← Chapters

ဗာကီရီ အဖွဲ့ဝင်များကြားမှ ပြိုင်ဆိုင်မှု ဆန္ဒ

Vol. 109 Ch. 1520

ဗာကီရီ အဖွဲ့ဝင်များကြားမှ ပြိုင်ဆိုင်မှု ဆန္ဒ

Vol. 109 Ch. 1520

ဆုချီးမြှင့်မှုမှာ တစ်နာရီသာ ကြာမြင့်ခဲ့၏။ ရုတ်ချည်းဆိုသလိုပင် ကမ္ဘာတစ်ဝှမ်းလုံး၌ ရှိနေခဲ့သည့် အလင်းတန်းများမှာ ပျောက်ကွယ်သွားခဲ့ကာ ကံကြမ္မာကောင်းများကို ဆုပ်ကိုင်နိုင်ခဲ့သည့် ရွေးချယ်ခံများ၏ ပုံရိပ်များ ပြန်လည် ပေါ်လာခဲ့လေသည်။

မာ့လုလင်း ပြန်လည် ပေါ်လာသည်ကို တွေ့လိုက်ရသော အခိုက်၌ ကျန်းရှောင်ဟွေ့က ခပ်မြန်မြန်ပင် အနားကို လျှောက်သွားလိုက်၏။ သို့သော်လည်း... မာ့လုလင်း၏ အမူအရာက အနည်းငယ် စိတ်ပျက်လက်ပျက် ဖြစ်နေသည်ကို တွေ့မြင်လိုက်ရသော အခိုက်တွင်တော့ သူမ အနည်းငယ် အံ့အားသင့် သွားခဲ့သည်။

“ညီမ‌လေး လုလင်း...”

ကျန်းရှောင်ဟွေ့က ညင်သာစွာ‌ ခေါ်လိုက်၏။

“ဟမ်...”

ထိုအခါတွင်မှ မာ့လုလင်း၏ အတွေးနှင့် ခံစားချက်များမှာ ပုံမှန်အတိုင်း ပြန်ဖြစ်လာခဲ့ကာ ကျန်းရှောင်ဟွေ့ကို လည်ပြန်ကြည့်ရင်း ပြုံးပြလိုက်သည်။ သူမ စကားတစ်ခွန်းမျှ မဆိုနိုင်မီမှာပင် အပေါ်မှ မိုးကြိုး ထစ်ခြုန်းသံ တစ်ခု ထွက်ပေါ်လာခဲ့၏။

၈၁ ရက် : ၀၀ နာရီ : ၀၀ မိနစ် : ၀၀ စက္ကန့်...

၈၀ ရက် : ၂၃ နာရီ : ၅၉ မိနစ် : ၅၉ စက္ကန့်...

၈၀ ရက် : ၂၃ နာရီ : ၅၉ မိနစ် : ၅၈ စက္ကန့်...

အထက် ကောင်းကင်ယံတွင်တော့ အလွန်တရာ ကြီးမားလှကာ မည်သူမျှ လွဲချော်ရန် မဖြစ်နိုင်သည့် နောက်ပြန် ရေတွက်မှု အချိန်နာရီကြီး တစ်ခုမှာ လောကကို အလှဆင်ထားခဲ့ပြီ ဖြစ်လေတော့သည်။

...

အင်ပါယာ မျိုးနွယ် မင်းသား နှစ်ပါးမှာ ကောင်းကင်ယံသို့ မော့ကြည့်လိုက်ကြ၏။ သူတို့ နှစ်ဦးစလုံးမှာ ယခုလေးတင် သက်ဆိုင်ရာ ဆုလာဒ်များကို လက်ခံရယူပြီးနောက် ပြန်လာခဲ့ကြခြင်း ဖြစ်သည်။ ပဥ္စမမြောက် မင်းသား ထျန်းကျန်းဟန်၏ မျက်နှာမှာ သရဲတစ္ဆေ တစ်ကောင်လို ဖြူရော် နေခဲ့၏။ ထျန်းရီဝူကတော့ တည်ငြိမ်မှု အပြည့်ဖြင့် ကောင်းကင်ကို အေးဆေးစွာ မော့ကြည့် နေခဲ့သည်။

“သတ္တမမြောက် ညီလေး...”

ထျန်းကျန်းဟန်မှာ နာရီ နောက်ပြန် ရေတွက်မှုကို မြင်တွေ့သော်လည်း ဂရုစိုက်ခြင်း မရှိပါချေ။ ထို့အစား ထျန်းရီဝူကိုသာ လှည့်ကြည့်လိုက်၏။

“ဘာလို့ သူတို့ကို အသီးတွေ ပေးလိုက်တာလဲ...”

၎င်းမှာ လွန်ခဲ့သည့် တစ်နာရီ လုံးလုံး သူ မြိုသိပ်ခဲ့ရသည့် မေးခွန်းဖြစ်သည်။ လွန်ခဲ့သည့် သုံးနာရီခန့် အချိန်အထိ ထျန်းကျန်းဟန်မှာ နာ့ရှင်းရီထက် ကိုယ့်ကိုယ်ကို မနိမ့်ကျဟု ယုံကြည်ချက် ရှိခဲ့သည်။ တကယ်တမ်းအားဖြင့်... တတိယမြောက် ညီတော်မှာ သူ့ထက် အဆပေါင်းများစွာ ပိုမို မြင့်မားသည်ဟု ခံစားရသည်။

သို့သော်လည်း နာ့ရှင်းရီ၏ တိုက်ခိုက်မှုအောက်တွင် တစ်ချက်တည်းဖြင့် ဖိနှိပ်ခံရပြီးနောက်တွင်တော့ ဤခေတ်၏ အစစ်အမှန် ထိပ်တန်း ရွေးချယ်ခံများမှာ အလွန်တရာ ကြောက်မက်ဖွယ် ကောင်းကြောင်း စတင် သဘောပေါက် လာခဲ့သည်။ သူ၏ ဓားနှလုံးသား ရည်ရွယ်ချက် နှင့် ကြယ်တရာ သခင် အဆင့် ကျင့်ကြံခြင်း အခြေခံတို့မှာ ယခင် လူငယ်မျိုးဆက် တစ်ခုလုံးကို လွှမ်းမိုးရန် လုံလောက်ခဲ့နိုင်သော်လည်း ဤမျိုးဆက်တွင်တော့ အနည်းငယ် ကောင်းမွန်သည့် အထဲတွင်သာ ပါဝင်ပေသည်။

ထျန်းရီဝူ၏ မျက်လုံးများကတော့ လုံးဝ တည်ငြိမ် နေခဲ့၏။ သူက တိတ်တဆိတ်ပင် ဝိညာဉ် အာရုံကို အသုံးပြု၍ အဖြေပေးလိုက်သည်။

“ငါမှ အသီးတွေကို မလိုချင်တာ...”

“...”

သူ့အဖြေက ထျန်းကျန်းဟန်ကို အံ့ဩသွားစေခဲ့၏။ သတ္တမညီတော်မှာ ကိုယ်တိုင်ပင် လျှို့ဝှက် အာကာသ ကျင့်စဉ်ကို သုံးကာ အသီးသုံးခုလုံးကို အဝေးမှ လှမ်းဆွတ်ခူးခဲ့သည် မဟုတ်ပါလား။

ထျန်းရီဝူက သစ်သီးကို ထုတ်ယူလိုက်၏။ ထို့နောက် သူက အပြုံးနှင့် ၎င်းကို ကြည့်လိုက်သည်။

“နှစ်ပေါင်း ငါးထောင်တိုင်း ကြယ်တာရာ သစ်ပင်က အသက်မျိုးစေ့ တစ်ခု ပါဝင်တဲ့ သစ်သီးတစ်လုံးကို မွေးဖွားပေးတယ်... အဲဒါက အခြား ကြယ်တာရာ သစ်သီး သန်းပေါင်းများစွာကို မွေးဖွားပေးနိုင်တယ်... ဒါပေမဲ့ တစ်ခုတည်းကပဲ အဲဒီလို မျိုးစေ့မျိုးကို မွေးဖွားနိုင်တယ်”

“မျိုးစေ့...”

နားလည် သဘောပေါက်မှုများစွာနှင့် အတူ ထျန်းကျန်းဟန်၏ အားနည်းနေသော မျက်လုံးများမှာ စတင်ကာ တောက်ပလာခဲ့သည်

သို့သော်လည်း ထျန်းရီဝူကတော့ သူ၏ ဓားအလား ဖြောင့်တန်းနေသည့် မျက်ခုံးမွေးများကိုသာ မျက်မှောင်ကြုတ် လိုက်သည်။

“အဲဒါက အဓိက အမြစ်လောက်တော့ အဖိုးမတန်ဘူး... ဒါပေမဲ့ သုံးလွှာ မြေကြီး ရှန့်ထိုက ကြယ်တာရာ သစ်ပင် ပေါ်လာတဲ့ အချိန်မှာပဲ လုပ်ဆောင်ခဲ့တယ် ထင်တယ်... အကာအကွယ် အလွှာ ပြိုကျသွားတဲ့ အချိန်တည်းက စလို့ အဲဒါကို ငါ အာရုံခံလို့ မရတော့ဘူး”

ထျန်းရီဝူ၏ လေသံက တည်ငြိမ်နေသော်လည်း စိတ်ပျက်လက်ပျက်ဖြစ်သည့် အငွေ့အသက် တစ်ချို့ ပါဝင်နေခဲ့သည်။

“သုံးလွှာ မြေကြီးရှန့်ထိုက လုပ်ဆောင်ခဲ့တယ် ဟုတ်လား...”

ချက်ချင်းပင် ထျန်းကျန်းဟန်မှာ ထျန်းရီဝူ၌ ရည်ရွယ်ချက် များစွာ ရှိကြောင်း သဘောပေါက်လိုက်သည်။ သူက အသီးကို ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့ချေ။ လိုချင်ခဲ့သည့်ပုံလည်း မရချေ။ အဓိက အမြစ်ကို အာရုံခံ၍ မရသောကြောင့်သာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ထျန်းကျန်းဟန် မှားပေသည်။ ထျန်းရီဝူမှာ မျိုးစေ့နှင့် အဓိကအမြစ် နှစ်ခုစလုံးကို တစ်ပြိုင်နက်တည်း ယူရန် ရည်ရွယ်ထားခဲ့ခြင်း ဖြစ်ပေသည်။

...

“ထာဝရ လမ်းစဉ်...”

ဝူပိုင်ကျိုးက ညင်သာစွာ ရေရွတ်လိုက်၏။ သူမ၏ မျက်ဝန်းပြာများက ကြယ်တာရာ အလင်းတန်းများနှင့် တောက်ပနေသည်။ သူမ၏ အသက်ရှူသံများက တည်ငြိမ်လှကာ ကိုယ်နေဟန်ထားမှာလည်း ခိုင်မြဲလှ၏။ ရွေးချယ်ခံ ထောင်ပေါင်းများစွာနှင့် တိုက်ခိုက်ခဲ့ရသော်လည်း သူမမှာ အဝတ်အစားပင် တွန့်ကြေခြင်း မရှိပါချေ။ သူမကို လှမ်းကြည့်သည့် ရွေးချယ်ခံများ၏ အကြည့်များ ပင်လျှင် ထိတ်လန့် ကြောက်ရွံ့မှု၊ အံ့ဩတုန်လှုပ်မှုများနှင့် ပြည့်နှက် နေခဲ့၏။

“နင် ဘာရခဲ့လဲ...”

ရွှယ်ရီဖေးက သူမ အနားသို့ လျှောက်လာရင်း ညင်သာစွာ မေးလိုက်သည်။ သူမ၏ နောက်၌ အခြွေအရံများက မသိမသာ ဝန်းရံ၍ လိုက်ပါလာသည်။ သူတို့မှာ နတ်ဘုရားမ၏ အရိပ်အာဝါသအောက် စိုးရိမ် ပူပန်စိတ် မရှိပဲ လိုက်ပါလာနေသည့် သစ္စာရှိ ကိုးကွယ်သူများလိုပင် ဖြစ်သည်။

ဝူပိုင်ကျိုးက စိတ်ဆိုးသည့် အမူအရာနှင့် ကြည့်လိုက်၏။ ရွှယ်ရီဖေးမှာ သူမကို လှည့်ဖြားခဲ့သည်။ တစ်ပြိုင်နက်တည်းပင် နာ့ရှင်းရီကို တားဆီးခဲ့သလို အထွတ်အမြတ် ကြယ်တာရာ သစ်သီးကိုပါ သိမ်းပိုက်ခဲ့သည်။ နောက်လိုက် ရွေးချယ်ခံများမှာ သူတို့၏ အရှင်သခင်မ လှည့်ဖြားခဲ့ကြောင်း သိရှိကြသော်လည်း မည်သူမှ သူမကို အပြစ်တင်သည့် အကြည့်ဖြင့် မကြည့်ခဲ့ကြချေ။

ရွှယ်ရီဖေးက လှပစွာ ပြုံးလိုက်၏။ ဝေ့ဝူယင်၏ နှလုံးသားကိုပင် ဖမ်းစားနိုင်စွမ်း ရှိခဲ့သည့် ထိုအပြုံးမှာ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူပေါင်းများစွာ၏ အသက်ရှူသံများကို ရပ်တန့် သွားစေခဲ့သည်။ သူမ၏ ဆွဲဆောင်နိုင်စွမ်းမှာ နာ့ရှင်းရီ၊ ထျန်းရီဝူတို့နှင့် ထိပ်တိုက် ရင်ဆိုင်ပြီး နောက်တွင် ပိုမို၍ မြင့်တက်လာခဲ့သည်ဟု ထင်ရကာ သူမ၏ အဆင့်အတန်း အပေါ် ထင်မြက်ချက်များမှာလည်း ဖြည်းညင်းစွာပင် ပြောင်းလဲ နေခဲ့သည်။ ရွှယ်ရီဖေးမှာ ဤနေရာကို ရွေးချယ်ခံ တစ်ဦး အနေဖြင့် ရောက်ရှိလာခြင်း ဖြစ်ကြောင်း သူတို့ သဘောပေါက် လာခဲ့ကြသည်။

“အဲဒါက ဘာအရေးကြီးလဲ...”

ဝူပိုင်ကျိုးက မကျေနပ်ဖြင့် ပြန်ဖြေလိုက်၏။

“နင် မှန်တယ်... ဒါက ဘာလို့ အရေးကြီးမှာလဲ...”

ရွှယ်ရီဖေးက ပြုံးလိုက်၏။ အစစ်အမှန် နဂါး နတ်မိမယ်မှာ တစ်ခုခုကို စောင့်ဆိုင်း နေသလို ဝူပိုင်ကျိုး ခံစားလိုက်ရသည်။ ထာဝရကမ္ဘာ စွန့်စားခန်း အဆင့်မှ ရရှိလာသော ရတနာများမှာ ဗာကီရီ အဖွဲ့ဝင် တစ်ဦး အနေဖြင့် ဝေ့ဝူယင်ထံမှ ရရှိသည့် ထောက်ပံ့မှုများနှင့် နှိုင်းယှဉ်၍ မရနိုင်ကြောင်း သူတို့ နှစ်ဦးစလုံး သိရှိကြပေသည်။ ထို့အပြင် မိန်းကလေး နှစ်ယောက်စလုံးမှာ ကိုယ်ပိုင် အင်အားစုများကို ဦးဆောင်နေကြသူများ ဖြစ်ကာ ဂြိုဟ်များကိုပင် ပိုင်ဆိုင်ထားကြသည်။

သူတို့ ကိုယ်ဆောင် အသုံးပြုခဲ့သည့် အဆင့်မြင့် ပစ္စည်းများနှင့် အရင်းအမြစ်များ၏ အရေအတွက်မှာ စိတ်ကူး မယဉ်နိုင်လောက်အောင်ပင် များပြားလှသည်။ ဆုလာဘ် အမှတ်များမှ ရရှိသည့် အနည်းငယ်မျှသော ပမာဏမှာ ပင်လယ်ကြီးထဲမှ ရေတစ်ပေါက်မျှသာ ဖြစ်သည်။ သို့သော်လည်း... ၎င်းတို့ကို အလကား လွှင့်ပစ်ရလောက်အောင်တော့ သူတို့ ဘဝင် မမြင့်ပါချေ။ ရရှိလာသမျှ အရင်းအမြစ်များအား သေချာစွာ စီမံ ခန့်ခွဲနိုင်ခြင်းမှာ ဗာကီရီ အဖွဲ့ဝင် တစ်ယောက်၏ အရည်အချင်း ဖြစ်ပေသည်။

ထို့အပြင်... ဝေ့ဝူယင်မှာ သူတို့ ဦးစီးသည့် အင်အားစုများ အတွက် လုံလောက်သည့် ပမာဏကိုသာ ချီးမြှင့်ပေသည်။ ပိုမို၍ လိုချင်ပါက ကိုယ်တိုင် ရှာဖွေရမည် ဖြစ်သည်။ ထို့ကြောင့်ပင် မဟာစက်ဝန်း ကြယ်ကွင်းပြင် အစောပိုင်း နေ့ရက်များ၌ ရွှယ်ရီဖေးမှာ သူမ၏ နဂါးတပ်ဖွဲ့ကို သုံးကာ အချိန်သခင်များ၊ ကြယ်တာရာ သခင်များနှင့် သေမျိုး ကြယ်တာရာ အဆင့်များထံမှ ဂြိုဟ်များနှင့် လောကနယ်မြေများကို လိုက်လံ သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။ ထိုနည်းဖြင့် သူမမှာ အင်အားနှင့် ပိုင်နက်တို့ကို ချဲ့ထွင်ခဲ့သည်။ သို့သော်လည်း... ထိုအရာ အားလုံးမှာ အာရုဏ်ဦး ကြယ်တာရာ နယ်မြေ ပေါ်မလာခင် အချိန်တုန်းက ဖြစ်ခဲ့ပေသည်။

သို့သော်လည်း... ယခုအခါတွင်တော့ ဝေ့ဝူယင်၏ တစ်ဦးတည်းသော တရားဝင် အသိအမှတ်ပြု ကိုယ်လုပ်တော် တစ်ဦး အနေဖြင့် အကောက်ခွန်များကို လက်ခံရန်သာ လိုအပ်ပေသည်။

တစ်ချိန်တည်း၌ ဝူပိုင်ကျိုးကတော့ သူမ၏ အင်အားစုများကို ကြယ်ကွင်းပြင် ဆယ့်ရှစ်ခု တစ်လျှောက် နတ္ထိ ဟင်းလင်းပြင်များကို မကြာခဏ ဆိုသလို စူးစမ်း လေ့လာရေး ခရီးများ စေလွှတ်ကာ ဟင်းလင်းပြင် မုဆိုးများ အဖြစ် ပျက်စီးနေသည့် နယ်မြေများ၊ ဂြိုဟ်များကို သိမ်းပိုက်စေခြင်းနှင့် အမှောင် ဟင်းလင်းပြင် အတွင်း ရှင်သန်နေသည့် ထူးဆန်းသော သတ္တဝါများကို နှိမ်နင်းစေခြင်းများ ပြုလုပ်ခဲ့သည်။ သူတို့ နှစ်ဦးစလုံးစီတွင် ကိုယ်ပိုင် လမ်းကြောင်းများ ရှိနေသည်ဟု ဆိုနိုင်ပေသည်။

“နင်...”

ဝူပိုင်ကျိုးက စကားပြောဖို့ ပြင်လိုက်သည်။

“ကျေးဇူးတင်ပါတယ်”

သို့သော်လည်း... ရွှယ်ရီဖေးက ညင်သာသည့် လေသံဖြင့် ရုတ်တရက် ဖြတ်ပြောလိုက်၏။ သူမ၏ မျက်ဝန်းများက အမှန်တကယ် ကျေးဇူးတင်ခြင်းများနှင့် ပြည့်နှက်နေလေရာ ဝူပိုင်ကျိုး တစ်ယောက် အံ့ဩသွားခဲ့သည်။ ရွှယ်ရီဖေး၏ နောက်လိုက် အခြွေအရံများပင် အံ့ဩသွားခဲ့ကြ၏။ မိန်းကလေးက ညင်သာစွာ ပြုံးလိုက်ရင်း ဆက်ပြောလိုက်သည်။

“ဘယ်သူ့ကိုမှ မသတ်ခဲ့တဲ့ အတွက်ပါ...”

***

All Chapters