂတ်က ပုဂ္ဂိုလ်တွေပဲ … သူတို့က မီလော့နန်းတော်အရှင်သခင်လို့ ထင်ခဲ့တဲ့အပြင် ညမီလော့နန်းတော်အရှင်သခင်က ဘယ်လိုကျင့်ကြံရမလဲ သင်ပေးခဲ့တယ်လို့တောင် ပြောခဲ့သေးတယ်… ဒါပေမဲ့ အဲဒီပုဂ္ဂိုလ်က မီလော့နန်းတော်အရှင်သခင် မဟုတ်ဘူး… ခိုင်ဧကရာဇ်ပဲ”
သူ့မှာ ပြောနေရင်း ပို၍စိတ်လှုပ်ရှားလာသည်။ “အနာဂတ်ရဲ့ ခိုင်ဧကရာဇ်ပဲ… သူက ကျွန်တော်တို့နဲ့ မတူညီတဲ့ အချိန်နဲ့နေရာမှာ ရှိနေတဲ့အတွက် သူနဲ့ စကားပြောနေတဲ့ ကျွန်တော်တို့ရဲ့ အဖြစ်အပျက်က အရင်တုန်းက ကောင်းကင်နတ်အရှင်ယွင်နဲ့ ကျွန်တော် ကောင်းကင်နတ်မြစ်မှာ စကားပြောခဲ့သလိုပဲ… တစ်ယောက်ကို တစ်ယောက် ခပ်ရေးရေးပဲ မြင်နိုင်တယ်… ခိုင်ဧကရာဇ်လည်း အဲ့ဒီလိုပဲ”
သူ့မှာ ပို၍ပင် စိတ်လှုပ်ရှားလာမိသည်။ သူက ချီစွမ်းအင်ကို ထုတ်လွှတ်ကာ ထပ်မံမြင်ယောင်ဖန်ဆင်းလာ၏။ အချိန်တခဏအတွင်း မရေမတွက်နိုင်သော သင်္ချာသင်္ကေတများစွာ ထွက်ပေါ်လာကြသည်။ ၎င်းတို့က ခန့်မှန်း၍ မရနိုင်စွာ တဖျတ်ဖျတ် ပြောင်းလဲနေကြလေသည်။
ချင်ဖုန်းကျင့်က ဆန်းဆန်းပြားပြား သင်္ကေတမျိုးစုံကို ရူးနေသော မိစ္ဆာတစ်ကောင်အလား အဆက်မပြတ် ပြောင်းလဲနေသည့် သူ၏ညီလေးကို ကြည့်နေပြီး ကြောင်အနေမိသည်။
ထိုသင်္ကေတများ ပြောင်းလဲနေသည်က သူ့ကို မူးဝေလာစေ၏။
တခဏမျှကြည့်ပြီးနောက် ချင်ဖုန်းကျင့်မှာ အန်ထွက်မတတ် ဖြစ်လာသဖြင့် အလျင်အမြန် အကြည့်လွှဲလိုက်ရသည်။
“ဖက်တီးပေါက်စ… ညီလေးက ဘာတွေလုပ်နေတာလဲ” သူက သိချင်စိတ်ပြင်းပြစွာ မေးလိုက်သည်။
ထိုက်ရှီမှာ အကြည့်မလွှဲဘဲ စိတ်လှုပ်ရှားနေလေသည်။ သူက ချင်မူ့ချီစွမ်းအင်ဖြင့် ဖွဲ့တည်နေကြသော သင်္ကေတများကိုကြည့်ကာ ခေါင်းမမော့ဘဲ ပြန်ဖြေ၏။ “သူက တွက်ချက်နေတာ… သူ လုပ်နေတဲ့အရာတွေက တကယ်ကို အံ့သြဖို့ကောင်းတယ်… ဒီလိုတွက်ချက်မှုမျိုးက… အံ့ဖွယ်ကောင်းလွန်းတယ်”
ချင်ဖုန်းကျင့်က နားမလည်သဖြင့် ဇဝေဇဝါ မေးလိုက်ပြန်သည်။ “ဘာတွေတွက်နေတာလဲ”
“သူ့ရဲ့ခန့်မှန်းချက်က ဖြစ်နိုင်မလားဆိုတာပေါ့…”
ထိုက်ရှီမှာ ပို၍ပင် စိတ်လှုပ်ရှားလာသည်။ ချင်မူ့တွက်ချက်မှုကို သူ နားလည်သည်မှာ သိသာပြီး သူ၏မျက်လုံးများက အလွန်လျင်မြန်စွာ လိုက်ကြည့်နေသည်။ သူက လက်ခုပ်တီးကာ ချီးကျူးလိုက်၏။ “ကောင်းလိုက်တာ… ဆိုတော့ ဒီလို အဖြေမျိုးပေါ့လေ… မင်း မသိဘူးလား… မင်းတို့နှစ်ယောက်က ညီအစ်ကိုတွေမဟုတ်ဘူးလား… မင်းတို့နှစ်ယောက်က ဦးနှောက်တစ်ခုတည်း သုံးတာလို့ ငါကြားဖူးပေမယ့် မင်းဦးနှောက်က အလုပ်မလုပ်သလိုပဲနော်”
ချင်ဖုန်းကျင့်၏ မျက်နှာကြီးက မည်းမှောင်သွားပြီး ထိုက်ရှီ့မျက်နှာကို ပိတ်ထိုးလိုက်၏။
ထိုက်ရှီမှာ မျက်လုံးနှစ်ဖက်လုံး ဖူးယောင်သွားသည့်အခါ ရေရွတ်လိုက်မိသည်။ “တကယ်ကို ညီအစ်ကိုတွေပါပဲ”
ချင်မူက သူ၏ အသိဉာဏ်ပညာအားလုံးကို ထုတ်သုံး၍ အသည်းအသန် တွက်ချက်နေသည်။ သူသည် တွက်ချက်နေရင်းနှင့် ပြဿနာဖြေရှင်းနည်းအသစ်များကိုပင် ဖန်တီးနေ၏။ ချင်မူသည် တစ်လောကလုံးတွင် သင်္ချာစွမ်းရည် အမြင့်မားဆုံး ဆရာသခင်ဖြစ်ခဲ့ဖူးပြီး လင်းရွှမ်အောက် နောက်ကျလျှင်တောင် များများစားစား မဟုတ်ပေ။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ သင်္ချာသည် ထာဝရငြိမ်းချမ်းရေးအင်ပါယာ တာအိုဂိုဏ်းကြောင့် အလွန်မြင့်မားသော အဆင့်တစ်ခုသို့ ရောက်ရှိနေပြီဖြစ်သည်။ ချင်မူ ပြန်လာသည့်အချိန်တိုင်းတွင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ တာအိုဂိုဏ်းသို့ သွားရောက်၍ လေ့လာသင်ယူတတ်၏။
တာအိုသခင်လင်းရွှမ်သည် သင်္ချာပညာ၏ ဦးဆောင်သူ ဖြစ်သော်လည်း ချင်မူသည်လည်း သူ သိထားသည့်အရာမှန်သမျှ သိထားသည်။
ထိုမျှသာမက ကောင်းကင်နတ်အရှင်လင်သည်လည်း မီလော့နန်းတော်၏ တာအိုအမှတ်အသားများကို လေ့လာနေရင်းဖြင့် ကိုယ်ပိုင်သင်္ချာစနစ်ကို တီထွင်ခဲ့၏။ ချင်မူ မီလော့နန်းတော်၏ တာအိုအမှတ်အသားများကို လေ့လာသည့်အချိန်တွင် သူမ၏သင်္ချာစနစ်ကိုပါ လေ့လာခဲ့ရသည်။ ၎င်းက ကောင်းကင်နတ်အရှင်လင် သူ့အား ငတုံးတစ်ယောက်ဟု မမြင်စေရန်အတွက်လည်း ပါသလို၊ သူမသည် သူ့ကို သင်ပေးရန် ပျင်းရိခဲ့ခြင်းကြောင့်လည်း ပါသည်။
ချင်မူက ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ သင်္ချာစနစ်နှင့် ကောင်းကင်နတ်အရှင်လင်၏ သင်္ချာစနစ်အား ပေါင်းစည်းရန်ကြိုးစားနေသည်။ ဆယ်ရက်ကျော်ကြာပြီးနောက် သင်္ချာသင်္ကေတများက နန်းဆောင်ထဲတွင်ပင် မဆံ့တော့ချေ။
ချင်မူက နန်းဆောင်အပြင်သို့ ထွက်လာပြီး ဆက်လက်တွက်ချက်နေ၏။
ဆယ်ရက်ကျော်ကြာပြီးနောက် ချင်ဖုန်းကျင့် မော့ကြည့်လိုက်သည့်အခါ ချင်မူ၏ ချီစွမ်းအင်ဖြင့် အသွင်ပြောင်း၍ မြင်ယောင်ဖန်ဆင်းထားသော သင်္ချာသင်္ကေတများသည် ရွှေသင်္ဘော၏ ကောင်းကင်တစ်ခုလုံးကိုပင် ဖုံးလွှမ်းကာ ထွင်းဖောက်မမြင်ရနိုင်သည့် ကောင်းကင်ကန့်လန့်ကာကြီးပမာ ဖြစ်နေကြောင်း တွေ့လိုက်ရသည်။
ဤအခိုက်အတန့်တွင် ထိုက်ရှီသည်လည်း ချင်မူ့တွက်ချက်မှုကို နားမလည်နိုင်တော့ပေ။ ဖက်တီးပေါက်စသည် ဥတစ်ခုလုံးကဲ့သို့ မြေပြင်တွင် ထိုင်နေ၏။ သူက မေးထောက်၍ တွက်ချက်မှုများအား ငေးကြောင်စွာ ကြည့်နေလေသည်။
မကြာမီ ဘောလုံးကြီးတစ်လုံးက ဘောလုံးလေးတစ်လုံးကို ခေါင်းပေါ် တင်၍ လေထဲ မြောက်တက်သွားသကဲ့သို့ သူက ခုန်လိုက်ရင်း အားရဝမ်းသာ ပြောသည်။ “ငါ နားလည်ပြီ”
သို့သော် မြေပေါ်ပြန်ရောက်လာသည့်အခါတွင်တော့ မျက်မှောင်ကြုတ်လိုက်ပြီး ချင်ဖုန်းကျင့်အား ပြောပြ၏။ “ငါ တွက်တာ မှားသွားတဲ့ပုံပဲ”
ချင်မူမှာ အသည်းအသန် တွက်ချက်နေဆဲပင်။ သို့သော် အချိန်များကုန်လာသည်နှင့်အမျှ သူ၏အဖြေရှာနှုန်းက ပိုပို၍ နှေးကွေးလာ၏။ သူ၏မျက်နှာအမူအရာက တည်ကြည်လေးနက်နေပြီး နဖူး၌ ချွေးများ စို့နေသည်။
ချွေးတို့က အဆက်မပြတ် စီးကျလာပြီး နောက်ဆုံးတွင် သူ၏အဝတ်အစားများမှာ စိုရွှဲသွားတော့၏။
ချင်ဖုန်းကျင့်က စိုးရိမ်ပူပန်စွာဖြင့် ခေါက်တုံ့ခေါက်ပြန် လျှောက်ကာ ရေရွတ်နေသည်။ “တွက်လို့ပြီးပြီလား… တွက်လို့ပြီးကြပြီလားဟ… ငါတို့ တောင်ကောင်းကင်ကိုတောင် ရောက်နေပြီ”
သူက သင်္ဘောထိပ်သို့ အလျင်အမြန် သွားကာ ငုံ့ကြည့်လိုက်သည်။ တောင်ကောင်းကင်၏ ခမ်းနားလှသော ပင်မမြေထုကြီးနှင့် တဖျတ်ဖျတ် တောက်ပနေသည့် ကြယ်တာရာလွင်ပြင်များအား ရွှေသင်္ဘောအောက်တွင် မြင်နေရ၏။
ရွှေသင်္ဘောက တောင်ကောင်းကင်ဟင်းလင်းပြင်ထဲတွင် တစ္ဆေတစ်ကောင်ကဲ့သို့ တိတ်ဆိတ် ဖြတ်သန်းနေသည်။
ချင်ဖုန်းကျင့်က ဦးချိုနှစ်ဖက် ထောင်လျက် စပ်စပ်စုစု ငုံ့ကြည့်နေ၏။
သူ၏ပုံပန်းသွင်ပြင်မှာ ချင်မူငယ်ရွယ်စဉ်တုန်းက ပုံစံနှင့် တစ်ပုံစံတည်း ဖြစ်သည်။ သူ၏မျက်နှာသည် တူညီသော ပုံစံခွက်တစ်ခုတည်းမှ ထုတ်ထားသကဲ့သို့ ချင်မူ ငယ်ရွယ်စဉ်တုန်းကအတိုင်း ကလေးဆန်သော အသွင်အပြင် ရှိနေသည်။
ကွာခြားချက်ဟူ၍ သူ၏ ဦးခေါင်းအပေါ်ရှိ ဦးချိုနှစ်ဖက်သာ ရှိသည်။ ၎င်းတို့က မြေအောက်ဘုံအရှင်သခင်၏ ဦးချိုများ ဖြစ်ကြ၏။
ချင်ဖုန်းကျင့်က ဆက်လက်ကြည့်ရှုနေသည်။ ရုတ်တရက် သူ၏နှလုံးသားမှာ တုန်လှုပ်သွား၏။ ကောင်းကင်ဘုံများ ရုတ်တရက် ပုံပျက်သွားပြီး ဧရာမလှည်းဘီးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်ကို တွေ့လိုက်ရလေသည်။
ထိုသို့ပုံပျက်မှုမျိုးက အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှသည်။ အဆုံးမရှိသော မှော်စွမ်းအင်ကို အသုံးပြု၍ ကောင်းကင်ဘုံများ၏ နေရာဟင်းလင်းပြတို့အား ပုံပျက်စေခြင်းဖြစ်သည်။ ကောင်းကင်ဘုံများရှိ ကြယ်တာရာများပင်လျှင် စက်၀န်းများအဖြစ် ကောက်ကွေးကုန်ကြသည်။
ကောင်းကင်ဘုံထဲတွင် ပါဝင်သော နဂါးငွေ့တန်းများ၊ မရေမတွက်နိုင်သော နေများနှင့် ဂြိုဟ်များမှာ စက်ဝန်းတစ်ခုအဖြစ် ပြောင်းလဲသွားကြသည်။
တစ်လောကလုံးတွင် ထိုသို့စွမ်းအားမျိုးကို ပိုင်ဆိုင်သူပုဂ္ဂိုလ်အချို့သာ ရှိ၏။
ကောင်းကင်နတ်ဧကရာဇ်ဟောင်၊ ကောင်းကင်နတ်အရှင်ယွင်၊ အဆုံးသတ်မြို့ပျက်နတ်ဘုရားမတို့အပြင် ကောင်းကင်နတ်ရှင်ဟွေ့နှင့် ကောင်းကင်နယ်စားမင်း၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ထားသော ရှေးဟောင်းနတ်ဘုရားဘုရင်တို့သာ ထိုသို့ လုပ်နိုင်ချေသည်။
“ငါ ကောင်းကင်နတ်အရှင်ဟွေ့ကို မြင်နေရတယ်”
ချင်ဖုန်းကျင့်မှာ ပို၍ပင် စိုးရိမ်ပူပန်လာမိသည်။ သူ့မှာ သတိထားမိသွားမည်စိုးသောကြောင့် ကောင်းကင်နတ်အရှင်ဟွေ့ကို တည့်တည့်ကြီး စိုက်မကြည့်ရဲပေ။ သူက ခပ်တိုးတိုး မေးနေသည်။ “ညီလေး၊ အခုထိ အဖြေမထွက်သေးဘူးလား… တုံးလိုက်တာကွာ”
ဝုန်း….
ကောင်းကင်ယင်သားတော်က ဘဝပြန်ဝင်စားခြင်း တံခါးဘောင်တွင် ထိုင်နေပြီး ကောင်းကင်နတ်အရှင်ဟွေ့ကို လှောင်ပြောင်သရော်နေ၏။ ထို့နောက် သူ့မှာ ကောင်းကင်နတ်အရှင်ဟွေ့၏ လက်ညှိုးတစ်ချောင်းတည်းကြောင့် ပေါက်ကွဲသွားတော့သည်။
“အဲ့ဒါ ကောင်းကင်ယင်သားတော်မလား… ကောင်းကင်နတ်အရှင်ဟွေ့ရဲ့ ကောင်းကင်နတ်သိုင်းက စွမ်းအားကြီးပေမယ့် သူ့ကို သတ်နိုင်မှာ မဟုတ်ဘူး...”
ချင်ဖုန်းကျင့် မဟာလေဟာနယ်တွင် ရှိနေခဲ့တုန်းက ကောင်းကင်ယင်သားတော်နှင့် ကောင်းကင်နတ်အရှင်ဟွေ့တို့ကို တစ်ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ဖူးသည်။ ယခင်တုန်းက သူတို့၏စွမ်းအားများက ထပ်တူနီးပါးဖြစ်သော်လည်း ကောင်းကင်နတ်ဘုံတွင် သေဆုံးခဲ့သူများ၏ ဝိညာဉ်များကို စုပ်ယူပြီးနောက် ချင်ဖုန်းကျင့်၏ စွမ်းအားက ကောင်းကင်ယင်သားတော်ထက် ကျော်လွန်သွားခဲ့၏။ သို့သော် ကောင်းကင်ယင်သားတော်တွင် လှည့်ကွက်များစွာ ရှိသည်။ အထူးသဖြင့် ဘဝပြန်ဝင်စားခြင်းကောင်းကင်နတ်သိုင်းပင်။ ၎င်းက အလွန်တရာထူးဆန်းသောကြောင့် ကောင်းကင်ယင်သားတော်အား သေဘေးမှ အကြိမ်တိုင်း လွတ်မြောက်စေနိုင်လေသည်။
ထို့ကြောင့် ချင်ဖုန်းကျင့်သည် ကောင်းကင်ယင်သားတော်၏ လှည့်ကွက်ကို ကောင်းကောင်းသိ၏။
မင်တုကောင်းကင်မုခ်ဝထဲ၌ ကောင်းကင်ယင်သားတော်က အသက်ပြန်ရှင်လာပြန်သည်။ သူက အလွန်တရာ စိတ်လှုပ်ရှားစွာဖြင့် ကောင်းကင်နတ်အရှင်ဟွေ့အား ခနဲ့နေသည့်။“ခင်ဗျားက အမြဲတမ်း ကျုပ်ကို အထင်သေးခဲ့တာ ကျုပ် သိတယ်… မြင့်မြတ်တည်ကြည်တဲ့ ကောင်းကင်နတ်အရှင်ဟွေ့လို ပုဂ္ဂိုလ်တစ်ယောက်က ကျုပ်လို လူယုတ်မာကို ဘယ်လိုအမြင်ကြည်ပါ့မလဲ… ဒါပေမဲ့ ခင်ဗျားရဲ့ အားနည်းချက်က ကျုပ်လက်ထဲမှာ ရှိနေပြီးသားဆိုတာကိုတော့ မသိခဲ့ဘူးမလား”
သူက မုခ်ဝထဲတွင် ရပ်နေရင်းဖြင့် အားမာန်အပြည့် ပြောသည်။ “ကောင်းကင်နတ်အရှင်ဟွေ့၊ ကျုပ် ခင်ဗျားကို အလွယ်လေး သတ်နိုင်တယ်”
ချင်ဖုန်းကျင့်မှာ လက်သီးဆုပ်ထားပြီး ကောင်းကင်ယင်သားတော်၏ ဘဝပြန်ဝင်စားခြင်းလမ်းစဉ်ကို လေ့လာတော့မည်အချိန်တွင် အသံတစ်သံက သူ၏နားဘေးတွင် ထွက်ပေါ်လာ၏။ “ကောင်းကင်ယင်သားတော် သေတော့မယ်…ကောင်းကင်နတ်ဧကရာဇ်ဟောင်က မဟာနေဧကရာဇ်ကိုတောင် သည်းမခံနိုင်ခဲ့တာ…. သူ့လျှို့၀ှက်ချက်တွေကို သိထားတဲ့ ကောင်းကင်ယင်သားတော်ကို လွှတ်ပေးထားမှာတဲ့လား”
ချင်ဖုန်းကျင့် ချာခနဲ လှည့်ကြည့်လိုက်ရာ ချင်မူသည် သူ၏ဘေး၌ ရပ်နေကြောင်း တွေ့လိုက်ရ၏။
သူက ချင်မူ့နောက်သို့ ကြည့်၍ အမြန်မေးလိုက်သည်။ “ညီလေး၊ တွက်ပြီးသွားပြီလား”
ကောင်းကင်နှင့် မြေကြီးကို ဖုံးကွယ်ထားသည့် သင်္ကေတများကို သူ မြင်နေရဆဲ ဖြစ်သည်။ ၎င်းတို့တွင် မန္တန်မျိုးစုံပါဝင်သော်လည်း သူ နားမလည်နိုင်ချေ။ ချင်မူ အဖြေကို တွက်ချက်နိုင်ခဲ့ခြင်းရှိ၊ မရှိကိုလည်း သူ မသိပေ။
ထိုအခိုက်အတန့်တွင် ထိုက်ရှီကသာ မေးထောက်၍ တွက်ချက်မှုများကို ငေးကြည့်နေဆဲ ဖြစ်သည်။
ချင်မူမှာ အနည်းငယ် ပင်ပန်းနေသဖြင့် ခေါင်းညိတ်လိုက်သည်။ “ကျွန်တော် တွက်ပြီးသွားပြီ…. ဖြစ်နိုင်တယ်… ခိုင်ဧကရာဇ် အနာဂတ်ရဲ့ ဘယ်နှစ်ကို ရောက်နေလဲ ကျွန်တော် တွက်ချက်နိုင်ပြီ”
သူ လက်ဝှေ့ရမ်းလိုက်ရာ သင်္ကေတတစ်ခုက ပျံဝဲလာ၏။
သင်္ကေတက “၄၂” ဟူသော စာလုံးအဖြစ် အသွင်ပြောင်းသွားသည်။
“နောက် ၄၂ နှစ်မှာပဲ”
ချင်မူက ပင်ပန်းနေသောအမူအရာဖြင့် ပြုံးလိုက်သည်။ ၄၂ နှစ်နှစ် ကြာရင် ဒီရွှေသင်္ဘောပေါ်မှာ သူ ပေါ်လာလိမ့်မယ်”