← Chapters

ပထမဆုံးအကြိမ် ဆုံတွေ့စဉ်တုန်းကလို

Vol. 125 Ch. 1621

ပထမဆုံးအကြိမ် ဆုံတွေ့စဉ်တုန်းကလို

Vol. 125 Ch. 1621

ကောင်းကင်ယင်ကမ္ဘာတွင်။

ကောင်းကင်ယင်သားတော်မှာ ဘယ်နှင့် ညာသို့ ကြည့်လိုက်ရာ တိရီယွဲ့နှင့် ‌ကောင်းကင်ယင်နတ်ဘုရားအကြား၌ ချောင်ပိတ်နေကြောင်း တွေ့လိုကရသည်။

သူပင်လျှင် ဤသို့အခြေအနေမျိုး၌ စိုးရိမ်ပူပန်လာမိသည်။

ယခုတွင် မင်တုပင်လယ်ရော၊ မင်တုကောင်းကင်မုခ်ဝပါ မရှိတော့သည့်မတွက် သူ့အား ဘဝပြန်ဝင်စားခြင်းလမ်းစဉ်နှင့် မင်တုကောင်းကင်မုခ်ဝကို တည်ဆောက်နိုင်အောင် ကူညီပေးခဲ့သော တိရီယွဲ့ကို ယှဉ်နိုင်လိမ့်မည်မဟုတ်ချေ။ သေရာမှ ပြန်လည်ရှင်သန်လာခဲ့သည့် ကောင်းကင်ယင်နတ်ဘုရားမကိုတော့ ပြောနေစရာပင် မလိုပေ။

ထိုအမျိုးသမီးနှစ်ယောက် သူ့အား မည်မျှမုန်းတီးသည်ကို ခန့်မှန်း၍ပင် မရနိုင်။

ကောင်းကင်ယင်သားတော်က အားတင်း၍ ပြုံးလိုက်သည်။ “ရီယွဲ့၊ ကိုယ် မင်းကို သိပ်လွမ်းနေခဲ့တာ… ကောင်းကင်နတ်ဧကရာဇ်ဟောင်ရဲ့ အမိန့်ကြောင့် မင်းကို သတ်ခဲ့ရပေမယ့် မင်းရဲ့ခန္ဓာကိုယ်ကို မဖျက်ဆီးရက်ခဲ့ဘူးလေ … ကိုယ့်ရဲ့ခံစားချက်တွေကို မင်း နားလည်သင့်ပါတယ်…. မင်းကို ကိုယ် အတည် အလေးအနက်ထားတာပါ”

ဝုန်း….

တိရီယွဲ့နှင့် ကောင်းကင်ယင်နတ်ဘုရားမက တစ်ဖက်တစ်ချက်ဆီမှ တိုက်ခိုက်လာသည်။ အမျိုးသမီးနှစ်ယောက်က သူမတို့၏ အပြင်းထန်ဆုံး ကောင်းကင်နတ်သိုင်းများကို ပြိုင်တူထုတ်သုံးလိုက်ကြလေသည်။

တိရီယွဲ့သည် သေရာမှ ပြန်ရှင်လာကတည်းက သိုင်းအခြေခံ အဆ‌ပေါင်းများစွာ တိုးတက်သွားခဲ့ပြီး ဧကရာဇ်ပလ္လင်အဆင့်မှာ အသေးစား ကောင်းကင်နတ်ဘုံအထိ တက်လှမ်းကာ ကောင်းကင်နန်းဆောင် ဆယ်ဆောင် ဖွဲ့တည်ထားနိုင်ခဲ့၏။

သူမက ခိုင်ဧကရာဇ် အလေးထားရဆုံး ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်သလို ခိုင်ဧကရာဇ်ခေတ်တွင် ပါရမီအမြင့်ဆုံးဟု ဆိုနိုင်၏။ ရှားပါးသော ရွှမ်တုနတ်ဘုရား ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသူ ဖြစ်ခဲ့သော်လည်း ကောင်းကင်ယင်သားတော်သည် မင်္ဂလာဦးညတွင် လုပ်ကြံသတ်ဖြတ်ခဲ့သောကြောင့် သူမမှာ အချိန်နှစ်နှစ်သောင်းမျှ ဆုံးရှုံးခဲ့ရသည်။

သို့သော် ချင်မူ၏ ပြန်လည်အသက်သွင်းပေးခြင်း ခံခဲ့ရပြီးနောက် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ပြုပြင်ပြောင်းလဲမှုကို သင်ယူနိုင်သွားသဖြင့် သူမ၏ သိုင်းအခြေခံက ပြန်လည်တိုးတက်လာခဲ့သည်။ မဟာလေဟာနယ်ရှိ တိုက်ပွဲအား တွေ့ကြုံခဲ့ရပြီးနောက် သူမ၏ လက်ရှိခွန်အားမှာ ကောင်းကင်ယင်သားတော်ထက် သာလွန်နေချေပြီ။

ကောင်းကင်ယင်နတ်ဘုရားမှာမူ တာအိုမှ မွေးဖွားသော ရှေးဟောင်းနတ်ဘုရားများတွင် အားအနည်းဆုံး ဖြစ်ခဲ့ပြီး အစောဆုံး သေဆုံးခဲ့ရသည့် ရှေးဟောင်းနတ်ဘုရားများမှ တစ်ပါးလည်း ဖြစ်သည်။ သို့သော် ထိုသို့သေဆုံးခဲ့ခြင်းက သူမကို ရှေးဟောင်းနတ်ဘုရားတို့၏ အချုပ်အနှောင်မှ လွတ်မြောက်စေခဲ့သည်။

ကောင်းကင်ယင်သားတော်သည် သူမဆီမှ ကောင်းကင်ယင်တာအိုကို ပိုင်ဆိုင်နိုင်ရန် ပထမဦးဆုံး သူမ၏ယုံကြည်မှုကို အရယူခဲ့ပြီးနောက် ယုတ်မာပက်စက်သော အကြံတို့ဖြင့် အပြင်းအထန် ဒဏ်ရာရစေခဲ့သည်။ ထို့နောက် ကောင်းကင်ယင်ကမ္ဘာမှ ဆာလောင်နေသော သရဲများအား သူမ၏အသွေးအသားနှင့် ဝိညာဉ်အား စားသုံးစေပြီး အရေပြားသာ ကျန်ရစ်ခဲ့စေ၏။

နောက်ဆုံးတွင် ဆာလောင်နေသော သရဲတို့က သူမ၏အရေပြားကို ဝင်ပူးကပ်သွားသည့်အခါ ကောင်းကင်ယင်သားတော်သည် သူ လိုချင်တပ်မက်သည့်အရာကို ရခဲ့၏။ ကောင်းကင်ယင်ကမ္ဘာ၊ ကောင်းကင်ယင်သင်္ကေတများနှင့် သူမ၏ အနက်ရောင်ဝိညာဉ်သဲမှုန်မှ သန့်စင်ထားသော မင်တုပင်လယ်တို့ပင် ဖြစ်၏။

ကောင်းကင်ယင်သားတော်ကား သူမကို သတ်ခဲ့သည့်အတွက် မင်တုမဟူရာနတ်မင်းဆိုသော ဘွဲ့လည်း အပ်နှင်းခံခဲ့ရသည်။

ကောင်းကင်ယင်နတ်ဘုရားမမှာ ချင်မူ ဝိညာဉ်ကို ပြန်လည်တည်ဆောက်ပေး၍ အသက်ပြန်ဝင်လာပြီးနောက် ရှေးဟောင်းနတ်ဘုရားတစ်ပါး မဟုတ်တော့ပေ။ ထိုအစား အခြာလမ်းစဉ်များနှင့်ကျင့်စဉ်များကိုပါ သိမြင်နားလည်လာနိုင်ခဲ့၏။

ဤနှစ်များအတွင်း သူမ၏ စွမ်းဆောင်ရည်များသည် အတိတ်တုန်းကထက် များစွာသာလွန်ခဲ့ပြီ ဖြစ်သည်။

အမျိုးသမီးနှစ်ယောက်က တစ်ဖက်တစ်ချက်ဆီမှ တိုက်ခိုက်၍ အသေသတ်တိုက်ကွက်များအား ထုတ်သုံးနေကြသည်။ ကောင်းကင်ယင်သားတော်မှာ ၎င်းကို မြင်လျှင် ကြောက်ရွံ့လာတော့သည်။ ‘ငါ သူတို့ကို သတ်ခဲ့တဲ့ အရင်အချိန်တုန်းက အပြစ်ရှိသလို ခံစားခဲ့ရတယ်… သူတို့ကို တွေ့တိုင်း ရှောင်ခဲ့တယ်… အောင်မြင်ခမ်းနားတဲ့အရာတွေကို လုပ်ဆောင်ချင်ရင် အသည်းနုနယ်နေလို့မရဘူး… ငါက အခု ကောင်းကင်နတ်အရှင်ယင် ဖြစ်နေပြီပဲဟာ … လက်မှာ သွေးမပေတဲ့ ကောင်းကင်နတ်အရှင်ဆိုတာ ရှိလို့လား’

သူက အစွန်းကုန်ထုတ်သုံး၍ မှော်စွမ်းအင်ကို အသက်သွင်းလိုက်ရာ ကောင်းကင်နန်းဆောင်ငါးဆောင်က သူ၏ဦးခေါင်းနောက်တွင် ဖွဲ့တည်လာသည်။ အတိတ်တုန်းက ကောင်းကင်နန်းဆောင်လေးဆောင်ကိုသာ ဖွဲ့တည်နိုင်ခဲ့ပြီး မင်တုကောင်းကင်မုခ်၀၏ စွမ်းအားကို အားကိုး၍ ကောင်းကင်နန်းဆောင်ရှစ်ဆောင်ကို တည်ဆောက်ရသည်။ သို့သော် နှစ်များတလျှောက် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှုဆီမှ အကျိုးအမြတ်များကို ရရှိခဲ့သောကြောင့် ငါးဆောင်မြောက် ကောင်းကင်နန်းဆောင်ကို ကျင့်ကြံနိုင်ခဲ့ပြီဖြစ်၏။

သူ့တွင်သာ မင်တုကောင်းကင်မုခ်၀ ရှိထားပါက ကောင်းကင်နန်းဆောင်ကိုးဆောင်ဖြင့် အသေးစား ကောင်းကင်နတ်ဘုံကို ဖွဲ့တည်နိုင်ပြီး ပိုမိုအင်အားကြီးသွားလိမ့်မည်။

သို့သော် မင်တုကောင်းကင်မုခ်၀မှာ ဖျက်ဆီးခံလိုက်ရသည် မဟုတ်လော။ ကောင်းကင်ယင်သားတော်၏ ကောင်းကင်နတ်သိုင်းသည် အမျိုးသမီးနှစ်ဦးနှင့် ထိတွေ့သွားသည့်အချိန်မှာပင် ချက်ချင်း ပြိုလဲပျောက်ကွယ်သွားတော့၏။

ကောင်းကင်ယင်သားတော်မှာ သွေးတလုတ် အန်လိုက်ရပြီး နောက်သို့ လွင့်ထွက်သွားသည်။ ရုတ်တရက် ဖဲကြိုးတစ်မျှင်က ပျံသန်းလာပြီး သူ၏လည်ပင်းတွင် ရစ်ပတ်သွား၏။ ထို့နောက် သူ့ကို နောက်သို့ ဆောင့်ဆွဲလိုက်သည်။

“ရက်စက်လိုက်တဲ့ မိန်းမတွေ.... သနားညှာတာမှု မရှိဘူး… ငါ့ကို ပြန်ရက်စက်တဲ့အတွက် အပြစ်မတင်နဲ့”

ကောင်းကင်ယင်သားတော်၏ မျက်လုံးထဲတွင် စူးရှပြင်းထန်သော အလင်းရောင်တစ်ချက် တောက်ပသွားသည်။ သူက ဘဝပြန်ဝင်စားခြင်း ကောင်းကင်နတ်သိုင်းကို အသက်သွင်းလိုက်ပြီးနောက် စိတ်ထဲမှ တွေးလိုက်၏။ “အများဆုံးတော့ ငါတို့အကုန် သေသွားကြတာပေါ့… မင်းတို့နှစ်ယောက်လုံးကို ဘဝပြန်ဝင်စားခြင်းထဲ ဆွဲခေါ်ပြီး တစ်သက်လုံး နစ်မြုပ်သွားအောင် လုပ်ပစ်မယ်”

သူသည် ယုံကြည်ချက်ရှိနေသည်။

မင်တုကောင်းကင်မုခ်၀ ဖျက်ဆီးခံလိုက်ရသည့်တိုင် သူ၏ ဘဝပြန်ဝင်စားခြင်းမဟာတာအိုမှာ ရှိနေသေး၏။ ဘဝပြန်ဝင်စားခြင်းသည် သူ၏အကြီးမားဆုံး အားသာချက်တစ်ခုဖြစ်လေသည်။

သူ၏လက်ရှိ သိုင်းအခြေခံသည် တိရီယွဲ့နှင့် ကောင်းကင်ယင်နတ်ဘုရားမလောက် မကောင်းမွန်သော်လည်း ဤသို့ကောင်းကင်နတ်သိုင်းမျိုးက အမျိုးသမီးနှစ်ဦးကို ဘဝပြန်ဝင်စားခြင်းသံသရာထဲ ဆွဲခေါ်၍ မှတ်ဉာဏ်များ ဖျက်ဆီးကာ သေမျိုးလူသားများ ဖြစ်စေနိုင်သည်။

သူကား အမျိုးသမီးနှစ်ယောက်အနားသို့ ပိုပို၍နီးကပ်သွား၏။

တိရီယွဲ့နှင့် ကောင်းကင်ယင်နတ်ဘုရားမတို့၏ သိုင်းအခြေခံက သူ့ထက်များစွာ ခိုင်မာသည့်အတွက် သူတွင် အခွင့်အရေးတစ်ခုသာ ရှိကြောင်း ကောင်းကင်ယင်သားတော် ကောင်းကောင်းသိထားသည်။ တစ်ချက်တည်းနှင့် အမိဖမ်းရပေလိမ့်မည်။

ထို့ကြောင့် ဤတိုက်ကွက်သည် သူတို့နှစ်ယောက်လုံးကို သတ်ဖြတ်နိုင်သည့်တိုက်ကွက် ဖြစ်လိမ့်မည်။

တိရှိယွဲ့က ဓားကို ကိုင်လျက် ဘဝပြန်ဝင်စားခြင်းကောင်းကင်မုခ်၀၏ တစ်ဖက်ခြမ်းတွင် ရပ်နေပြီး သူမ၏ အနီရောင်အဝတ်များသည် လေနှင့်အတူ မြောလွင့်လျက် ရှိ၏။

ကောင်းကင်ယင်သားတော်က သူမ၏ တဖျတ်ဖျတ် မြောလွင့်နေသော အနီရောင်ဝတ်ရုံကို ကြည့်နေသည်။ သူကိုယ်တိုင် တိရီယွဲ့၏ မျက်နှာပေါ်တွင် ခြယ်သပေးခဲ့သည့် အနီရောင်ဆေးသားများလည်း ရှိနေဆဲပင်။ သူ တိရီယွဲ့နှင့် အတူတကွ ရှိခဲ့သည့် နေ့ရက်များကို ပြန်တွေးမိသွားသည်။

ကောင်းကင်နတ်အရှင်ယွီကို လုပ်ကြံသတ်ဖြတ်ပြီးသည့်နောက်ပိုင်း သူ့အတွက် အပျော်ရဆုံး အချိန်များမှာ သူမနှင့် အတူရှိခဲ့သော နေ့ရက်များ ဖြစ်ကောင်းဖြစ်တန်ရာသည်။

သူ ကောင်းကင်နတ်ဧကရာဇ်ဟောင်နှင့် ပူးပေါင်း၍ ကောင်းကင်နတ်အရှင်ယွီကို သတ်ဖြတ်ခဲ့စဉ်ကတည်းက အိပ်မက်ဆိုးများ မက်၍ အိပ်မရခဲ့ပေ။ ကောင်းကင်နတ်အရှင်ယွီအား သတ်ခဲ့သောကြောင့် အမြဲတမ်း အပြစ်ရှိသလို ခံစားခဲ့ရသည်။ ကောင်းကင်နတ်အရှင်ယွီသည် သူ၏ သူရဲကောင်း၊ အစ်ကိုကြီးနှင့် သူ လေးစားအားကျရသော ပုဂ္ဂိုလ်မဟုတ်ပါလော။

သို့သော် သူ့မှာ ကောင်းကင်နတ်အရှင်ဟောင်နှင့် ပူးပေါင်းရန် တွန်းအားပေးခံခဲ့ရပြီး သူကိုယ်တိုင် အသက်ရှင်နိုင်ရန်အတွက် ကောင်းကင်နတ်အရှင်ယွီအား နဂါးသွဲ့ရေကန်တွေ့ဆုံပွဲတွင် သတ်ဖြတ်ခဲ့ရသည်။

ကောင်းကင်နတ်အရှင်ယွီ သေဆုံးပြီးကတည်းက ကောင်းကင်ယင်သားတော်သည် သူ၏လက်များကို ကြည့်နေတတ်၏။ သူ၏လက်များတွင် ဘယ်တော့မှ ဆေးကြော၍ မရနိုင်သော သွေးများ စွန်းထင်းနေသကဲ့သို့ အမြဲတမ်းခံစားခဲ့ရသည်။

ကောင်းကင်နတ်ရှင်ယွီကို သတ်ဖြတ်ပြီးနောက်ပိုင်း ကောင်းကင်ယင်သားတော်မှာ ကောင်းကင်နတ်အရှင်ဟောင်၏ စစ်ရထားလုံးကို စီးကာ သူ၏ လက်ပါးစေ ဖြစ်ခဲ့ရသည်။ ပို၍ ရက်စက်ကောက်ကျစ်လာအောင် သင်ယူခဲ့ရ၏။ ထို့ကြောင့်သာ အန္တရာယ်များသော နဂါးဟန်ခေတ်ကို ရှင်သန်ကျော်ဖြတ်ကာ ယနေ့အချိန်အထိ မင်တုမဟူရာနတ်မင်းအဖြစ် အသက်ရှင်နိုင်ခဲ့ခြင်းပင်။

နတ်မင်းလေးပါးသည် အကြိမ်ပေါင်းမရေမတွက်နိုင်အောင် ပြောင်းလဲခဲ့သော်လည်း သူကတော့ အမြဲ မပြောင်းမလဲ တည်ရှိနေခဲ့သည်။

သို့သော် ကြောက်ရွံ့တုန်လှုပ်နေခဲ့ရပြီး တိရီယွဲ့နှင့် မတွေ့ခင်အချိန်အထိ စစ်မှန်သောပျော် ရွှင်မှုကို မခံစားခဲ့ရပေ။

ထိုအချိန်ကား သူ၏ ဝန်ထုပ်ဝန်ပိုးများနှင့် တံတိုင်းအားလုံးကို ပြိုကျစေခဲ့သော ပျော်ရွှင်ရသည့်အချိန် ဖြစ်ခဲ့သည်။ အမှန်အတိုင်း ဝန်ခံရလျှင် သူ့နှလုံးသားသည် တိရီယွဲ့အား ချစ်ခင်မြတ်နိုးမိခဲ့၏။

သို့သော် ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံကို တိုက်ခိုက်ရန်အတွက် လက်ထပ်ပွဲနေ့ရက်အား အသုံးချ၍ တိရီယွဲ့အား သတ်ဖြတ်ရမည်ဟု ကောင်းကင်နတ်အရှင်ဆယ်ပါးက သူ့ကို အမိန့်ပေးခဲ့လေသည်။ သူ့မှာ ဆုံးဖြတ်ရခက်သွားပြီး ကျဉ်းထဲကြပ်ထဲ ရောက်ခဲ့သည်။

ကောင်းကင်နတ်ဘုံကို တွန်းလှန်ပုန်ကန်လိုက်ခြင်းကပင် ပိုကောင်းလိမ့်မည်ဟု တွေးခဲ့ဖူးသည်။ ပုန်ကန်ပြီးလျှင် တိရီယွဲ့နှင့်အတူ ထွက်ပြေးမည်။ သူ၏သရုပ်မှန်ကို ဖုံးကွယ်၍ ဤအမျိုးသမီးနှင့်အတူ တစ်သက်လုံး နှစ်ယောက်တည်း နေသွားချင်ခဲ့မိသည်။

ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံ၌ ခိုလှုံရန်ပင် စဉ်းစားခဲ့ဖူးသည်။ တိရီယွဲ့အား လက်ထပ်၍ ကောင်းကင်နတ်အရှင်ဆယ်ပါးအား စစ်မြေပြင်တွင် သူသေကိုယ်သေ တိုက်ခိုက်မည်။ သူ စစ်ပွဲတွင် သေဆုံးသွားပါက သူ၏အတိတ်မှ အပြစ်များကို ဆေးကြောနိုင်ပြီး နာမည်ကောင်းတစ်ခုပင် ရေးထိုးနိုင်ခဲ့မည် မဟုတ်လော။

သို့သော် ကောင်းကင်ယင်သားတော်မှာ ကြောက်ရွံ့ခဲ့မိပြန်၏။

သူလိုလူက ကောင်းကင်နတ်အရှင်ဆယ်ပါးအား ဖီဆန်ရဲမည်တဲ့လော။ တံတွေးခွက်ထဲ ပက်လောမည်လုနီးပါး မြှောက်ပင့်၍ ရယူထားရသော နတ်မင်းနေရာကို ဆုံးရှုံးခံရမည်တဲ့လော။ သူ မလုပ်နိုင်ခဲ့။ အချစ်ကို ရှေ့တန်းမတင်နိုင်ခဲ့။ သူကား သရဲဘောကြောင်သူပင်။

မင်္ဂလာဦးညတွင် တိရီယွဲ့မှာ ရှက်နေသောကြောင့် သူ့ကို ကျောခိုင်းထားခဲ့သည်။ သူကတော့ တုန်ရီစွာဖြင့် ဓားကို မြှောက်ထားခဲ့၏။ ထို့ကြောင့် ချစ်ရပါသော သတို့သမီး၏ ဦးခေါင်းအား ဓားဖြင့် ရက်ရက်စက်စက် ထိုးစိုက်ခဲ့သည်။

ကောင်းကင်ယင်သားတော်သည် ဇာမဏီငှက်သရဖူနှင့် ရဲရဲတောက် အနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော တိရီယွဲ့အား ငေး၍ ကြည့်နေသည်။ သူတို့နှစ်ယောက်မှာ အလွန်တရာနီးကပ်နေပြီဖြစ်သည် တိရီယွဲ့ခြေထောက်အောက်ရှိ မင်တုကောင်းကင်မုခ်၀၏ စွမ်းအားက ပေါက်ကွဲထွက်လာပြီး သူ၏ သိုင်းအခြေခံနှင့် မှော်စွမ်းအင်ကို ဖိနှိပ်ထားသည်။ သူမလက်ထဲရှိ ဓားကတော့ သူ့ကို ထိုးစိုက်ရန် ပြင်ထားလေသည်။

တိရီယွဲ့သည် ဤတစ်ကြိမ်တွင် ဘဝပြန်ဝင်စားခြင်းကောင်းကင်နတ်သိုင်းကို သေချာပေါက် ရှောင်တိမ်းနိုင်မည် မဟုတ်ချေ။

ကောင်းကင်ယင်သားတော်က လက်ကို မြှောက်လိုက်သော်လည်း သူ၏မျက်နှာတွင် အပြုံးတစ်ခု ဖြစ်ထွန်းလာသည်။ ထိုအပြုံးသည် မရေမတွက်နိုင်သော မိန်းကလေးများကို နစ်မြောသွားစေခဲ့သည့် အပြုံးဖြစ်၏။

ရွှစ်…

တိရီယွဲ့၏ ဓားရောင်က သူ၏ နှလုံးသားကို ထုတ်ချင်းဖောင်၍ ထွက်သွားသည်။ ဓားက မိုးစက်တစ်စက်ကဲ့သို့ သူ၏နောက်ကျောမှ ဖောက်ထွက်ကာ သူ၏ဦးခေါင်းနောက်ရှိ ကောင်းကင်နတ်ဘုံကို ဖြတ်သန်းပြီး ကောင်းကင်နန်းဆောင်တစ်ခုပြီးတစ်ခုကို ဖျက်ဆီးလိုက်၏။ နန်းဆောင်များက တစ်ခုပြီးတစ်ခု ပြိုလဲသွားကြပြီး သူ၏တာအိုကျင့်စဉ်နှင့် ကောင်းကင်နတ်သိုင်း အခြေခံများကို ဖျက်ဆီးပစ်လိုက်သည်။

ကောင်းကင်ယင်သားတော်၏ လက်ဖဝါးကလည်း တိရီယွဲ့၏ ပါးပြင်နှင့် ထိတွေ့သွားချေပြီ။ သူသည် ကောင်းကင်မုခ်၀ပေါ်တွင် တိရီယွဲ့ကို မျက်နှာချင်းဆိုင်၍ ရပ်နေသည်။ ဟိုးယခင်အချိန်တုန်းက သူတို့နှစ်ယောက် ပထမဦးဆုံး တွေ့ဆုံခဲ့သည့် အချိန်ကဲ့သို့ပင်။ ဤသို့ ချောမောလှပသည့်အပြင် ရဲစွမ်းသတ္တိရှိသော အမျိုးသမီးငယ်ကို တွေ့ဆုံခဲ့ရသည့်အတွက် ကောင်းကင်ယင်သားတော်သည် ကျီစယ်စနောက်မိခဲ့၏။

ထိုအချိန်တုန်းက ဤမိန်းကလေး၏ ပါးပြင်ကို ဤသို့ပင် ထိတွေ့ခဲ့ပြီး မိန်းကလေးကလည်း သူ၏ နှလုံးသားတည့်တည့်ကို ဓားဖြင့် ထိုးစိုက်ခဲ့သည်။

ထိုအချိန်တုန်းက သူ၏ကျန်လက်တစ်ဖက်က မိန်းကလေး၏ဓားကို ဖမ်းဆုပ်ခဲ့သော်လည်း ဤတစ်ကြိမ်တွင်တော့ ထိုသို့မဟုတ်ပေ။

သူ့မျက်နှာပေါ်ရှိ အပြုံးမှာ ယခင်ကနှင့် ထပ်တူညီနေပြီး တိရီယွဲ့၏ မှတ်ဉာဏ်များကို ပြန်လည်နိုးထစေချင်သည့်အလားပင်။ သို့သော် ကောင်းကင်ယင်နတ်ဘုရားမ၏ လက်ဖဝါးက သူ၏နောက်ကျောသို့ ရောက်လာခဲ့၏။ တိုက်ကွက်က ပြင်းထန်လွန်းသဖြင့် သူ၏ မူလဝိညာဉ်ကို ချက်ချင်း အက်ကွဲသွားစေပြီး အနက်ရောင်သဲမှုန်များကိုပါ တုန်ခါသွားစေသည်။

တစ်ချိန်တည်းမှာပင် တိရီယွဲ့၏ ဓားရောင်က သူ၏ကောင်းကင်နန်းဆောင်ငါးဆောင်ကို လုံးဝပြိုလဲသွားစေသည်။ ပြင်းထန်လှသော မှော်စွမ်းအင်တို့ အထိန်းအချုပ်ကင်းမဲ့သွားသည်။ ကောင်းကင်နန်းဆောင်များနှင့် ကောင်းကင်နတ်ဘုံမှာ ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်မှ ငှားယူထားသော စွမ်းအားများဖြစ်၏။ ထို့ကြောင့် ကောင်းကင်နန်းဆောင်နှင့် ကောင်းကင်နတ်ဘုံ ပြိုလဲသွားသည့်အချိန်တွင် ထိုစွမ်းအားများမှာ ၀ရုန်းသုံးကား ဖြစ်ကုန်တော့သည်။

ကောင်းကင်ယင်သားတော်မှာ သွေးအန်လိုက်ရပြီး အနက်ရောင်ဝိညာဉ်သဲမှုန်များအား သူ၏ခန္ဓာကိုယ်ထဲသို့ အတင်းအကြပ် ပြန်လည်ထည့်သွင်းနေသည်။ သူက ပါးစပ်ဟ၍ ယခင်တုန်းက တွေ့ဆုံခဲ့သည့်အတိုင်း တည်ကြည်ခံညားစွာ၊ ဆွဲဆောင်မှုရှိစွာဖြင့် ပြောခဲ့သည့် စကားများကို ပြန်လည်ပြောချင်နေမိ၏။

သို့သော် စကားလုံးများ သူ၏နှုတ်ခမ်းဝသို့ ရောက်သည့်အချိန်တွင်တော့ သူ အပြောချင်ဆုံး စကားလုံးများသာ ထွက်သွားခဲ့သည်။ “ခွင့်လွှတ်ပေးပါ… ကိုယ် အဲဒီတုန်းက မတွန်းလှန်ရဲခဲ့လို့ပါ…. မင်းကို အမြဲတမ်း ချစ်ခဲ့ပါတယ်…”

သွေးများက သူ၏လည်ပင်းထဲသို့ ပျို့တက်လာသဖြင့် သူ၏ စကားလုံးများကို ဗလုံးဗထွေးဖြစ်နေစေ၏။

ကောင်းကင်ယင်သားတော်မှာ အတတ်နိုင်ဆုံး ကြိုးစား၍ သူ၏ ခန္ဓာကိုယ်ကို ထိန်းချုပ်နေသည်။ ချစ်နှစ်သက်ရသော အမျိုးသမီးလေး၏ အရှေ့တွင် ယခင်ကလို တည်ငြိမ်ခံ့ညားသည့်ပုံစံ ဖြစ်ချင်မိသော်လည်း သူ၏စကားလုံးများကတော့ သွေးများကြောင့် မပီမသ ဖြစ်နေတော့သည်။

ဝုန်း…

သူ၏ခန္ဓာကိုယ်က ပေါက်ကွဲသွားပြီး သွေးမှုန်များအဖြစ် ပြောင်းလဲသွားသည်။ သူ၏ခန္ဓာကိုယ်ထဲမှ မရေမတွက်နိုင်သော အနက်ရောင်ဝိညာဉ်သဲမှုန်များက အရပ်လေးမျက်နှာသို့ ဒီရေလှိုင်းဂယက်အလား ပျံ့ထွက်သွားလေပြီ။

“အဆင်ပြေရဲ့လား”

ကောင်းကင်ယင်နတ်ဘုရားမက ယိုတုကောင်းကင်မုခ်၀အပေါ်သို့ အလောတကြီး ဆင်းသက်လာသည်။ သူမက လက်ကို လွှဲရမ်း၍ သွေးမှုန်များနှင့် အနက်ရောင်သဲမှုန်များကို ပျောက်ကွယ်သွားစေ၏။ ထို့နောက် တိရီယွဲ့အား ဟိုဟိုသည်သည် စမ်းကာ စိုးရိမ်တကြီး မေးသည်။ “ကောင်းကင်ယင်သားတော်က နင့်ကို ထိသွားသေးတယ်မလား… ဒဏ်ရာတော့ ရမသွားဘူးမလား… အဲ့ဒီခွေးကောင်က သိပ်ကို ရက်စက်တဲ့ကောင်… သူ့ရဲ့ ကောင်းကင်နတ်သိုင်းတွေနဲ့ တာအိုကျင့်စဉ်တွေက ခုခံဖို့ ခက်ခဲတယ်… ဒဏ်ရာ မရသွားဘူးမလားလို့”

တိရီယွဲ့၏ အကြည့်များက ဗလာကျင်းနေသည်။ ကောင်းကင်ယင်နတ်ဘုရားမက သူမ၏မျက်နှာရှေ့တွင် လက်ကို အဆက်မပြတ် ရမ်းပြနေ၏။ ထိုအချိန်မှသာ သူမသည် ပြန်လည်သတိဝင်လာပြီး ရေရွတ်လိုက်မိသည်။ “သူ့ရဲ့နောက်ဆုံးတိုက်ကွက်မှာ ဘာစွမ်းအားမှ မရှိခဲ့ဘူး…. ဘာကောင်းကင်နတ်သိုင်းကိုမှလည်း ဝှက်မထားခဲ့ဘူး… နောက်ဆုံးအခိုက်အတန့်မှာ ကျွန်မအပေါ် ဘာအသက်အဖြတ်စိတ်ဆန္ဒမှ မရှိတော့တာကို ခံစားမိခဲ့တယ်”

ကောင်းကင်ယင်နတ်ဘုရားမမှာ စိတ်အေးသက်သာစွာဖြင့် သက်ပြင်းချလိုက်မိသည်။ သူမက တိရီယွဲ့ကို ပတ်ချာလည် လှည့်၍ စစ်ဆေးကြည့်ရှုနေသေး၏။ သူမ၏ ဝိညာဉ်ကို စစ်ဆေးကြည့်လိုက်ရာ ကောင်းကင်ယင်သားတော်၏ အလစ်တိုက်ခိုက်ခံရခြင်း မရှိကြောင်း တွေ့လိုက်ရသည်။ ထိုအချိန်မှသာ အပြည့်အဝ စိတ်အေးသွားမိပြီး ပြောလိုက်လေသည်။ “ကောင်းကင်ယင်သားတော်က သိပ်ကိုရက်စက်တယ်…. သိပ်ကို မကောင်းတဲ့သူ… သူ့ဘဝမှာ ကောင်းတဲ့ကိစ္စ တစ်ခုမှ မလုပ်ခဲ့ဘူး… ငါ မမြင်ရတဲ့ ကောင်းကင်နတ်သိုင်းတွေ နင့်ခန္ဓာကိုယ်ထဲမှာရှိ၊ မရှိ ကောင်းကင်နတ်အရှင်မူကို စစ်ဆေးပေးဖို့ ပြောသင့်တယ်… စကားမစပ် သူ နင့်ကို ဘာပြောသွားခဲ့တာလဲ”

တိရီယွဲ့က ခေါင်းခါရမ်းလိုက်သည်။ “ကျွန်မ ပြတ်ပြတ်သားသား မကြားလိုက်ရဘူး”

သူမမှာ အနည်းငယ် ဆွေးမြေ့နေမိသည်။ သူမ အချစ်ရဆုံး အမျိုးသား၊ အမုန်းတီးရဆုံး အမျိုးသားသည် နောက်ဆုံးတော့ သူမလက်ထဲတွင် သေဆုံးသွားခဲ့ချေပြီ။

ဤအခိုက်အတန့်တွင် ကလဲ့စားချေနိုင်ခဲ့ခြင်းကြောင့် ပျော်ရွှင်မှုကို ခံစားမနေရပေ။ ထိုအစား ဆွေးမြေ့နေမိသည်။

သူမမှာ ခေါင်းငုံ့၍ သူမတို့နှစ်ယောက် အတူတည်ဆောက်ခဲ့သော မင်တုကောင်းကင်မုခ်၀ပေါ်မှ ကောင်းကင်ယင်သားတော်၏ သွေးစက်များကို ကြည့်လိုက်သည်။ သွေးများက ခပ်ရေးရေးမျှသာ တောက်ပနေပြီး ကောင်းကင်ယင်သားတော် ပြန်လည်အသက်ရှင်လာနိုင်မည့် အခွင့်အရေးမှန်သမျှကို ပျောက်ကွယ်နေစေသည်။

သူမသည် ကောင်းကင်ယင်သားတော်၏ ကျင့်စဉ်များ၊ လမ်းစဉ်များနှင့် ကောင်းကင်နတ်သိုင်းများကို သူကိုယ်တိုင်ထက်ပင် ပို၍နားလည်ခဲ့ခြင်း ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။

ထို့ကြောင့် ချင်မူက သူမကို အသိပေးရန် တိတ်တဆိတ် လူလွှတ်ခဲ့၏။ ထို့ကြောင့်သာ ကလဲ့စားချေရန် အခွင့်အရေး ရရှိခဲ့၏။

သို့သော် ဤအခိုက်အတန့်တွင်တော့ ကောင်းကင်ယင်သားတော်နှင့် အမှတ်တရတစ်ခုချင်းစီအား ပြန်လည်သတိရမိပြီး ပို၍ပင် လွမ်းဆွေးလာတော့သည်။

ထိုနေ့ရက်များက သူမ၏ ဘဝတလျှောက်လုံးတွင် ပျော်ရွှင်ခဲ့ရဆုံး နေ့ရက်များ ဖြစ်ခဲ့၏။

တစ်ချိန်တုန်းက တိရီယွဲ့မှာ ခိုင်ဧကရာဇ်အား နှစ်သက်သဘောကျမိသည်ဟု ထင်ခဲ့မိသည်။ ၎င်းက ကောင်းကင်ယင်သားတော်ကို မတွေ့ဆုံခင်အချိန်အထိသာ ဖြစ်၏။ သူမသည် ဤယောက်ျားသားကို နှစ်သက်ခဲ့ပြီး နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ ဆေးပေးမီးယူ နေနိုင်မည်ဟု ထင်ခဲ့မိသည်။ သူတို့နှစ်ယောက်က ကောင်းကင်နတ်ဘုံနှင့် ခိုင်ဧကရာဇ်ခေတ်ကြားရှိ အငြိုးအတေးများကို ဖြေရှင်းပေးနိုင်လိမ့်မည်ဟု ထင်ခဲ့မိသည်။

သို့သော် အာဏာတပ်မက်မှုနှင့် လောက၏ ဒုက္ခလှိုင်းဂယက်များကို တွေ့ဆုံရသည့်အချိန်တွင်တော့ သူတို့နှစ်ယောက်၏ ချစ်မေတ္တာမှာ မပြောပလောက်တော့ပေ။

သူမ၏အိမ်မက်သည် ပူဖောင်းလေးပမာ ပေါက်ကွဲသွားခဲ့ရပြီး ချစ်ခြင်းမေတ္တာကတော့ ရေခဲတမျှ အေးစက်သွားခဲ့သည်။ အမုန်းတရားကတော့ လက်နက် ဖြစ်လာခဲ့၏။

နောက်ဆုံးတော့ ကလဲ့စားချေနိုင်ခဲ့ပြီ ဖြစ်သော်လည်း မျက်ရည်များက သူမ၏မျက်ဝန်းများမှ စီးကျလာနေသည်။

“ကျွန်မ ဒီယောက်ျားကို မေ့ခဲ့ပြီးပြီ”

သူမက ကောင်းကင်ယင်နတ်ဘုရားမကို ပြောသည်။ “ခိုင်ဧကရာဇ်က သေသွားခဲ့ပြီ… ရွှင်ပျော်ပျော်ကျေးရွာဟာလည်း ကျောထောက်နောက်ခံ ဆုံးရှုံးခဲ့ရပြီ… ကောင်းကင်နတ်ဘုံနဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာကြားက စစ်ပွဲကို အကြာကြီး အချိန်ဆွဲထားလို့ရမှာ မဟုတ်ဘူး…. ကျွန်မ ခိုင်ဧကရာဇ်ရဲ့ မျှော်လင့်ချက်တွေကို စိတ်ပျက်စေမှာ မဟုတ်သလို အတိတ်က အမှားတွေကိုလည်း သေချာပေါက် ပြန်မဖြစ်စေရဘူး… နံပါတ်တစ် ကောင်းကင်နတ်မင်း ဖြစ်လာပြီးတော့ ရွှင်ပျော်ပျော်ကျေးရွာကို ဦးဆောင်လို့ ကောင်းကင်နတ်ဘုံကို တိုက်ခိုက်မယ်….”

ကောင်းကင်ယင်နတ်ဘုရားမက ပျော်ရွှင်စွာ ပြောသည်။ “ကလဲ့စားချေနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်… ငါလည်း စိတ်အေးသွားပြီ”

တိရီယွဲ့က ပြုံးလျက် ခေါင်းညိတ်လိုက်၏။ သူမက မင်တုကောင်းကင်မုခ်၀ကို ကြည့်လိုက်ရာ ကောင်းကင်ယင်သားတော်နှင့် ပထမဦးဆုံးတွေ့ဆုံခဲ့သည့် မြင်ကွင်းက သူမ၏မျက်လုံးများအရှေ့တွင် ပြန်ပေါ်လာသည်။

သူမသည် ခေါင်းခါရမ်း၍ အတွေးများကို ပျောက်ကွယ်စေကာ ကောင်းကင်ယင်ကမ္ဘာမှ ထွက်ခွာသွားတော့၏။

All Chapters