ထာဝရ စွန့်စားခန်း အဆင့် အဆုံးသတ်
Vol. 109 Ch. 1518
နာ့ရှင်းရီမှာ ထျန်းရီဝူကို အပြည့်အဝ အာရုံစိုက် ထားခဲ့၏။ သတ္တမမြောက် သားတော်၏ လက်ထဲတွင် ရှုံးနိမ့်သွားရမည့် အဖြစ်မျိုး သူမ မလိုလားပါချေ။ ဤသည်မှာ အထွတ်အမြတ် ကြယ်တာရာ သစ်သီးနှင့် မသက်ဆိုင်ပဲ ဂုဏ်သိက္ခာနှင့်သာ သက်ဆိုင်သည့် စစ်ပွဲတစ်ခု ဖြစ်သည်။
သို့သော်လည်း... ရုတ်ချည်းဆိုသလိုပင် ထျန်းကျန်းဟန်မှာ သူမထံသို့ ခုန်ဝင်လာသည်ကို တွေ့လိုက်ရသည်။ သူက ဓားအလင်းများကို ဝန်းရံ၍ လေထုထဲ၌ ပျံသန်းကာ သူမ၏ လမ်းကြောင်းအတိုင်း တိုက်ရိုက် တိုးဝင်လာခဲ့ခြင်း ဖြစ်သည်။ သူ လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် ကမ္ဘာမြေကြီးမှာ တုန်ခါသွားကာ ပြင်းထန်သည့် အော်ရာ တစ်ခုက လေထုအတွင်း စိမ့်ဝင်လာခဲ့လေ၏။
နာ့ရှင်းရီ ပျံသန်းနေရာမှ ရပ်တန့်လိုက်ရင်း မျက်မှောင်ကြုတ်လိုက်၏။
“ဓားနှလုံးသား ရည်ရွယ်ချက်...”
သူမ အနည်းငယ် အံ့ဩစွာဖြင့် ရေရွတ်လိုက်သည်။ ဓားနှလုံးသား ရည်ရွယ်ချက်မှာ လူတစ်ယောက်ကို အစစ်အမှန် ဓားဧကရာဇ် ဖြစ်လာစေနိုင်သည့် လျှို့ဝှက်အဆင့် ရည်ရွယ်ချက် တစ်ခု ဖြစ်သည်။ သေမျိုး ကျင့်ကြံသူများထဲ၌ ထိုကဲ့သို့ ရည်ရွယ်ချက်မျိုးကို ပိုင်ဆိုင်ထားသူ ရှားပါးလှသည်။
ထျန်းကျန်းဟန်မှာ ပျင်းရိသည် ဆိုသည့် ဂုဏ်သိက္ခာနှင့် ကိုယ့်ကိုယ်ကို ကောင်းမွန်စွာ ဖုံးကွယ်နိုင်ခဲ့ပေသည်။ သူက ဓားလမ်းစဉ်၌ ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ဦး ဖြစ်ပေသည်။
“...”
ထျန်းကျန်းဟန်မှာ ပထမဆုံးသော လှုပ်ရှားမှုတွင်ပင် သူ၏ ကာလရှည်ကြာ ဝှက်ဖဲကို ဖော်ထုတ်ခံလိုက်ရလေရာ အံ့ဩသွားခဲ့၏။ သို့သော်လည်း... သူ ခပ်မြန်မြန်ပင် စိတ်ကို ပြန်လည် ထိန်းချုပ် လိုက်သည်။
“အစွန်းရောက်ယင် နတ်မိမယ်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ လိုက်ဖက်ပါတယ်... မင်းကို ဖုံးကွယ်ဖို့ ကြိုးစားတာက အလုပ်မဖြစ်ဘူး ဆိုတာ ငါ အစောကြီးတည်းက သိသင့်တယ်”
သူ ချီးကျူးလိုက်သည်။ နာ့ရှင်းရီမှာ ထျန်းရီဝူ၊ ဝေ့ဝူယင်တို့နှင့်ပင် မကြာခဏ ဆိုသလို နှိုင်းယှဉ် ပြောဆိုခံရသူ ဖြစ်သည်။ အမှန်တကယ်အားဖြင့် သူမမှာ ထိုကဲ့သို့သော အခွင့်အရေးနှင့် ထိုက်တန်မှု မရှိဟု သူ ထင်မှတ်ခဲ့သည်။ ဝေ့ဝူယင်နှင့် ထျန်းရီဝူတို့ နှစ်ယောက်စလုံးမှာ အလွန် ထူးခြားသူများ ဖြစ်ကြသည်။ အကယ်၍ သူမကို ထိုအဆင့်၌ ထားလိုပါက သူ့ဝှက်ဖဲအား ဖော်ထုတ်နိုင်ခြင်းမှာ မထူးခြားပါချေ။
“...”
နာ့ရှင်းရီမှာ ထျန်းကျန်းဟန်၏ ချီးကျူးစကားကို ဂရုမစိုက်ပါချေ။ ထို့အစား သူမက....
“ဘေးဖယ်...”
ဟုသာ ပြောလိုက်၏။ ထျန်းကျန်းဟန်၏ ပျင်းရိသော အမူအရာက တဖြည်းဖြည်းချင်း တက်ကြွလာခဲ့သည်။ ဓားသမား တစ်ယောက်၏ အော်ရာကို သူ မသိစိတ်မှ ထုတ်လွှတ်လာခဲ့၏။
“အဲဒါဆိုရင်တော့ ခွင့်လွှတ်ပါ... ကျုပ် အစွန်းရောက်ယင် နတ်မိမယ်ရဲ့ ခွန်အားကို ကိုယ်တိုင် စမ်းသပ်ချင်ပါတယ်”
ထျန်းကျန်းဟန်က ယဉ်ကျေးစွာပင် ပြောလိုက်၏။ သူ့ ကိုယ်နေဟန်ထားက ပြောင်းလဲလာကာ ဓားနှလုံးသား ရည်ရွယ်ချက်မှာလည်း ပေါက်ကွဲ ထွက်ပေါ်လာခဲ့လေသည်။
လင်းမင်၊ ဝူပိုင်ကျိုးနှင့် ရွေးချယ်ခံများ ကြားမှ ပြင်းထန်သော တိုက်ပွဲများမှာ ကောင်းကင်တစ်ခွင် ဓားအလင်းများ ပျံ့နှံ့လာခဲ့သည်နှင့် အမျှ ရပ်တန့် သွားခဲ့၏။ သေးငယ်သည့် ထာဝရကမ္ဘာဂြိုဟ်လေးမှာ ဓားနှလုံးသား ရည်ရွယ်ချက်၏ လွှမ်းမိုးမှုဒဏ်ကို ခံနိုင်ရည် မရှိခဲ့ပါချေ။ ဂြိုဟ်အနှံ့အပြားရှိ သစ်ပင်များ၊ မြေပြင်၊ ရေကန်နှင့် လေထု အလွှာများတွင် သတိပေးချက် တစ်စုံတစ်ရာ မရှိပဲ ဓားဒဏ်ရာများ ပေါ်လွင်လာခဲ့သည်။
သို့သော်လည်း... နာ့ရှင်းရီကတော့ လုံးဝ ဂရုမစိုက်ပါချေ။ သူမ၏ မျက်ဝန်းများ အတွင်း၌ အေးစက်သည့် ဓားအလင်းရောင်များမှာ တောက်ပ နေခဲ့၏။ သူမက လက်နှစ်ချောင်းကို ဆန့်တန်းလိုက်ရင်း ယင်ဓားတစ်ခုကို ဖန်တီးလိုက်သည်။ ထိုလက်နှစ်ချောင်းမှ ထွက်ပေါ်လာသည့် သတ်ဖြတ်လိုစိတ်မှာ လောကတစ်ခုလုံးကိုပင် လှုပ်ခတ် သွားစေခဲ့၏။
ထျန်းကျန်းဟန်၏ နှလုံးသားမှာ အနည်းငယ် တုန်ခါ သွားခဲ့၏။ သို့သော်လည်း သူ၏ ဓားနှလုံးသား ရည်ရွယ်ချက်က ပြင်းထန်စွာ လှုပ်ရှားလာခဲ့ကာ သတ်ဖြတ်လိုစိတ်၏ လွှမ်းမိုးမှုကို ပြင်းထန်စွာ ဖျက်ဆီး ပစ်လိုက်သည်။
“သေ...”
နာ့ရှင်းရီက စိတ်ခံစားချက် မရှိသည့် လေသံဖြင့် ရေရွတ်လိုက်ရာ အားလုံး၏ အကြည့်များက သူမ အပေါ်သို့ ကျရောက်လာခဲ့ကြသည်။ သူမက လက်နှစ်ချောင်းကို အဝေးမှ နေ၍ လွှဲလိုက်ရာ ကောင်းကင်ယံမှာ ပုံရိပ်ယောင် အဖြစ် စတင်ကာ ပြောင်းလဲ လာခဲ့၏။
ထျန်းကျန်းဟန်၏ မျက်လုံးများမှာ ထိန်းချုပ် မရနိုင်စွာ ပြူးကျယ် သွားခဲ့သည်။ သူ့ ခန္ဓာကိုယ် အတွင်းမှ ဓားအလင်းများ တရစပ် ထွက်ပေါ်လာခဲ့သော်လည်း ပေပေါင်း အနည်းငယ်ခန့် အကွာသို့ အရောက်တွင်ပင် ၎င်းတို့မှာ အမတ စွမ်းအင် ကုန်ဆုံးသွား သကဲ့သို့ ပိုမို၍ အားနည်းလာခဲ့ကြသည်။ ယင်ဓားမှာ ဖန်တီးမှု တစ်ခုလုံးကို ခုတ်ပိုင်း နေခဲ့ကာ လောကကို အသန့်စင်ဆုံး ပုံစံသို့ ပြန်လည် ပြောင်းလဲ နေသယောင် ရှိလေ၏။
ထျန်းရီဝူ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ အလွန် အရေးကြီးလှသည့် ထိုအခိုက်အတန့်တွင်ပင် သူက ရှေ့ကို ခြေတစ်လှမ်း တိုးလိုက်၏။
ရား...
ပြင်းထန်သည့် နဂါး ဟိန်းဟောက်သံတစ်ခု ပေါက်ကွဲ ထွက်ပေါ်လာကာ လောကကို ပြန်လည် ထိန်းချုပ် လိုက်၏။ သူက ပြိုကွဲစပြုနေသည့် ဖန်တီးမှု တစ်ခုလုံးကို မူလနေရာသို့ ပြန်လည် ရောက်ရှိအောင် ကြိုးပမ်း နေခြင်း ဖြစ်သည်။
ဝှစ်...
တစ်ချိန်တည်း၌ ရွှယ်ရီဖေး၏ သွယ်လျသော ခန္ဓာကိုယ်လေးမှာ နာ့ရှင်းရီ၏ ရှေ့တွင် ရပ်နေခဲ့၏။ ယင်ဓားက သူမ၏ လည်ပင်းထက်တွင် ရှိနေပေသည်။ အလွန် သေးငယ်ကာ လှပစွာ တည်ဆောက်ထားသည့် သွေးနီရောင် အကြေးခွံများမှာ ဓားကို တားဆီး ထားခဲ့သည်။
“ရှင်းရီ... နင် ဒီလောကနယ်မြေ တစ်ခုလုံးကို ဖျက်ဆီးပစ်ဖို့ ကြိုးစားနေတာလား...”
ရွှယ်ရီဖေးက ပုံမှန်လေသံဖြင့် မေးလိုက်၏။ နာ့ရှင်းရီ ၏ မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့သည်။ ထျန်းရီဝူမှာ ထျန်းကျန်းဟန်၏ ရှေ့၌ ရပ်နေကာ အစွန်းရောက်ယင် နတ်မိမယ်ကို စိတ်ဝင်တစား ကြည့်နေခဲ့သည်။
“ဝေါ့...”
ထျန်းကျန်းဟန် သွေးတစ်လုတ် အန်ထုတ်လိုက်ရ၏။ ၎င်းက အသက်ဓာတ်များ ကင်းမဲ့နေကာ လူသေ တစ်ယောက်၏ သွေးစသွေးနများ အလား ထင်ရသည်။ သူ၏ မျက်နှာက အလွန်ပင် ဖြူရော်နေကာ သေရွာမှ ပြန်လှည့်လာသကဲ့သို့ ထင်ရသည်။
ထျန်းရီဝူ၏ မျက်လုံးများမှာ တိတ်တဆိတ် တောက်ပနေခဲ့သည်။ မည်မျှ နက်ရှိုင်းလှသည့် ယင်စွမ်းအင်နည်း။ ၎င်းမှာ ယန်၊ ရှင်သန်မှုနှင့် ဝတ္ထု အားလုံးကို တိုက်ရိုက်ပင် ပယ်ဖျက်လိုက်ခြင်း ဖြစ်သည်။
ထျန်းရီဝူက တစ်ခဏမျှ စဉ်းစားပြီးနောက် အထွတ်အမြတ် ကြယ်တာရာ သစ်သီးကို ထုတ်ယူလိုက်သည်။ ထို့နောက် သူက နာ့ရှင်းရီဘက်ကို လှမ်းကာ ပစ်ပေးလိုက်၏။
နာ့ရှင်းရီ ၏ မျက်လုံးများ အနည်းငယ်သာ လှုပ်ရှားသွားခဲ့သည်။ သူမက ဝိညာဉ်စွမ်းအားကို အသုံးပြု၍ အသီးကို ဖမ်းယူလိုက်ကာ လူတိုင်း မြင်နိုင်ရန် ဘေးတွင် ဝဲပျံနေစေလိုက်သည်။ ထို့နောက် သူမက ယင်စွမ်းအင်ဖြင့် ဖန်တီးထားသည့် ဓားကို ရွှယ်ရီဖေး၏ လည်ပင်းမှ ဖယ်ရှားလိုက်၏။
နာ့ရှင်းရီ ရွှယ်ရီဖေးကို ကြည့်ရင်း သက်ပြင်းတစ်ချက် ချလိုက်သည်။ သူမ အချို့အရာများကို နားလည် ပေးနိုင်သော်လည်း သူမထံမှ ခိုးယူခံရခြင်းကိုတော့ မကြိုက်ပါချေ။ သူမက ရွှယ်ရီဖေးကို ဝိညာဉ်အာရုံဖြင့် ဆက်သွယ်လိုက်ရင်း တောင်းပန်စကား ဆိုလိုက်၏။ ရွှယ်ရီဖေး တိုးဝင်လာသည်ကို တွေ့သည်တိုင် သူမ ထိန်းချုပ်နိုင်စွမ်း မရှိခဲ့ပါချေ။ ထို့နောက်တွင်တော့ နာ့ရှင်းရီမှာ ဘာစကားမှ မဆိုတော့ပဲ အထွတ်အမြတ် ကြယ်တာရာ သစ်ပင်ထံသို့ ပြန်လည် ပျံသန်းသွားခဲ့တော့၏။
ရွှယ်ရီဖေးမှာ နာ့ရှင်းရီထွက်သွားသည်ကို အေးဆေးစွာပင် ကြည့်နေခဲ့၏။ ထာဝရ ကမ္ဘာမှာ လောကနယ်မြေ ကဲ့သို့ စွမ်းအင်များကို ဖိနှိပ်ရသည့် အကြောင်းရင်း ရှိပေသည်။ ထိုအရာက ကိုယ့်ကိုယ်ကို ကာကွယ်ရန် အတွက်ပင် ဖြစ်သည်။ အကယ်၍ သူမမှာ နာ့ရှင်းရီနှင့် ထျန်းရီဝူတို့ကို တိုက်ခိုက်ခွင့် ပြုခဲ့ပါက ဂြိုဟ်တစ်ခုလုံး ပြိုပျက်ကျသွားလိမ့်မည် ဖြစ်သည်။ ထိုသို့ဆိုလျှင် ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲမှာလည်း ပြီးဆုံးသွားပေလိမ့်မည်။ အနည်းဆုံးတော့ သူတို့ တတိယ အဆင့်ကို ရောက်သည် အထိ စောင့်ဆိုင်းရလိမ့်မည် ဖြစ်သည်။
ရွှယ်ရီဖေးက ထျန်းရီဝူဘက်သို့ လှည့်လိုက်ရင်း ဖြည်းညင်းစွာပင် လက်ဝါးကို ဖြန့်လိုက်သည်။ မရေမတွက်နိုင်သော မျက်လုံးများမှာ မျက်နှာချင်းဆိုင် အရပ်မျက်နှာသို့ ရွေ့လျား သွားခဲ့သည်။ ချက်ချင်း ဆိုသလိုပင် သူတို့၏ မျက်လုံးများမှာ အံ့ဩထိတ်လန့်ခြင်းများနှင့် ပြည့်နှက် သွားခဲ့၏။
သတ္တမ မင်းသား...
ထျန်းရီဝူမှာ ပရိသတ် အားလုံး၏ နှလုံးသားများအား ဆွဲဆောင်နိုင်သည့် အပြုံးတစ်ခုကို ပြုံးလိုက်၏။ ထို့နောက် သူက ဒုတိယမြောက် အထွတ်အမြတ် ကြယ်တာရာ သစ်သီးကို ထုတ်ယူကာ ပစ်ပေးလိုက်သည်။ ရွှယ်ရီဖေးက အသီးကို ဖမ်းယူလိုက်၏။ ထို့နောက် ထျန်းရီဝူကို ပြုံးပြုကာ အခြေအနေများကို ပိုမို ရှုပ်ထွေးအောင် မလုပ်တော့ပဲ ထွက်ခွာ သွားခဲ့တော့သည်။
ထိုအရာ အားလုံး ဖြစ်ပျက်နေသည့် အတောအတွင်းတွင် လင်းမင်၏ ပင်ပန်း နွမ်းနယ်နေသည့် မျက်ဝန်းများမှာ ဒေါသအလင်းများနှင့် ပြည့်နှက် နေခဲ့၏။
“ထျန်းရီဝူ...”
အထွတ်အမြတ် ကြယ်တာရာ သစ်သီးအား ယူဆောင်သွားသူက မည်သူ ဖြစ်ကြောင်း သူ သိရှိသွားခဲ့ပြီ ဖြစ်သည်။ သူ ချက်ချင်းပင် ထျန်းရီဝူထံသို့ ဦးတည်ကာ အသီးကို ပြန်လည် တောင်းယူဖို့ ဆုံးဖြတ်လိုက်၏။
လင်းမင် စတင်လှုပ်ရှားတော့မည့်အချိန်တွင် အထွတ်အမြတ် ကြယ်တာရာ သစ်ပင်မှာ တောက်ပသည့် ရွှေရောင်အလင်းတန်းဖြင့် စတင် လင်းထိန်လာခဲ့တော့သည်။
စန်းယွန်းလီ၏ မျက်နှာမှာ မည်းမှောင် သွားခဲ့၏။ သူမ အခြားလူများ သတိထားမိမည်ကိုပင် စိုးရိမ်ခြင်း မပြုတော့ပဲ ကျင့်ကြံခြင်း အခြေခံကို အကုန်အစင် ထုတ်ဖော်ကာ တူးဆွမှုကို အရှိန်မြှင့်လိုက်သည်။ သူမ အမြစ်ကို ရကို ရရမည်။ သူမ အသည်းအသန် ကြိုးစားနေခဲ့သော်လည်း လောကကြီးမှာ သူမကို မစောင့်ခဲ့ပါချေ။ ရွေးချယ်ခံများ၏ ခန္ဓာကိုယ်များမှာ တောက်ပသည့် ငွေရောင် အလင်းများနှင့် စတင် ရစ်သိုင်း လာခဲ့တော့၏။
ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲကြီး၏ ပထမ အဆင့်မှာ ပြီးဆုံးသွားခဲ့ပြီ ဖြစ်လေသည်။
“...”
စန်းလော့ယန်၏ အမူအရာမှာ မနှစ်မြို့စရာ ဖြစ်လာခဲ့သည်။ ကြယ်တာရာ အမြစ်ကို တူးဆွရန် စန်းယွန်းလီ အချိန် မလောက်တော့ကြောင်း သူ သဘောပေါက်ပေသည်။ အာကာသ ရွှေ့ပြောင်းခြင်းအား နှောင့်နှေးစေရန် အတွက် ထာဝရသော့နှင့် ချိတ်ဆက်ဖို့ သူ ကြိုးစားလိုက်သော်လည်း နာ့ရှင်းရီ၏ ယင်အင်အားမှာ ထိန်းချုပ်မှုကို ထိခိုက်စေခဲ့ပုံ ရသည်။
သူ အံ့ဩသွားခဲ့၏။ မည်ကဲ့သို့သော စွမ်းအားမျိုးက ထိုကဲ့သို့ ပြုလုပ်နိုင်သနည်း။ အံ့ဩနေသည့်တိုင် စန်းလော့ယန်မှာ အာရုံပျံ့လွင့်ခြင်း မရှိပါချေ။ သူက ထာဝရသော့နှင့် အတူ ထာဝရ ကမ္ဘာ၏ သုံးဖက်မြင် ပုံရိပ်ကို ဖန်တီးလိုက်၏။ ထို့နောက် အပင်၏ အောက်ခြေကို အလျှင်အမြန် အာရုံစိုက်လိုက်သည်။
“အဓိကအမြစ် ပျောက်နေတာလား...”
စန်းယွန်းလီ အမြစ်ကို ရှာမတွေ့ရသည့် အကြောင်းရင်းအား သူ ချက်ချင်းပင် နားလည် သွားခဲ့ပြီ ဖြစ်သည်။ စန်းလော့ယန် ခပ်မြန်မြန်ပင် လုပ်ဆောင်ကာ ဒုတိယမြောက် ကြယ်တာရာ အမြစ်ကို ရှာဖွေလိုက်သည်။ ၎င်းမှာ အဓိက အမြစ် တစ်နည်းနည်းဖြင့် ထိခိုက်သွားပါက အရံ အဖြစ် အသုံးပြုရန် ကြိုတင်ပြင်ဆင်ထားသည့် အမြစ် ဖြစ်သည်။ ၎င်းမှာ အဓိက အမြစ်ထက် ပိုမို သေးငယ်ကာ အားနည်းသော်လည်း မည်သို့ပင် ဆိုစေ... အသုံးပြု၍ ရနိုင်ပေသည်။
ခရက်... ခရက်...
စန်းလော့ယန် ထာဝရသော့နှင့် ကျင့်ကြံခြင်း အခြေခံကို ပေါင်းစပ်ကာ အမြစ်ကို ဆွဲထုတ်လိုက်သည်နှင့် တစ်ပြိုင်နက် စန်းယွန်းလီ၏ အောက်ရှိ မြေကြီးမှာ ကွဲအက်သွားကာ အမြစ် ပေါ်လွင် လာခဲ့သည်။
စန်းယွန်းလီ၏ မျက်လုံးများက တောက်ပလာကာ အမြစ်ကို စိုးရိမ်တကြီး လှမ်းဆွဲလိုက်၏။ ၎င်းအား ဆုပ်ကိုင်လိုက်မိသည်နှင့် ချက်ချင်းပင် အာကာသ စွမ်းအားက ခန္ဓာကိုယ် တစ်ခုလုံးကို လွှမ်းခြုံ သွားသလို သူမ ခံစားလိုက်ရလေသည်။ မည်သို့ပင် ဆိုစေ... နောက်ဆုံး၌ သူမ အမြစ်ကို ပိုင်ဆိုင်နိုင်ခဲ့ပြီ မဟုတ်ပါလား...။
သို့သော်လည်း... စန်းလော့ယန်၏ အမူအရာမှာ မည်းမှောင် နေခဲ့၏။ ယနေ့ သူ၏ လုပ်ဆောင်ချက်များမှာ နောက်လာမည့် ရွေးချယ်ခံ ဧကရာဇ်ပြိုင်ပွဲ များစွာ အပေါ် ကြီးမားသည့် သက်ရောက်မှုများ ရှိလာလိမ့်မည် ဖြစ်သည်။
“ဟူး...”
စန်းလော့ယန် သက်ပြင်း တစ်ချက် ချလိုက်၏။ သူ၏ နှုတ်ခမ်းများဆီမှ သွေးများမှာ စိမ့်ထွက်လာခဲ့သည်။
“နင် တတိယ အဆင့်ထိ ရောက်အောင် သွားရမယ်...”
စန်းလော့ယန် အားနည်းစွာ ထိုင်ချလိုက်ရင်း ခိုင်မာစွာ ရေရွတ်လိုက်သည်။ ထာဝရသော့၏ စွမ်းအားမှာ ဒုတိယ အဆင့်၌ သိသိသာသာ လျော့နည်း သွားခဲ့ပြီ ဖြစ်သည်။ သူ ထပ်မံ၍ ကူညီနိုင်ခြင်း မရှိတော့ချေ။ အရာအားလုံးက သူမ အပေါ်တွင်သာ မူတည် နေခဲ့ပြီ ဖြစ်လေသည်။
***