← Chapters

အထွတ်အမြတ် ကြယ်တာရာ သစ်ပင် (၂)

Vol. 109 Ch. 1514

အထွတ်အမြတ် ကြယ်တာရာ သစ်ပင် (၂)

Vol. 109 Ch. 1514

ဘုန်း... ဘုန်း...

လင်းမင် အရှိန်ပြင်းပြင်းဖြင့် ရှေ့သို့ ရွေ့လျားသွားသည်နှင့်အမျှ ပတ်ဝန်းကျင်ရှိ လေထုနှင့် အာကာသတို့မှာ ပျက်စီးသွားခဲ့သည်။ သူက လက်ရှိ တည်နေရာနှင့် အနီးဆုံး၌ ရှိနေသည့် အနောက်ဖက် အရပ်မှ အသီးကို ပစ်မှတ်ထား နေခဲ့ခြင်း ဖြစ်သည်။ ကျင့်ကြံခြင်း အခြေခံကို ပြင်းထန်စွာ လှည့်ပတ်မှု၏ ဖိအားကြောင့် သူ၏ မျက်နှာ၊ လည်ပင်း၊ လက်မောင်းနှင့် ခြေထောက်များထက်ရှိ သွေးကြောများမှာ သိသိသာသာပင် ဖောင်းကြွ လာခဲ့သည်။ စစ်ဗုံသံအလား မြည်နေသည့် နှလုံးခုန်သံကိုပင် လင်းမင် ပြန်လည် ကြားနေခဲ့မိ၏။

ထိုကဲ့သို့ လှုပ်ရှားမှုက ပတ်ဝန်းကျင်ရှိ အာကာသ စွမ်းအင်များကို အနှောက်အယှက် ဖြစ်စေရာ... အာကာသ ကျင့်စဉ် အသုံးပြုနေသူများ အားလုံး အဟန့်အတားများနှင့် ကြုံတွေ့နေရသည်ကို သူ သတိပြုမိလိုက်သည်။ လင်းမင်၏ စိတ်ထဲမှ ပြုံးလိုက်မိ၏။ သူ ၎င်းကို ရည်ရွယ်ချက် ရှိရှိ အချိန်ကိုက် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဗျူဟာကို အာကာသ လမ်စဉ် ကျင့်ကြံသူများနှင့် နှစ်ပေါင်းများစွာ ရင်ဆိုင် ယှဉ်ပြိုင်ခဲ့သည့် အတွေ့အကြုံများမှ တစ်ဆင့် လင်းမင် ရရှိလာခဲ့ခြင်း ဖြစ်သည်။

ဘုန်း... ဘုန်း...

အာကာသ ရွှေ့ပြောင်းခြင်း ပြုလုပ်နေကြသည့် ရွေးချယ်ခံ အများအပြားမှာ မြေကြီးပေါ်သို့ အဆင်မပြေစွာ ပြန်လည် ပြုတ်ကျ လာခဲ့ကြ၏။

“သတိထား...”

ရုတ်တရက် လင်းမင်၏ ခေါင်းထဲရှိ အသံက သတိပေးလိုက်၏။ ဒေါသထွက်နေပုံ ရသည့် အော်ရာများစွာက သူ့ ပတ်ဝန်းကျင်ကို ရိုက်ခတ်လာကာ ကစဉ့်ကလျား ဖြစ်နေသည့် အာကာသ စွမ်းအင်များကို အလွယ်တကူပင် ထိုးဖောက် သွားခဲ့ကြသည်။ သူတို့က အရာအားလုံးကို လျစ်လျူရင်း ရေထဲမှ ငါးမျိုးလိုပင် ဖြတ်ကျော် သွားခဲ့ကြသည်။ အရင်ဦးဆုံး လှုပ်ရှားခဲ့သော်လည်း လျှပ်တစ်ပြက် အတွင်းမှာပင် အရိပ်များ ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း လင်းမင်၏ စိတ်တစ်ခုလုံးမှာ မျှော်လင့်ချက် ကင်းမဲ့မှုများနှင့် ပြည့်နှက် လာခဲ့ကြသည်။

ထိုပုဂ္ဂိုလ်များမှာ သူ့ကို အဖက်ပင် မလုပ်ပဲ ဖြတ်ကျော် သွားခဲ့ကြခြင်း ဖြစ်သည်။ တိုက်ခိုက်လိုသည့် စိတ်ဆန္ဒက နှလုံးသား အတွင်း လောင်ကြွမ်းလာခဲ့သော်လည်း လင်းမင်မှာ ကျင့်ကြံခြင်း အခြေခံ မောင်းနှင်မှု အပေါ်တွင်သာ အပြည့်အဝ အာရုံစိုက် ထားခဲ့သည်။ သူ အံသွားများကို တင်းတင်းကြိတ်ရင်း ငရဲပြည်မှ သားရဲတစ်ကောင် ကဲ့သို့ ဟိန်းဟောက်လိုက်၏။

ဟူး... ဟူး...

ချက်ချင်းပင် သူ့ခန္ဓာကိုယ်ကို ဝန်းရံနေသည့် အလင်းမှာ နှစ်ဆတိုးလာခဲ့ကာ ခန္ဓာကိုယ် တစ်ခုလုံးမှာ အရိုးများ ကျိုးကြေ၍ အရေခွံများ စုတ်ပြဲသွားသလို နာကျင်မှုမျိုးကို ခံစားလိုက်ရသည်။

ဘုန်း...

လင်းမင် ကြိုးပမ်း အားထုတ်မှုကို နှစ်ဆ တိုးမြှင့်လိုက်ကာ သူ၏ ခန္ဓာကိုယ်မှာ ပိုမို၍ မြန်ဆန်သွားခဲ့၏။ ထိုခဏတာ အတွင်းမှာပင် သူ အရိပ်များကို ပြန်လည် ဖြတ်ကျော်ကာ အထွတ်အမြတ် ကြယ်တာရာ သစ်သီးနှင့် နီးကပ်လာခဲ့သည်။ ကြား၌ မိုင်ဆယ်ဂဏန်းခန့်သာ ကွာဝေးပေတော့သည်။ ၎င်းက မိုင်ပေါင်း အနည်းငယ်သာ ဖြစ်သည်။ လင်းမင်၏ မျက်လုံးများက မျှော်လင့်ချက်များနှင့် ပြန်လည်၍ ပြည့်ဝလာကာ စိတ်လှုပ်ရှားမှုက ခန္ဓာကိုယ် ခွန်အားကို ပိုမို၍ တိုးပွားလာစေခဲ့၏။

ဝှစ်...

ဝှစ်...

ဝှစ်...

သို့သော်လည်း တဒင်္ဂစာမျှ အတွင်းမှာပင် သူ၏ မျှော်လင့်ချက်များမှာ ဒုတိယမြောက် အကြိမ်အဖြစ် ရိုက်ချိုး ခံလိုက်ရပြန်၏။

“မြန်လွန်းတယ်...”

သူ့ခေါင်းထဲမှ အသံပင်လျှင် တုန်လှုပ် ချောက်ချားသည့် အသံဖြင့် အော်ဟစ်လိုက်၏။ ထိုစကားလုံးများအား လင်းမင် နားမလည်နိုင်မီမှာပင် ကျင့်ကြံသူ ထောင်ပေါင်းများစွာ... ယုတ်စွအဆုံး အချိန်သခင် အဆင့် အချို့ ပင်လျှင် သူ့ကို ဖြတ်ကျော် သွားခဲ့ကြပြန်သည်။

“မဖြစ်နိုင်တာ...”

လင်းမင် မခံမရပ်နိုင်စွာ အော်ဟစ်လိုက်၏။ သို့သော်လည်း... အပင်ကြီးထက်သို့ ရောက်ရှိသည်နှင့် တစ်ပြိုင်နက် ထိုပုံရိပ်များမှာ ကြိုတင် သဘောတူထားကြသည့် အလား အကိုင်းအခက်များ ကြားတွင် ခွဲထွက်သွားကြကာ ဝိညာဉ် အာရုံဖြင့် မှတ်သားထားသည့် သစ်ရွက်များထက်တွင် ညင်သာစွာ ဆင်းသက် လိုက်ကြသည်။ သူတို့က သစ်ရွက်များ ကြွေသွားမှာကို စိုးရိမ်သည့် အလား ညင်သာစွာ လှုပ်ရှားနေကြခြင်း ဖြစ်သည်။

“...”

လင်းမင် ထိုအရာကို ကြည့်ကာ စိတ်ရှုပ်ထွေးသွားခဲ့၏။ အခြားသော ရွေးချယ်ခံများမှာလည်း အတူတူပင် ဖြစ်သည်။ သို့သော်လည်း အာဏာရှင် အဖွဲ့ဝင်များကတော့ ဂရုမစိုက်ပါချေ။ သူတို့က သစ်ရွက်များထက်တွင် ညင်သာစွာ ဆင်းသက်ရင်း ကြယ်တာရာ အကာအကွယ်များ၊ ဝိညာဉ်အတားအဆီးများကို တည်ဆောက်လိုက်ကြသည်။ ထို့နောက် သူတို့က လောကနယ်မြေများကို ဖြန့်ကျက်ကာ တိတ်ဆိတ်စွာပင် ရပ်နေခဲ့ကြတော့၏။

သူတို့ထဲမှ တစ်ဦးတစ်ယောက်မျှ အထွတ်အမြတ် ကြယ်တာရာ သစ်သီးထံသို့ မသွားခဲ့ပါချေ။

...

အခြားတစ်ဖက်၌ နာ့ရှင်းရီမှာ အခြားလူများ၏ လေ့လာ စောင့်ကြည့်မှုကို ခံနေရသည့် ပြိုင်ပွဲဝင် တစ်ဦး ဖြစ်သည်။ သူမမှာ ဝေ့ဝူယင် ထျန်းရီဝူတို့နှင့်ပင် နှိုင်းယှဉ်ခံရသည့် ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လေရာ အထွတ်အမြတ် ကြယ်တာရာ သစ်သီးကို ရယူနိုင်မည်လား တွေးတောနေမိကြသည်။

ဝှစ်... ဝှစ်...

နာ့ရှင်းရီ၏ လှုပ်ရှားမှုများမှာ ပေါ့ပါးလှ၏။ သူမက မည်သည့် ခွန်အားမျိုးကိုမှ အကန့်အသတ်ထိ ရောက်ရှိအောင် မထုတ်ဖော်သလို ထူးခြားသည့် အာကာသ ကျင့်စဉ်များကိုလည်း အသုံးပြုခြင်း မရှိပါချေ။ ထို့အစား ပုံမှန် ခြေလှမ်းများနှင့်သာ လှုပ်ရှားနေခဲ့ကာ ဝေဝါးလှသည့် ပုံရိပ်များကို နောက်တွင် ချန်ရစ်ထားခဲ့သည်။ သူမ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း မိုင်ပေါင်းများစွာကို အသာအယာပင် ဖြတ်ကျော် သွားခဲ့၏။

ကိုးလှမ်းမြောက်သို့ အရောက်တွင်တော့ နာ့ရှင်းရီမှာ အထွတ်အမြတ် ကြယ်တာရာ သစ်ပင် အကိုင်းပေါ်သို့ တိုက်ရိုက်ပင် ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

တစ်ချိန်တည်း၌... အရှေ့မြောက်ဘက် အရပ်ရှိ အထွတ်အမြတ် ကြယ်တာရာ သစ်သီးနားတွင်လည်း ပုံရိပ် နှစ်ခုမှာ ရပ်နေခဲ့ကြသည်။ သူတို့ နှစ်ဦးစလုံးမှာ အလားတူပင် ချစ်စဖွယ် ကောင်းကာ ဆွဲဆောင်မှု ရှိသူများ ဖြစ်ကြသည်။

ဝူပိုင်ကျိုးနှင့် ရွှယ်ရီဖေးတို့ နှစ်ယောက်မှာ အကိုင်းအခက် နှစ်ခုထက်၌ မတ်တပ်ရပ် နေကြကာ တစ်ယောက်ကို တစ်ယောက် တည်ငြိမ်စွာ စိုက်ကြည့် နေခဲ့ကြ၏။ သူတို့ နှစ်ဦးကြားရှိ တင်းမာမှုက ယခင်ကထက် အဆပေါင်းများစွာတိုင်အောင် ပိုမို မြင့်တက်လာနေခဲ့ပြီ ဖြစ်သည်။

အစစ်အမှန် နဂါး နတ်မိမယ်...

အဆုံးမဲ့ ဧကရာဇ်ဂိုဏ်းချုပ်...

ထိုနှစ်ယောက်မှာ ထိပ်တိုက်တွေ့နေကြပြီ ဖြစ်လေသည်။

...

လင်းမင်မှာ အခြား အခြေအနေများကို သိရှိခြင်း မရှိပဲ သူ့ အရှေ့ရှိသစ်သီးကိုသာ ရယူရန် ပြင်းထန်စွာ အာရုံစိုက် နေခဲ့သည်။ ယခုအခါ ထိုသစ်သီးနှင့် တစ်မိုင်ခန့် အကွာသို့ သူ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ သူ့ထက် ပိုမို၍ နီးစပ်သူ တစ်ယောက်မှ မရှိပါတော့ချေ။ သူ့ထက် ပိုမို မြန်ဆန်သူများမှာ ထူးဆန်းစွာပင် အရွက်ကဲ့သို့ အမှိုက်များအား သိမ်းပိုက်ရန်သာ အာရုံစိုက် နေခဲ့သည်။ လင်းမင် အံ့အားသင့်မိသော်လည်း သူ၏ လက်ရှိ ရည်ရွယ်ချက်က အသီး ဖြစ်လေရာ များစွာ တွေးတောဖို့ အချိန်မရှိပါချေ။

“လာစမ်း...”

လင်းမင် လက်ကို ဆန့်ထုတ်လိုက်ရင်း မူလ အဆင့် မန်နာ လွှမ်းမိုးနိုင်စွမ်းကို အသုံးပြုကာ ပတ်ဝန်းကျင်ရှိ မန်နာများကို ထိန်းချုပ်လိုက်သည်။ အတွးတစ်ချက်တည်းဖြင့်ပင် ပြိုင်ဘက် အားလုံးကို သူ ဟန့်တားနိုင်ခဲ့ပြီ ဖြစ်သည်။ ဤသည်မှာ မူလအဆင့်၏ အားသာချက် ဖြစ်ပေသည်။

...

“သူတို့က တကယ်မြန်တယ်”

ထျန်းကျန်းဟန်က အရာအားလုံးကို ပေါ့ပေါ့ပါးပါး အမူအရာဖြင့် ကြည့်ရင်း ရေရွတ်လိုက်၏။ သို့သော်လည်း... အရွက်များထံကိုသာ ဦးတည်နေသည့် ကျင့်ကြံသူ သောင်းချီ အကြောင်း ပြန်လည် တွေးတောမိသော အခါတွင်တော့ သူ အနည်းငယ် စိတ်ရှုပ်ထွေး သွားခဲ့သည်။

“ဟုတ်တယ်...”

ထျန်းရီဝူက ဖြေလိုက်ရင်း ညာဘက်လက်ကို ဆန့်ထုတ်ကာ လေထုကို ထိတွေ့လိုက်သည်။ ထို့နောက် သူက ရှည်လျား သွယ်လျသည့် လက်ချောင်းများနှင့် အတူ ငွေရောင် အလင်းများကို ပက်ဖြန်းရင်း သုံးချက် တိတိ ခေါက်လိုက်သည်။ ပြီးသည်နှင့် ပန်းချီကား တစ်ချက်ကို ဆွဲဖြဲ သကဲ့သို့ လက်ကို ကောင်းကင်ယံထံ ဦးတည်ကာ ပွတ်ဆွဲလိုက်လေ၏။

ထျန်းကျန်းဟန်၏ မျက်လုံးများမှာ တဖျပ်ဖျပ် တောက်ပလာခဲ့သည်။ သတ္တမမြောက် မင်းသားမှာ စတင် လှုပ်ရှားတော့မည် မဟုတ်ပါလား။

...

လင်းမင်၏ လက်မှာ အသီးနှင့် လေးပေခန့် အကွာသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ သူ၏ မီးခိုးရောင် မျက်လုံးများမှာ ပျော်ရွှင်မှုများနှင့် ပြင်းထန်စွာ တောက်ပနေခဲ့၏။ သူ့ထက် ပိုမို၍ မြန်ဆန်သူ မရှိပါတော့ချေ။

“ချီးပဲ...”

ရုတ်တရက် လင်းမင်၏ ခေါင်းထဲရှိ အသံက အော်ဟစ်လိုက်၏။ သူ တစ်စုံတစ်ရာ တုန့်ပြန်ဖို့ အချိန်မရခင်မှာပင် အသီးမှာ ငွေရောင် အလင်းဖြင့် တောက်ပလာခဲ့သည်။ ထို့နောက်တွင်တော့ ငွေရောင် အလင်းမှာ စူပါနိုဗာ တစ်ခုလိုမျိုး ပေါက်ကွဲ သွားခဲ့တော့၏။

“ဘာလဲ...”

လင်းမင်၏ မျက်လုံးများမှာ ပြူးကျယ်သွားကာ တစ်မီလီစက္ကန့်မျှ မျက်စိကွယ်သွားခဲ့သည်။

...

အခြားတစ်ဖက်၌ နာ့ရှင်းရီမှာလည်း သူမ၏ အသီးထံမှ ငွေရောင် အလင်းများ ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။

“ဒါက ငါ့ဟာ...”

သူမက တည်ငြိမ်စွာ ပြောလိုက်ရင်း လက်နှစ်ချောင်းကို ဓားအဖြစ် အသုံးပြုကာ အသီးထံသို့ ဦးတည်၍ ညင်သာစွာ ခုတ်ပိုင်းလိုက်သည်။ ငွေရောင်အလင်းမှာ မှေးမှိန်ကာ ပြန်လည် ပျောက်ကွယ် သွားခဲ့လေ၏။

...

ဝူပိုင်ကျိုးနှင့် ရွှယ်ရီဖေးတို့ နှစ်ယောက်မှာ တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်ရင်း ဝိညာဉ် အာရုံဖြင့် ဆက်သွယ်ကာ စကားပြော နေခဲ့ကြသည်။

“ကျောက်တုံး ကတ်ကြေး စက္ကူ ကစားမလား...”

ရွှယ်ရီဖေးက မေးလိုက်၏။

“နင် ဒါကို လိုလို့လား...”

ဝူပိုင်ကျိုးက ပြန်လည်၍ မေးလိုက်သည်။ သို့သော်လည်း သူမမှာ လက်ကို အသင့် အနေအထားသို့ ပြင်ဆင်ထားခဲ့ပြီး ဖြစ်သည်။ ပိုင်ဆိုင်မှုအား ဆုံးဖြတ်ရန် အတွက် သူတို့ နှစ်ယောက်မှာ ကျောက်တုံး ကတ်ကြေး စက္ကူ ကစားပွဲကို ကစားကြတော့မည် ဖြစ်သည်။

“နင်ရော လိုလို့လား...”

ရွှယ်ရီဖေးက ပြုံးရင်း ပြန်လည် မေးလိုက်၏။ သို့သော်... သူမသည်လည်း ကစားပွဲ အတွက် အဆင်သင့် ပြင်ဆင် ထားခဲ့ပြီး ဖြစ်သည်။

ဟူး... ဟူး...

ရုတ်တရက် အသီးမှာ ငွေရောင်အလင်းဖြင့် စတင် ဖုံးလွှမ်းလာခဲ့၏။ အသီးကို တစ်ချက် ကြည့်လိုက်ကြရင်း သူတို့၏ မျက်လုံးများမှာ ငွေရောင် အလင်းများနှင့် တောက်ပလာခဲ့သည်။ ချက်ချင်းပင် အသီးပတ်လည်ရှိ အလင်းများမှာ ပျောက်ကွယ်သွားကာ မိန်းကလေး နှစ်ယောက်မှာ တစ်ယောက်ကို တစ်ယောက် ပြန်လည် ကြည့်လိုက်ကြ၏။

“ကျောက်တုံး...”

“ကပ်ကြေး...”

“စက္ကူ...”

မိန်းကလေး နှစ်ယောက်စလုံး စတင်ကာ လှုပ်ရှားလာခဲ့ပြီ ဖြစ်လေတော့သည်။

...

All Chapters