← Chapters

အထွတ်အမြတ် ကြယ်တာရာ သစ်ပင် (၃)

Vol. 109 Ch. 1515

အထွတ်အမြတ် ကြယ်တာရာ သစ်ပင် (၃)

Vol. 109 Ch. 1515

ကျောက်တန်းလျားထက်၌ ထျန်းရီဝူမှာ ငြိမ်သက်စွာပင် ထိုင်နေခဲ့၏။ သူ၏ အရှေ့ လေထု အတွင်းတွင်တော့ ငွေရောင် ကြယ်သုံးလုံးမှာ လွင့်မြော နေခဲ့သည်။ ၎င်းတို့ အနက် နှစ်လုံးမှာ ပုံမှန်အတိုင်း ဖြစ်သော်လည်း တစ်လုံးမှာ ပြိုကျသွားခဲ့လေရာ လူငယ်၏ အမူအရာက အနည်းငယ် ပြောင်းလဲ သွားခဲ့သည်။

“စိတ်ဝင်စားစရာပဲ...”

သူက မှတ်ချက်ချရင်း ကြယ်နှစ်လုံးကို ဆွဲယူလိုက်၏။ သို့သော်လည်း... အထွတ်အမြတ် ကြယ်တာရာ သစ်သီးက တစ်လုံးထဲ ရှိနေသည်ကို တွေ့မြင်လိုက်ရသော အခါ သူ့ မျက်လုံးထဲ၌ စိတ်ရှုပ်ထွေးမှုများ ဖြစ်ပေါ်လာခဲ့သည်။ ကျန်တစ်လုံးမှာ လုံးဝ ဗလာဟင်းလင်း ဖြစ်နေခဲ့လေ၏။

...

ဝှစ်...

လင်းမင်၏ လက်မှာ လေထုကိုသာ ဆုပ်ကိုင်လိုက်မိ၏။ သူ၏ မျက်လုံးများက တုန်လှုပ် ချောက်ချားမှုများနှင့် ပြည့်နှက်သွားကာ မည်ကဲ့သို့ ဖြစ်ပျက်သွားသည်ကို နားမလည်နိုင် ဖြစ်သွားခဲ့သည်။

နာ့ရှင်းရီ၏ ချို့ယွင်းချက် ကင်းမဲ့သော လက်ဖဝါးထက်တွင်တော့ အထွတ်အမြတ် ကြယ်တာရာ သစ်သီး တစ်လုံး ရှိနေခဲ့၏။ သူမ၏ မျက်ဝန်းများက ထျန်းရီဝူ ရှိရာဘက်သို့ လှမ်းကြည့် နေခဲ့သည်။

တစ်ချိန်တည်း၌ နဂါး နတ်မိမယ်နှင့် အဆုံးမဲ့ ဧကရာဇ်ဂိုဏ်းချုပ်တို့မှာ အရှုံးအနိုင် မပေါ်ပဲ ၇၃ ကြိမ်မြောက် ကစားပွဲကို ဆက်လက် ကစားနေကြဆဲ ဖြစ်သည်။

...

ထိုအခိုက်တွင်ပင် ကြယ်တာရာ နယ်မြေ ဆယ့်ရှစ်ခုမှ အခြားသော ရွေးချယ်ခံများမှာ အပြင်ဘက်ဆုံးရှိ အရွက်များထံသို့ စတင် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

“ချီးပဲ...”

လင်းမင် ဒေါသတကြီးပင် ပန်းသီးပင်၏ ပင်စည်ကို ခြေထောက်ဖြင့် ပြင်းထန်စွာ ကန်ကျောက်လိုက်၏။ ထိုအင်အားက ပင်စည်တစ်လျှောက် လှိုင်းများ အဖြစ် ရိုက်ခတ်သွားခဲ့သော်လည်း အပင် တစ်ခုလုံးမှာမူ လှုပ်ရှားခြင်း မရှိ၊ ပျက်စီးခြင်း မရှိပဲ ဆက်လက် တည်ရှိနေဆဲ ဖြစ်သည်။ လင်းမင်မှာ ထိုခိုင်ခံမှု အပေါ် အံ့ဩသွားကာ မျက်လုံးများ ကျဉ်းမြောင်း သွားခဲ့လေသည်။

“တစ်ယောက်ယောက်က...”

ခေါင်းထဲရှိ အသံက ရှင်းပြဖို့ ဟန်ပြင်လိုက်စဉ်မှာပင် ရွေးချယ်ခံများမှာ လင်းမင်နှင့် အနီးအနားသို့ ရောက်ရှိလာခဲ့ကြပြီ ဖြစ်သည်။ သူတို့ အားလုံး၏ မျက်လုံးများက လောက အလင်းရောင်များနှင့် လွှမ်းခြုံ နေခဲ့၏။ အထွတ်အမြတ် ကြယ်တာရာ သစ်သီးကို သူတို့ မတွေ့ရတော့သည့် အပြင် ထိုအနား၌ ရှိနေသည်ကလည်း လင်းမင် တစ်ယောက်တည်းသာ ဖြစ်သည်။ သူတို့အတွက်တော့ အဖြေက ရှင်းလင်းနေခဲ့ပြီ ဖြစ်သည်။

ဝှစ်...

ရုတ်တရက် လင်းမင်မှာ မွေးညင်းများ ထောင်လာသည် အထိ ပြင်းထန်သော အန္တရာယ် အငွေ့အသက်များကို ခံစားလိုက်ရသည်။ ချက်ချင်းပင် သူ ခန္ဓာကိုယ် တစ်ခုလုံးကို မူလ ဒြပ်စင် ကြယ်တာရာ အင်အားများဖြင့် အားဖြည့်ကာ ကျယ်လောင်သည့် ဟိန်းဟောက်သံ တစ်ချက်ကို ထုတ်လွှတ်ရင်း ခုန်ထွက်လိုက်၏။ သူ၏ ခန္ဓာကိုယ်က အဖြူရောင် အလင်းတစ်ခု အလား အဝေးဆီသို့ ရွေ့လျား သွားခဲ့သည်။

ဘုန်း... ဘုန်...

ပြင်းထန်သည့် တိုက်ခိုက်မှုများမှာ လင်းမင် မူလ ရပ်ခဲ့သည့် နေရာသို့ ကျဆင်းသွားကာ ဖျက်ဆီးမှုလှိုင်းများက ပင်စည်အနှံ့ ပြန့်နှံ့သွားခဲ့၏။ သို့သော်လည်း အပင်ကြီး တစ်ခုလုံးမှာ လှုပ်ရှားခြင်း မရှိ၊ ပျက်စီးခြင်း မရှိပဲ ကျန်ရစ်နေဆဲ ဖြစ်သည်.

“အသီးကို ပေးစမ်း...”

အချိန်သခင် အဆင့် ရွေးချယ်ခံ မိန်းကလေး တစ်ဦးက အော်ဟစ် လိုက်၏။ သူမမှာ ရောင်စဉ်လေ ကြယ်တာရာ ဝိညာဉ်ကို ပိုင်ဆိုင်ထားရာ အံ့ဩစရာ ကောင်းလောက်အောင်ပင် မြန်ဆန်ပေသည်။ မိန်းကလေးမှာ ရုပ်ရည် ရူပကာအားဖြင့် လှပသူ တစ်ယောက် ဖြစ်သော်လည်း သူမ၏ မျက်လုံးများက ပြင်းထန်သည့် သတ်ဖြတ်လိုစိတ်များနှင့် ပြည့်နှက်နေလေရာ ဝိညာဉ်ကိုပင် တုန်လှုပ်စေနိုင်စွမ်း ရှိသည်။ သူမ၏ နောက်တွင်လည်း များလှစွာသော ကြယ်တာရာ သခင်များနှင့် ကြယ်တာရာ သခင်များ စုဝေးနေကာ သူတို့ အားလုံးမှာ အသီးကို ရရှိဖို့ ရည်ရွယ်ထားကြသူများ ဖြစ်သည်။

ဝှစ်...

လင်းမင်၏ ခန္ဓာကိုယ်မှာ လေထုအတွင်း ပျံတက် သွားခဲ့၏။ သူက ပြိုင်စံရှား မန်နာ လွှမ်းမိုးနိုင်စွမ်းကို အသုံးပြုကာ လေထုအတွင်း စိမ့်ဝင်နေသည့် မန်နာများကို ထိန်းချုပ်ရင်း ပျံသန်းခြင်းအား တားမြစ်ထားသည့် မြေဆွဲအားကို ရှောင်တိမ်းနိုင်ခဲ့ပေသည်။

“သူ ပျံနေတယ်...”

ရွေးချယ်ခံ အားလုံး အံ့အားသင့်စွာ အော်ဟစ်လိုက်ကြ၏။ သို့သော်လည်း သူတို့၏ မျက်လုံးများက ပြင်းထန်သည့် တိုက်ခိုက်လိုစိတ်၊ လောဘများနှင့် တဖျပ်ဖျပ် တောက်ပ လင်းလက်နေဆဲ ဖြစ်သည်။ အထူးသဖြင့် ရှေ့ဆုံးမှ ဦးဆောင်နေသည့် ရွေးချယ်ခံ မိန်းကလေးပင်။

“မန်နာ လွှမ်းမိုးနိုင်စွမ်းလား...”

မိန်းကလေးက ပင်စည်ထက်တွင် ရပ်ရင်း ကြယ်တာရာ စွမ်းအင်များကို တစ်ကိုယ်လုံးသို့ ပို့လွှတ်လိုက်သည်။ ထို့နောက် သူမက မူလအဆင့် ရောင်စဉ်လေ ကြယ်တာရာ ဝိညာဉ်ကို ထုတ်ဖော် လိုက်လေသည်။ ပေါ့ပါးစွာ ပင့်သက်ရှိုက်လိုက်ပြီး နောက်တွင်တော့ သူမမှာ ပင်စည်ကို ကန်ကျောက်ကာ လင်းမင်နောက်သို့ လိုက်လေတော့သည်။

သူမသည်လည်း ပျံသန်း နေခဲ့ပြီ ဖြစ်သည်။

အထွတ်အမြတ် ကြယ်တာရာ သစ်သီးအား ရယူနိုင်ရန် အတွက် လင်းမင်၏ အဓိက ယုံကြည်ချက် အရင်းအမြစ်မှာ ပျံသန်းနိုင်စွမ်းပင် ဖြစ်သည်။ သို့သော်လည်း ယခုတွင်တော့ မိန်းကလေးပါ ပျံသန်းနေသည်ကို မြင်လိုက်ရသော အခိုက်တွင်တော့ သူ့မျက်လုံးများမှာ ကျဉ်းမြောင်းသွားခဲ့သည်။ သို့သော်လည်း ထိုအံ့ဩမှုက အနည်းငယ် စောလွန်း နေခဲ့လေသည်။

အဘယ်ကြောင့်နည်း။

အခြား လောကသခင် အဆင့်နှင့် အချိန်သခင် အဆင့် အချို့မှာလည်း မန်နာ လွှမ်းမိုးနိုင်စွမ်းကို စတင် အသုံးပြု လာခဲ့ကြသော‌ကြောင့်ပင်။

ဝှစ်... ဝှစ်...

တစ်ချိန်တည်း၌ ကြယ်တာရာ သခင်များမှာလည်း ကြယ်စွမ်းအင်ကို အသုံးပြု၍ လေထုကို ထိန်းချုပ်ကာ နောက်မှ လိုက်လာပါလာခဲ့ကြသည်။ ထိုနည်းဖြင့် သူတို့မှာ ရိုက်ခတ်လာနေသည့် ကမ္ဘာမြေဆွဲအားကို အတင်းအကြပ် ခုခံ နေကြ၏။

လင်းမင် စိတ်ရှုပ်ထွေးစွာပင် အော်ဟစ်လိုက်၏။

“ကျွန်တော် အသီးကို မရခဲ့ဘူးဗျ...”

မိန်းကလေးမှာ အလွန်ပင် မြန်ဆန်ကာ ခဏချင်းပင် သူ့အနားသို့ ရောက်ရှိလာခဲ့၏။ နီးနီးကပ်ကပ် မြင်လိုက်ရသော အခါတွင်မှ သူမက ဝိညာဉ်ရှန့်ထို ဧကရာဇ်၏ တပည့် တစ်ယောက် ဖြစ်ကြောင်းကို လင်းမင် သိရှိလိုက်သည်။

“ဟမ့်...”

မိန်းကလေးက နှာခေါင်းရှုံ့သံ တစ်ချက်နှင့်သာ တုန့်ပြန်၏။ လင်းမင်ထံတွင် ရှင်းပြခွင့် မရှိခဲ့ပါချေ။ သူက သစ်သီးနှင့် အနီးကပ်ဆုံး၌ ရှိနေသူ ဖြစ်သည်။ သူ့လက်အတွင်း မရှိနေလျှင်ပင် တစ်နည်းနည်းဖြင့် အာကာသ လက်စွပ် အတွင်း ထည့်သွင်းလိုက်ခြင်းဟု ကောက်ချက် ချနိုင်ပေသည်။ အသီးကို သူ မရလိုက် ဆိုသည့် စကားကိုတော့ မည်သူမှ ယုံကြည်ကြခြင်း မရှိပါချေ။

ဘုန်း... ဘုန်း...

နောက်မှ အမဲလိုက်သူများမှာ စတင် တိုက်ခိုက်လိုက်ကြပြီ ဖြစ်လေသည်။ လင်းမင် ကြယ်တာရာ အကာအကွယ်ကို တည်ဆောက်ကာ အကိုင်းအခက်နှင့် အရွက်များကြား လှည့်ပတ် ပုန်းရှောင်ဖို့ ကြိုးပမ်းလိုက်သည်။ သို့သော်လည်း အရွက်များပေါ်တွင် ရွေးချယ်ခံများ ရှိနေသည်ကို တွေ့မြင်လိုက်ရသော အခိုက်တွင်တော့ သူ အနည်းငယ် အံ့ဩသွားခဲ့၏။ ထိုထူးဆန်းမှု အကြောင်း သူ ထပ်မံ၍ မစဉ်းစားနိုင်ခင်မှာပင် အမဲလိုက်သူများမှာ အဆက်မပြတ် တိုက်ခိုက်လာခဲ့ကြပြီ ဖြစ်လေတော့သည်။

...

အနောက်ဖက် အရပ်၌ ဖြစ်ပေါ်နေသည့် အရှုပ်အထွေးများကို နာ့ရှင်းရီ အဝေးမှ လှမ်း၍ ကြည့်နေခဲ့ကြ၏။ သူမကိုလည်း များစွာသော ကျင့်ကြံသူများက သတိထားကာ စောင့်ကြသည့် နေကြသည်။ သူမ၏ နာမည်ကို သိထားကြသည့် ရွေးချယ်များမှာ မလှုပ်ရှားရသေးသည့်တိုင် ဇောချွေးများ ပျံနေကြသည်။

ထောင်ပေါင်းများစွာသော ကျင့်ကြံသူများ၏ ဝန်းရံမှုကို ခံနေရသည့်တိုင် သူမ၏ ပေါ့ပေါ့ပါးပါးနှင့် ဂရုမစိုက်သည့် ပုံစံက ကြောက်မက်ဖွယ် ကောင်းလှသည်။ မိန်းကလေးမှာ လက်ဖဝါးထက်တွင် အသီးကိုပင် ပေါ်လွင်အောင် ပြသထားခဲ့၏။ သူမ၏ အမူအရာက လာရောက် တိုက်ခိုက်ကြရန် ဖိတ်ခေါ် နေသကဲ့သို့ ဖြစ်လေသည်။

တစ်ချိန်တည်း၌ ရွှယ်ရီဖေးနှင့် နာ့ရှင်းရီတို့မှာ သူတို့၏ အရှုံးအနိုင် မပေါ်သေးသည့် ၃၂၄ ကြိမ်မြောက် စကားပွဲကို ဆက်လက် စကားနေကြဆဲ ဖြစ်သည်။ သို့သော်လည်း သူတို့ကို ဝန်းရံထားသည့် ထောင်ပေါင်းများစွာသော ကျင့်ကြံသူများကတော့ ထူးဆန်းလှ၏။

အဘယ်ကြောင့်နည်း။ သူတို့က မိန်းကလေး နှစ်ယောက်ကို ကျောပေး၍ ပြင်ပ အရပ် မျက်နှာများကို မျက်နှာမူကာ ရပ်နေခဲ့ကြသောကြောင့်ပင်။ တင်းမာနေသည့် သူတို့၏ မျက်နှာ အမူအရာများက အခြား ရွေးချယ်ခံများကို ခြိမ်းခြောက်သည့် အငွေ့အသက်များ ပေးနေခဲ့၏။

လေထု၏ အခြေအနေက အလွန်ပင် တင်းမာနေကာ ရွေးချယ်ခံ စစ်ပွဲတစ်ခု စတင်တော့မည့်အလားပင် ဖြစ်နေခဲ့သည်။ ထိုရွေးချယ်ခံများ အားလုံးမှာ ရွှယ်ရီဖေးကို ကာကွယ်ပေးရန် ထိုနေရာသို့ ရောက်ရှိနေခဲ့ကြခြင်း ဖြစ်သည်။ သူတို့က ဝူပိုင်ကျိုးမှ အပ အခြား မည်သူ့ကိုမျှ သတ်မှတ်ထားသည့် အကွာအဝေး အတွင်းကိုပင် ပေးမဝင်ချေ။

“ခွေးကောင်တွေ... ငါတို့ရဲ့ ဧကရီကို ထိအောင် လုပ်ရဲလား...”

“ဒူးထောက်ပြီး တောင်းပန်ဖို့ ပြင်ထားကြ...”

“မင်းတို့ထဲက တစ်ယောက်ယောက် ငါတို့ရဲ့ အရှင်မနား တစ်မိုင် ရောက်အောင် ကပ်နိုင်ရင် ငါ အသက်ပေးလိုက်မယ်ကွ”

***

All Chapters