← Chapters

နံရံများ

Vol. 109 Ch. 1521

နံရံများ

Vol. 109 Ch. 1521

“…”

ဝူပိုင်ကျိုးမှာ မည်သို့မျှ မတုန့်ပြန်ပဲ ငြိမ်သက်စွာပင် ရပ်နေခဲ့၏။ တစ်ခဏ ကြာပြီးနောက် သူမ၏ အကြည့်များက ညင်သာလာကာ လှည့်ထွက်သွားခဲ့သည်။ ရွေးချယ်ခံ ထောင်ပေါင်းများစွာမှာ အရူးများ သဖွယ် သူမကို ဝန်းရံ တိုက်ခိုက်ခဲ့သော်လည်း ထိုအသုံးချခံများကို သတ်ဖြတ်ခြင်း မပြုဖို့ သူမ ဆုံးဖြတ်ခဲ့သည်။

အထွတ်အမြတ် ကြယ်တာရာ သစ်သီးကို မရရှိခဲ့သည့်တိုင် ရွေးချယ်ခံ ထောင်ပေါင်းများစွာ၏ ဝန်းရံ တိုက်ခိုက်မှုများကို ချွေးတစ်စက် မထွက်ပဲ ပြန်လည် ခုခံနိုင်ခဲ့သည့် အတွက် သူမ၏ ဂုဏ်သိက္ခာမှာ များစွာ တိုးတက်လာခဲ့ပေသည်။ အခြားလူများ၏ အကြည့်များ၌ ခိုအောင်းနေသည့် သတိထားမှုကပင် သူမ၏ ဂုဏ်သတင်းမှာ ဆယ်ဆတိုးလာကြောင်း သိရှိဖို့ လုံလောက်ပေသည်။

“ထာဝရ လမ်းစဉ်...”

ဝူပိုင်ကျိုးက ခပ်တိုးတိုး ရေရွတ်လိုက်၏။ သူမ၏ မျက်လုံးများက ကြယ်တာရာ အလင်းတန်းများနှင့် တောက်ပနေကာ အသက်ရှူသံများက တည်ငြိမ် နေခဲ့သည်။

ဝူပိုင်ကျိုးမှာ ဘာမှ မတုန့်ပြန်ခဲ့သော်လည်း ရွှယ်ရီဖေး၏ မျက်နှာထက်၌ နောက်ထပ် အပြုံးတစ်ခု မွေးဖွားလာခဲ့သည်။ သူမက ထိုကိစ္စအပေါ် မည်သို့မှ စိတ်မရှိတော့ကြောင်း ထင်ရှား နေခဲ့ချေပြီ ဖြစ်သည်။ ရွှယ်ရီဖေး လှည့်ထွက်တော့မည့် အချိန်တွင်ပင် လျှို့ဝှက် ဝိညာဉ် ဆက်သွယ်မှု တစ်ခုကို ရရှိလိုက်ရာ သူမ၏ ခြေလှမ်းများမှာ တုန့်နှေး သွားခဲ့၏။

“ကျေးဇူးတင်ပါတယ်”

စကားလုံးနှစ်လုံးတည်း။ သို့သော်လည်း ၎င်းမှာ ရွှယ်ရီဖေးနှင့် ဝူပိုင်ကျိုးတို့၏ ပြိုင်ဘက် ဆက်ဆံရေးတွင် အချင်းချင်း လေးစားမှုနှင့် နားလည်မှုများ လုံလောက်စွာ ပါဝင်နေကြောင်း သိသာ ထင်ရှားစေခဲ့သည်။

နာ့ရှင်းရီ ဝူပိုင်ကျိုး အကြောင်းကို တွေးတောရင်း သက်ပြင်းတစ်ချက် ချလိုက်၏။ အကယ်၍ အတိတ်မှာတုန်းကသာ သူမ ထိုလူဖြင့် မဆုံတွေ့ခဲ့ရပါက၊ မည်သို့မျှ ပြန်လည် မပြင်ဆင်နိုင်တော့သည့် စင်ကြယ်မှုကို မဆုံးရှုံးခဲ့ပါက မည်မျှ ကောင်းလိုက်မည်နည်းဟု တွေးလိုက်မိသည်။ သို့စေကာမူ... ဤသည်က ဘဝသာ ဖြစ်သည်။ လူတိုင်း၌ အတိတ် ရှိစမြဲ ဖြစ်သည်။ ဝူပိုင်ကျိုးမှာ အတိတ်၏ အရိပ်မည်းများထဲမှ ရုန်းထွက်ကာ ကောင်းမွန်သည့် ဘဝ တစ်ခုအား လျှောက်လှမ်းနေနိုင်ခြင်း အတွက် သူမ ဝမ်းသာမိပေသည်။

“အဲဒါကို ငါအရင်ဆုံး ဖြတ်သွားပြမယ်...”

ဝူပိုင်ကျိုးက ကျယ်လောင်စွာ ကြေညာလိုက်လေ၏။

“စောင့်ကြည့်ရတာပေါ့...”

ရွှယ်ရီဖေးကလည်း နောက်ကို လှည့်မကြည့်ပဲ ဆက်လျှောက်ရင်း ပြောလိုက်သည်။ အဆုံးမဲ့ ဧကရာဇ်ဂိုဏ်းချုပ်နှင့် အစစ်အမှန် နဂါး နတ်မိမယ်တို့ အကြားရှိ ပြိုင်ဆိုင်မှု မီးပွားမှာ ရွေးချယ်ခံ အများအပြား၊ အထူးသဖြင့် အမျိုးသား ကျင့်ကြံသူများ၏ စိတ်ဝင်စားမှုကို မြင့်တက်လာစေခဲ့သည်။ ပြိုင်ပွဲ ပြီးဆုံးပြီးနောက်တွင် ဝူပိုင်ကျိုးကို ချစ်ရေးဆိုဖို့ပင် အချို့က ဆုံးဖြတ်ခဲ့ကြလေသည်။

ထိုအရာအား ဖြစ်ပျက်နေစဉ်တွင် လင်းမင်၏ အမျက်ဒေါသများမှာ ပေါက်ကွဲလုနီးပါး ပွက်လောရိုက် နေခဲ့ပြီ ဖြစ်လေတော့သည်။ သူက ထာဝရကမ္ဘာ စွန့်စားခန်း နောက်ဆုံး အဆင့်၏ ရလဒ်များကြောင့် အလွန်ပင် ဒေါသထွက် နေခဲ့ခြင်း ဖြစ်သည်။ ကျောင်းရှုလင်းနှင့် ပိုင်ယုရှီတို့မှာ သူ့ကို ဝိုင်း၍ နှစ်သိမ့်ပေး နေရချိန်တွင် ယီယွင်၊ ချန်ယန်ကျိနှင့် လှပသော အခြား မိန်းကလေး နှစ်ဦးတို့ကတော့ ဘေးနားမှ ကြည့်နေခဲ့၏။

ယီယွင်မှာ တည်ငြိမ်နေသော်လည်း ကျောင်းရှုလင်း လင်းမင်အား နှစ်သိမ့်နေသည်ကို ကြည့်ရင်း စိတ်မသက်သာ သလို ခံစားနေရသည်။ လင်းမင်မှာ ရှုံးနိမ့်မှုကို လက်ခံသင့်သည်ဟု သူ တွေးနေမိ၏။

လက်ရှိ အခိုက်အတန့်၌ ထျန်းရီဝူ အသီးသုံးလုံး စလုံးကို ယူဆောင်ခဲ့ကြောင်း အများစုမှာ သိရှိခဲ့ကြပြီး ဖြစ်သည်။ သို့သော်လည်း... နောက်ဆုံးတွင် နာ့ရှင်းရီနှင့် ရွှယ်ရီဖေးတို့မှာ သူတို့၏ ကိုယ်ပိုင် အသီးများကို ပြန်လည် ရယူနိုင်ခဲ့ကြသည်။ လင်းမင်ကတော့ လောဘသား ရွေးချယ်ခံများ၏ ဝန်းရံ တိုက်ခိုက်မှုကို ခံခဲ့ရကာ ဒဏ်ရာများစွာနှင့် အတူ ပြင်းထန်သည့် မောပန်း နွမ်းနယ်မှုများကို ခံစားနေရသည်။ တိုက်ပွဲ အတွင်း၌ သူ ရွေးချယ်ခံ အချို့ကို သတ်ဖြတ်ပစ်ခဲ့သော်လည်း... အခြားလူများမှာ ကြောက်ရွံ့သွားရမည့် အစား ပိုမို ကြိုးစားရန် တွန်းအား တစ်ခုလို အသုံးပြုကာ ရှေ့သို့သာ တက်လာခဲ့ကြသည်။

ယီယွင်မှ လွဲ၍ ကျန်လူများ အားလုံးကတော့ လင်းမင်၏ စိတ်ခံစားချက်များကို အပြည့်အဝ နားလည်နိုင်ကြပေသည်။ သူတို့ မည်ကဲ့သို့ နားမလည်ပဲ နေနိုင်ပါမည်နည်း။ ထျန်းရီဝူမှာ သူ့ထံမှ အသီးကို မျက်စိရှေ့တွင်ပင် မသိအောင် ယူဆောင်သွားခဲ့ကာ အရှက်ရစေခဲ့သည်။ အနည်းဆုံး... ထိုကဲ့သို့ အရှက်ရခဲ့သူက သူတို့ မဟုတ်ခဲ့တာ ကံကောင်းသည်ဟု ဆိုနိုင်ပေသည်။

“လင်းမင်...”

မိန်းကလေး တစ်ဦးမှာ သူတို့ အနားသို့ လျှောက်လာခဲ့၏။ သူမ၏ လှပသည့် ရုပ်ရည်နှင့် ခန္ဓာကိုယ်တို့မှာ မရေမတွက်နိုင်သည့် အကြည့်များကို တမုဟုတ်ချင်း ဆွဲဆောင် သွားခဲ့သည်။ ထိုလူငယ်၏ ဘေးတွင် အဘယ်ကြောင့် ထိုမျှ များပြားလှသည့် ရွေးချယ်ခံ မိန်းမလှလေးများ ရှိနေရသနည်းဟု များစွာသော လူများမှာ မေးခွန်းထုတ်လိုက်မိကြ။ လင်းမင်တို့၏ အဖွဲ့ထဲတွင် ထိပ်တန်း အလှပိုင်ရှင် မိန်းကလေး လေးဦး ရှိနေခဲ့ပြီး ယခုအခါ ပဉ္စမမြောက် တစ်ယောက်ပါ တိုးလာခဲ့ပြီ ဖြစ်သည်။ ထို့အပြင်... လူအများအပြားမှာ သူမ မည်သူ ဖြစ်ကြောင်း သိကြပေသည်။

လင်းမင်မှာ အသံကို ကြားသည်နှင့် မည်သူ ဖြစ်ကြောင်း တန်းသိလိုက်၏။

“ရှင်းယွင်...”

ထန်ရှင်းယွင် ရောက်လာလိမ့်မည်ဟု မျှော်လင့် မထားခဲ့ရာ သူ အနည်းငယ်ပင် တုန်လှုပ် သွားခဲ့သည်။ မိန်းကလေးက ခပ်မြန်မြန်ပင် လျှောက်လာခဲ့၏။ သူမ၏ အမူအရာက စိုးရိမ် ပူပန်မှုများနှင့် ပြည့်နှက် နေခဲ့သည်။

ထာဝရ ကမ္ဘာ စွန့်စားခန်း အဆင့်တွင်တုန်းက ကြိုတင် သဘောတူထားသည့် အတိုင်း သူမနှင့် လင်းမင်တို့မှာ အကွာအဝေး တစ်ခု ခြားနား၍ နေထိုင်ခဲ့သည်။ သို့သော်လည်း... လတ်တလော အခြေအနေများ အရ လင်းမင် ထျန်းရီဝူထံ အလျင်စလို သွားရောက် ရင်ဆိုင်မှာ ကြောက်လန့်သောကြောင့် သူမ ပေါ်လာခဲ့ခြင်း ဖြစ်သည်။

မိန်းကလေးအား မြင်သည်နှင့် လင်းမင်၏ အကြည့်များမှာ နူးညံ့သွားခဲ့၏။ သူမ၏ စိုးရိမ် ပူပန်နေသည့် မျက်နှာလေးက သူ့ဒေါသများ အပေါ် ရေအေးလောင်းချလိုက်သကဲ့သို့ပင် ဖြစ်သည်။

ထာဝရကမ္ဘာ စွန့်စားခန်း အဆင့်တွင် သူ ဆုံးရှုံးမှု တစ်ချို့ကို ခံစားခဲ့ရတာ မှန်သည်။ သို့သော်လည်း... ထျန်းရီဝူမှာ သူ့ဘဝတွင် အကြီးမားဆုံးသော ဆုံးရှုံးမှု တစ်ခုကို ခံစားခဲ့ရကြောင်း ပြန်လည် သတိရသွားခဲ့သည်။ ထန်ရှင်းယွင်နှင့် ပတ်သက်၍ အနိုင်ရရှိခဲ့သူက သူ ပင်လျှင် ဖြစ်သည် မဟုတ်ပါလား။

မိန်းကလေး၏ လှပသည့် မျက်နှာလေးကို ကြည့်ရင်း လင်းမင်၏ မျက်နှာထက်တွင် ပြီတီတီ အပြုံးတစ်ခု ပေါ်လာခဲ့၏။ ထန်ရှင်းယွင်မှာ ထိုအပြုံး၏ အဓိပ္ပာယ်ကို သိရှိလိုက်ရာ မျက်နှာ တစ်ခုလုံး နီရဲ သွားခဲ့သည်။ သူမက အလျှင်အမြန်ပင် အာရုံလွှဲလိုက်ကာ အခြားလူများကို နှုတ်ဆက်လိုက်၏။

တစ်ချိန်တည်း၌ ရွေးချယ်ခံ မိန်းကလေးများကတော့ ထန်ရှင်းယွင် မနာလိုစွာ လှမ်းကြည့် နေကြသည်။ ထန်မျိုးနွယ်၏ ထိုမင်းသမီးလေးမှာ သတ္တမမြောက် မင်းသား ထျန်းရီဝူနှင့် စေ့စပ်ထားကြောင်း သူတို့ သိကြပေသည်။ ထိုကဲ့သို့သော အဖိုးတန် ရာထူးကို မည်သူက မလိုချင်ပဲ နေပါမည်နည်း။

လင်းမင်နှင့် လင်းရှန်းရှဲ့တို့၏ အဓိပ္ပာယ် ပါသည့် အမူအရာများကို လှမ်းကြည့်ရင်း ထျန်းကျန်းဟန်၏ မျက်နှာက ပြင်းထန်သည့် သတ်ဖြတ်လိုစိတ်များနှင့် ပြည့်နှက် သွားခဲ့၏။ ထိုစုံတွဲမှာ သူတို့ ဖောက်လွဲဖောက်ပြန် ဆက်ဆံရေးကို ဤနေရာမျိုးတွင် ပေါ်တင် ကြွားဝါရဲသည်လား။

၎င်းမှာ အင်ပါယာ ကလန်၏ ဂုဏ်သိက္ခာကို ဓားနှင့် အကြိမ်ကြိမ် ထိုးနှက် နေသကဲ့သို့ ခံစားရသည်။

ထို့အပြင်… သူတို့မှာ ထျန်းရီဝူကိုပါ မခန့်လေးစား လုပ်နေခြင်း ဖြစ်သည်။ စေ့စပ်ထားသူ ရှိနေလျှက်နှင့် အခြား ယောက်ျားသား တစ်ယောက်အား သွားရောက် နှစ်သိမ့်နေခြင်းမှာ အတော်လေးကို ရွံရှာဖွယ် ကောင်းသည့် အပြုအမူ တစ်ခု ဖြစ်သည်။

တစ်ချို့သော ရွေးချယ်ခံများမှာ ထိုအရာကို သတိထားမိသွားကြကာ ထျန်းရီဝူကို ကွက်ကြည့် ကွက်ကြည့် လုပ်လာခဲ့ကြလေ၏။

ထျန်းကျန်းဟန် စိတ်ထဲမှ ပြင်းပြင်းထန်ထန် ကျိန်ဆဲလိုက်ရင်း ထျန်းရီဝူထံ ဝိညာဉ်အာရုံဖြင့် ဆက်သွယ်လိုက်သည်။

“သူက ဘာလို့ သူတို့ကို ကာကွယ်ပေးချင်ရတာလဲ…”

ထိုနှစ်ယောက် လက်ရှိ အချိန်ထိ အသက်ရှူ နေသေးခြင်းက အင်ပါယာ ကလန် အတွက် အရှက်ရစရာ ကောင်းလွန်းသည်ဟု ခံစားရသည်။

“ငါ မသိဘူး…”

ထျန်းရီဝူက ရိုးသားစွာ ပြန်ဖြေလိုက်သည်။ အရိပ် ကျင့်ကြံသူက ဒုတိယ အဆင့် အဆုံးသတ်ကို စောင့်ပြီးမှသာ လုပ်ဆောင်ရန် သူတို့ကို ပြောခဲ့သည်။ ထိုအချိန်သို့ ရောက်ပါက မည်သည့် အနှောက်အယှက်မှ ရှိတော့မည် မဟုတ်ချေ။

…

လေးထောင့်ကွက်များနှင့် ပြည့်နှက်နေသည့် ကုန်းမြေတိုက်ကြီး၏ မထင်မရှား ထောင့်တစ်နေရာတွင်တော့ ခေါင်းစွပ် အင်္ကျီ၊ ရင်ဘတ် ဟကွဲနှင့် ကျင့်ကြံသူ တစ်ဦးမှာ ခြေထောက် တစ်ဖက်ကို ထောက်ကာ အခြား တစ်ဖက်ဖြင့် ၎င်းကို ရစ်ခွေရင်း ထူးဆန်းသည့် ပုံစံဖြင့် ထိုင်နေခဲ့၏။

သူ၏ သွေးနီရောင် မျက်လုံးများမှာ ခေါင်းစွပ်အောက်မှ တဖျပ်ဖျပ် တောက်ပနေကာ အရှေ့ရှိ လူအုပ်ကြီးကို တစ်ဦးတစ်ယောက်မှ မရှိသလိုမျိုး စိုက်ကြည့် နေခဲ့သည်။

ဘုန်း…

ရုတ်တရက် မိုးခြိမ်းသံ တစ်ခု ထွက်ပေါ်လာကာ ချက်ချင်း ဆိုသလို လူတိုင်း၏ အာရုံများကို ဆွဲယူသွားခဲ့၏။ လောကကြီး တစ်ခုလုံးက စတင် တုန်ခါလာသလို လူတိုင်း ခံစားလိုက်ရသည်။

ထို့နောက်တွင်တော့… အထက် ကောင်းကင် မတူညီသည့် အရပ်မျက်နှာ ကိုးခုမှ နေ၍ ရွှေရောင် အလင်းတန်းများ စတင် ဆင်းသက် လာခဲ့၏။ မကြာမီမှာပင် ရွေးချယ်ခံ အုပ်စုမှာ အလင်း နံရံများ၏ ကိုးဖက်ကိုးတန်မှ နဝဂံ သဏ္ဍာန် ဝန်းရံမှုကို ခံလိုက်ရပြီ ဖြစ်လေသည်။

“နောက်ဆုံးတော့ စပြီပေါ့...”

မာ့လုလင်းက အလင်းနံရံများကို ကြည့်ရင်း ခပ်တိုးတိုး ရေရွတ်လိုက်၏။ ရွေးချယ်ခံ ဧကရာဇ်ပြိုင်ပွဲ စတင် ဖွဲ့စည်းခဲ့သည့် နေ့ကတည်းက စလို့ မည်သူမှ မကျော်ဖြတ်နိုင်ခဲ့သည့် ထာဝရ လမ်းစဉ် ခရီးလမ်း ဆိုသော အဆင့်မှာ စတင်ခဲ့ပြီ ဖြစ်လေသည်။

***

All Chapters