← Chapters

အောင်ခြင်း ၁၂ မျိုး

Vol. 125 Ch. 1622

အောင်ခြင်း ၁၂ မျိုး

Vol. 125 Ch. 1622

“အစွမ်းထက်လိုက်တာဟ”

လောကပေါင်းကူး ရွှေသင်္ဘောပေါ်တွင် ချင်မူ၊ ချင်ဖုန်းကျင့်နှင့် ထိုက်ရှီတို့ သုံးယောက်သား ပြိုင်တူ ရေရွတ်လိုက်ကြသည်။

ကောင်းကင်နတ်အရှင်ဟွေ့ ထုတ်ဖော်ပြသနေသည့် အတိုက်အခိုက်စွမ်းရည်မှာ ပြင်းထန်ကြီးမားလွန်းပေသည်။ သူ၏လက်ဖဝါးထက်တွင် နေရာဟင်းလင်းပြင်က ချာချာလည် နေသောကြောင့် ကောင်းကင်လက်အရှင်ရှုအနေဖြင့် မတ်မတ်ရပ်ရန် အခက်တွေ့နေသည်။

သူတို့နှစ်ယောက်လုံးသည် ကောင်းကင်နတ်အရှင်များဖြစ်ကြသော်လည်း ကောင်းကင်နတ်အရှင်ရှုမှာ မြေအောက်ဘုံအရှင်သခင်သေဆုံးသွား၍ ယိုတုအား အပိုင်စားရပြီးနောက် ကောင်းကင်နတ်အရှင်ဟွေ့အောက် အားမနည်းတော့ဟု ယုံကြည်ထားခဲ့မိသည်။ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ယိုတုမဟာတာအိုကို သန့်စင်ခဲ့သောကြောင့် သူမ၏ သိုင်းအခြေခံမှာလည်း အဆပေါင်းများစွာ တိုးတက်လာခဲ့သေးသည်။ ထို့ကြောင့် ကောင်းကင်နတ်အရှင်ရှုမှာ သူမကိုယ်သူမ အထင်ကြီးထားလေသည်။

သူမအနေဖြင့် ယိုတုတာအိုအား အလုံးစုံ မရရှိခဲ့သလို မြေအောက်ဘုံအရှင်သခင်၏ ခန္ဓာကိုယ်ကိုပါ မရယူနိုင်ခဲ့သော်လည်း ယိုတုတွင် သူမ ရရှိခဲ့သည့် အကျိုးအမြတ်များက ကောင်းကင်နတ်အရှင်ဟွေ့ တောင်ကောင်းကင်မှ ရရှိထားသည့် အကျိုးအမြတ်များထက် ပို၍များပြားလေသည်။

တောင်ကောင်းကင်၏ တာအိုမီးတောက်ဘိုးဘေးနယ်မြေအနေဖြင့် ယိုတုနှင့် ရင်ဘောင်တန်းရန်မှာ မဖြစ်နိုင်ပေ။

သို့သော် အကျိုးအမြတ်များကို ရရှိခဲ့ပြီးနောက်၌ပင် သူမသည် ကောင်းကင်နတ်အရှင်ဟွေ့နှင့် သူမအကြား ကွာခြားချက်ကို ခံစားနေရသေးသည်။

ထိုကွာခြားချက်ကား ကောင်းကင်နန်းဆောင် ၃၅ ခုနှင့် ၃၆ ခုအကြားရှိ ကွာခြားချက်ပင် ဖြစ်နေ၏။

ကောင်းကင်နန်းဆောင်တစ်ခုလေးမျှ ကွာခြားခြင်းက မိုးနှင့် မြေပမာ ကွာခြားနေသည့်အလား ထင်ရသည်။

ကောင်းကင်နတ်အရှင်ဟွေ့၏ ဝိညာဥ်သည် သူ၏ အားနည်းချက် မဟုတ်ပေ။ လိုအပ်ချက်တစ်ခုဟုသာ သတ်မှတ်ရလိမ့်မည်။ ထိုမျှသာမက ဤလိုအပ်ချက်ကို သူကိုယ်တိုင် ဖန်တီးထားခြင်းလည်း ဖြစ်လေသည်။ သူ၏ တာအိုမီးတောက်သည် ဝိညာဉ်ကို ပြိုင်ဘက်ကင်းအောင် အစွမ်းထက်သည်အထိ သန့်စင်ပေးနိုင်၏။

ဟွေ့ကား နဂါးဟန်ခေတ်မှစတင်၍ တာအိုမီးတောက်ဖြင့် ဝိညာဉ်ကို အဆက်မပြတ် သန့်စင်လာခဲ့သည်။ တောင်ဝင်ရိုးစွန်း၏ တာအိုမီးတောက် အထွတ်အမြတ်နယ်မြေကို အပိုင်သိမ်းပြီးနောက်၌ ၎င်းကို အသုံးပြု၍ သူ၏ဝိညာဉ်ကို သန့်စင်နိုင်ခဲ့ရာ နှိုင်းယှဉ်မရနိုင်အောင် သန်မာလာစေခဲ့သည်။

သို့သော် သူသည် ဝိညာဥ်အား ကောင်းကင်နတ်အရှင်ရုံကို နှိုင်းယှဉ်နိုင်သည့်အဆင့်တစ်ခုအထိ အဆင့်မြှင့်ချင်ခဲ့လေသည်။

ဟွေ့သည် ချီစွမ်းအင်၊ ကောင်းကင်ရတနာ၊ ကောင်းကင်နန်းဆောင်၊ သင်္ကေတများ၊ တာအိုအမှတ်အသားများ၊ တာအိုသံကြိုးများ၊ ကောင်းကင်နတ်သိုင်းများနှင့် နယ်ပယ်များအားလုံးကို တာအိုမီးတောက်ဖြင့် အမြင့်မားအခြေအနေ ရောက်သည့်တိုင်အောင် အဖန်တလဲလဲ ဆေးကြော သန့်စင်ခဲ့ပြီး ဖျက်ဆီး၍မရနိုင်သော အဆင့်သို့ ရောက်ရှိစေခဲ့သည်။

သို့သော် သူ၏ ဝိညာဉ်တွင် အရေးပါသောအရာတစ်ခုကို လိုအပ်နေသေး၏။ ၎င်းက ယိုတုမိစ္ဆာမီးတောက်ပင်။

ကောင်းကင်နတ်အရှင်ဟွေ့ကား သူ့၌ ဤလိုအပ်ချက်တစ်ခု ရှိနေကြောင်း အစမှ အဆုံးအထိ သိထားခဲ့၏။ ထို့ကြောင့် မိစ္ဆာမီးတောက်အား လိုချင်လာခဲ့သည်။

သူ့အနေဖြင့် မိစ္ဆာမီးတောက်အား ကောင်းကင်နတ်အရှင်ရုံထံမှ တောင်းမရခဲ့ပေ။ တစ်ဦးတည်းသာ နေထိုင်တတ်သည့် ကောင်းကင်နတ်အရှင်ရုံသည် သူ၏‌ လောက်တက်နေသော အကျင့်စရိုက် အစစ်အမှန်ကို အစောကတည်းက သိထားခဲ့သောကြောင့် မည်သို့နည်းနှင့်မျှ ပေးလိမ့်မည်မဟုတ်။ မိစ္ဆာမီးတောက်အား မြေအောက်ဘုံအရှင်သခင်ကို သတ်ဖြတ်မည့် စစ်ပွဲ သို့မဟုတ် ကောင်းကင်နတ်အရှင်ရှုနှင့် ယိုတုသားတော်တို့ထံမှသာ ရနိုင်ပေသည်။

ယခင်က ချင်မူ ယိုတုသားတော် ဖြစ်ခဲ့စဉ်တုန်းက ကောင်းကင်နတ်အရှင်ဟွေ့သည် သူနှင့် ပူးပေါင်းရန် မျှော်လင့်ချက်ဖြင့် ချဉ်းကပ်ခဲ့ဖူးသေး၏။

သို့သော် ထိုမျှော်လင့်ချက်မှာ ပြိုလဲသွားခဲ့ပြီး ချင်မူသည် သူ့ကို အဆန့်ကျင်ဆုံး ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာခဲ့သည်။ ထို့ကြောင့် ဟွေ့မှာ ကောင်းကင်နတ်အရှင်ရှုကို သိမ်းသွင်းရန်မှတစ်ပါး ရွေးချယ်စရာ မရှိခဲ့ပေ။ ကောင်းကင်နတ်အရှင်ရှုသာ သူ့ကို လက်ထပ်ခဲ့ပါက သူ၏ဝိညာဉ်ကို ကျင့်ကြံရန် မိစ္ဆာမီးတောက်အား တောင်းနိုင်မည််။

သို့သော် ကောင်းကင်နတ်အရှင်ရှုကလည်း ကောင်းကင်ဆရာသခင်မုန့်ယွင်ကွေ့ထံမှ အကြံဉာဏ် တောင်းခဲ့လေရာ မုန့်ယွင်ကွေ့၏ စကားများက ကောင်းကင်နတ်အရှင်ရှု၏ ထင်ယောင်ထင်မှား သံသယများအား ပျောက်ကွယ်သွားစေခဲ့သည်။

ယိုတုစစ်ပွဲတွင် ချင်မူသည် အားလုံးထက် အလျင်လှုပ်ရှား၍ မြေအောက်ဘုံအရှင်သခင်အား သတ်ဖြတ်ခဲ့၏။ ချင်ဖုန်းကျင့်အား ယိုတုမဟာတာအိုကို စုပ်ယူစေ၍ မြေအောက်ဘုံအရှင်သခင်၏ အရိုက်အရာကို ဆက်ခံစေသည်။ ကောင်းကင်နတ်အရှင်ရှုက ယိုတုမဟာတာအိုကို အတင်းအကြပ် သိမ်းပိုက်၍ ချင်ဖုန်းကျင့်၊ ကောင်းကင်နယ်စားမင်းနှင့် အခြားသူတို့အား တိုက်ခိုက်ခဲ့၏။ ကောင်းကင်နတ်အရှင်ဟွေ့မှာတော့ ကောင်းကင်နတ်အရှင်ယွဲ့နှင့် လန်ဝူတို့ကြောင့် အခွင့်အရေးပင် မရခဲ့ချေ။

သူ့တွင် နောက်ဆုံးအခွင့်အရေးတစ်ခုသာ ရှိတော့သည်။ ၎င်းက ကောင်းကင်နတ်အရှင်ရှု သူ့အား လာရောက်သတ်ဖြတ်စေရန်ပင်။ ကောင်းကင်နတ်အရှင်ရှု သူ့ကို လာသတ်အောင် မည်သို့ဖန်တီးပေးထားရမည်လဲက ပြဿနာတစ်ခု ဖြစ်၏။ သို့သော် အခွင့်အရေးက တိတ်ဆိတ်စွာ ထွက်ပေါ်လာခဲ့သည်။ နတ်ဧကရာဇ်လန်ရွှမ်၏ လူဝင်စားသည် တောင်ကောင်းကင်သို့ ရောက်လာခဲ့ပြီး သူ့အား ထိုက်ချူနှင့် ပူးပေါင်းနိုင်မည့် အခွင့်အရေးကို ဖန်ပေးခဲ့သည်။

ဟွေ့သည် ထိုက်ချူနှင့် ပူးပေါင်း၍ နန်းတက်ပွဲပြီးလျှင် ကောင်းကင်နတ်ဧကရာဇ်ဟောင်နှင့် အတိုက်အခံလုပ်ရန် ဆုံးဖြတ်ခဲ့၏။ ကောင်းကင်နတ်ဧကရာဇ်ဟောင်က သူ၏ သစ္စာဖောက်မှုကို သေချာပေါက် သည်းခံမည်မဟုတ်သဖြင့် သူ့အား သတ်ဖြတ်ပေလိမ့်မည်။ ကောင်းကင်နတ်ဧကရာဇ်ဟောင်အနေဖြင့်ြ ထိုက်ချူနှင့် ထိုက်ကျိတို့ကိုတော့ သတိထားရန် လိုအပ်ချေရာ သူ အသုံးပြုနိုင်သည့် ပုဂ္ဂိုလ်များမှာ ကောင်းကင်နတ်အရှင်ရှုနှင့် ရှေးဟောင်းနတ်ဘုရားဘုရင်တို့သာ ဖြစ်ကြသည်။

ဟွေ့ကား သူ၏လမ်းစဉ်ကြောင့် ဝိညာဉ်တွင် ‘အားနည်းချက်’ ရှိနေသည်ဟု လူတိုင်း မသိ,သိအောင် သတင်းဖြန့်ထားခဲ့သည်။ ထိုအကြောင်းကြောင့်ပင် ကောင်းကင်နတ်အရှင်ရှုသည် သူ၏ဝိညာဉ်အား မိစ္ဆာမီးတောက်ဖြင့် လောင်ကျွမ်းစေပြီး တစ်ချက်တည်း သတ်ဖြတ်ရန် ကြိုးစားပေလိမ့်မည်။

သူသည် ဤအစီအစဉ်ကို ချုံဧကရာဇ်ခေတ်မှစတင် အကောင်အထည်ဖော်၍ ယနေ့တိုင်အောင် ဂွင်ဆင်ထားခဲ့ခြင်း ဖြစ်၏။ နှစ်‌ပေါင်းသုံးရာမှ လေးရာအထိ ကြာပြီးသည့်အချိန်တွင်တော့ အောင်မြင်ခဲ့ပြီး လိုချင်သည့်အရာကို ရနိုင်ခဲ့လေပြီ။

မိစ္ဆာမီးတောက်က သူ၏ဝိညာဉ်ကို လောင်မြိုက်လျက် အင်အားတိုးပွားလာစေကြောင်း ကောင်းကင်နတ်အရှင်ဟွေ့ ခံစားနေရသည်။ သူ့မှာ အလွန်တရာ ပျော်ရွှင်နေတော့သည်။

တခဏတာ အောင်မြင်ကျော်ကြားခြင်းနှင့် နာမည်ပျက်ခဲ့ရခြင်းတို့က အရေးမပါတော့ပေ။

မိသားစုနှင့် မိတ်ဆွေများကို သစ္စာဖောက်ခဲ့ရသည်ကိုလည်း ဂရုမစိုက်။

နတ်ဘုရားတစ်ပိုင်းများဆီမှ မျက်နှာရရန် တောင်ကောင်းကင်၏ လူသားများကို ကျွန်ပြု၍ လူသားတို့၏ အသွေးအသားများကို ယဇ်ပူဇော်ရသည်ကလည်း မပြောပလောက်ချေ။

တောင်ကောင်းကင်လူသားများ ကျွန်ပြုခံနေရသည့်တိုင် တွန်းလှန်ရန် စိတ်ဆန္ဒ မရှိသည်ကလည်း သူ့အတွက် အာရုံစိုက်စရာမဟုတ်။

စစ်သူကြီးတစ်ဦး၏ အောင်မြင်မှုက စစ်သားထောင်ပေါင်းများစွာ၏ ပေးဆပ်မှုပင် မဟုတ်ပါလော။

သူ၊ ကောင်းကင်နတ်အရှင်ဟွေ့သည် တစ်လောကလုံးတွင် အင်အားအကြီးမားဆုံး ပုဂ္ဂိုလ်၊ ဤစကြ၀ဠာ၏ ဧကရာဇ်၊ ပြိုင်ဘက်ကင်းသော ဖြစ်တည်မှုအဖြစ်သို့ ရောက်ရှိသည်နှင့် အမည်းစက်ထင်နေသော သမိုင်းကို ပြန်လည်ရေးသားပြီး သူ၏ ခမ်းနားတင့်တယ်ခဲ့သော နေ့ရက်များကိုသာ ချန်ထားခဲ့နိုင်ပေလိမ့်မည်။

သူ့အကြောင်း သိရှိသူမှန်သမျှကို သတ်ဖြတ်လိုက်သရွေ့ မည်သည့်အမည်းစက်မှ ကျန်ရစ်နိုင်လိမ့်မည်မဟုတ်။

ကောင်းကင်နတ်အရှင်ဟွေ့ကား လွန်ခဲ့သောနှစ်တစ်သန်းတွင် နဂါးသွဲ့ရေကန်တွေ့ဆုံပွဲ၌ ကောင်းကင်နတ်အရှင်ယွီ သေဆုံးသွားခဲ့သည့် အချိန်မှာစ၍ သဘောတရားတစ်ခုကို နားလည်ခဲ့သည်။ အသက်ရှင်လိုပါက စွမ်းအားကြီးအောင် လုပ်၍ အမြင့်မားဆုံး အာဏာကို ချုပ်ကိုင်ထားရပေလိမ့်မည်။

သူ စွမ်းအားမကြီးလာခင်အချိန်အထိ, အာဏာကို မချုပ်ကိုင်နိုင်ခင်အချိန်အထိတော့ အာဏာရှင်တို့အား ဦးတိုက်ရှိခိုး အလုပ်အကြွေးပြု၍ နောက်လိုက်ခွေးတစ်ကောင်အနေဖြင့်သာ နေရမည်ဖြစ်သည်။

လူတိုင်းသည် ခွေးများကို သူတို့၏ သူငယ်ချင်းကောင်းများအဖြစ် ဆက်ဆံကြသော်လည်း ခွေးများကတော့ ထိုသို့မတွေးပေ။

ခွေးတစ်ကောင်သည် သူ၏ သခင်ထက် ပို၍ကြီးမားသော အာဏာကို ချုပ်ကိုင်ထားနိုင်ပါက အခြေအနေကား ပြောင်းပြန်ဖြစ်သွားလိမ့်မည်။

ကောင်းကင်နတ်အရှင်ရှုက သူ၏လက်ဖဝါးအောက်၌ ရုန်းကန်တိုက်ခိုက်နေသည်။ သူမ၏ ကောင်းကင်နတ်သိုင်းများ၊ တာအိုကျင့်စဉ်များနှင့် တိုက်ကွက်များမှာ ထိပ်တန်းအဆင့် ရှိ၏။ သူမသည် မြေအောက်ဘုံအရှင်သခင်၏ ယိုတုမဟာတာအိုကို ရရှိခဲ့ခြင်းကြောင့် မိစ္ဆာလမ်းစဉ်အပေါ် သူမ၏ သိမြင်နားလည်မှုမှာ အမြင့်မားဆုံးအခြေအနေသို့ ရောက်နေချေပြီ။ ကောင်းကင်နန်းဆောင်များမှာလည်း ၃၅ ဆောင်အထိ ရှိလာခဲ့သည်။

လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုတွင်သာ ဆိုပါက ဤသိုင်းအဆင့်ကား ကောင်းကင်နတ်အရှင်ဆယ်ပါး၏ အထွတ်အထိပ်ဟုပင် ပြော၍ရနိုင်သည်။

သို့သော် လွန်ခဲ့သောဆယ်စုနှစ်တွင်သာ ကျန်ခဲ့ချေပြီ။

ကောင်းကင်နတ်အရှင်ဟွေ့ မိစ္ဆာမီးတောက်ကို ရသွားသည့်အခါ သူ၏မှော်စွမ်းအင်၊ အသိစိတ်အလျဉ်၊ ရုပ်ခန္ဓာ၊ မူလဝိညာဉ်၊ ဝိညာဉ်၊ တာအိုအမှတ်အသားများ၊ တာအိုသံကြိုးများ၊ နယ်ပယ်များ၊ ချီနှင့်သွေး၊ ကောင်းကင်ရတနာများနှင့် ကောင်းကင်နန်းဆောင်များ၌ မည်သည့်အားနည်းချက်မှ မရှိတော့ပေ။ သူသည် ပြိုင်ဘက်ကင်း ဖြစ်လာ၏။

အောင်ခြင်း ၁၂ မျိုးကိုလည်း ပိုင်ဆိုင်ထားပြီး ဖြစ်သည့်အလျောက် တစ်လောကလုံးတွင် ဤကဲ့သို့ ပထမဆုံးကျင့်ကြံထားနိုင်သူ ဖြစ်လာတော့သည်။

သူ၏ လက်ဖဝါးက ရိုက်ချလိုက်သည့်အခါ ကောင်းကင်ကို အုပ်မိုးပြီး နေလုံးကြီးကိုပင် ကွယ်သွားလေသည်။ ကောင်းကင်နတ်အရှင်ရှု မော့ကြည့်လိုက်သည့်အချိန်၌ တဟုန်းဟုန်း တောက်လောင်နေသော ကောင်းကင်ကြီးပမာ ကြီးမားလှသော သူ၏ လက်ဝါးကိုသာ မြင်ရ၏။

သူမ၏ တိုက်ကွက်မှန်သမျှက ကောင်းကင်နတ်အရှင်ဟွေ့၏ လက်ချောင်းငါးချောင်းကို တုန်ခါစေရုံသာ တတ်နိုင်သည်။ သို့သော် ကောင်းကင်နတ်အရှင်ဟွေ့၏ လက်ချောင်းငါးချောင်းကတော့ သူမ၏ကောင်းကင်နတ်သိုင်းများကို ဖျက်ဆီးပစ်နိုင်သည်။

ကောင်းကင်နတ်အရှင်ရှုမှာ အသည်းအသန် တိုက်ခိုက်နေသည်။ သူမ၏ခန္ဓာကိုယ်က ကြီးမားသထက် ကြီးမားလာသော်လည်း တာအိုမီးတောက်၏ စွမ်းအားကြောင့် ပုံပျက်နေသည်။ သူမ မည်မျှပင် ပြောင်းလဲနေပါစေ ကောင်းကင်နတ်အရှင်ဟွေ့၏ ထိန်းချုပ်မှုအောက်မှ မလွတ်မြောက်နိုင်ပေ။

ကောင်းကင်နတ်အရှင်‌ဟွေ့၏ လက်ဖဝါးက ကျဆင်းလာသည်။ မီးတောက်လောင်နေသော ကောင်းကင်ကြောင့် ရှုမှာ ထွက်ပြေးရန် မလွယ်လှပေ။ သူမ၏ကောင်းကင်နန်းဆောင်များမှာလည်း လောင်ကျွမ်းနေကြသည်။

မီးတောက်တို့ကား ပြင်းထန်လှသော မီးတောက်များ ဖြစ်၏။ အရာအားလုံးကို ဝါးမြိုသွားမည့် စိတ်ဆန္ဒတစ်ခုကို ပိုင်ဆိုင်ထားသည့်အလားပင်။

ထိုစဉ် ရွှမ်တုက တောင်ကောင်းကင်အထက်တွင် ပေါ်လာသည်။ ရှေးဟောင်းနတ်ဘုရားဘုရင်က ကောင်းကင်နယ်စားမင်း၏ ခန္ဓာကိုယ်တစ်ဝက်ကို ထိန်းချုပ်လိုက်ပြီး ကောင်းကင်နတ်အရှင်ဟွေ့၏ ဦးခေါင်းကို လက်ဖဝါးဖြင့် ရိုက်ချလိုက်သည်။

“တောင်ကောင်းကင်ရဲ့ ပြည်သူပြည်သားတို့… နားထောင်ကြလော့… ကောင်းကင်နတ်အရှင်ဟွေ့က ပုန်ကန်ပြီး ကောင်းကင်နတ်အရှင်ယင်နဲ့ ကောင်းကင်နတ်အရှင်ချင်းလုံတို့ကို သတ်ဖြတ်ပစ်ခဲ့ပြီ”

ရှေးဟောင်းနတ်ဘုရားဘုရင်၏ တည်ကြည်ခံညားသော အသံက ဟိန်းထွက်လာသည်။ “ကောင်းကင်နတ်အရှင်ဟွေ့ရဲ့ ပြစ်ဒဏ်တွေကို ခွင့်လွှတ်ပေးလို့ မရဘူး… ကောင်းကင်နတ်ဧကရာဇ်ဟောင်က ‌သူပုန်ဟွေ့ကို ကွပ်မျက်ဖို့ အမိန့်ပေးခဲ့ပြီးပြီ… တောင်ကောင်းကင်ရဲ့ ပြည်သူပြည်သားတွေအားလုံး ဒူးထောက်အညံ့ခံကြလော့ … ဆန့်ကျင်ရဲတဲ့သူမှန်သမျှ သူပုန်ဟွေ့ရဲ့ အပေါင်းအပါလို့ သတ်မှတ်ခံရမယ်”

တောင်ကောင်းကင်တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဆူညံသွားကြသည်။

တောင်ကောင်းကင်၏ ကောင်းကင်ဘုံများတွင် မရေမတွက်နိုင်သော နတ်ဘုရားတစ်ပိုင်းများနှင့် လူသားများ နေထိုင်ကြ၏။ နတ်ဘုရားမြို့များအဖြစ် တည်ရှိနေသော နတ်ဘုရားတစ်ပိုင်းများနှင့် လူသားနတ်ဘုရားများလည်း ဤနေရာတွင် စံမြန်းနေကြသည်။ တောင်ကောင်းကင်ကို စောင့်ရှောက်သည့် နတ်ဘုရားမိစ္ဆာစစ်တပ်လည်း ရှိသေး၏။

ဤအခိုက်အတန့်တွင် တောင်ကောင်းကင်၏ နတ်ဘုရားမိစ္ဆာစစ်တပ်ပင်လျှင် ရှေးဟောင်းနတ်ဘုရားဘုရင်၏ အမိန့်ကို ကြားသည်နှင့် ချက်ချင်းဆိုသလို ဒူးထောက်လိုက်ကြသည်။ မည်သူကမှ ထရပ်မလာပေ။

ထိုစဉ် ကောင်းကင်နတ်အရှင်ဟွေ့၏ ကောင်းကင်နန်းဆောင်တွင် ကောင်းကင်နတ်အရှင်ဟွေ့၏ တပည့်များက ကောင်းကင်နတ်အရှင်ဟွေ့၏ ရုပ်တုကို ပွတ်တိုက်သူက ပွတ်တိုက်၊ တခြားကိစ္စများကို ဆောင်ရွက်သူက ဆောင်ရွက်ဖြင့် အလုပ်များနေကြသည်။ သူတို့သည် ထိုအမိန့်ကို ကြားလျှင် ယင်ယကျစ်အား ဇဝေဇဝါကြည့်လိုက်ကြ၏။

ယင်ယကျစ်ကား ကောင်းကင်နတ်အရှင်ဟွေ့၏ အကြီးဆုံးတပည့် ဖြစ်လေသည်။ သူ့မှာ ရှေးဟောင်းနတ်ဘုရားဘုရင်၏ စကားကို ကြားလျှင် ဇဝေဇဝါ ဖြစ်သွားကာ တခဏကြာသည်အထိ ကြောင်နေမိသည်။

“နောင်တော်ကြီး၊ ကျွန်တော်တို့ ဘာလုပ်ရမလဲခင်ဗျ” ကောင်းကင်နတ်အရှင်ဟွေ့၏ ကျန်တပည့်များက တစ်ယောက်ပြီးတစ်ယောက် မေးလာကြသည်။

ယင်ယကျစ်မှာ နောက်ကျိသွားသော စိတ်ကို တည်ငြိမ်စေလိုက်ပြီး အော်ဟစ်လိုက်သည်။ “ဆရာတွေ ငါတို့ကို သင်ကြားပေးခဲ့တယ်… ဧကရာဇ်က ပြည်သူပြည်သားတွေရဲ့ ဦးဆောင်သူ ဖြစ်တယ်… ဖခင်က သားတွေရဲ့ ဦးဆောင်သူဖြစ်တယ်… ခင်ပွန်းက ဇနီးရဲ့ ဦးဆောင်သူ ဖြစ်တယ်… ကောင်းကင်နတ်အရှင်ဟွေ့က ငါတို့ရဲ့ ဆရာသခင် ဆိုပေမယ့် ဧကရာဇ်ရော ဖခင်ထက်ပါ မြင့်မြတ်တဲ့သူ မဟုတ်ဘူး.. ဒူးထောက်ကြ… အားလုံး ဒူးထောက်လိုက်ကြ”

ကောင်းကင်နတ်အရှင်ဟွေ့၏ ကောင်းကင်နန်းဆောင်ထဲရှိ တပည့်တော်တော်များများမှ တုံ့ဆိုင်းနေကြလေသည်။ ယင်ယကျစ်ကတော့ ဒူးထောက်၍ ဦးညွှတ်ထား၏။ ကျန်တပည့်များလည်း ထိုအရာကိုမြင်လျှင် ဒူးထောက်လိုက်ကြသည်။ ဆန့်ကျင်ချင်ကြသူ တချို့တဝက်သည်လည်း ဤအခြေအနေကို မြင်လျှင် ဆန့်ကျင်လိုစိတ် မရှိကြတော့ချေ။ အားလုံး အလျင်အမြန် ဒူးထောက်လိုက်ကြသည်။

အဝေးတစ်နေရာတွင် အရှေ့နတ်မင်းချင်းလုံမှာ အူတူတူဖြင့် ကြောင်အနေသည်။ သူက တစ်ယောက်တည်း ရေရွတ်နေ၏။ “ငါ အသက်ရှင်နေသေးတယ်လေ… ဘာလို့ ရှေးဟောင်းနတ်ဘုရားဘုရင်က ကောင်းကင်နတ်အရှင်ဟွေ့ ငါ့ကို သတ်ခဲ့တယ်လို့ ပြောလိုက်တာလဲ… ချီးပဲ… ကောင်းကင်နတ်ဧကရာဇ်ဟောင်ဆီ ခိုလှုံမိတာ မှားပြီထင်တယ်”

ရှေးဟောင်းနတ်ဘုရားဘုရင်၏ တိုက်ကွက်က ကောင်းကင်နတ်အရှင်ဟွေ့၏ ဦးခေါင်းဆီသို့ ကျရောက်လာသည်။ သူက ရယ်မောလိုက်ရင်း ပြောလိုက်သည်။ “ဟွေ့၊ မင်း ဒီလိုနေ့မျိုး ရောက်လာလိမ့်မယ်လို့ တစ်ခါမှ တွေးမထားခဲ့ဘူးမလား… မင်း ကြိုးကြိုးစားစား သင်ကြားပေးခဲ့ရတဲ့ တပည့်တွေက မင်းကို လုံးဝမကူညီဘူးလေ…. သူတို့က ဘာမှ အသုံးမဝင်ကြဘူး… မင်း ကြိုးစားပျိုးထောင်ခဲ့ရတဲ့ တောင်ကောင်းကင်က ကောင်းကင်နတ်ဘုံအတွက် အကောင်းမွန်ဆုံး ကျွန်တွေ ဖြစ်လာခဲ့ပြီ”

ကောင်းကင်နတ်အရှင်ဟွေ့က ကျန်လက်တစ်ဖက်ဖြင့် ကောင်းကင်နယ်စားမင်း၏ လက်ကို ခုခံကာကွယ်လိုက်သည်။ သူက နှာခေါင်းရှုံ့၍ ပြော၏။ “ရှေးဟောင်းနတ်ဘုရားဘုရင်၊ မင်း ငါ့တာအိုနှလုံးသားကို ဖျက်ဆီးနိုင်ဖို့က လိုသေးတယ်… ငါ နိုင်ရင် ဘယ်သူက အနာဂတ်အတွက် သမိုင်းကို ရေးထိုးပေးမှာလဲ… ဆုံးဖြတ်ပေးမယ့်သူက ငါပဲမလား”

ဝုန်း…

ရှေးဟောင်းနတ်ဘုရားဘုရင်က ကောင်းကင်နယ်စားမင်း၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ထားသည်။ သူသည် စွမ်းအားအကြီးဆုံး ကောင်းကင်နတ်သိုင်းများနှင့် အသန်မာဆုံး ရုပ်ခန္ဓာကို ပိုင်ဆိုင်ထားသည်ဟု ပြောနိုင်၏။ သို့သော် မည်သည့်အားနည်းချက်မှ မရှိသည့် ကောင်းကင်နတ်အရှင်ဟွေ့ကဲ့သို့ ဖြစ်တည်မှုမျိုးနှင့် ရင်ဆိုင်ရသည့်အခါတွင်တော့ သူပင်လျှင် ဖိအားကို အတော်လေး ခံစားနေရသည်။

ဤတိုက်ကွက်တွင် သူ အသာစီးမှု မရလိုက်ပေ။

“တောင်ကောင်းကင်က လူသားအားလုံး သေသွားရင်တောင်မှ… အနန္တလောကက လူသားအားလုံး သေသွားရင်တောင်မှ… ငါ ရှိနေသရွေ့ လူသားတွေ မျိုးမသုဉ်းစေရဘူး”

ကောင်းကင်နတ်အရှင်ဟွေ့၏ ချီနှင့် သွေးတို့က မြင့်တက်လာပြီးနောက် တည်ငြိမ်သွားသည်။ သူက ကျယ်လောင်စွာ ရယ်မောပြီးနောက် သူတို့နှစ်ယောက်ကို တိုက်ခိုက်၏။ သူ၏အသံက ပဲ့တင်ထပ်လျက် ဟိန်းထွက်လာသည်။ “ငါက လူသားတစ်ယောက်.. ငါက အမြင့်မြတ်ဆုံးပဲ … ကောင်းကင်နတ်အရှင်ယွီက ရည်မှန်းချက် နိမ့်လွန်းခဲ့တယ်… သူ လိုချင်ခဲ့တာက လူသားမျိုးနွယ် တခြားမျိုးနွယ်တွေနဲ့ တန်းတူဖြစ်လာဖို့တဲ့… ဒါပေမဲ့ အဲဒါလေးတောင် သူ မလုပ်နိုင်ခဲ့ဘူး”

ကောင်းကင်နတ်အရှင်ရှုက သူ၏ ချီနှင့် သွေး မြင့်တက်သွားသည့်အချိန်ကို အခွင့်ကောင်းယူလိုက်သည်။ သူမက သူမဦးခေါင်းပေါ်ရှိ ဦးချိုကို ဆွဲနှုတ်ကာ ကောင်းကင်နတ်အရှင်ဟွေ့၏ လက်ဖဝါးထဲ ထိုးစိုက်လိုက်သည်။

ဇွက်…

ဦးချိုက ကောင်းကင်နတ်အရှင်ဟွေ့၏ လက်ခုံကို ဖောက်ထွက်၍ နဖူးသို့ ဦးတည်ပြေး၀င်သွားသည်။

ကောင်းကင်နတ်အရှင်ဟွေ့၏ မျက်လုံးများမှ မီးတန်းနှစ်တန်း ထွက်ပေါ်လာသည်။ သူ၏မျက်လုံးများသည် မီးတုတ်များကဲ့သို့ သူ့ထံ ပျံသန်းပြေးဝင်လာနေသော ဦးချိုအပေါ် ဖြာကျသွား၏။ ဦးချိုမှာ ကောင်းကင်နတ်အရှင်ရှု သန့်စင်ထားသည့် ကောင်းကင်ရတနာဖြစ်သော်လည်း မီးတန်းများ ၎င်းအပေါ် ကျရောက်သွားသည့်အခါတွင်တော့ ချက်ချင်း အရည်ပျော်သွားတော့သည်။

ကောင်းကင်နတ်အရှင်ဟွေ့၏ လက်သီးချက်က ကောင်းကင်နတ်အရှင်ရှုအပေါ် ကျရောက်သွားသည်။ ကောင်းကင်နတ်အရှင်ရှုမှာ ညည်းညူလိုက်ရပြီး သွေးအန်ကာ အနောက်သို့ လွင့်ထွက်သွား၏။ သူမ၏ မိစ္ဆာသွေးတို့က ကြယ်တာရာကောင်းကင်ထဲတွင် မီးတောက်များအဖြစ် ပြောင်းလဲကာ တဟုန်းဟုန်း လောင်ကျွမ်းနေကြသည်။

“ဒါပေမဲ့ ငါ အနိုင်ရရင်တော့… ငါ တစ်ယောက်တည်း ကျန်ခဲ့ရင်တောင်… လူသားမျိုးနွယ်ဟာ တစ်လောကလုံးမှာ အမြင့်မြတ်ဆုံး မျိုးနွယ် ဖြစ်လာစေရမယ်”

ကောင်းကင်နတ်ဘုံတစ်ခုက ကောင်းကင်နတ်အရှင်ဟွေ့၏ ဦးခေါင်းအနောက်တွင် ဖွဲ့တည်လာသည်။ သူက လက်ဆန့်ပြီး ကောင်းကင်နယ်စားမင်း၏ ခန္ဓာကိုယ်ကို ဆွဲယူလိုက်၏။ သူသည် ကောင်းကင်နယ်စားမင်းခန္ဓာကိုယ်နှင့်တကွ ရှေးဟောင်းနတ်ဘုရားဘုရင်ကို ရွှမ်တုမှ ဆွဲထုတ်ရန် ကြိုးစားနေရင်း နှာခေါင်းရှုံ့လိုက်၏။ “ကောင်းကင်နတ်အရှင်ယွီ မလုပ်နိုင်တဲ့အရာကို ငါ ဖြစ်အောင် လုပ်ပြမယ်”

ရှေးဟောင်းနတ်ဘုရားဘုရင်က သူနှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်နေသည်။ ကောင်းကင်တာအိုစွမ်းအားမှာ အထွတ်အထိပ်အထိ တိုးမြှင့်ခံထားရပြီး သူသည် ကောင်းကင်မီးတောက်ကို အသုံးပြု၍ တာအိုမီးတောက်အား တိုက်ခိုက်နေ၏။

ကောင်းကင်နတ်အရှင်ဟွေ့က သူ၏မှော်စွမ်းအင်ကို ထုတ်သုံးလိုက်သည်။ တာအိုမီးတောက်လှည်းဘီးအလွှာများက သူ၏ဦးခေါင်းအနောက်တွင် ထွက်ပေါ်လာပြီး ရွှမ်တုကို ပုံပျက်သွားစေ၏။ ကောင်းကင်နယ်စားမင်း၏ ခန္ဓာကိုယ်ပင်လျှင် ပုံပျက်သွားလေသည်။ ခန္ဓာကိုယ်မှာ ရှည်လျားလာပြီး သူ့ဦးခေါင်းအနောက်ရှိ တာအိုမီးတောက်ကောင်းကင်လှည်းဘီးအဖြစ် ပြောင်းလဲတော့မည်အလားပင် ဖြစ်လာတော့သည်။

ကောင်းကင်နတ်အရှင်ဟွေ့ကဲ့သို့ စွမ်းအားကြီးမားသူတစ်ယောက်ကို မြင်တွေ့နိုင်ရန် ရှားပါးပေသည်။

ဤအခိုက်အတန့်တွင် တောင်ကောင်းကင်အစွန်း၌ ကောင်းကင်နတ်ဧကရာဇ်ဟောင်သည် ကြယ်တာရာကောင်းကင်ကို ဖြတ်သန်း၍ လမ်းလျှောက်လာနေ၏။ မွေးရာပါချီ မဟာခြုံလွှမ်းကောင်းကင်ဘုံက လွင့်မျောလျက် လိုက်ပါလာပြီး တာအိုသစ်ပင်၏ အကိုင်းအခက်များက လှုပ်ခါနေကြသည်။

ကောင်းကင်နတ်ဧကရာဇ်ဟောင်ကား ကောင်းကင်နတ်အရှင်ဟွေ့ကို ကိုယ်တိုင်ကိုယ်ကျ အနိုင်ယူရန် ရောက်လာခဲ့ချေပြီ။

သူ တောင်ကောင်းကင်ထဲသို့ ခြေချလိုက်သည်နှင့် နောက်ထပ် မွေးရာပါချီ မဟာခြုံလွှမ်းကောင်းကင်ဘုံတစ်ခုက သူ့အရှေ့ နေရာဟင်းလင်းပြင်တွင် ထွက်ပေါ်လာသည်။ မွေးရာပါချီ မဟာခြုံလွှမ်းကောင်းကင်ဘုံထဲတွင် ထိုက်ကျိရှေးဟောင်းနတ်ဘုရားနှစ်ပါးက ထိုက်ချူနှင့်အတူ သူ၏ လမ်းကို ပိတ်ရပ်ထား၏။

All Chapters