အားနည်းချက်
Vol. 125 Ch. 1620
“၄၂ နှစ် ကြာရင်လား”
ချင်ဖုန်းကျင့်သည် မျှော်လင့်နေသော အမူအရာ ဖြစ်သွား၏။ သူ၏ ညီလေး ချင်မူသည် ယုံကြည်ကိုးစားရသူ မဟုတ်ဟု အခြားသူများ ခံစားရသော်လည်း ... ချင်ဖုန်းကျင့်၏ စိတ်ထဲတွင်တော့ ချင်မူကသာ အားအကိုးရဆုံးနှင့် အားအထားရဆုံး ဖြစ်ပေသည်။ ချင်ဖုန်းကျင့်မှာ သူ့ညီလေးအား သူ့အမေထက်ပင် ပို၍အားကိုးမိတတ်သည်။
နောင် ၄၂ နှစ် ကြာလျှင် ခိုင်ဧကရာဇ် ဤသင်္ဘောအပေါ်၌ ပြန်ပေါ်လာမည်ဟု ချင်မူ ပြောခဲ့ပြီ ဖြစ်သည့်အတွက် ခိုင်ဧကရာဇ်သည် သေချာပေါက် ပေါ်လာလိမ့်မည်။
“ခိုင်ဧကရာဇ်ကို ကယ်တင်လိုက်တဲ့ ပုဂ္ဂိုလ်က စိတ်ကူးနဲ့ မှန်းဆကြည့်မရအောင်ကို အင်မတန် အစွမ်းထက်တယ်...”
ချင်မူက တစ်ယောက်တည်း ရေရွတ်နေသည်။ “သူ့လမ်းစဉ်၊ ကျင့်စဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေက အံ့ဖွယ်ကောင်းချက်ပဲ... ကမ္ဘာပေါ်မှာ အဲဒီလိုပုဂ္ဂိုလ်မျိုး တကယ် ရှိတာလား.... သူက ဘာကြောင့် ခိုင်ဧကရာဇ်ကို ကယ်ပေးခဲ့တာလဲ”
“ဟုတ်သား ဖရိုဖရဲခန်းမ ဆိုတာလည်း ရှိတယ်.... ဒီနာမည်က နတ်ကောင်းကင်ခန်းမ၊ ခရမ်းရောင်ကောင်းကင်ဘုံခန်းမနဲ့ အနန္တခန်းမမတို့နဲ့ ဆင်တယ်... ဒါဆို သူကလည်း မီလော့နန်းတော်ရဲ့ သခင်လေးတစ်ယောက်များလား.... သခင်လေးဆိုရင်တော့ မိတ်ဆွေဖွဲ့သင့်တဲ့သူပဲ”
သူ၏အကြည့်သည် တောင်ကောင်းကင်အပေါ် ကျရောက်သွားပြီး စိတ်ကို အာရုံလွင့်ပျံ့နေစေသော အတွေးတို့အား ခေါင်းထဲမှ ထုတ်လိုက်၏။
အောက်တွင် ကောင်းကင်ယင်သားတော်က ရုတ်တရက် မန္တန်အစီအရင်တစ်ခု အသက်သွင်းကာ ကောင်းကင်နတ်အရှင်ဟွေ့ကို ဦးညွှတ်အရိုအသေပေးနေသည်။
ယင်းက ကောင်းကင်ယင်သားတော် အကျွမ်းကျင်ဆုံး မင်တုကောင်းကင်နတ်သိုင်း ဖြစ်သည်။ ဤကောင်းကင်နတ်သိုင်းသည် ဂါဝရပြုခြင်းဖြင့် တစ်ဖက်သူ၏ ဝိညာဉ််အား သေဆုံးသွားစေနိုင်၏။ သူ၏ ဂါဝရပြုခြင်း ခံရလျှင် သူ့ထက် သိုင်းအဆင့် မြင့်မားလင့်ကစား ဝိညာဉ်တို့ အပိုင်းပိုင်းအစစ ကွဲကြေ၍ ဝိညာဉ်သဲမှုန်များအဖြစ်သို့ ရောက်ကြရသည်။
ကောင်းကင်နတ်အရှင်ဟွေ့သည် တောင်ကြီးပမာ မားမားမတ်မတ် ရပ်တည်မြဲ ရပ်တည်နေဆဲဖြင့် ကောင်းကင်ယင်သားတော်၏ ဂါဝရပြုမှုအား တည်ကြည်အေးဆေးစွာ လက်ခံ၏။
ကောင်းကင်ယင်သားတော်မှာ ခေါင်းငုံ့လိုက်သည်နှင့် တစ်ပြိုင်နက် အခြေအနေ မကောင်းတော့မှန်း ခံစားလိုက်ရတော့သည်။ ငရဲမီးစွဲလောင်သွားသည့် ဝိညာဉ်ကား သူ့ဝိညာဉ် ဖြစ်နေသည်။
ဤမီးက သူ၏ ကောင်းကင်နတ်သိုင်း၏ စေစားရာအတိုင်း သူ့ဝိညာဉ်ကို မီးလောင်တိုက်သွင်းပစ်လိုက်ချေပြီ။ အဖြစ်အပျက်ကား အလွန်မြန်လွန်းသည်။
ကောင်းကင်ယင်သားတော်က တာအိုမီးတောက်ကို အလျင်အမြန် ငြိမ်းသတ်သည်။ သို့သ်ော အချိန်ကား မရှိတော့။
သူ့အနေဖြင့် မင်တုကောင်းကင်မုခ်ဝထဲ ဝင်၍ လူပြန်ဝင်စားပြီး မီးငြိမ်းရုံသာ တတ်နိုင်သည်။ မုခ်ဝအပြင် ပြန်ထွက်လာသည့်အခါ သူသည် ယောက်ျားအဖြစ်မှ မိန်းမအဖြစ်သို့ ကူးပြောင်းသွား၏။ သို့သော် ကောင်းကင်နတ်အရှင်ဟွေ့၏ တာအိုမီးတောက်က ဘဝပြန်ဝင်စားခြင်းသံသရာထဲအထိ လိုက်လံတိုက်စားခဲ့သောကြောင့် သူ့ဝိညာဉ်မှာ မီးလောင်နေဆဲပင်။
ကောင်းကင်ယင်သားတော်မှာ ထိတ်လန့်သွားပြီး အလျင်အမြန် ဘဝပြောင်းလိုက်ပြန်သည်။
သူ၏ မင်တုကောင်းကင်မုခ်ဝအား ဘဝပြန်ဝင်စားခြင်းကောင်းကင်မုခ်ဝဟု ခေါ်ရလိမ့်မည်။ ဤမုခ်ဝမှ ဖြတ်သွားလိုက်တိုင်း သူသည် ဘဝအသစ်အား ရရှိ၏။ အတိတ်တုန်းက တောင်နတ်မင်းကျူချွဲ၊ ပိုင်ယွီကျင့်အား ဤနည်းလမ်းဖြင့် ယုတ်မာခဲ့ဖူးသည်။ ပိုင်ယွီကျင့်မှာ သေဆုံးသွားတိုင်း မင်တုကောင်းကင်မုခ်ဝကို ဖြတ်ကာ ဘဝအသစ်ဖြင့် အခြားသူတစ်ယောက် ဖြစ်ခဲ့ရလေသည်။
မှန်သည်၊ မင်တုကောင်းကင်မုခ်ဝသည် ဤနည်းလမ်းတစ်ခုတည်းအတွက်သာ အသုံးဝင်ခြင်းမဟုတ်။
ကောင်းကင်ယင်သားတော် မင်တုကောင်းကင်မုခ်ဝကို ဖြတ်သွားလျှင် အသစ်ပေါ်ထွက်လာသည့် သူ၏ လူဝင်စားတွင် သူ၏ သိုင်းအခြေခံနှင့် ခွန်အားတို့ ပိုင်ဆိုင်ထားဆဲ ဖြစ်သည်။ အခြားတစ်ယောက်သာဆိုလျှင် မင်တုကောင်းကင်မုခ်ဝကို ဖြတ်သွားရပါက တိရစ္ဆာန်အဖြစ် ပြန်လည်မွေးဖွားလာရသည်က များလေသည်။ သူတို့၏ သိုင်းအခြေခံအားလုံး ဆုံးရှုံးလိုက်ရမည် ဖြစ်၍ သူပြုသမျှသာ နုရတော့သည်။
မင်တုကောင်းကင်မုခ်ဝသည် ကံကြွေးကို ဟန့်တားပေးနိုင်သော အဆန်းတကြယ်အစွမ်းလည်း ရှိသေးသည်။ ထို့ကြောင့် ကောင်းကင်ယင်သားတော်အနေဖြင့် သူ့ဝိညာဉ်တွင် စွဲလောင်နေသည့် မီးအား ငြိမ်းသတ်နိုင်ရန် မုခ်ဝအား ဖြတ်သွားလိုက်ခြင်း ဖြစ်သည်။ သို့သော် ကောင်းကင်နတ်အရှင်ဟွေ့၏ တာအိုမီးတောက်က ဘဝပြန်ဝင်စားခြင်းသံသရာကိုပင် ကျူးကျော်နိုင်ပြီး သူ့အား တိုက်စားနိုင်ဦးမည်ဟု မမျှော်လင့်ထားခဲ့ပေ။
ကောင်းကင်နတ်အရှင်ဟွေ့၏ ဝိညာဉ်က အားနည်းလွန်းသောကြောင့် ကောင်းကင်နတ်အရှင်ဟွေ့၏ တာအိုကျင့်စဉ်များသည် ဝိညာဉ်သို့ မရောက်နိုင်ခဲ့ဟု သူ ထင်ခဲ့မိသည်။ ထို့ကြောင့်ပင် ထွေထွေထူးထူး အစီအစဉ်ချမနေဘဲ ဂါဝရပြုအရိုအသေပေးခြင်းဖြင့် ကောင်းကင်နတ်အရှင်ဟွေ့အား ကိစ္စတုံးပေးရန် ကြံစည်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ကောင်းကင်နတ်အရှင်ဟွေ့ကား မသေခဲ့ပေ။ ထို့အပြင် သူ၏ဝိညာဉ်ကိုဖြင့် မီးဖြင့် တိုက်စားနိုင်ခဲ့သည်။ ယခုတော့ ကောင်းကင်ယင်သားတော်မှာ မီးအား မငြိမ်းနိုင်တော့ပေ။
သူသည် မုခ်ဝမှ အကြိမ်ပေါင်းမရေမတွက်နိုင်အောင် ဖြတ်ရင်း တစ်ဘဝပြီးတစ်ဘဝ ကူးပြောင်းနေ၏။ အရှေ့နတ်မင်းချင်းလုံမှာ ကောင်းကင်ယင်သားတော် ပုံစံအမျိုးမျိုး ၊ မျိုးနွယ်အမျိုးမျိုး၊ လိင်အမျိုးမျိုး ပြောင်းလဲနေသည်ကို ကြည့်နေရုံသာ တတ်နိုင်သည်။
ဘဝ တစ်ခါပြောင်းသွားတိုင်း ကောင်းကင်ယင်သားတော်သည် လုံးဝ လူအသစ်တစ်ယောက် ဖြစ်သွားသကဲ့သို့ အရင်အသွင်အပြင်နှင့် လားလားမျှ မတူပေ။ ဤကောင်းကင်နတ်သိုင်းမျိုးကား အမှန်တကယ် ဆန်းကြယ်သည်။
သို့သော် ကောင်းကင်ယင်သားတော်၏ မျက်နှာထက်ရှိ အကြောက်တရားက ပိုပို၍ ထင်ရှားလာပြီး သူ့မှာ ပိုပို၍ ပျာယာခတ်လာသည်။
သူသည် ယိုတုမဟာတာအိုအပေါ် အခြေခံ၍ ဘဝပြန်ဝင်စားခြင်းတာအိုကို ဖန်တီးခဲ့၏။ ဤတစ်ချက်တည်းနှင့် ကောင်းကင်ယင်သားတော်ကား ထူးချွန်နေပြီ ဖြစ်သည်။ မဟူရာနတ်မင်းဟု ခေါ်ခြင်းသည်ပင် ချဲ့ကားရာ မရောက်ပေ။
သို့သော် ပင်ကိုယ်ပါရမီနှင့် အသိပညာအရာ၌ အကန့်အသတ် ရှိသဖြင့် ကောင်းကင်ယင်သားတော်မှာ ဘဝပြန်ဝင်စားခြင်းတာအိုကို ဖန်တီးနိုင်ခဲ့သော်လည်း ပြီးပြည့်စုံအောင် မမွမ်းမံနိုင်ပေ။ သူ့လက်ထဲတွင် တိုးတက်လာရမည့်အစား ချင်မူ့လက်ထဲတွင် အဆင့်မြင့်သွားခဲ့သည်။
ကောင်းကင်ယင်သားတော်သည် ကောင်းကင်ယင်တာအိုတွင်လည်း ထူးချွန်စွာ ပိုင်နိုင်၏။ မင်တုအမှောင်ပင်လယ်ကိုလည်း ကောင်းကင်ယင်တာအိုကို ငှားယူကာ ဖန်တီးထားခြင်း ဖြစ်သည်။ ၎င်းသည် အနက်ရောင်ဝိညာဉ်သဲမှုန်များဖြင့်သာ တည်ဆောက်ထားသော ပင်လယ်တစ်စင်းပင်။
ထိုစဉ်တုန်းက မဟာမြို့ပျက်၏ အမှောင်ထုသည် မင်တုအမှောင်ပင်လယ်ဖြင့်် သူ ဖန်ဆင်းထားသော အဆန်းတကြယ် ကပ်ဘေးတစ်ခု ဖြစ်ခဲ့၏။ မှောင်လျှင် အပြင်မထွက်နှင့် ဆိုသော ဆိုရိုးစကား ပေါ်ထွက်လာသည့်တိုင်အောင် ကြောက်စရာကောင်းခဲ့သည်။
သို့သော် ဤအခိုက်အတန့်တွင် မင်တုပင်လယ်မှာ အငွေ့ပျံနေပြီး မင်တုကောင်းကင်မုခ်ဝထဲသို့ စုပ်ယူခံနေရသည်။ ၎င်းသည် သူ၏ ဘဝပြန်ဝင်စားခြင်းအတွက် လောင်စာ ဖြစ်လာနေ၏။
ဘဝအသစ်ကူးပြောင်းပြီးနောက် သူ့ဝိညာဉ်မှာ မတူညီတော့ပေ။ သူ၏ ဝိညာဉ်သည် မင်တုအမှောင်ပင်လယ်ထဲရှိ အနက်ရောင်သဲမှုန်များကို အသုံးပြုကာ ပြောင်းလဲနေ၏။
ရုတ်တရက် မင်တုပင်လယ် လင်းထိန်သွားသည်။ ပင်လယ်ကား မီးလောင်နေချေပြီ။
မီးသည် မင်တုကောင်းကင်မုခ်ဝမှ စတင်၍ ပျံ့နှံ့လာပြီးနောက် လျင်မြန်စွာပင် ပင်လယ်တစ်စင်းလုံအား လွှမ်းမိုးသွားတော့သည်။ မင်တုပင်လယ်တစ်စင်းလုံး တောက်ပနေတော့သည်။
တာအိုမီးတောက်တစ်ခုသည်လည်း မင်တုကောင်းကင်မုခ်ဝအထက်၌ ပေါ်လာပြီး မုခ်ဝတွင် စွဲလောင်လာ၏။
မုခ်ဝအထဲရှိ ကောင်းကင်ယင်သားတော်မှာ အထိတ်တလန့် အော်နေသည်။
ကောင်းကင်နတ်အရှင်ဟွေ့က ကျောနောက်လက်ပစ်ထားပြီး အေးစက်သော မျက်ဝန်းများဖြင့် ကောင်းကင်ယင်သားတော်ကို ကြည့်နေသည်။ သူ၏ ဦးခေါင်းနောက်တွင် စက်ဝန်းသဏ္ဍာန် ချိုးလိမ်ခံထားရသော ကောင်းကင်ဘုံများသည် ဖြည်းဖြည်းချင်း လည်ပတ်နေ၏။
အရှေ့နတ်မင်းချင်းလုံမှာ ဤမြင်ကွင်းကို ကျောချမ်းစွာ ကြည့်နေသည်။ အသစ်စက်စက် တင်မြှောက်ခံထားရသော ကောင်းကင်နတ်အရှင်ယင်ကား ကောင်းကင်နတ်အရှင်ဟွေ့ဆီမှ တိုက်ကွက်တစ်ကွက်လေးပင် မခံနိုင်ပေ။
အမှန်တွင် ကောင်းကင်နတ်အရှင်ဟွေ့သည် ကိုယ်တိုင်လှုပ်ရှားခြင်းပင် မရှိသေး။ ကောင်းကင်နတ်သိုင်းများပင် မထုတ်လွှတ်ရသေး။ ကောင်းကင်ယင်သားတော် သူ၏ အောက်လမ်းအစီအရင်နှင့် ကောင်းကင်နတ်သိုင်းကို သုံးလိုက်သည့်အချိန်တွင် ကောင်းကင်ယင်သားတော်၏ ဝိညာဉ််၌ တန်ပြန်မီးစွဲလောင်သွားစေရုံသာ ရှိသည်။ ကောင်းကင်ယင်သားတော်ကား ထိုအရာကိုပင် မခုခံနိုင်။
ကောင်းကင်နတ်အရှင်ဟွေ့၏ မီးတာအိုပြင်းအားက ကောင်းကင်ယင်သားတော်၏ ဝိညာဉ်ထဲရှိ အနက်ရောင်သဲမှုန်များကိုပင် လောင်ကျွမ်းပြာချပစ်နိုင်သည်။
‘သူ့ဝိညာဉ်မှာ အားနည်းချက် မရှိဘူးပဲ’
ထိတ်လန့်တုန်လှုပ်ဖွယ်ရာအတွေးတစ်ခုက အရှေ့နတ်မင်းချင်းလုံ၏ စိတ်ထဲတွင် ပေါ်လာသည်။ ‘ကောင်းကင်နတ်အရှင်ဟွေ့ရဲ့ ဝိညာဉ် အားမနည်းတာကို ကောင်းကင်နတ်အရှင်ဟောင် သိထားတာလား… သိတယ်ဆိုရင်… သူ ငါတို့ကို ဒီနေရာကိုလွှတ်လိုက်တဲ့ အကြောင်းအရင်းက….’
ရာသီဥတုသည် အေးစက်နေခြင်း မရှိသော်လည်း သူ့မှာ ကြက်သီး တဖြန်းဖြန်းထသွားသည်။
ရွှေသင်္ဘောပေါ်တွင် ချင်မူ့အကြည့်က တောက်ပသွား၏။ “တစ်လောကလုံးမှာ နံပါတ်တစ် အထွတ်အမြတ်မီးလျှံဆိုတဲ့ နာမည်နဲ့ လိုက်ပါပေတယ်…” သူက ခပ်တိုးတိုး ရေရွတ်နေသည်။ “ငါသာ ဘဝပြန်ဝင်စားခြင်းကောင်းကင်နတ်သိုင်းကို အသက်သွင်းလိုက်မယ်ဆိုရင်တောင် ရှောင်တိမ်းနိုင်မှာ မဟုတ်ဘူး… ကောင်းကင်နတ်အရှင်ဟွေ့ရဲ့ တာအိုမီးတောက်က အဆင့်တော်တော်မြင့်နေပြီ …. မရဏလေပူလို ခံစားချက်မျိုး ရစေတယ်”
“ငါက မသေမျိုး… ယိုတုရဲ့အရှင်သခင်…. အသစ်စက်စက် မြေအောက်ဘုံအရှင်သခင်ပဲ…. ဒီလောကမှာ ဘယ်သူမှ ငါ့ကို မသတ်နိုင်ဘူး”
ကောင်းကင်ယင်သားတော်က အော်ဟစ်လိုက်သည်။ မင်တုပင်လယ်နှင့် မင်တုကောင်းကင်မုခ်၀မှာ ယိုတုထဲသို့ ဝုန်းခနဲ ပြိုလဲကျသွားလေသည်။
ယိုတုသည် ယခုတွင် ပိုင်နက်နှစ်ခြမ်း ကွဲနေပြီဖြစ်သည်။ တစ်ခုက ကောင်းကင်နတ်အရှင်ရှု၏ ပိုင်နက်ဖြစ်ပြီး ကျန်တစ်ခုက ကောင်းကင်ယင်သားတော်၏ ပိုင်နက်လည်း ဖြစ်၏။ တစ်ဖက်စီကို မရေမတွက်နိုင်သော မိစ္ဆာနတ်ဘုရားများက စောင့်ကြပ်နေကြပြီး ထွင်းဖောက်မရနိုင်ချေ။
ကောင်းကင်နတ်အရှင်ရှုသည် သူမ၏ပိုင်နက်ကို ရှင်းလင်းနေရာချထားပြီးချေပပြီ။ သူမက မြေအောက်ဘုံအရှင်သခင်၏ ခန္ဓာကိုယ်မှ ခွဲထွက်သွားခဲ့သော ယိုတုမြေအပိုင်းအစများကို အတင်းအကြပ် ပေါင်းစည်း၍ ငရဲကမ္ဘာမြေထုကို ဖွဲ့တည်ထား၏။ ၎င်းက အဆုံးအသတ်မရှိအောင် ကျယ်ပြောသည်။
တခြားတစ်ဖက်တွင် ကောင်းကင်ယင်သားတော်၏ ပိုင်နက်မှာကတော့ တစ်ကွဲတစ်ပြားဖြစ်နေ၏။ မရေမတွက်နိုင်သော မြေထုများက ယိုတုထဲတွင် မြောလွင့်နေကြသည်။ ၎င်းတို့ကို ယိုတုမဟူရာသတ္တုမှ သွန်းလုပ်ထားသော သံကြိုးများဖြင့် ဆက်နွယ်ကာ အတန်းလိုက်ဖြစ်နေစေ၏။
မြေအောက်ဘုံအရှင်သခင် သေဆုံးသွားပြီးနောက် ယိုတု၏ဝိညာဉ်များမှာ မြေအောက်ဘုံအရှင်သခင်၏ ထိန်းချုပ်မှုအောက်တွင် မရှိတော့ချေ။ ၎င်းတို့က အရပ်လေးမျက်နှာသို့ ထွက်ခွာကုန်ကြသည်။ အချို့က သေမျိုးလောကသို့ သွားရောက်ကြသဖြင့် သေမျိုးလောကထဲတွင် တစ္ဆေကျတ်ကုန်းများ ဖြစ်ပေါ်စေကာ တစ်လောကလုံးအား အုတ်အော်သောင်းနင်း ဖြစ်နေစေတော့သည်။ တချို့က ကောင်းကင်ယင်သားတော်နှင့် ကောင်းကင်နတ်အရှင်ရှုတို့ လက်အောက်သို့ ခိုလှုံကြပြီး သူတို့၏လက်အောက်ငယ်သား တစ္ဆေတာအို မိစ္ဆာနတ်ဘုရားများဖြစ်လာကြသည်။
ကောင်းကင်ယင်သားတော်၏ ပိုင်နက်ထဲတွင်လည်း တစ္ဆေတာအို မိစ္ဆာနတ်ဘုရားများ ရှိကြ၏။ ၎င်းတို့သည် အသက်ရှင်နေခဲ့စဉ်တုန်းက နတ်ဘုရားများနှင့် မိစ္ဆာများ ဖြစ်ကြသည်။ သေဆုံးသွားပြီးနောက် ယိုတုသို့ ရောက်ရှိလာခဲ့ကြ၏။ ယိုတုမှ မိစ္ဆာနတ်ဘုရားစစ်တပ်နှင့် ပေါင်းစည်းလိုက်လျှင် သူတို့သည် စကြ၀ဠာတစ်ခုလုံး၌ စွမ်းအားအကြီးဆုံး အင်အားစုဟု ပြောနိုင်ပေသည်။
ဤအခိုက်အတန့်တွင် တစ္ဆေတာအို၏ မရေမတွက်နိုင်သော မိစ္ဆာနတ်ဘုရားများနှင့် ယိုတုမိစ္ဆာနတ်ဘုရားများမှာ တစ်စုံတစ်ခုကို ခံစားလိုက်ကြရသည်။ သူတို့ မော့ကြည့်လိုက်သည့်အခါတွင် မီးတောက်လောင်နေသော မင်တုပင်လယ်နှင့် မင်တုကောင်းကင်မုခ်၀တို့သည် ကောင်းကင်မှ ပြုတ်ကျလာသည်ကို တွေ့လိုက်ရသည်။
ကောင်းကင်ယင်သားတော်မှာ ကောင်းကင်မုခ်၀အပေါ်တွင် ရပ်နေပြီး သူ၏ခန္ဓာကိုယ်မှာ တဟုန်းဟုန်း တောက်လောင်နေသော တာအိုမီးတောက်များဖြင့် လွှမ်းခြုံခံထားရသည်။ သူသည် အမျိုးသမီးတစ်ယောက်အဖြစ် ဘဝပြန်ဝင်စားထားသောကြောင့် တောက်လောင်နေသော တာအိုမီးတောက်များက သူမကို ရဲရဲတောက် အနီရောင် မင်္ဂလာဝတ်စုံ ဝတ်ဆင်ထားသည့် သတို့သမီးတစ်ဦးအလား ဖြစ်နေစေ၏။
“ငါက ကောင်းကင်နတ်အရှင်ယင်ပဲ… ဘယ်သူမှ ငါ့ကို မသတ်နိုင်ဘူး”
ကောင်းကင်ယင်သားတော်၏ အော်ဟစ်သံက မုခ်၀မှ ထွက်ပေါ်လာပြီး အလွန်တရာကြေကွဲနေသယောင် ရှိသည်။“အဲဒီအစား တစ်လောကလုံးကို သစ္စာဖောက်လိုက်မယ်…”
ရုတ်တရက် ကောင်းကင်ယင်သားတော်က မုခ်၀မှ ဦးညွှတ်အရိုအသေပေးလိုက်သည်။ သူ့ကို မော့ကြည့်နေကြသည့် တစ္ဆေတာအို မိစ္ဆာနတ်ဘုရားများနှင့် ယိုတုမိစ္ဆာနတ်ဘုရားများမှာ ပြင်းထန်စွာ တုန်ရီသွားကြ၏။ အနက်ရောင်သဲမှုန်များက ယိုတုမိစ္ဆာနတ်ဘုရားများ၏ မျက်လုံး၊ နား၊ ပါးစပ်နှင့် နှာခေါင်းတို့မှ တိုးထွက်လာကြပြီး မူလဝိညာဉ်များမှာ ကောင်းကင်ယင်သားတော်၏ သတ်ဖြတ်ခြင်းခံလိုက်ရသည်။
သို့သော် ထိုတစ္ဆေတာအိုမိစ္ဆာနတ်ဘုရားများတွင် ရုပ်ခန္ဓာမရှိကြပေ။ မူလဝိညာဥ် သို့မဟုတ် ဝိညာဉ်များသာ ရှိကြ၏။ ကောင်းကင်ယင်သားတော်၏ ဦးညွှတ်အရိုအသေပေးခြင်း ခံရပြီးနောက် သူတို့မှာ မရေမတွက်နိုင်သော အနက်ရောင်သဲမှုန်များအဖြစ် ပြာကျသွားကြတော့သည်။
ကောင်းကင်ယင်သားတော်က အကြိမ်ကြိမ် ဦးညွှတ်အရိုအသေပေးနေသည်။ မြေအောက်ဘုံအရှင်သခင်မြေထုပေါ်ရှိ မိစ္ဆာနတ်ဘုရားများ၏ မူလဝိညာဉ်များမှာ တစ်ခုပြီးတစ်ခု ပြိုကွဲနေကြသည်။ အနက်ရောင်သဲမှုန်ဝိညာဉ်များက ပြင်းထန်လှသော လှိုင်းလုံးများအဖြစ် ပြောင်းလဲသွားကြပြီး တောက်လောင်နေသော ကောင်းကင်မုခ်၀နှင့် ပင်လယ်ဆီသို့ ပြေးဝင်သွားကြ၏။
ကောင်းကင်ယင်သားတော်က ဆက်လက် အရိုအသေပေးနေသည်။ အောက်ရှိ မြေအောက်ဘုံအရှင်သခင် မြေထုပေါ်တွင် တစ္ဆေတာအိုမိစ္ဆာနတ်ဘုရားများနှင့် ယိုတုမိစ္ဆာနတ်ဘုရားများမှာ ကပ်ဘေးကြီးတစ်ခု ချဉ်းကပ်လာနေသည်ကို သိရှိသွားကြသည့်အလား တကွဲတပြား ထွက်ပြေးကုန်ကြသည်။
အချို့မိစ္ဆာနတ်ဘုရားများဆိုလျှင် ဟင်းလင်းပြင်ကိုပင် တိုက်ရိုက်ခွဲထွက်၍ သေမျိုးလောကဆီသို့ ထွက်ပြေးနေကြသည်။ သို့သော် သူတို့၏ခန္ဓာကိုယ်များ ပျံတက်နေကြသည့်အချိန်မှာပင် မရေမတွက်နိုင်သော အနက်ရောင်သဲမှုန်အစိတ်အပိုင်းများအဖြစ် အက်ကွဲပြိုလဲသွားကြပြီး ကောင်းကင်သို့ မြောက်တက်သွားကြသည်။
ကောင်းကင်ယင်သားတော်သည် သူကိုယ်တိုင် အသက်ရှင်ရန်အတွက် သတ်ဖြတ်ပွဲကြီး ကျင်းပနေချေပြီ။ ယိုတု ကောင်းကင်နတ်ဘုံလက်ထဲ ရောက်လာခဲ့သည့် အချိန်တုန်းက သူသည် ၎င်း၏ တစ်ဝက်ကို ရရှိခဲ့သည့်အလျောက် အင်အားကြီးမားသော စစ်သည်တော်များကို ပိုင်ဆိုင်နိုင်ခဲ့၏။ သူသည် ကောင်းကင်နတ်ဘုံတွင် အင်အားအကြီးဆုံးသူများထဲမှ တစ်ယောက်ဖြစ်သည်ဟုပင် ဆိုရလိမ့်မည်။
သို့သော် ဤနတ်ဘုရားမိစ္ဆာစစ်တပ်ကြီးမှာ သူကိုယ်တိုင် သတ်ဖြတ်နေသောကြောင့် အလျင်အမြန် အင်အားလျော့နည်း၍ သေကြေနေကပြချေပြီ။
ကောင်းကင်ထက်တွင် အနက်ရောင်ဝိညာဉ်သဲမှုန်များက လေမုန်တိုင်းကြီးတစ်ခုအလား တိုက်ခတ်နေပြီး မင်တုကောင်းကင်မုခ်၀နှင့် မင်တုပင်လယ်ဆီသို့ ပြေးဝင်ကာ မီးတောက်များကို ငြိမ်းသေနေစေသည်။
သေဆုံးသွားခဲ့သည့် မိစ္ဆာနတ်ဘုရားများမှာ များပြားလွန်းသည်။ သူတို့၏ဝိညာဉ်များမှာ စွမ်းအားကြီးလွန်းသောကြောင့် ကောင်းကင်နတ်အရှင်ဟွေ့၏ တာအိုမီးတောက်များပင်လျှင် မည်သည်မှမလုပ်နိုင်ကြချေ။ မင်တုပင်လယ်၌ ကျွမ်းလောင်နေသော မီးတောက်များပင်လျှင် ဖိနှိပ်ခံထားရ၏။
ကောင်းကင်ယင်သားတော်၏ ကျင့်ကြံခြင်းအခြေခံက အလျင်အမြန် တိုးတက်လာသည်။ မြေအောက်ဘုံအရှင်သခင် သေဆုံးသွားပြီးနောက် သူသည် ယိုတုမဟာတာအိုကို ဝါးမြိုကာ သန့်စင်ခဲ့၏။ ကောင်းကင်နတ်အရှင်ရှုလောက် မြန်မြန်ဆန်ဆန် တိုးတက်မလာခဲ့သော်လည်း သူ၏ကျင့်ကြံခြင်းအခြေခံသည် တဟုန်ထိုး တိုးတက်ခဲ့သည်။ ယခင်ကထက် များစွာ သန်မာလာသောကြောင့် ကောင်းကင်နတ်အရှင်ဟွေ့အား တိုက်ခိုက်ရဲခဲ့ခြင်းလည်း ဖြစ်၏။
ဤအခိုက်အတန့်တွင် သူကား မရေမတွက်နိုင်သော အနက်ရောင်ဝိညာဉ်သဲမှုန်များကို ရရှိလိုက်ချေပြီ။ သူ၏ကျင့်ကြံခြင်းအခြေခံက များစွာ တိုးတက်လာသော်လည်း ဝိညာဥ်ထဲရှိ တာအိုမီးတောက်ကတော့ မငြိမ်းသေးပေ။ သူက မင်တုကောင်းကင်မုခ်ဝထဲ၌ ခေါက်တုံ့ခေါက်ပြန် ဖြတ်သန်းလျက် အကြိမ်ကြိမ် ဘဝပြန်ဝင်စားနေသည်။ သူ၏ လူဝင်စားတိုင်းမှာ တာအိုမီးတောက်အဖြစ် မီးလောင်တိုက်သွင်းခံရပြီး ပြာကျသွားတတ်သည်။ သို့သော် လူဝင်စား အပြည့်အ ဝမလောင်ကျွမ်းသွားခင်မှာပင် သူသည် လျှောလျှောရှူရှူ လွတ်မြောက်လာတတ်၏။
ယခင်က ထာဝရငြိမ်းချမ်းရေးအင်ပါယာတွင် နာမည်ကြီးသော မှော်ဆရာကြီး ပန်းကုန်းစွန်သည် အောက်လမ်းဆန်သော ကျင့်စဉ်များ၊ လမ်းစဉ်များနှင့် ကောင်းကင်နတ်သိုင်းများကို ကျင့်ကြံခဲ့ခြင်းကြောင့် နာမည်ကျော်ကြား၏။ နံပါတ်တစ် အပြေးသမားအဖြစ်လည်း ထင်ရှားသည်။ သို့သော် ပန်းကုန်းစွန်မှာ ကောင်းကင်ယင်သားတော်နှင့် ယှဉ်လျှင် မပြောပလောက်တော့ပေ။
ကောင်းကင်ယင်သားတော်သည် အသည်းအသန် ဘဝပြန်ဝင်စားနေပြီး နောက်ဆုံးတွင်တော့ တာအိုမီးတောက်ထံမှ လွတ်မြောက်သွား၏။ သူက ချက်ချင်းပင် မင်တုပင်လယ်နှင့် မင်တုကောင်းကင်မုခ်၀တို့နှင့် သူ၏ဆက်နွယ်နေမှုကို ဖြတ်တောက်လိုက်ပြီး ထွက်ခွာသွားတော့သည်။
သူ လှည့်ကြည့်လိုက်ရာ ပင်လယ်နှင့် ကောင်းကင်မုခ်၀တို့သည် သူ၏စွမ်းအား မရှိတော့သည့်အခါတွင် တာအိုမီးတောက်ဖြင့် ဝါးမြိုခံလိုက်ရသည်ကို တွေ့လိုက်ရသည်။
ကောင်းကင်ယင်သားတော်၏ မျက်နှာကြီးမှာ နီရဲသွားပြီး သွေးတလုတ် အန်လိုက်ရ၏။ လျှို့ဝှက်ဒဏ်ရာရခဲ့ခြင်းလော သို့မဟုတ် ရတနာကို ဆုံးရှုံးလိုက်ရသဖြင့် ပူဆွေးဝမ်းနည်းသွားခြင်းလောကိုတော့ မသိရချေ။
ဤအခိုက်အတန့်တွင် ရုတ်တရက် ကောင်းကင်နတ်အရှင်ရှုကို တွေ့လိုက်ရသည်။
ကောင်းကင်နတ်အရှင်ရှုသည် ယိုတု၏ ကျန်တစ်ဖက်ခြမ်းတွင် ရပ်နေသည်။ သူမ၏ဦးခေါင်းပေါ်ရှိ ဦးချိုများက ယိုတု၏ ချော်ရည်မြစ်အဖြစ် ပြောင်းလဲသွားပြီး ကွေ့ကောက်စီးဆင်းနေသည်။
ကောင်းကင်နတ်အရှင်ရှုက တောင်ကောင်းကင်သို့ မော့ကြည့်ကာ ရုတ်တရက် ပျံတက်သွား၏။ သူမက ယိုတုကို ဖောက်ထွက်ပြီး ကောင်းကင်နတ်အရှင်ဟွေ့၏ သေခြင်းရှင်ခြင်း ကောင်းကင်ရတနာထဲသို့ ဝင်ရောက်သွားလေသည်။
“ကြည့်ရတာ ငါက ကောင်းကင်နတ်ဧကရာဇ်ဟောင်ရဲ့ နိုင်ဖဲ မဟုတ်ဘူးထင်တယ်”
ကောင်းကင်ယင်သားတော်မှာ နှလုံးသားထဲတွင် အေးခဲသွားပြီး ပို၍ပင်ဝမ်းနည်းလာမိသည်။ သူ၏လည်ပင်းထဲသို့ သွေးတတ်လုတ်က ပျို့တက်လာ၏။ ကောင်းကင်နတ်ဧကရာဇ်ဟောင်သည် ကောင်းကင်နတ်အရှင်ဟွေ့၏ ခွန်အားကိုစမ်းသပ်ရန် သူ့ကိုအသုံးချခဲ့ခြင်းဖြစ်သည်။ အစစ်အမှန်သတ်ဖြတ်သူက ပို၍စွမ်းအားကြီးသော ကောင်းကင်နတ်အရှင်ရှုပင် ဖြစ်၏။
ကောင်းကင်နတ်အရှင်ရှုသည် ကောင်းကင်နတ်အရှင်ဟွေ့၏ သေခြင်းရှင်ခြင်းရတနာထဲမှ သူ၏ခန္ဓာကိုယ်သို့ တိုက်ရိုက်ဝင်ရောက်၍ မူလဝိညာဉ်ကို သတ်ဖြတ်ပေလိမ့်မည်။
ကောင်းကင်ယင်သားတော် ထိုသို့တွေးတောနေစဉ် အနီရောင်မင်္ဂလာဝတ်စုံဖြင့် သတို့သမီးတစ်ဦးသည် သူဆီ လမ်းလျှောက်နေသည်ကို တွေ့လိုက်ရ၏။
“ချောင်ကျင့်၊ ငါတို့ လက်ထပ်ခဲ့တဲ့နေ့က နင် သစ္စာဆိုခဲ့တာကို မှတ်မိသေးလား”
သတို့သမီးက သူ့ကို ချိုသာစွာ ပြုံးပြနေသည်။ “ငါ့ကို ဘယ်တော့မှ သစ္စာမဖောက်ဘူးလို့ ကတိပေးခဲ့တာလေ”
“တိရီယွဲ့”
ကောင်းကင်ယင်သားတော်မှာ ကြောက်လန့်တကြားဖြင့် ခြေဦးတည့်ရာ ထွက်ပြေးတော့သည်။ သူ လှည့်လိုက်သည့်အချိန်မှာပင် လက်တစ်ဖက်က သူ့ကို ယိုတုအပြင်သို့ ဆွဲခေါ်လာ၏။
“ကောင်းကင်ယင်သားတော်၊ ငါတို့ ပြန်တွေ့ပြီနော်”
ကောင်းကင်ယင်ကမ္ဘာထဲတွင် ကောင်းကင်ယင်သားတော်သည် ထိုလက်ဆီမှ ရုန်းထွက်လိုက်ပြီး မော့ကြည့်လိုက်ရာ ကောင်းကင်ယင်နတ်ဘုရားမကို တွေ့လိုက်ရ၏။ ကောင်းကင်ယင်နတ်ဘုရားမက အေးစက်စွာ ပြောသည်။ “ငါ နင့်ကို စောင့်နေခဲ့တာ”
ဤအခိုက်အတန့်တွင် သတို့သမီးဝတ်ရုံ ဝတ်ဆင်ထားသော တိရီယွဲ့က ယိုတုမှတစ်ဆင့် ကောင်းကင်ယင်ကမ္ဘာထဲသို့ ဝင်လာသည်။
တစ်ချိန်တည်းမှာပင် ကောင်းကင်နတ်အရှင်ရှုသည် ကောင်းကင်နတ်အရှင်ဟွေ့၏ သေခြင်းရှင်ခြင်းကောင်းကင်ရတနာထဲသို့ ဝင်ရောက်၍ မူလဝိညာဉ်ကို တိုက်ခိုက်လိုက်သည်။
သူမက အထွတ်အမြတ် မိစ္ဆာမီးတောက်ကို အသက်သွင်းကာ ကောင်းကင်နတ်အရှင်ဟွေ့၏ မူလဝိညာဉ်အား ချက်ချင်း မီးလောင်တိုက်သွင်းလိုက်၏။
ကောင်းကင်နတ်အရှင်ဟွေ့မှာ ဤအရာကို ခန့်မှန်းပြီးထားပုံပင်။ များလှစွာသော မီးတောက်လှည်းဘီးများက သူ၏ဦးခေါင်းအနောက်တွင် ပြင်းထန်စွာ လှည့်ပတ်နေပြီး သူက ရယ်မောလိုက်သည်။ “တာအိုမီးတောက်က ဝိညာဉ်ကို သန့်စင်တယ်… ရှု၊ မင်းက တုံးအလွန်းတယ်… မင်းရဲ့မိစ္ဆာမီးတောက်ကို ငှားယူပြီး ငါ့ရဲ့ဝိညာဉ် မကျင့်ကြံနိုင်တဲ့ နောက်ဆုံးလိုအပ်ချက်ကို ဖြည့်ဆည်းရတာပေါ့…”
ဝုန်း…
ကောင်းကင်နတ်အရှင်ဟွေ့၏ မူလဝိညာဉ်က ကောင်းကင်နတ်အရှင်ရှု၏ မိစ္ဆာမီးတောက်ကို အသည်းအသန် ဝါးမြိုနေသည်။ ကောင်းကင်နတ်အရှင်ရှုမှာ အတော်လေး အံ့အားသင့်နေမိ၏။ ကောင်းကင်နတ်အရှင်ဟွေ့၏ မူလဝိညာဉ်သည် သူမ၏မိစ္ဆာမီးတောက်ကြောင့် လောင်ကျွမ်းသွားခြင်း မရှိသည့်အပြင် မိစ္ဆာမီးတောက်၏ စွမ်းအားကိုပါ စုပ်ယူနေသည်အား တွေ့နေရချေသည်။
“ငါ တစ်ခါ ကောင်းကင်နတ်အရှင်ရုံကို သွားတွေ့ပြီး မိစ္ဆာမီးတောက်နဲ့ ငါ့ရဲ့ဝိညာဉ်ကို ကူညီသန့်စင်ပေးဖို့ ပြောခဲ့တယ်… သူက လုံးဝကို ငြင်းဆိုခဲ့တာ… မတူညီတဲ့ လမ်းစဉ်တွေက အတူတကွ အလုပ်မလုပ်ဘူးလို့တောင် ပြောခဲ့သေးတယ်… ငါ အစက မင်းကို လက်ထပ်ချင်ခဲ့တာက မင်းနဲ့ ပူးပေါင်းချင်လို့ မဟုတ်ဘဲ မင်းရဲ့မိစ္ဆာမီးတောက်ကို လိုချင်လို့ပဲ.. အခုတော့..”
ကောင်းကင်နတ်အရှင်ရှု မိစ္ဆာမီးတောက်အား ရုတ်သိမ်းတော့မည်အချိန်တွင် ကောင်းကင်နတ်အရှင်ဟွေ့၏ အရှိန်အဝါက ရုတ်တရက် မြင့်တက်လာပြီး သူမအား သူ့ခန္ဓာကိုယ်ထဲမှ ခါထုတ်လိုက်သည်။
ကောင်းကင်နတ်အရှင်ဟွေ့က လက်မြှောက်၍ သူမကို ဆွဲယူကာ နှာခေါင်းရှုံ့လိုက်၏။ “အခုတော့ ငါ မင်းကို မလိုအပ်တော့ဘူး”
သူ၏လက်ဖဝါးက ကြီးသထက်ကြီးလာပြီး နေရာဟင်းလင်းပြင်ကို ပုံပျက်စေရင်း ကောင်းကင်နတ်အရှင်ရှုအား လုံးဝလွှမ်းမိုးသွားချေပြီ။