← Chapters

ထာဝရလမ်းစဉ် ခရီးလမ်း အဆင့်

Vol. 109 Ch. 1519

ထာဝရလမ်းစဉ် ခရီးလမ်း အဆင့်

Vol. 109 Ch. 1519

ထာဝရ ကမ္ဘာကို ရွှေရောင် အလင်းတန်းများ လွှမ်းခြုံလာသည်နှင့် တစ်ပြိုင်နက်တည်းမှာပင် ရွေးချယ်ခံများ၏ ခန္ဓာကိုယ်များမှာလည်း ငွေရောင် အာကာသ အလင်းတန်းများနှင့် တောက်ပလာခဲ့ကြသည်။ ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲကြီး၏ ပထမ အဆင့် ဖြစ်သည့် ထာဝရ ကမ္ဘာ စွန့်စားခန်း အဆင့်မှာ အဆုံးသတ်တော့မည် ဖြစ်သည်။ မည်သူမှ ခုခံခြင်း မပြုခဲ့ကြချေ။ ဤသို့နှင့် ရွေးချယ်ခံ အားလုံးမှာ တစ်ယောက်ပြီး တစ်ယောက် ထာဝရ ကမ္ဘာမှ နေ၍ ပျောက်ကွယ်သွားခဲ့ကြတော့သည်။

ထာဝရ ကမ္ဘာမှာ သေဆုံးပြီးသူများ၏ ခန္ဓာကိုယ် အကြွင်းအကျန်များကိုလည်း လက်ခံခြင်း မရှိပါချေ။ ၎င်းတို့ အားလုံးကို စုဝေးကာ ပြင်ပ လောကရှိ အမှောင် ဟင်းလင်းပြင် အတွင်းကို ပြန်လည် ပို့ဆောင်ပေးလိုက်သည်။ ဤနေသည့်မှာ ထာဝရ ကမ္ဘာ စွန့်စားခန်းတွင် ကျရှုံးခဲ့သူများ၏ မိဘများ၊ မောင်နှမများနှင့် သားသမီးများ၊ မြေးများ၊ သူငယ်ချင်းများနှင့် ချစ်ရသူများ အတွက် ဝမ်းနည်းဖွယ် ကောင်းသည့် မမေ့နိုင်သော နေ့တစ်နေ့ ဖြစ်လာလိမ့်မည် ဖြစ်ပေသည်။

....

ဝှစ်... ဝှစ်...

သန်းနှင့် ချီသည့် အလင်းတန်းများမှာ ကောင်းကင်ယံမှ နေရာ အသစ် တစ်ခုဆီသို့ ဆင်းသက်လာကာ လူများစွာကို ချန်ရစ်ပြီးနောက် လျှင်မြန်စွာ ပျောက်ကွယ်သွားခဲ့လေသည်။ အံ့ဩစရာ ကောင်းသည်မှာ ရွေးချယ်ခံများ၏ ပုံရိပ်များ ထင်ရှားလာသည်နှင့် အမျှ သူတို့၏ လက်ထဲတွင် အထွတ်အမြတ် ကြယ်တာရာ သစ်ပင်၏ အရွက်များကို အဖိုးမဖြတ်နိုင်သည့် ရတနာများ ကဲ့သို့ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားခဲ့ခြင်း ဖြစ်သည်။

ဝှစ်...

ထိုအထဲ၌ အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားကာ နုပျို တက်ကြွသည့် အလှနှင့် မိန်းမငယ်လေး တစ်ယောက်လည်း အပါအဝင် ဖြစ်သည်။ သူမ၏ မျက်လုံးများမှာ ဝိညာဉ် အလင်းရောင်များနှင့် တောက်ပနေခဲ့ကာ အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်သော အခိုက်၌ လက်ချောင်းထိပ်များမှာ ထုံကျင်နေသလို ခံစားလိုက်ရ၏။

မာ့လုလင်း...

မှန်ပေ၏။ သူမမှာ ထာဝရ ကမ္ဘာအတွင်းရှိ ဖန်ဆင်းမှု မှန်သမျှကို ပျက်စီးစေလုနီးပါး ဖြစ်ခဲ့သည့် နာ့ရှင်းရီ၏ ယင်ဓားချက်ကို ယခုတိုင် အသေးစိတ် မှတ်မိနေဆဲ ဖြစ်ပေသည်။ လောကကြီးအား ဖျက်ဆီးရန် ကြိုးပမ်းနေသည့် ထိုရွေးချယ်ခံ၏ တိုက်ခိုက်ပုံများက လှပလှကာ စွဲမက်ဖွယ် ကောင်းလှသည်။ ထိုအခိုက်သို့ ရောက်မှသာ နာ့ရှင်းရီမှာ မည်မျှ ကြောက်မက်ဖွယ် ကောင်းကြောင်း သူမ အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်သည်။ အင်ပါယာ ကလန် သူမကို အဘယ်ကြောင့် လိုချင်နေကြောင်း နောက်ဆုံး၌ သူမ သဘောပေါက်ခဲ့ပြီ ဖြစ်လေသည်။

“ညီမလေး လုလင်း...”

ကျန်းရှောင်ဟွေ့မှာ မာ့လုလင်း၏ ဘေးတွင်း ဆင်းသက်လကာ ရင်းနှီး ဖော်ရွေသည့် လေသံဖြင့် ခေါ်လိုက်သည်။ သူမမှာ အနည်းငယ် ပိုမို၍ အသက်ကြီးသော်လည်း ထာဝရ ကမ္ဘာသို့ ရောက်ရှိပြီးနောက်တွင် လေးစားသမှုဖြင့် မာ့လုလင်း၏ နောက်ကို လိုက်ခဲ့သည်။ မာ့လုလင်း၏ ခွန်အားနှင့် နည်းလမ်းများကို သူမ အံ့ဩခဲ့ရသည်။ ကိုယ့်ကိုယ်ကို အစေခံ တစ်ဦး အနေဖြင့်ပင် လက်ခံထားခဲ့ကာ မာ့လုလင်း အတွက် အသုံးဝင်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်ပေးခဲ့သည်။

ဘေးနား၌ ကျန်းရှောင်ဟွေ့ ရှိနေသည်ကို သတိပြုမိလိုက်သော အခါတွင်မှ မာ့လုလင်းမှာ အတွေးအာရုံထဲမှ ပြန်လည် နိုးထလာခဲ့၏။ သူမက ပြုံးပြလိုက်ရင်း ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။ သူမ မြင်ရသလောက် ဤကမ္ဘာကြီးမှာ ပြားသည်။ ကမ္ဘာပြားကုန်းမြေတိုက်ကြီး တစ်ခုနှင့် အလွန် ဆင်တူသည်။

မြေပြင်ကိုတော့ လူတစ်ယောက် ကောင်းစွာ ဝင်ဆံ့နိုင်သည့် နို့နှစ်ရောင် စတင်ကျောက် လေးထောင့် အပိုင်းအစများနှင့် ပေါင်းစပ်၍ ဖွဲ့စည်းထားသည်။ ကမ္ဘာတစ်ခုလုံးတွင် ထိုကဲ့သို့ လေးထောင့်ကွက်များ ထရီလျံနှင့်ချီ၍ ရှိနိုင်သည်ဟု ခန့်မှန်းရကာ တစ်ခုချင်းစီမှာ မြေကြီး အငွေ့အသက်များကို ထုတ်လွှတ် နေခဲ့သည်။ ခန္ဓာကိုယ် အတွင်းရှိ မတည်ငြိမ်သော ခံစားချက် မှန်သမျှမှာ အသက်တစ်ချက် ရှူလိုက်ရုံဖြင့် ပျောက်ကွယ်သွားသလို မာ့လုလင်း ခံစားလိုက်ရသည်။

ကောင်းကင်ယံထက်တွင်တော့ အဖြူရောင် နေကြယ်လေး တစ်လုံးသာ ရှိသည်။ ၎င်း၏ အလင်းရောင်က မှေးမှိန်လှကာ ထာဝရ ကမ္ဘာထက်ပင် ပိုမို၍ ဝေးကွာသည့် နေရာ၌ ရှိပုံ ရသည်။ ၎င်းကပင် ပတ်ဝန်းကျင်ကို ပိုမို ပိုမို လွမ်းဆွတ်ဖွယ် ကောင်းစေကာ ရွေးချယ်ခံများအား သူတို့၏ နေအိမ်များထံမှ ပိုမို ဝေးကွာ သွားခဲ့ပြီ ဖြစ်ကြောင်း ပြောပြနေသယောင် ရှိသည်။

“ထာဝရလမ်းစဉ် ခရီးအဆင့်လား...”

ကျန်းရှောင်ဟွေ့က ပတ်ဝန်းကျင်ကို အံ့ဩတကြီး လှည့်ပတ်ကြည့်လိုက်ရင်း မာ့လုလင်းကို မေးလိုက်၏။ မာ့လုလင်းနှင့် အချိန် အတော်ကြာကြာ အတူ ရှိခဲ့ပြီးနောက်တွင် ရွေးချယ်ခံ ဧကရာဇ်ပြိုင်ပွဲ၏ အဆင့် အများစု အကြောင်းကို သူမ လေ့လာ သိရှိခဲ့ပြီး ဖြစ်သည်။ များစွာ ကြိုတင် ပြင်ဆင်ထားခဲ့သည့်တိုင် ပတ်ဝန်းကျင်ကို ကြည့်ကာ သူမ အံ့ဩနေမိဆဲ ဖြစ်သည်။

မာ့လုလင်းက ခေါင်းညိတ်လိုက်၏။

“မှန်တယ်... ဒါပေမဲ့ ပိုပြီး တိတိကျကျ ပြောရရင် ပြင်ဆင်ခြင်း အဆင့်ပေါ့... ဒုတိယ အဆင့်က ခုထိ မစသေးဘူး...”

သူမက အခြားရွေးချယ်ခံများကို တစ်ချက် ဝှေ့ကြည့်လိုက်သည်။

“ဆုချီးမြှင့်ခြင်း အဆင့်လို့ ပြောလို့လည်း ရတယ်”

“ဆုချီးမြှင့်ခြင်း အဆင့်...”

ထိုအကြောင်းအရာနှင့် ပတ်သက်သည့် အချက်အလက်များကို ပြန်လည် တွေတောရင်း ကျန်းရှောင်ဟွေ့၏ အမူအရာက စိတ်လှုပ်ရှား လာခဲ့သည်။

ဘုန်း... ဘုန်း... ဘုန်း...

ထိုအခိုက်အတိအကျတွင်ပင် ကောင်းကင်ယံမှ အဖြူရောင် အလင်းတန်းများမှာ ဆင်းသက်လာကာ များလှစွာသော ရွေးချယ်ခံများကို တမုဟုတ်ချင်း ဝန်းရံသွားခဲ့သည်။

၎င်းတို့ထဲမှ တစ်ခုမှာ မာ့လုလင်း အပေါ်သို့ ကျရောက်သွားကာ သူမကို ပတ်ဝန်းကျင်ရှိ ရွေးချယ်ခံများနှင့် ခွဲထုတ်လိုက်၏။

ကျန်းရှောင်ဟွေ့ ထိတ်လန့် တုန်လှုပ်သွားကာ နောက်ကို အလျင်စလို ဆုတ်ခွာလိုက်သည်။ အလားတူ အလင်းတန်းများမှာ သောင်းနှင့်ချီသည့် ရွေးချယ်ခံများကိုပါ ဝါးမြိုနေကြောင်း သူမ တွေ့ရှိလိုက်ရသည်။

မာ့လုလင်း ယခင်က ပြောခဲ့ဖူးသည့် ဆုချီးမြှင့်ခြင်း အကြောင်း အချက်အလက်များကို ကျန်းရှောင်ဟွေ့ ပြန်လည်၍ တွေးတောလိုက်သည်။ မိန်းကလေး၏ အဆိုအရ ဆိုလျှင် ဒုတိယ အဆင့်ကို ထာဝရလမ်းစဉ် ခရီးလမ်း ဟု အမည်ပေးထားသည်။ ထာဝရကမ္ဘာ စွန့်စားခန်း အဆင့်၏ အဆုံးသတ်တွင် ထာဝရလမ်းစဉ် ခရီးလမ်း အစပျိုး အဆင့်ကို ကျော်ဖြတ်ပြီးမှသာ ထိုနေရာကို ဆက်လက် သွားရောက်ရသည်ဟု ဆိုသည်။

မာ့လုလင်း၏ ပြောကြားချက်များ အရ ဆိုလျှင် ထာဝရလမ်းစဉ် ခရီးလမ်းမှာ အန္တရာယ်များနှင့် ပြည့်နှက်နေသည့် ပင်လယ်ပြယ် တစ်ခုကို ဖြတ်ကျော်ရခြင်းနှင့် တူညီသည်ဟု ဆိုသည်။ ပန်းတိုင်မှာ ပင်လယ်ပြင်၏ တစ်ဖက်ကမ်းကို ရောက်ရှိရန် ဖြစ်ကာ ခရီးစဉ်ကို နိဂုံးချုပ်ရန် ဖြစ်သည်။ သို့သော်လည်း... ရွေးချယ်ခံ ဧကရာဇ်ပြိုင်ပွဲ စတင်ခဲ့သည့် ထောင်ပေါင်းများစွာသော နှစ်များ အတွင်း ရွေးချယ်ခံ မြင်းနက် ဖြစ်စေ၊ တရားဝင် ရွေးချယ်ခံ တစ်ဦးဦး ဖြစ်စေ... ထိုခရီးလမ်၏ အဆုံးသတ်ကို ရောက်အောင် လျှောက်လှမ်းနိုင်ခဲ့သူ မရှိပါချေ။

ဆုချီးမြှင့်ခြင်း အဆင့်ကတော့ ရှင်းပေသည်။ ကံကြမ္မာဇုန် တစ်ခုခုကို သိမ်းပိုက်နိုင်ခဲ့သူ လည်းကောင်း၊ မကောင်းဆိုးဝါး စောင့်ကြပ်သူများထံမှ တိုကင်ကို ရယူနိုင်ခဲ့သူများ လည်းကောင်း... ထာဝရကမ္ဘာ စွန့်စားခန်း အဆင့်တွင် အသက်ရှင် ကျန်ရစ်ပြီးနောက် မမြင်နိုင်သည့် ဆုလာဒ် အမှတ်များကို ရရှိကြပေသည်။ ထိုဆုလာဒ်အမှတ်များကို ရွေးချယ်ခံ ဧကရာဇ်ပြိုင်ပွဲမှ အမျိုးမျိုးသော ရင်းမြစ်များ၊ အဂ္ဂိရတ် ထုတ်ကုန်များနှင့် လဲလှယ် ရယူရန် အသုံးပြုနိုင်သည်။ ၎င်းတို့မှာ သေမျိုးအဆင့် ကျင့်ကြံသူ အားလုံး အတွက် အလွန် အသုံးဝင်ကြပေသည်။

ဒုတိယ အဆင့်တွင် နောက်ပြန် ရေတွက်မှု အချိန် သုညသို့ ရောက်ရှိချိန်၌ ရွေးချယ်ခံများ ခရီးမည်မျှ ဝေးဝေး သွားခဲ့သည့် အပေါ် မူတည်၍ နောက်ထပ် အမှတ်များကို ထပ်မံ ရရှိကြသည်။ ထိုအမှတ်များကို အသုံးပြု၍ လျှို့ဝှက် အာဏာရှင် အဆင့်များ အတွက် အသုံးဝင်သည့် ရင်းမြစ်များကို လဲလှယ်နိုင် သလို ကြယ်တာရာ သခင်များ အဆင့်တက်ရာ၌ ပြင်ဆင်မှုများ ပြုလုပ်ရန် အတွက်လည်း အသုံးဝင်ပေသည်။ ထိုဆုလာဒ်များမှာ ရွေးချယ်ခံများ လျှို့ဝှက် အာဏာရှင် အဆင့်သို့ ရောက်ရှိပြီးနောက်တွင် မိမိကိုယ်ကို တိုးတက်အောင် လုပ်ဆောင်နိုင်ရန် ရည်ရွယ်၍ ဖန်တီးထားခြင်း ဖြစ်သည်။

ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲများမှ ရရှိလာသည့် ဆုလာဒ်များမှာ ကြယ်တာရာ နယ်မြေများ၏ အခြေခံ ဖွဲ့စည်းပုံကို ထပ်ခါတလဲလဲ ပြောင်းလဲ စေခဲ့ကာ လူ့အဖွဲ့အစည်း၏ အဆင့်အတန်း အပေါ်တွင်လည်း ကြီးမားသည့် သက်ရောက်မှုများ ရှိခဲ့သည်။ မဟာ စက်ဝန်း ကြယ်ကွင်းပြင်၏ လက်ရှိ လျှို့ဝှက် ဝိညာဉ် အဆင့်များ၊ သေမျိုးတစ်ပိုင်း အရှင်များနှင့် မြေကြီး ရှန့်ထို အများအပြားမှာ သူတို့ ကိုယ်တိုင်သော် လည်းကောင်း၊ သူတို့၏ ရွေးချယ်ခံများထံမှသော် လည်းကောင်း ထိုဆုလာဒ်များကို ရရှိကာ လက်ရှိ အဆင့်များသို့ ခုန်ပေါက် ကျော်လွှားကာ တက်လှမ်းနိုင်ခဲ့ကြခြင်း ဖြစ်သည်။

ကျန်းရှောင်ဟွေ့ မနာလိုသလို ခံစားလိုက်ရ၏။ သူမမှာ မာ့လုလင်းနှင့် အတူတူ‌ နေထိုင်ခဲ့သော်လည်း ကံကြမ္မာဇုန် တစ်ခုကိုမျှ မရယူနိုင်ခဲ့သလို မကောင်းဆိုးဝါး စောင့်ကြပ်သူ တစ်ဦးကိုမျှလည်း သတ်ဖြတ်နိုင်ခဲ့ခြင်း မရှိပါချေ။ သို့သော်လည်း... အလားတူ ကံကြမ္မာမျိုးနှင့် ကြုံတွေ့ခဲ့ရသည်က သူမ တစ်ယောက်တည်း မဟုတ်ပါချေ။ ယင်းမှာ ရွေးချယ်ခံ အများစု အတွက်လည်း မလွဲချော်သည့် အမှန်တရား တစ်ခု ဖြစ်ပေသည်။ လူအများအပြားမှာ ပထမ အဆင့်နှင့် ဒုတိယ အဆင့် ကံကြမ္မာဇုန်များကို ရရှိခဲ့ကြသော်လည်း ထိုကံကြမ္မာဇုန်များမှာ မည်သည့် အမှတ်ကိုမှ မရရှိကြောင်း မှတ်တမ်းတင် အတည်ပြုခဲ့ပြီး ဖြစ်သည်။

ထို့ကြောင့်ပင် ရှိရှိသမျှ သန်းပေါင်းများစွာသော ရွေးချယ်ခံများထဲမှ သောင်းနှင့်ချီသော ရွေးချယ်ခံ အနည်းငယ်သာ ဆုလာဘ်များကို ရရှိခဲ့ကြသည်။

ထို့အပြင်... မနာလိုစိတ်ကို ခံစားနေရသည်က ထျန်းရှောင်ဟွေ့ တစ်ယောက်တည်း မဟုတ်ပါချေ။ ဆုလာဘ်ကို လက်ခံနိုင်ခြင်း မရှိသည့် ရွေးချယ်ခံတိုင်းလိုလိုမှာ စိတ်ပျက် အားငယ်မှု၊ မလိုလားမှု၊ အမျက်ဒေါသ၊ ဝမ်းနည်းမှုတို့ကို ခံစားနေခဲ့ရခြင်း ဖြစ်သည်။ သူတို့ ရရှိခဲ့သည့် တစ်ခုတည်းသော ဆုလာဘ်က အသက်ရှင်သန် ကျန်ရစ်နိုင်ခဲ့ခြင်းပင် ဖြစ်လေသည်။

***

All Chapters