အထွတ်အမြတ် ကြယ်တာရာ သစ်ပင်
Vol. 109 Ch. 1513
ရွှေရောင် ကျောက်တိုင်ကြီး အပေါ်မှအောက်သို့ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်နှင့်အမျှ ပတ်ဝန်းကျင် တစ်ခုလုံးက တင်းမာကာ အသက်ရှူကြပ်လောက်သည့် တိတ်ဆိတ်မှုက လွှမ်းခြုံသွားခဲ့သည်။ အားလုံး၏ မျက်လုံးများမှာ အသီးများရှိရာ အနောက်ဘက်၊ အရှေ့ဘက်နှင့် အနောက်မြောက်ဘက် ဧရိယာများကို အာရုံစိုက်နေခဲ့ကြသည်။
ထန်ရှင်းယွင်မှာ ကြက်သီးမွေးညှင်းထလာခဲ့သည်။ ရွေးချယ်ခံ အဆင့် ကျင့်ကြံခြင်း အခြေခံ သိန်းပေါင်းများစွာ၏ သိမ်မွေ့သော လည်ပတ်မှုက လေထုကို ပုံပျက်စေပြီး ဝိညာဉ်နှင့် နှလုံးသားကို ဖျစ်ညှစ်နေခဲ့သည်။
“ရှင်းယီ…”
ထန်ရှင်းယွင် တုန်ရီစွာ ခေါ်လိုက်၏။ သူမ၏ လေသံက စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။ သူမမှာ ရွေးချယ်ခံများကြားထဲတွင် သန်မာသူ တစ်ဦး ဖြစ်ပြီး မူလ အဆင့်ကိုပင် ပိုင်ဆိုင်ထားခဲ့သည်။ သို့သော်လည်း လေထုအတွင်း စိမ့်ဝင်နေသည့် ပြင်းထန်သော ဖိအားအောက်တွင် ယုံကြည်မှု လုံးဝ ကင်းမဲ့နေခဲ့သည်။
“နောက်ဆုတ်လိုက်”
နာ့ရှင်းရီက သတိပေးရင်း တစ်လှမ်းရှေ့တိုးလိုက်သည်။ သူမ ရှေ့တိုးလိုက်သည်နှင့် တစ်ပြိုင်နက် ထောင်ပေါင်းများစွာသော အကြည့်များ သူမ အပေါ်သို့ ချက်ချင်းပင် ကျရောက်လာသည်ကို သတိပြုမိလိုက်သည်။ သို့သော်လည်း ၎င်းက သူမ၏ ခိုင်မာသော ဆုံးဖြတ်ချက်ကို ယိမ်းယိုင်အောင် မစွမ်းဆောင်နိုင်ခဲ့ပါချေ။
လေထုတစ်ခုလုံး ဖိအားများ ပြည့်နှက် နေရသည့် အကြောင်းရင်းမှာ အာဏာရှင်များပင် ဖြစ်ကြသည်။ နာ့ရှင်းရီမှာ ထိုအရာကို အပြည့်အဝပင် သတိပြုမိသည်။ အာဏာရှင် အဖွဲ့ဝင် တစ်ယောက်ဖြစ်ရန် အနိမ့်ဆုံး လိုအပ်ချက်သည်ပင် ကောင်းကင်ကို လှုပ်ခါစေနိုင်လောက်သည့် အဆင့်အတန်းမျိုး ဖြစ်သည်။ ထို့အပြင်... အနည်းဆုံး အဆင့်နိမ့် ရည်ရွယ်ချက် တစ်ခုကို မွေးဖွာထားရန် လိုအပ်သည်။ ရည်ရွယ်ချက်များကို အဆင့်နိမ့်၊ အလယ်အလတ် အဆင့်၊ အဆင့်မြင့်နှင့် အထွတ်အထိပ် အဆင့်များ အဖြစ် ခွဲခြားထားကာ ကျင့်ကြံခြင်း လောက၌ ၎င်းတို့မှာ လူများ ချိုးဖျက်ရန် ခက်ခဲသည့် အတားအဆီးများ ဖြစ်ကြပေသည်။ သို့သော်လည်း အာဏာရှင် အဖွဲ့ဝင် တစ်ဦးချင်းစီတွင် အနည်းဆုံး တစ်ခုစီတော့ ရှိကြပေသည်။
ထန်ရှင်းယွင် နှုတ်ခမ်းကို ကိုက်ကာ နောက်သို့ ခြေလှမ်း အနည်းငယ် ဆုတ်လိုက်၏။ ချက်ချင်းပင် သူမ ခံစားနေရသည့် ဖိအား အားလုံး သက်သာရာ ရသွားခဲ့သည်။ သူမ၏ ထိုလုပ်ရပ်မှာ ပြိုင်ပွဲမှ နှုတ်ထွက်ခြင်းနှင့် ညီမျှလေရာ ပြင်းထန်သည့် စိတ်ဆန္ဒများမှာ သူမကို မထိခိုက်ပဲ ဖြတ်ကျော်သွားခဲ့သည်။ ပုံမှန် အသက်ရှူနိုင်စွမ်းကို ပြန်လည် ရရှိသော အခိုက်၌ ထန်ရှင်းယွင် ပင့်သက်တစ်ချက် ရှိုက်လိုက်မိသည်။
အခြားတစ်ဖက်၌... နာ့ရှင်းရီက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်သည်။
“အာဏာရှင်တွေ အားလုံး ဝင်ပြိုင်နေကြတာလား”
အာဏာရှင် အဖွဲ့ဝင် တစ်ဦးစီတိုင်း လှုပ်ရှားရန် အသင့်ပြင်ဆင်နေပုံကို ကြည့်ကာ သူမ အံ့ဩနေမိ၏။ သို့သော်လည်း... ကြောက်ရွံ့ခြင်းတော့ မရှိပါချေ။
အခြားတစ်နေရာတွင်တော့ လင်းမင်မှာ ပိုင်ယုရှီ၊ ယီယွင်၊ ကျောင်းရှုလင်း၊ ချန်ယန်ကျိတို့ အပါအဝင် အခြား အလှပဂေး မိန်းကလေး နှစ်ဦးနှင့် အတူ ရှိနေခဲ့ကြ၏။ သူတို့အားလုံး... အထူးသဖြင့် ယီယွင်၏ ဘယ်ဘက်နှင့် ညာဘက်တို့မှ ဝန်းရံထားသည့် မိန်းကလေး နှစ်ဦးမှာ အလွန် ရင်းနှီးပုံ ရသည်။
“ဒါက အတော်လေး ပြင်းထန်တာပဲ...”
ချန်ယန်ကျိက ကြောက်ရွံ့ဟန်ဖြင့် မှတ်ချက်ချလိုက်၏။ သူက ကြယ်တာရာ သခင်၏ တိုက်ခိုက်မှု အတွင်း အသက်ရှင် လွတ်မြောက်ခဲ့ကာ မကြာသေးခင်ကပင် ထိုအဖွဲ့နှင့် ပြန်လည် ဆုံတွေ့ခဲ့ခြင်း ဖြစ်သည်။ အကန့်အသတ်မဲ့သိုင်းဂိုဏ်း၏ ရွေးချယ်ခံ တစ်ယောက် အနေဖြင့်ပင် ရွှေရောင် သစ်သီး သုံးလုံးအတွက် ယှဉ်ပြိုင်မှုမှာ သူ ပိုင်ဆိုင်ထားသည့် စွမ်းရည်ထက် ကျော်လွန်နေကြောင်း သဘောပေါက် ပေသည်။ အထူးသဖြင့်... အလွန်တရာ တင်းမာနေသည့် လေထု၏ အခြေအနေက ထိုအချက်ကို သက်သေခံနေပေသည်။
“ငါတို့ အရွက်တွေပဲ ယူမယ်...”
ကျောင်းရှုလင်းမှာ ကိုယ့်အကန့်အသတ်ကို သိရှိကာ ကိုယ်ပိုင် ပန်းတိုင် တစ်ခု ချမှတ်လိုက်၏။ ကျန်လူများကလည်း သဘောတူလိုက်ကြသည်။ သို့သော်လည်း... လင်းမင်နှင့် ယီယွင်တို့၏ မျက်လုံးများကတော့ အနောက်ဘက်ရှိ သစ်သီးကိုသာ ပြင်းထန်စွာ အာရုံစိုက် နေခဲ့ကြ၏။ သူတို့ နှစ်ယောက်စလုံး၏ နှလုံးသားများက ပြင်းပြသည့် ဆန္ဒများနှင့် လောင်ကြွမ်းနေခဲ့သည်။ အထွတ်အမြတ် ကြယ်တာရာ သစ်သီးမှာ အဆုံးမဲ့ကြယ် ပဲ့တင်ထပ်ခြင်း ဆေးလုံး၏ အထွတ်အထိပ် အဆင့် အရည်အသွေးနှင့် ညီမျှသည်။ ၎င်း၏ တန်ဖိုးက စိတ်ကူးပင် မယဉ်နိုင်လောက်အောင်ပင် ဖြစ်သည်။ အရွက်များသည်လည်း အဖိုးမဖြတ်နိုင်သည့် ရတနာများ ဖြစ်ကြသည်။
“ငါ အရွက်နှစ်ရွက် ယူမယ်”
ပိုင်ယုရှီက လင်းမင်ကို ကြည့်ရင်း ညင်သာစွာ ပြောလိုက်သည်။ သူမ၏ မျက်ဝန်းများမှာ ချစ်ခင် မြတ်နိုးမှု၊ နွေးထွေးမှုတို့နှင့် ပြည့်နှက် နေခဲ့၏။ လင်းမင် အံ့ဩသွားခဲ့သော်လည်း သူမ၏ ရည်ရွယ်ချက်ကို နားလည်လိုက်ရာ နှလုံးသား တစ်ခုလုံး နွေးထွေးသွားသလို ခံစားလိုက်ရသည်။ သူမက အရွက်နှစ်ရွက်ကို ရယူမည်ဟု ဆိုလေရာ သူ့အနေဖြင့် အထွတ်အမြတ် ကြယ်တာရာ သစ်သီးကို စိတ်ရောကိုယ်ပါ အာရုံစိုက်နိုင်တော့မည် ဖြစ်သည်။ သူက စကားများများ မပြောပဲ ကျေးဇူးတင်ကြောင်း အပြုံးတစ်ခုနှင့်သာ တုန့်ပြန်လိုက်၏။
ပိုင်ယုရှီ အတွက်တော့ ထိုမျှနှင့် လုံလောက်ပေသည်။ သူမ၏ ဆုံးဖြတ်ချက်များမှာ ပိုမို၍ပင် ခိုင်မာလာခဲ့လေ၏။
...
ကျောက်တန်းလျားထက်တွင်တော့ အင်ပါယာ မျိုးနွယ်၏ မင်းသား နှစ်ဦးမှာ အခြေအနေကို တိတ်တဆိတ်ပင် လေ့လာနေခဲ့သည်။
“အမြန်နှုန်းက အရေးပါလိမ့်မယ်...”
ထျန်းကျန်းဟန်က ခွဲခြမ်းစိတ်ဖြာရင်း ပြောလိုက်၏။ အသီးများအား ပထမဆုံး ရရှိသူမှာ ထွက်ပြေးရန် သို့မဟုတ် အသီးကို ဆက်လက် ထိန်းသိမ်းရန် အတွက် ဝှက်ဖဲများအား စိတ်ရောကိုယ်ပါ နှစ်မြှုပ် အသုံးပြုနိုင်လိမ့်မည် ဖြစ်သည်။ ထို့အပြင်... ပြိုင်ဘက်များမှာ သစ်သီးများကို ဖျက်ဆီးနိုင်ဖွယ် ရှိသည့် တိုက်ခိုက်မှုများအား ရှောင်တိမ်းလိမ့်မည် ဖြစ်လေရာ ထိုအရာက ကိုယ့်ကိုယ်ကို ကာကွယ်မှုတစ်ခုလည်း ဖြစ်ပေသည်။
“အင်း...”
ထျန်းရီဝူက ဖြေလိုက်၏။ သူ၏ မျက်ဝန်းများက တဖြည်းဖြည်း ပြိုကျနေသည့် ရွှေရောင် ကျောက်တိုင်ကြီးကိုသာ စူးစိုက်ကြည့်နေခဲ့သည်။ ၎င်းမှာ နာရီတစ်ခုနှင့်ပင် ဆင်တူသည်ဟု သူ ခံစားလိုက်ရသည်။
“မင်း မပြိုင်ဘူးလား”
ထျန်းကျန်းဟန်က မေးလိုက်၏။
“…”
ထျန်းရီဝူ ပြန်မဖြေခဲ့ချေ။ သို့သော်လည်း... သူ့ မျက်လုံးများထဲမှ အလင်းရောင်ကို ထျန်းကျန်းဟန် အလွယ်တကူပင် ဖတ်နိုင်ခဲ့သည်။ သူက နောက်ထပ် စကားမဆိုတော့ပဲ နားလည်စွာသာ ပြုံးလိုက်၏။ သို့သော်လည်း... စိတ်ထဲတွင်တော့ သတ္တမမြောက် ညီတော် မည်ကဲ့သို့ လှုပ်ရှားမည်ကို သိချင်စိတ် ပြင်းပြ နေမိခဲ့သည်။
နာ့ရှင်းရီ၏ မျက်ဝန်းများက အသီးသုံးလုံးကို စိုက်ကြည့်ရင်း ဝေဝါးသည့် ယင်အလင်းရောင်များဖြင့် တောက်ပနေခဲ့သည်။
“ဟ ဟ...”
သူမ ခပ်တိုးတိုးလေး ရယ်လိုက်ရင်း နှုတ်ခမ်းထက်၌ အပြုံးဖျော့ဖျော့ လင်းလက် လာခဲ့သည်။ သူမအား စောင့်ကြည့် နေကြသူများမှာ စိတ်မသက်မသာ ဖြစ်သွားသလို ခံစားလိုက်ရ၏။ သူမက အလွန်ပင် လှပလွန်းလှသည်။ ရင်သပ်ရှုမောဖွယ် ကောင်းလွန်းလှသည်။
ရွှေရောင် ကျောက်တိုင်ကြီးမှာ တဖြည်းဖြည်း ကျဆင်းလာကာ အပင်ကြီး၏ ပထမဆုံး အရွက်ထံသို့ ရောက်ရှိလာခဲ့၏။ ထို့နောက်တွင်တော့...
ဝှစ်...
ထူးခြားသည့် အသံတစ်ခုနှင့် အတူ ရွှေရောင် ကျောက်တိုင်ကြီးတစ်ခုလုံးမှာ လုံးဝ ပျောက်ကွယ်သွားခဲ့တော့သည်။ ၎င်းက ရုတ်ချည်း ဖြစ်ပေါ်လာခြင်း ဖြစ်ကာ ခန့်မှန်း၍မရနိုင်သည့် ဖြစ်ရပ်တစ်ခု ဖြစ်ပေသည်။
ဝှစ်...
ဝှစ်...
ဝှစ်...
ချက်ချင်းပင် အပင်၏ အရပ်မျက်နှာတိုင်းမှ ရွေးချယ်ခံများမှာ သာမန် မျက်စိဖြင့်ပင် လက်ကြည့်ရန် ခက်ခဲလှသည့် အမြန်နှုန်းဖြင့် အပင်ကြီးဆီသို့ ပြေးဝင် သွားကြတော့၏။ သူတို့၏ လှုပ်ရှားမှုများက မုန်တိုင်းမျးကို ဖြစ်ပေါ်စေကာ မြေကြီး၊ ဖုန်မှုန့်နှင့် ကျောက်စရစ်ခဲများမှာ လေထု အတွင်း ပြင်းထန်စွာ လွင့်စဉ် သွားခဲ့ကြသည်။ အချို့ဆိုလျှင် အာကာသ ကျင့်စဉ်များကိုပင် အသုံးပြုကာ ပုံသေ အာကာသနယ်ကို ဖြတ်သန်း သွားခဲ့ကြ၏။ တစ်ချို့ကလည်း ကျင်ကြံခြင်း အခြေခံကို အဆုံးစွန်ထိ လှည့်ပတ်ကာ ကောင်းကင်ကိုပင် ပျံတက် နေကြသည်။
ထာဝရ ကမ္ဘာ အတွင်း၌ ပျံသန်းခြင်းကို ကန့်သတ်ထားကာ အာကာသ ကျင့်စဉ်များမှာလည်း ထိရောက်မှု ကျဆင်းနေသည့်တိုင် ပထမဆုံး စတင် လှုပ်ရှားလာသည့် ရွေးချယ်ခံများမှာ ထိုကန့်သတ်ချက်များ အားလုံးကို လျစ်လျူကာ လှုပ်ရှားနေခဲ့ကြသည်။ သူတို့မှာ အလွန်ပင် မြန်ဆန်လွန်းလှ၏။
“ဘာလဲ...”
ချန်ယန်ကျိ၏ မျက်လုံးများမှာ ပြူးကျယ် သွားခဲ့၏။ သူ၏ ဝတ်ရုံများမှာ လေပြင်းများကြောင့် လှုပ်ခတ်နေကာ ခြေထောက်များမှာလည်း အမျိုးမျိုးသော အာကာသ ကျင့်စဉ်များကြောင့် ဖြစ်ပေါ်လာသည့် အာကာသလှိုင်းများကြောင့် မတည်မငြိမ် ဖြစ်နေခဲ့သည်။ များလှစွာသော အရိပ်များမှာ သူ့အမြင်အာရုံကို လျှပ်တစ်ပြက်အတွင်းမှာပင် ဖြတ်သန်းသွားနေခဲ့သည်။ ပထမဆုံး တစ်စက္ကန့် အတွင်းမှာပင် ဖြစ်ပေါ်နေသည့် ပြိုင်ဆိုင်မှုများမှာ သူ့ကို အသက်ရှူကြပ်စေရန် လုံလောက်ပေသည်။
လင်းမင်မှာ ဦးခေါင်းအတွင်းရှိ အသံ၏ ကြိုတင် သတိပေးမှုကြောင့် အတားအဆီး ပျောက်ကွယ်သွားခြင်း မရှိသေးခင်ကပင် စတင် လှုပ်ရှားနေခဲ့ခြင်း ဖြစ်လေရာ အခြားလူများထက် အသာစီး ရရှိနေခဲ့လေသည်။ သူက အံကို တင်းတင်းကြိတ်ကာ မူလဒြပ်စင် ကြယ်တာရာ ဝိညာဉ်မှ ဖန်တီးသည့် ကျင့်ကြံခြင်း အခြေခံကို ပုံမှန်ထက် ၁၁၀ ရာခိုင်နှုန်း အထိပင် ပိုမို မြန်ဆန်အောင် လှည့်ပတ် နေခဲ့သည်။
“ငါ ပထမဆုံး ဖြစ်ရမယ်...”
ထိုအတွေးက သူ့ခေါင်းကို မရပ်မနား ထိုးနှက်နေခဲ့၏။ အထွတ်အမြတ် ကြယ်တာရာ သစ်သီးကို ကျိန်းသေ ရရှိနိုင်လိမ့်မည် ဖြစ်ကြောင်း သူ အပြည့်အဝပင် ယုံကြည်နေခဲ့သည်။ ဆယ်စုနှစ်ပေါင်းများစွာ ဆက်တိုက် အောင်မြင်မှုများက သူ့နှလုံးသား အတွင်း အမြင့်ဆုံးသော ယုံကြည်မှုကို နိုးထလာစေခဲ့သည်။
သို့သော်လည်း သူ လှုပ်ရှားနေစဉ်တွင်ပင် ဘေးနားမှ အရိပ်များ လျှင်မြန်စွာ ဖြတ်ကျော်သွားသည်ကို ခံစားလိုက်ရ၏။
“ဘာလဲ...”
လင်းမင် ကျင့်ကြံခြင်း အခြေခံကို ပိုမို မြန်ဆန်စွာ လှည့်ပတ်လိုက်သည်။ တောက်ပသည့် ကိုးရောင်ခြယ် အလင်း တစ်ခုက သူ့ခန္ဓာကိုယ်ကို ဝန်းရံလာခဲ့၏။ ဤအလင်းသည် ပြီးပြည့်စုံသည့် အဖြူရောင် အဆင်းကို ပိုင်ဆိုင်ထားလေရာ မူလ ဒြပ်စင် အင်အား၏ သင်္ကေတပင် ဖြစ်လေသည်။ ချက်ချင်းပင် သူ၏ အရှိန်မှာ နှစ်ဆ၊ သုံးဆ အထိ တိုးလာခဲ့တော့သည်။
***