နံရံများ၏ ဖွဲ့စည်းပုံ
Vol. 109 Ch. 1522
ကိုးဖက်ကိုးတန်မှ ဝန်းရံနေသည့် ရွှေရောင် အလင်း နံရံများကို ကြည့်ရင်း များလှစွာသော ရွေးချယ်ခံများ၏ နှလုံးသားများမှာ စိတ်လှုပ်ရှားမှု၊ ထိတ်လန့်မှု၊ မျှော်လင့်ချက်များနှင့် အတူ လျှင်မြန်စွာ ခုန်ပေါက် လာခဲ့လေသည်။
နောက်ဆုံးကျ အချိန်ကျ လာခဲ့ပြီ ဖြစ်သည်။
ထာဝရလမ်းစဉ် ခရီး အဆင့်...
ဤအဆင့်မှာ မဟာ စက်ဝန်းကြယ်ကွင်းပြင်၏ ထိပ်သီး ကျင့်ကြံသူများစွာကို မွေးထုတ် ပေးနိုင်ခဲ့မှုဖြင့် ကျော်ကြားပေသည်။ ထိုအထဲမှ တစ်ယောက်ကတော့ ဂုဏ်သိက္ခာ ကြီးမားကာ အလွန် ထူးချွန်လှသော၊ ပြိုင်စံရှား အလှ ဘုရင်မ ဧကရီ ရှောင်ချွမ်းပင် ဖြစ်လေသည်။ သူမမှာ ရွေးချယ်ခံ ဖျက်မြင်း တစ်ယောက် အနေဖြင့်ပင် ဂုဏ်သတင်းနှင့် အရည်အချင်းများကို ဤနေရာတွင် ထင်ရှားစေခဲ့သည်။
ရွှေရောင် အလင်းတန်းများမှာ ပထမ နဝဂံကို ဖန်တီးပြီးနောက် ရပ်တန့်သွားခြင်း မရှိပါချေ။
ဘုန်း...
ကောင်းကင်မှ နေ၍ နောက်ထပ် အလင်းတန်း တစ်ခု ထပ်မံ ဆင်းသက်လာကာ မြေမျက်နှာပြင်ကို မိုးကြိုထစ်ချုန်း သကဲ့သို့ ထိမှန် သွားပြန်၏။ အလင်းများက ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားကာ ပထမ နဝဂံကို ဝန်းရံ၍ ပိုမို ကြီးမားသည့် ဒုတိယမြောက် နဝဂံတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ဘုန်း... ဘုန်း... ဘုန်း...
ထိုကဲ့သို့ ဖြစ်ရပ်များမှာ ဆက်တိုက်ပင် ထပ်တလဲလဲ ဖြစ်ပေါ် နေခဲ့၏။ နဝဂံ တစ်ခုချင်းစီမှာ ယခင် တစ်ခုထက် ပိုမို၍ ကြီးမားကာ အမြဲတစေ ကျန်နဝဂံများကို ဝန်းရံထားခဲ့သည်။ ဤသို့ဖြင့်... နဝဂံ အရေအတွက်ကို ဆုံးဖြတ်ရန် ခက်ခဲသည့် အခြေအနေ တစ်ခုသို့ပင် ရောက်ရှိလာခဲ့သည်။
“လမ်းတွေ ဖန်တီးပြီးပြီ...”
ကျောင်းရှုလင်းက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ သူမ၏ လေသံက စိတ်လှုပ်ရှားခြင်းများနှင့် ပြည့်နှက်နေသည်။
လူ့ဘောင်အဖွဲ့အစည်း၏ အနာဂတ်နှင့် ဦးတည်ရာကို ပုံဖော်ပေးခဲ့သည့် လမ်းကြောင်းမှာ ယခု သူမ၏ ရှေ့မှောက်တွင် ရှိနေခဲ့ပြီ ဖြစ်လေရာ မည်သို့ စိတ်မလှုပ်ရှားပဲ နေနိုင်မည်နည်း။ နာကျင်မှု၊ အထီးကျန်မှုတို့နှင့် အတူ နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်မှု မှတ်ဉာဏ်များမှာ သူမ၏ စိတ်ဝိညာဉ် အတွင်း စီးဝင်လာ၏။ ပြင်းပြသော စိတ်လှုံ့ဆော်မှုများ အောက်တွင် သူမ၏ သူမ၏ ကျင့်ကြံခြင်း အခြေခံက လျှင်မြန်စွာ လည်ပတ် လာခဲ့သည်။
ထိုကဲ့သို့ ခံစားနေရသည်က သူမ တစ်ယောက်တည်း မဟုတ်ပါချေ။ အထူးသဖြင့် အသက်အရွယ် ပိုမို ငယ်ရွယ်ကာ အရည်အချင်း ရှိသည့် မျိုးဆက်သစ်များကြောင့် မူလ ရွေးချယ်ခံ ရာထူးများမှ ဖယ်ရှားခံရပြီး ရွေးချယ်ခံ ဖျက်မြင်းများ အဖြစ် ပါဝင်ရန် အတင်းအကြပ် ရွေးချယ်ခဲ့ရသည့် ကျင့်ကြံသူတိုင်း လိုလို အလားတူ ခံစားနေခဲ့ရခြင်း ဖြစ်သည်။
ခေတ်သစ်က လက်ယပ်ခေါ်နေချိန်တွင် သူတို့မှာ ဘေးဖယ်ထားခြင်း ခံခဲ့ရသည်။ အကယ်၍ အနာဂတ်ကို ပြောင်းလဲနိုင်သည့် အရာတစ်ခုခု ရှိသည် ဆိုလျှင်... ဤရွှေရောင် နံရံများနှင့် ထာဝရ ဧကရာဇ် ချန်ထားရစ်ခဲ့သည့် လမ်းစဉ်မှာ သူတို့ အတွက် တစ်ခုတည်းသော နည်းလမ်းပင် ဖြစ်သည်။
ယီယွင်၊ မင်ယုလင်၊ ထန်ရှင်းယွင် နှင့် လင်းမင် တို့မှာလည်း အလားတူပင် စိတ်လှုပ်ရှားမှု၊ စိတ်အား ထက်သန်မှုများနှင့် ပြည့်နှက် နေခဲ့၏။ လက်ရှိ မျိုးဆက်၏ အငယ်ရွယ်ဆုံး ကျင့်ကြံသူများ အနေဖြင့် ခေတ်သစ် အပြောင်းအလဲမှာ သူတို့ အတွက်တော့ ကောင်းကင်မှ ချီးမြှင့်သည့် ဆုလာဘ်တစ်ခု သဖွယ် ဖြစ်သည်။ ထို့အပြင် ထာဝရ လမ်းစဉ် ခရီးလမ်းမှာ သူတို့၏ ကျင့်ကြံခြင်း အခြေခံကို ထပ်မံ၍ မြှင့်တင်နိုင်မည့် အခွင့်အလမ်းကောင်း တစ်ခု ဖြစ်သည်။
ကျောင်းရှုလင်းက ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ရင်း ရွှေရောင် အလင်း နံရံကို ကြည့်လိုက်သည်။ ၎င်းမှာ ကိုးဖက်ကိုးတန် နံရံများ အနက်မှ တစ်ခု ဖြစ်ပေသည်။ ၎င်းမှာ လွန်ခဲ့သည့် ရှစ်ဆယ့်တစ်နှစ်တုန်းက သူမ လျှောက်လှမ်းခဲ့သည့် လမ်းစဉ်ပင် ဖြစ်ကြောင်း ယခုတိုင် မှတ်မိနေသေးဆဲ ဖြစ်သည်။ မိန်းကလေးက ခေါင်းကို စောင်းရင်း ရွှေရောင် နံရံဘေးနားရှိ နံရံကို ကြည့်လိုက်သည်။ ၎င်းကို လွန်ခဲ့သည့် နှစ်ပေါင်း တစ်ရာ ခြောက်ဆယ့် နှစ်နှစ်တုန်းက သူမ လျှောက်လှမ်းခဲ့သည်။ မိန်းကလေး၏ မျက်လုံးများက ဆက်လက်၍ ရွေ့လျား သွား၏။
လက်ရှိ အချိန်အထိ လမ်းကြောင်း သုံးခုကို သူမ လျှောက်လှမ်းခဲ့ပြီး ဖြစ်သည်။
“အမကျောင်း...”
ယီယွင်က ခေါ်လိုက်၏။ သို့သော်လည်း ကျောင်းရှုလင်းမှာ အတိတ် မှတ်ဉာဏ်များ အတွင်း၌ ပိတ်မိနေခဲ့လေရာ သူ့ခေါ်သံကို သတိမမူမိပါချေ။
"ရှုလင်း...”
လင်းမင်က အနားသို့ လျှောက်သွားရင်း မိန်းကလေး၏ ပခုံးကို ထိလိုက်၏။ သူ၏ အသံက ညင်သာသည်။ နားလည်မှုများနှင့် ပြည့်နှက်နေသည်။ နှစ်သိမ့်ပေးနိုင်စွမ်း ရှိသည်။ မိန်းကလေးမှာ အတိတ်၏ အမှုမဲ့၊ အမှတ်မဲ့ ကျရှုံးမှုများထဲမှ ရုန်းထွက်ကာ လက်တွေ့လောကကို ပြန်လည် ရောက်ရှိလာခဲ့၏။
ချောမော ခန့်ညားကာ ညင်သာစွာ ပြုံးပြနေသည့် လင်းမင်ကို ကြည့်ရင်း တည်ငြိမ်သည့် လှိုင်းထန်နေသည့် စိတ်များက တည်ငြိမ်သွားသလို သူမ ခံစားလိုက်ရသည်။
“ကျွန်မ အဆင်ပြေပါတယ်...”
သူမက နူးညံ့စွာ ပြောလိုက်၏။ ယခုတစ်ကြိမ် ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲက လုံးဝ ခြားနားသလို သူမ ခံစားနေရသည်။ ယခင်ကဆိုလျှင် လောကသခင် အဆင့် ကျင့်ကြံခြင်း အခြေခံဖြင့် ပြိုင်ပွဲ အတွင်း ဝင်ရောက်ခြင်း ပင်လျှင် အလွန် ရှားပါးသည်။
ထို့ကြောင့်ပင် သူတို့မှာ အခြေခံ ခိုင်မာစေရန်နှင့် နားလည်နိုင်စွမ်း အပေါ်တွင်သာ အာရုံစိုက်ခဲ့သည်။ ဂိုဏ်းအတွင်း ရွေးချယ်ခံ တစ်ယောက် ဖြစ်လာဖို့ ပင်လျှင် မိမိထက် အဆင့်သုံးဆင့် ပိုမို မြင့်မားသည့် ကျင့်ကြံသူကို တိုက်ခိုက် အနိုင်ယူဖို့ လိုအပ်သည်။
ကျောင်းရှုလင်းမှာ ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲကို အသက် တစ်ရာ့ ငါးဆယ်ခန့် အရွယ်တွင် ကြယ်တာရာ အမြုတေ အဆင့်ငါး အလင်းပြန်ခြင်း အဆင့်ဖြင့် စတင် ဝင်ရောက်ခဲ့သည်။ ပြိုင်ပွဲ သုံးကြိမ်တိတိ ဖြတ်သန်းခဲ့ပြီး နောက် ဤသည်မှာ သူမ၏ နောက်ဆုံး အကြိမ်နှင့် အဆုံးစွန်သော အားထုတ်မှုတို့ပင် ဖြစ်သည်။
ထိုနောက်တွင်တော့ သူမမှာ ကြယ်တာရာ သခင် တစ်ယောက် ဖြစ်လာရန် အာရုံစိုက်ရမည် ဖြစ်ပြီး လျှို့ဝှက် တာအိုကို နားလည်ရန် ရာစုနှစ် အနည်းငယ် အချိန်ယူ၍ လျှို့ဝှက် အာဏာရှင် တစ်ယောက် ဖြစ်လာရန် ကြိုးပမ်းရမည် ဖြစ်သည်။ ထိုကဲ့သို့ မဟုတ်ပါက... ရှေးယခင်က လူပေါင်းများစွာလို သူမမှာ ကျရှုံးခြင်းပေါင်း များစွာနှင့် မထင်မရှား ပျောက်ကွယ်သွားရလိမ့်မည် ဖြစ်ပေသည်။
ထိုအခါ ကျောင်းရှုလင်းကို မည်သူက မှတ်မိတော့မည်နည်း။ မည်သူက ဂရုစိုက်မည်နည်း။
ကျောင်းရှုလင်းအား လင်းမင် ထိတွေ့လိုက်သည်ကို ကြည့်ကာ ယီယွင်၏ မျက်လုံးများက အနည်းငယ် အရောင်ပြောင်း သွားခဲ့၏။ သို့သော်လည်း... သူက ထိုအကြောင်းအရာနှင့် ပတ်သက်၍ မှတ်ချက်စကား မဆိုပဲ နံရံများကိုသာ ကြည့်လိုက်သည်။
“ဒီနံရံတွေက ဘာတွေလဲ...”
သူက ရွေးချယ်ခံ ဖျက်မြင်း တစ်ယောက် အနေဖြင့် ပြိုင်ပွဲ အတွင်း ပါဝင်လာသူ ဖြစ်သည်။ ထို့အပြင်... အသက် အငယ်ဆုံး ပါဝင် ယှဉ်ပြိုင်သူများထဲမှ တစ်ဦး ဖြစ်သည်။ ထို့ကြောင့်ပင် ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲနှင့် ပတ်သက်၍ မသိခြင်းများစွာကို ရင်ဝယ်ပိုက်ထားသည်။ သူ မေးမြန်းတိုင်းလည်း အားလုံးက အချိန်ကျသည် အထိ စောင့်ရန်သာ ရိုးရှင်စွာ ပြောခဲ့သည်။
ယခုအခါ၌ အချိန်အခါက ကျရောက်လာခဲ့ပြီ ဖြစ်သည်။ သူ၏ သိချင်စိတ်မှာ ပြင်းထန်စွာ တောက်လောင်နေခဲ့၏။
ကျောင်းရှုလင်း အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်သည်။ မိမိကိုယ်ကို အပြည့်အဝ ပြန်လည် ထိန်းချုပ်လိုက်ပြီးနောက် အတူတကွ ပါလာသည့် ငယ်ရွယ်နုနယ်သော ရွေးချယ်ခံ အဖွဲ့ကို ကြည့်လိုက်သည်။ သူမ၏ ခန့်မှန်းချက်များသာ မမှားပါက ထိုလူငယ်လေးများမှာ နောင်မျိုးဆက်၏ အဓိက မှီခိုရာများ ဖြစ်လာဖွယ်ရှိပေသည်။
ပင့်သက်တစ်ချက် ရှိုက်လိုက်ပြီးနောက် မိန်းကလေးမှာ ထာဝရ လမ်းစဉ် ခရီးလမ်း၏ အရှုပ်အထွေးများကို စတင် ဖြည်ချလေတော့၏။ လင်းမင်၊ ထန်ရှင်းယွင်၊ မင်ယုလင်၊ ယီယွင်၊ ချန်ယန်ကျိ နှင့် အခြား လှပသော မိန်းမပျိုလေး နှစ်ဦးတို့မှာ အာရုံစိုက် နားထောင်ခဲ့ကြလေသည်။
ကျောင်းရှုလင်းမှာ ထာဝရလမ်းစဉ် ခရီးနှင့် ပတ်သက်၍ နက်ရှိုင်းစွာ သိရှိထားသူ တစ်ယောက် ဖြစ်လေရာ သူမ၏ ရှင်းပြချက်များမှာ အလွန် ပြည့်စုံပြီး ရှင်းလင်းပြတ်သားခဲ့သည်။
ထာဝရလမ်းစဉ် ခရီးမှာ ကျင့်ကြံခြင်း၏ ရှုထောင့်လေးခုကို စမ်းသပ်သည့် ခက်ခဲကြမ်းတမ်းသော ခရီးတစ်ခု ဖြစ်သည်။ သူတို့မှာ နဝဂံ နံရံများ အားလုံးကို ဖြတ်သန်း၍ မမြင်နိုင်သော်လည်း၊ ထာဝရလမ်းစဉ် နံရံပေါင်း ၁၀၈ ခု ရှိကြောင်း သတင်းများအရ သိရှိရသည်။ ခရီးစဉ်မှာ ထိုအတားအဆီးများအား ဖြတ်ကျော်ခြင်းပင်ဖြစ်သည်။
နံရံတစ်ခုချင်းစီကို စိန်ခေါ်၍ ဖြတ်ကျော်ပြီးနောက် ကျင့်ကြံသူမှာ ကြားရှိ ခါးသီးမှု ပင်လယ်ပြင် ကို ဖြတ်ကျော်ရသည်။ ထို့နောက်တွင်တော့ စိန်ခေါ်သူမှာ ဆုလာဒ် အမှတ်များဖြင့် ကောင်းချီးပေးမှုကို ရရှိလိမ့်မည် ဖြစ်သည်။ ထိုအမှတ်များကို အသုံးပြု၍ အရင်းအမြစ်များနှင့် အဂ္ဂိရတ် ထုတ်ကုန်များကို ရယူနိုင်မည်ဖြစ်သည်။
နံရံ တစ်ခုချင်းစီကို စိန်ခေါ်သော အခါ၌ ခါးသီးမှု ပင်လယ်ကို ဖြတ်ကျော်ရန် နည်းလမ်း သုံးခု ရှိသည်။ ပထမ နည်းလမ်းမှာ အလားအလာ အရှိဆုံး အငြိမ်းချမ်းဆုံး နည်းလမ်း ဖြစ်သည်။ သို့သော်လည်း... အန္တရာယ်ကတော့ ရှိနေသေးဆဲ ဖြစ်သည်။
အကယ်၍ ရွေးချယ်ခံ တစ်ဦး အနေဖြင့် ခါးသီးမှု ပင်လယ်တွင် တစ်နေကုန် အသက်ရှင်သန် နိုင်လျှင် နံရံမှာ သူ့ကို အလိုအလျောက် ဖြတ်ကျော်ခွင့် ပြုမည် ဖြစ်သည်။ ၎င်းမှာ ဖြတ်သန်းရန် အလွယ်ကူဆုံး နည်းလမ်း ဖြစ်ကာ မည်သူ တစ်ဦးတစ်ယောက်နှင့်မျှ တိုက်ခိုက်စရာ မလိုပဲ သီအိုရီ အရ ၈၁ ကြိမ်မြောက် နံရံသို့ ရောက်ရှိနိုင်သည်။
ဒုတိယ နည်းလမ်းကတော့ ရွေးချယ်ခံများမှာ သူတို့ ကျင့်ကြံထားသည့် ခွန်အားကို အားကိုး၍ ရှေ့သို့ ဆက်တိုးရင်း နံရံတစ်ခုချင်းစီကို အင်အားသုံး ချိုးဖျက်ခြင်း ဖြစ်သည်။ လ၎င်းမှာ အစောပိုင်း အဆင့်များတွင် အသုံး အများဆုံး နည်းလမ်း ဖြစ်သော်လည်း နောက်ပိုင်း အဆင့်များတွင်တော့ လျှောက်လှမ်းရန် မဖြစ်နိုင်လောက်အောင် ခက်ခဲသော လမ်းကြောင်းများထဲမှ တစ်ခု ဖြစ်လာလိမ့်မည် ဖြစ်သည်။
နောက်ဆုံး နည်းလမ်းမှာ သွေးထွက်သံယို အများဆုံးနှင့် အပြင်ထန်ဆုံးသော နည်းလမ်းပင် ဖြစ်သည်။ ကျင့်ကြံသူ တစ်ယောက်မှာ ဒုတိယမြောက် နည်းလမ်းကို သုံးကာ နံရံတစ်ခုကို ချိုးဖျက်ဖို့ ကြိုးစားရင်း ကျရှုံးခဲ့သည် ဆိုပါစို့...။ သူ့ကို နံရံက မှတ်သားထားလိမ့်မည် ဖြစ်သည်။ ၎င်းကို ခါးသီးမှတ်ဟု ခေါ်သည်။ ထိုအမှတ်ကို ရသည်နှင့် သူတို့ ယခင် ရရှိထားခဲ့သည့် အမှတ်အားလုံးကို စွန့်လွှတ်ရမည် ဖြစ်သည်။
ထို့နောက်တွင်တော့... သူတို့ကို ပထမ နဝဂံထံ အလိုအလျောက် ပြန်လည် ပို့ဆောင် ပေးလိမ့်မည် ဖြစ်ကာ နောက်တစ်ကြိမ် ပြန်လည် ရင်ဆိုင်ဖို့ အတင်းအကြပ် စေခိုင်းလိမ့်မည် ဖြစ်သည်။
ရွေးချယ်ခံ တစ်ဦးမှာ ထိုနံရံကို မအောင်မြင်သည်ပဲ ထားဦး...။ ခါးသီးမှတ်ငါးခုကို စုဆောင်းမိပါက နောက်ထပ် နံရံတစ်ခုကို ဝင်ရောက်ခွင့် ရရှိမည် ဖြစ်သည်။ သင့်အနေဖြင့် ခါးသီးမှတ်ကို အခြားလူများထံမှ လုယူ၍လည်း ရပေသည်။ သို့သော်လည်း နံရံကို ဖြတ်ကျော်ပြီးချိန်တွင်တော့ ထိုခါးသီးမှတ် အားလုံးမှာ ပျောက်ကွယ် သွားပေလိမ့်မည်။
ဤသည်မှာ နံရံတစ်ခုချင်းစီကို ကျော်လွှားရန် ယခင် ရွေးချယ်ခံများ သိရှိထားသည့် နည်းလမ်း သုံးခု ဖြစ်သည်။ တစ်ခုချင်းစီမှာ ပထမ တစ်ခုထက် ပိုမို၍ ကြမ်းတမ်းသည်ဟု ဆိုနိုင်ပေသည်။
***