အထွတ်အမြတ် ကြယ်တာရာ သစ်ပင် (၄)
Vol. 109 Ch. 1516
အဝေးမှ ကြည့်ရှုနေကြသည့် ပရိသတ်များကတော့ ထင်မှတ်ထားသည်နှင့် ခြားနားစွာပင် လုံးဝ ကစဉ့်ကလျား ဖြစ်နေသည့် အဆင့်ငါး ကံကြမ္မာဇုန် လုပွဲကို ကြည့်ရင်း ပါးစပ် အဟောင်းသား ဖြစ်နေခဲ့ကြ၏။ သို့သော်လည်း အံ့ဩစရာ ကောင်းစွာပင် အခြေအနေ တစ်ခုချင်းစီတိုင်း၌ ခြားနားသည့် အဓိပ္ပာယ် တစ်ခုစီ ရှိနေခဲ့သည်။
အချိန်တိုင်း၌ ရွှယ်ရီဖေးကို ကာကွယ်ပေလိုသည့် ကျင့်ကြံသူ အရေအတွက်မှာ ပိုမို များပြားလာနေခဲ့သည်။ လင်းမင်ကတော့ များလှစွာသော ကျင့်ကြံသူများ၏ ဝန်းရံ တိုက်ခိုက်မှု အောက်၌ လှပစွာ ရှောင်တိမ်း နေနိုင်ဆဲ ဖြစ်သည်။
အခြားတစ်ဖက်၌ နာ့ရှင်းရီထံမှ သစ်သီးကို ရယူဖို့ ကြိုးပမ်းခဲ့ကြသူများလည်း ရှိခဲ့သည်။ သို့သော်လည်း ကံဆိုးစွာပင် ပထမ စက္ကန့် အနည်းငယ် အတွင်းမ သူတို့မှာ ဥက္ကာပျံများ ကဲ့သို့ မြေပြင်ထက် ပြုတ်ကျကာ နာကျင်စွာ ညည်းညူ နေခဲ့ရတော့သည်။
...
ထျန်းကျန်းဟန်မှာ စိတ်အေးလက်အေး ရှိနေသည့် ထျန်းရီဝူကို ကြည့်ရင်း မျက်မှောင်ကြုတ် လိုက်၏။ တကယ်အားဖြင့် ထျန်းရီဝူမှာ အထွတ်အမြတ် ကြယ်တာရာ သစ်သီး သုံးခုစလုံးကို အပြစ်အနာအဆာ မရှိ အောင်မြင်စွာ ရယူနိုင်လိမ့်မည်ဟု သူ ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း... လက်တွေ့တွင်တော့ တစ်လုံးတည်းသာ ရှိနေခဲ့သည်။ သတ္တမ မင်းသား ကျရှုံးခဲ့သည်လား...။
အကိုဖြစ်သူ၏ အတွေးများကို ဖတ်မိသည့် အလား ထျန်းရီဝူက တည်ငြိမ်စွာပင် ပြောလိုက်၏။
“ငါ အတွက်မှားသွားတယ်...”
ကျရှုံးမှုအား ဝန်ခံနေသည့် ထျန်းရီဝူ၏ လေသံက မယုံကြည်နိုင်စရာ ကောင်းလောက်အောင် တည်ငြိမ်သည်။ သူက အမှားကို ရိုးရိုးသားသား ဝန်ခံနေခြင်း ဖြစ်သည်။
ထိုကဲ့သို့ ပြောပြီးနောက် ထျန်းရီဝူ ထိုင်နေရာမှ ထရပ်လိုက်၏။ ထျန်းကျန်းဟန်၏ မျက်လုံးများက တောက်ပလာခဲ့သည်။ သတ္တမမြောက် ညီတော်မှာ အလေးအနက်ထား လုပ်ဆောင်တော့မည်လော။
ထျန်းရီဝူ၏ မျက်ဝန်းအိမ်များမှာ အထွတ်အမြတ် ကြယ်တာရာ သစ်ပင်ဖြင့် ထင်ဟပ် နေခဲ့၏။ ထို့နောက်... သူ၏ မျက်လုံးများမှာ ငွေရောင် အလင်းများဖြင့် စတင် တောက်ပလာကာ ပြင်းထန်စွာ ဆူပွက်လာခဲ့သည်။ သူ့ မျက်ဝန်းများ အတွင်း အာကာသ တစ်ခုလုံး ရောက်ရှိနေသည်နှင့်ပင် အလား သဏ္ဌာန် တူပေသည်။ ထို့နောက်တွင်တော့ အငွေ့အသက် တစ်ခုမှာ သူ့ထံမှ စတင် ပျံ့နှံ့လာခဲ့လေတော့၏။
...
အရှုပ်အထွေးများ ဖြစ်ပွားနေရာ သစ်ပင်ကြီး၏ အောက်ခြေ တစ်နေရာတွင်တော့ အဖြူရောင် ဆံနွယ်များနှင့် မိန်းကလေး တစ်ယောက်မှာ ဖုံးကွယ်ခြင်း ကျင့်စဉ် တစ်ခုကို သုံးရင်း ကျောက်စိမ်း ဂေါ်ပြားဖြင့် သစ်ပင်ကြီး၏ အမြစ်များကို တူးဖော် နေခဲ့သည်။ သူမ၏ တည်ရှိမှုမှာ လုံးဝပင် မမြင်နိုင်လုနီးပါး ဖြစ်ကာ လှုပ်ရှားမှုများမှာလည်း မည်သည့် လက္ခဏာကိုမျှ မပြခဲ့ပါချေ။ ထို့အပြင်... လူတိုင်းမှာ သစ်ပင်ထက်ကိုသာ အာရုံစိုက် နေခဲ့ရာ သစ်ပင် ခြေရင်းကို အာရုံစိုက်မိဖို့ ခက်ခဲလှသည်။
စန်းယွန်းလီမှာ မြေကြီးကို ဂေါ်ပြားဖြင့် တူးဆွ နေခဲ့ကာ လက်နှင့် ဝတ်ရုံများ ညစ်ပေသွားသည်ကိုပင် ဂရုမစိုက်အားခဲ့ချေ။ အကယ်၍ သူမသာ ယခင်ဘဝကလို ပျင်းရိကာ တစ်ကိုယ်ကောင်းဆန်သူ တစ်ယောက် ဆိုပါက ယခုလိုမျိုး ပင်ပင်ပန်းပန်း လုပ်ရန် မထိုက်တန်ဟု သူမ ယူဆမိလိမ့်မည် ဖြစ်သည်။ သို့သော်လည်း... ယနေ့တွင်တော့ သူမ၏ ကြိုးပမ်း အားထုတ်မှုများမှာ အံ့ဩဖွယ် ပန်းတိုင် တစ်ခုဆီသို့ ဦးတည်နေကြောင်း သိလေရာ ကျေနပ် ပီတိဖြစ်မှုကို ခံစားနေခဲ့ရသည်။
“ကြယ်တာရာ အမြစ်က ငါ့ဟာပဲ ဖြစ်ရမယ်...”
စန်းယွန်းလီထံတွင် ခိုင်မာသည့် ဆုံးဖြတ်ချက် တစ်ခု ရှိပေသည်။ ကြယ်တာရာ အမြစ်မှာ အထွတ်အမြတ် ကြယ်တာရာ သစ်ပင် ရှင်သန်ရာ အသက်သွေးကြော ဖြစ်ကာ အောက်ခြေမှ ခုတ်လှဲပစ်လျှင်ပင် ထိုအမြစ်မှာ ပြန်လည် ပေါက်ဖွားရန် မရှိမဖြစ် လိုအပ်သည့် စွမ်းအင်များကို ပံ့ပိုးပေးလိမ့်မည် ဖြစ်သည်။ အမှန်စင်စစ် ၎င်း၏ တန်ဖိုးမှာ အန္တိမ နေကြယ် တစ်ခုနှင့်ပင် နှိုင်းယှဉ်နိုင်သည်။ တစ်ချို့သော နေရာများတွင် ဆိုလျှင် ကျော်လွန်၍ပင် သွားနိုင်ပေသည်။
ထို့အပြင်... လောကချည်နှောင် ကြယ်တာရာ နယ်မြေကို ဖန်တီးရာတွင် ၎င်းမှာ ဖော်ပြ၍ မရနိုင်လောက်အောင် အဖိုးထိုက်တန်သည့် ရတနာ တစ်ပါး ဖြစ်သည်။
“နင် ဒီအမြစ်ကို ရမှ ဖြစ်မယ်... အလွှာ အပြင်က လောကမှာတောင် ဒီလို သစ်ပင်မျိုးက အရမ်းကို ရှားပြီး လူတိုင်းလိုချင်ကြတဲ့ ရင်းမြစ်မျိုးပဲ”
သူမ၏ အသိစိတ် ပင်လယ်ထဲရှိ ရှေးဟောင်း ဝိညာဉ်မှာ စိတ်ညည်ညူးဖွယ် ကောင်းလောက်အောင် အဆက်မပြတ်ပင် သတိပေး နေခဲ့၏။
“ကျွန်မ သိပါတယ်...”
စန်းယွန်းလီက ခပ်ဆောင့်ဆောင့် ပြောလိုက်ရင်း အမြစ်ကို ထပ်မံ၍ တူးဆွ နေခဲ့သည်။ ကြယ်တာရာ အသစ်ကို အသုံးပြု၍ ဖွဲ့စည်းခြင်းဖြင့် လောကချည်နှောင် ကြယ်တာရာ နယ်မြေမှာ အခြား ကြယ်များကို စုပ်ယူကာ ကြီးထွားနိုင်သည့် ထူးခြားသော စွမ်းရည် တစ်မျိုးပါ အပိုရရှိနိုင်သည်ဟု ဆိုသည်။ ၎င်းမှာ ရရှိဖို့ အလွန် ခက်ခဲသည့် ရှားပါး စွမ်းရည် တစ်မျိုး ဖြစ်ကာ နေကြယ် အမတေများအား စုပ်ယူနိုင်သည့် မွေးရာပါ စွမ်းရည်ကိုပါ အဆများစွာ မြှင့်တင်ပေးနိုင်စွမ်း ရှိသည်။
တစ်နည်းအားဖြင့် ၎င်းမှာ အလွန်ပင် မိစ္ဆာ ဆန်ပြီး ဆိုးယုတ်သည်။ တစ်ချိန်တည်းတွင်ပင် ၎င်းမှာ အလွန်အဖိုးတန်ကာ လောကကို လှုပ်ခတ်စေနိုင်စွမ်း ရှိသည်။ ထိုကဲ့သို့သော ရတနာမျိုးမှာ မကြာခင် သူမ အပိုင် ဖြစ်လာတော့မည် ဖြစ်သည်။
သစ်ပင်ကြီး၏ အခြားတစ်ဖက်တွင်တော့ ဖုံးကွယ်ခြင်း ကျင့်စဉ် အသုံးပြုထားသည့် ပုံရိပ်တစ်ခုမှာ အပင်ကို မှီကာ ရပ်နေခဲ့သည်။ သူက ခေါင်းကို မော့၍ နာ့ရှင်းရီကို တိတ်တဆိတ် လေ့လာနေခဲ့ခြင်း ဖြစ်သည်။ သူ၏ ညာဘက်လက်တွင်တော့ ရွှေရောင်နှင့် အဖြူရောင် အလင်းများ ရောနှော တောက်ပနေသည့် အမြစ် တစ်ခုကို ကိုင်ဆောင်ထားခဲ့သည်။ ၎င်းမှာ မြွေတစ်ကောင်နှင့် ဆင်တူကာ ကိုးမီတာခန့် ရှည်လျား၍ ကြွယ်ဝသည့် မြေဆီလွှာများနှင့် ရောနှော ညစ်ပတ် နေခဲ့သည်။
“ဟမ်...”
ရုတ်တရက်... ပုံရိပ်၏ မျက်လုံးများက နေရာ ရွေ့လျားသွားကာ မင်းသား နှစ်ယောက် ရှိနေသည့် အရပ်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။
“အာကာသ ဥပဒေသလား...”
...
တစ်ချိန်တည်း၌ စန်းလော့ယန်မှာ ထာဝရသော့ကို ထိန်းချုပ်ရင်း စန်းယွန်းလီ၏ အကာအကွယ်ကို ကူညီ အားဖြည့်ပေး နေခဲ့၏။ လူတိုင်းက အသီးနှင့် အရွက်များထံသို့ ဦးတည် နေကြချိန်တွင် သူ၏ မွေးစားသမီးလေးမှာ တန်ဖိုး အကြီးဆုံးသော အရာကို လုပ်ဆောင်ရဲခဲ့လေရာ စန်းလော့ယန်၏ နှလုံးသားမှာ ဂုဏ်ယူမှုများနှင့် ပြည့်နှက် နေခဲ့သည်။
ရုတ်တရက် သူ၏ အမူအရာက ပြောင်းလဲသွားခဲ့၏။ သူ၏ မျက်လုံးများက မင်းသား နှစ်ပါးဘက်သို့ ရွေ့လျားသွားကာ အနည်းငယ် ကျဉ်းမြောင်း သွားခဲ့သည်။
“ဒီအော်ရာက...”
...
ထျန်းရီဝူမှာ နာ့ရှင်းရီ၊ ဝူပိုင်ကျိုးနှင့် ရွှယ်ရီဖေးတို့ တည်ရှိရာ အပင်ကြီး၏ အရှေ့ဘက်နှင့် အနောက်မြောက်ဘက် အရပ်တို့ကို ဦးတည်ကာ လက်နှစ်ဖက်ကို ဖြည်းညင်းစွာ ဆန့်တန်းလိုက်သည်။ ထို့နောက် သူက လက်ချောင်းများကို ညင်သာစွာ ဆုပ်လိုက်ရာ သိမ်မွေ့သည့် အာကာသ စွမ်းအင်လှိုင်းများ ထွက်ပေါ် လာခဲ့လေသည်။
ထျန်းကျန်းဟန်၏ မျက်လုံးများက တောက်ပလာခဲ့၏။ စိတ်လှုပ်ရှားမှု လှိုင်းများက သူ့ ခန္ဓာကိုယ် တစ်ခုလုံးကို လွှမ်းခြုံ နေခဲ့လေသည်။
...
“ကျောက်တုံး...”
“စက္ကူ...”
“ကတ်ကြေး...”
ရွှယ်ရီဖေးနှင့် ဝူပိုင်ကျိုးတို့၏ ကစားပွဲမှာ ဘယ်တော့မှ မပြီးဆုံးနိုင်တော့မည့်ပုံ ရသည်။ သူတို့မှာ စိတ်စွမ်းအင်များကို အသုံးပြု၍ တစ်ယောက်ကို တစ်ယောက် အနိုင်ပိုင်းဖို့ ကြိုးပမ်း နေလေရာ အမြဲတစေ သရေရလဒ်ဖြင့်သာ အဆုံးသတ် နေခဲ့သည်။
ရုတ်တရက် သူတို့၏ ကစားပွဲမှာ ရပ်တန့် သွားခဲ့၏။ ထို့နောက်... အထွတ်အမြတ် ကြယ်တာရာ သစ်သီးကို နှစ်ဦးစလုံး တစ်ပြိုင်နက်တည်း လှမ်းကြည့်လိုက်ကြလေသည်။
“လာပြန်ပြီလား...”
သူတို့ နှစ်ယောက် မျက်မှောင်ကြုတ်ရင်း ပြိုင်တူ ရေရွတ်လိုက်ကြ၏။ စက္ကန့်မခြားပင် သူတို့၏ မျက်ဝန်းများထဲမှ ပိုမို အားကောင်းသည့် ငွေရောင် အလင်းတန်းများ ထွက်ပေါ်လာကြသည်။ မိန်းကလေး နှစ်ဦးမှာ အံ့ဩဖွယ် ကောင်းစွာပင် ပူးပေါင်း လုပ်ဆောင် နေခဲ့ကြပြီ ဖြစ်သည်။
...
နာ့ရှင်းရီ မျက်မှောင်ကြုတ်လိုက်ကာ လက်ဖဝါးထက်ရှိ အသီးကို ကြည့်လိုက်သည်။
“ဥပဒေသ အော်ရာလား...”
သူမ ကျင့်ကြံခြင်း အခြေခံကို လှည့်ပတ်ကာ အသီးပေါ်သို့ ယင်စွမ်းအင်များကို ပို့ဆောင်လိုက်၏။ သူမက ယန်ကို ဖြိုခွင်းရန် အတွက် ယင်စွမ်းအင်ကို အသုံးပြုနေခြင်း ဖြစ်သည်။
ထျန်းရီဝူက ညင်သာစွာ ပြုံးလိုက်၏။ သူ၏ ရုပ်ရည်မှာ နတ်ဘုရားများနှင့် သရဲတစ္ဆေများပင်လျှင် ဩချယူရလောက်အောင်ပင် ခန့်ညား ချောမောလွန်းလှပေသည်။ ညင်သာစွာ အသက်ရှူသွင်းလိုက်ရင်း သူက ဝေ့ဝူယင် လွန်စွာ ရင်းနှီးပြီးသား ဖြစ်သည့် စွမ်းအား တစ်ခုကို အသုံးပြုလိုက်သည်။
အာကာသ ဥပဒေသ အပေါ် သာမည အာဏာ...
ဝှစ်...
ချက်ချင်းပင် မိန်းကလေး သုံးဦး၏ ရှေ့မှ အထွတ်အမြတ် ကြယ်တာရာ သစ်သီးများမှာ ပျောက်ကွယ် သွားခဲ့ပြီ ဖြစ်လေတော့သည်။
***