← Chapters

နံရံများ၏ ဖွဲ့စည်းပုံ (၂)

Vol. 109 Ch. 1523

နံရံများ၏ ဖွဲ့စည်းပုံ (၂)

Vol. 109 Ch. 1523

ရှင်းပြမှု အဆုံးသတ်ပြီးနောက် ကျောင်းရှုလင်းမှာ လေထု အတွင်း ဆာလောင်သည့် အငွေ့အသက်များ စိမ့်ဝင်လာသလို ခံစားလိုက်ရသည်။ ပထမဆုံး အကြိမ် ကြိုးစားခဲ့စဉ်တုန်းက သူမ ကိုယ်တိုင်လည်း မည်မျှ စိတ်အား ထက်သန်နေခဲ့သည်ကို ပြန်လည် တွေးတောလိုက်ရင်း ဖြူရော်သည့် အပြုံးတစ်ခုက သူမ၏ နှုတ်ခမ်းထက်၌ နေရာယူလာခဲ့သည်။

“အဆင်သင့် ပြင်ဆင်ထားကြပါ... လမ်းကြောင်း တစ်ခုကို စိန်မခေါ်ခင် ကိုယ်ရဲ့ ခွန်အားက အမြင့်ဆုံး အခြေအနေမှာ ရှိနေကြောင်း သေချာပါစေ”

မိန်းကလေးက လေးနက်သည့် အမူအရာဖြင့် သတိပေးလိုက်၏။ နံရံများအား စိန်ခေါ်ရာ၌ အတွေ့အကြုံ ရှိသူများ ဆိုလျှင် မြေပြင်ပေါ် ထိုင်ချကာ အဂ္ဂိရတ် ထုတ်ကုန်များကို သုံးစွဲရင်း ကုန်ဆုံးသွားခဲ့သည့် ခွန်အားများကို ပြန်လည် ဖြည့်တင်း နေကြပြီ ဖြစ်လေသည်။ ထာဝရလမ်းစဉ် ခရီးလမ်းကို ဖြတ်သန်းရာ၌ စိတ်၊ ရုပ်၊ အမတေနှင့် ဝိညာဉ် လမ်းစဉ် လေးရပ်လုံးတွင် အထွတ်အထိပ်သို့ ရောက်ရှိနေခြင်းမှာ အလွန် အရေးကြီးသည်။

“ခဏလေး”

ရုတ်တရက် ယီယွင်က ပြောလိုက်၏။ ကျောင်းရှုလင်းက သူ့ဘက်ကို လှည့်ကြည့်လိုက်ရင်း ကြိုတင် ပြင်ဆင်ထားသည့် စွမ်းအင်ဖြည့် ဆေးလုံး တစ်ချို့ကို ထုတ်ယူလိုက်သည်။ ထိုအထဲ၌ စိတ်၊ ရုပ်၊ အမတေနှင့် ဝိညာဉ်တို့ကို ကန့်သတ်ချက် ကျော်လွန်၍ လှုံ့ဆော်ပေးနိုင်သည့် ဆေးလုံး တစ်ချို့လည်း ပါဝင်ပေသည်။ မိန်းကလေးမှာ ပြင်ဆင်မှုများ စတင်ပြုလုပ်ရန် အသင့်ဖြစ်နေပြီဖြစ်သည်။

သို့သော်လည်း... ယီယွင်ကတော့ ပတ်လည် ကိုးဖက် ကိုးတန်တွင် ရှိနေသည့် နံရံများကို ကြည့်ကာ ရှုပ်ထွေးနေဆဲဖြစ်သည်။

“နံရံ ကိုးခုက ဘယ်လို အဓိပ္ပာယ်တွေ ရှိတာလဲ... ကျွန်တော်တို့က ဘယ်တစ်ခုထဲကို ဝင်ရမှာလဲ”

ထိုမေးခွန်းက လူတိုင်းကို ပြန်လည် အာရုံစိုက်သွားစေခဲ့၏။

“အော်... ဟုတ်သားပဲ…”

ကျောင်းရှုလင်းက သူမ အရေးကြီးဆုံး အပိုင်းကို မေ့သွားခဲ့ကြောင်း သဘောပေါက်လိုက်သည်။ သူမက နံရံတစ်ခုဆီသို့ လက်ညှိုးထိုးပြလိုက်၏။

“အဲဒါကို မြင်ရလား”

သူမ၏ လက်ညှိုးသည် နံရံ၏ အောက်ခြေသို့ ဦးတည်သွားသည်။ ထိုနေရာတွင် အနက်ရောင် အလင်း မြူခိုးများ ရှိနေပြီး ဝင်ပေါက်တစ်ခုနှင့် အလွန်တူနေသည်။

“မြင်ရပါတယ်...”

ယီယွင်က ပြန်ဖြေလိုက်၏။ ကျောင်းရှုလင်းက သူမ၏ လက်ညှိုးကို ဘေးနံရံသို့ ရွှေ့လိုက်ပြီး အဖြူရောင် အလင်း မြူခိုးများကို ထောက်ပြလိုက်ပြန်သည်။

“ဒါကိုလည်း မြင်ပါတယ်...”

ယီယွင်က မမေးရသေးခင်မှာပင် အဖြေပေးလိုက်၏။ ကျောင်းရှုလင်းက ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။

“နံရံတစ်ခုချင်းစီကို ခက်ခဲမှု အလိုက် အမှတ်အသားပြုထားတယ်... ကျင့်ကြံခြင်း ကန့်သတ်ချက် မရှိသလို အသက် ကန့်သတ်ချက်လည်း မရှိဘူး... မင်းတို့ လျှောက်လှမ်းလိုတဲ့ လမ်းကြောင်းကို ရွေးချယ်ရုံပဲ... စနစ်ကတော့ ငါတို့ သိထားတဲ့ မူလအလင်း စနစ်ပဲ... အနက်ရောင် မြူခိုးတွေက အခက်အခဲ အနည်းဆုံး လမ်းကြောင်းဖြစ်ပြီးတော့ အဖြူရောင် မြူခိုးတွေက အခက်အခဲ အများဆုံး လမ်းကြောင်းလို့ ဆိုနိုင်တယ်”

တံခါးတစ်ခုချင်းစီတွင် မြူခိုးများရှိနေပြီး ၎င်းတို့မှာ အနက်ရောင်၊ အနီရောင်၊ လိမ္မော်ရောင်၊ အဝါရောင်၊ အစိမ်းရောင်၊ အပြာရောင်၊ မဲနယ်ရောင်၊ ခရမ်းရောင် နှင့် အဖြူရောင် အဆင်းများ ရှိနေသည်ကို လူတိုင်း သတိပြု လိုက်မိသည်။ ထိုအရောင်များမှာ သူတို့ ကျင့်ကြံကြသည့် မူလအလင်း အဆင့်များနှင့် အမှန်တကယ် ကိုက်ညီနေခဲ့သည်။

ကျောင်းရှုလင်းက ထပ်မံ ရှင်းပြလိုက်၏။

“နောက်တစ်ကြိမ် ထပ်ပြောမယ်... အခက်အခဲ အဆင့်တွေပဲ ရှိတယ်... ကျင့်ကြံခြင်း ဒါမှမဟုတ် အသက်ကို အခြေခံတဲ့ အားနည်းချက်တွေ၊ ကန့်သတ်ချက်တွေ မရှိဘူး... ဒီရောင်စုံ ဝင်ပေါက်တွေက မင်းကို ခရီးလမ်းဆီ ရောက်အောင် ခေါ်သွားလိမ့်မယ်... တစ်ကြိမ် ရွေးချယ်ပြီးရင် ကိုယ်ရွေးချယ်ထားတဲ့ လမ်းကြောင်း မပြီးဆုံးခင် ပြန်လှည့်လို့ မရဘူး”

မင်ယုလင် အံ့သြသွားခဲ့၏။ အခက်အခဲ အဆင့်ကို ကိုးခု အထိ ခွဲခြားထားသည်လား။

“ခဏလေး”

တစ်စုံတစ်ရာကို စတင် တွေးတောမိသည်နှင့် သူမ၏ နှလုံးခုန်နှုန်းမှာ စတင် မြင့်တက်လာသည်။

“အနက်ရောင် လမ်းကြောင်းမှာတောင် ၁၀၈ ခုမြောက် နံရံကို ဘယ်သူမှ မရောက်ဖူးဘူးလား...”

သူမ၏ မေးခွန်းက အဖွဲ့ထဲရှိ လူငယ်များ အားလုံး ထိတ်လန့် တုန်လှုပ်သွားစေသည်။ အကယ်၍ အနက်ရောင် လမ်းကြောင်းကိုပင် ပြီးမြောက်အောင် မလျှောက်လှမ်းနိုင်သေးပါက ဤနံရံများမှာ မည်မျှခက်ခဲမည်နည်း။

ကျောင်းရှုလင်းက အပြုံးဖြင့် ခေါင်းခါလိုက်သည်။ သူမ ကိုယ်တိုင်သည်လည်း ခက်ခဲမှု အဆင့်များ အကြောင်းကို သိရှိခဲ့ရစဉ်က အလားတူ တုံ့ပြန်မှုမျိုး ပြုလုပ်ခဲ့သည်။

"နံရံတွေ အကုန်လုံး ပေါင်းမှ ၁၀၈ ခုပဲ ရှိတယ်... ဆိုလိုတာက လမ်းကြောင်းတစ်ခုချင်းစီမှာ နံရံ ဆယ့်နှစ်ခုပဲ ရှိတယ်... လူတိုင်းက အနက်ရောင် ခါးသီးမှု လမ်းကြောင်းကနေ စပြီး အဖြူရောင် ခါးသီးမှု လမ်းကြောင်းအထိ သွားကြရတယ်... လမ်းကြောင်းတစ်ခု ပြီးဆုံးရင် ဒီကို ပြန်လာရတယ်"

"ဪ..."

သူတို့ အားလုံး ဉာဏ်အလင်း ရရှိသွားခဲ့ကြပြီ ဖြစ်သည်။ လူတိုင်းမှာ တူညီသော လမ်းကြောင်းမှ စတင်ကြရ သော်လည်း အဆုံးသတ်မှာ တူညီလိမ့်မည် မဟုတ်ဟု ဆိုလိုပေသည်။

"အဆင်သင့် ပြင်ကြတော့..."

ကျောင်းရှုလင်းက ပြောလိုက်ရင်း သူမ ကိုယ်တိုင်လည်း ထိုင်ချလိုက်၏။

"ဒီနေရာမှာ ကျွန်မတို့ကို ဘယ်သူမှ လာမတိုက်ခိုက်နိုင်ဘူး မလား..."

မင်ယုလင်က ဟိုကြည့်သည်ကြည့်ဖြင့် မေးလိုက်၏။ သူမမှာ သားရဲကြီးတစ်ကောင်၏ စိုက်ကြည့်ခံ နေရသကဲ့သို့ ခံစားနေရသည်။

သို့သော်လည်း... ကျောင်းရှုလင်းမှာ စတင် ကျင့်ကြံနေခဲ့ပြီ ဖြစ်လေရာ ချန်ယန်ကျိက ဦးဆောင်၍ ပြန်လည် ဖြေကြားလိုက်သည်။

"ငါတို့ ရပ်နေတဲ့ နံရံကိုးဖက် အလယ်ဗဟိုကို နားခိုခြင်း ဆိပ်ကမ်း လို့လည်း ခေါ်တယ်... ဒီနေရာမှာ တိုက်ခိုက်တာကို တားမြစ်ထားတယ်... ခရီးလမ်း မစတင်ခင် ဘယ်အန္တရာယ်ကိုမှ စိုးရိမ်စရာ မလိုဘူး... နောက်ပြီး နာကျင်မှု အမှတ်အသား မရှိဘူး ဆိုရင် တိုက်ခိုက်ခံရမှာကို စိုးရိမ်စရာ မလိုပါဘူး... အဲဒါမပါဘဲ ဘယ်သူ့ကိုမှလည်း မတိုက်ခိုက်နဲ့... ဒုက္ခရောက်လိမ့်မယ်"

ရှေးယခင် ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲများမှာတုန်းက နံရံများအား မဖြတ်ကျော်နိုင်ပဲ အသက် ဆုံးရှုံးသွားခဲ့ရပုံများကို ပြန်လည် တွေးတောရင်း သူ သက်ပြင်းတစ်ချက် ချလိုက်သည်။ ထို့နောက်တွင်တော့ သူသည်လည်း ထိုင်ချကာ ကျင့်ကြံခြင်း ဈာန်ဝင်စားမှု အတွင်း ဝင်ရောက်သွားခဲ့တော့သည်။

"..."

ရုတ်တရက်... လင်းမင်၏ မျက်ခုံးများမှာ တွန့်ချိုးသွား၏။ စူးစူးရဲရဲ အကြည့်တစ်ခုကို သူ ခံစားမိသော်လည်း သေချာ အာရုံခံကြည့်သော အခါတွင်လည်း မည်သည်ကိုမှ မတွေ့ရပြန်ပါချေ။

၎င်းက အနည်းငယ် ထူးဆန်းပေသည်။

...

တစ်ချိန်တည်း၌ အင်ပါယာ မင်းသား နှစ်ပါးမှာ ခါးသီးမှု လမ်းကြောင်းရှေ့တွင် ရပ်နေကြ၏။ အနက်ရောင် မြူခိုးများနှင့် ပြည့်နှက်နေသည့် ဝင်ပေါက်မှာ နူးညံ့သည့် အသံများကို ထုတ်လွှတ်နေကာ သူတို့ကို ဝင်ရောက်ရန် ဖိတ်ခေါ်နေသယောင် ရှိသည်။

ထျန်းကျန်းဟန်က ထျန်းရီဝူကို ကြည့်လိုက်၏။

"မင်း ဘယ်လိုလုပ်မလဲ..."

ထျန်းရီဝူမှာ ဒုတိယအဆင့်၏ အဆုံးသတ်သို့ ရောက်မှသာ လှုပ်ရှားရန် သဘောတူခဲ့ကြောင်း သူ သိပေသည်။ သို့သော်လည်း... လင်းမင်နှင့် ထန်ရှင်းယွင်တို့သာ နောက်ဆုံး နံရံကို မချိုးဖျက် နိုင်ခဲ့ပါက အခွင့်အရေးကို သူတို့ ဆုံးရှုံးသွားရလိမ့်မည် ဖြစ်သည်။

"ဒုတိယအဆင့်ရဲ့ အဆုံးသတ်က သူတို့ရောက်နိုင်တဲ့ နောက်ဆုံးနံရံပဲ"

ထျန်းရီဝူက တည်ငြိမ်စွာ ပြောလိုက်ရင်း အနက်ရောင် မြူခိုးများ အတွင်းသို့ တိုးလျှိုး ဝင်ရောက် သွားတော့၏။ ထျန်းကျန်းဟန်၏ ပျင်းရိ လေးဖင်သည့် အမူအရာက ရုတ်ချည်းဆိုသလိုပင် တောက်ပ၊ ပျော်ရွှင်သည့် အပြုံးအဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် သူသည်လည်း အေးအေးဆေးဆေးပင် အနက်ရောင် မြူခိုးများထဲသို့ လျှောက်လှမ်းဝင် သွားခဲ့တော့သည်။

...

“လောကသခင် အဆင့် အားလုံးက ၉၀ ခုမြောက် နံရံကို ရောက်ရမယ်... အချိန်သခင်တွေ အားလုံးက ၉၅ ခုမြောက် နံရံကို ရောက်ရမယ်... ကြယ်တာရာ သခင်တွေ အားလုံးက နောက်ဆုံး နံရံကို ရောက်ရမယ်... မရောက်ရင် မင်းတို့ရဲ့ အာဏာရှင် အဖွဲ့ဝင် အဆင့်အတန်းက ဒီနေရာမှာတင် ပြီးဆုံးသွားလိမ့်မယ်”

အာဏာရှင် အင်ပါယာ၏ အသံက ကောင်းကင်ထံမှ သတိပေးချက် တစ်ခုလိုမျိုး အာဏာရှင် အဖွဲ့ဝင်တိုင်း၏ စိတ်၊ နှလုံးသားနှင့် ဝိညာဉ်များ အတွင်း နောက်တစ်ဖန် ပဲ့တင်ထပ်သွားခဲ့ပြန်သည်။ အာဏာရှင် အဖွဲ့ဝင်တိုင်း လိုလိုမှာ အရွက်တစ်ရွက်အား ရယူနိုင်ခဲ့သည့် အကျိုးအမြတ်များကို ဘေးဖယ်ကာ ဒုတိယ အဆင့်ရှိ နံရံများအား ဖြတ်ကျော်ရန်သာ အပြည့်အဝ အာရုံစိုက် နေခဲ့ကြလေသည်။ သူတို့ ဘဝ၌ အကြောက်ဆုံး အရာမှာ အာဏာရှင် အဖွဲ့ဝင် အဆင့်အတန်းအား ဆုံးရှုံးသွားမှာကို ဖြစ်ပေသည်။

“…”

ယီယွင်မှာ သတိပေးသံကို ပထမဆုံး အကြိမ် အဖြစ် ကြားလိုက်ရလေရာ နှလုံးသား တစ်ခုလုံး တုန်ရီလာခဲ့၏။ သူက ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲကို အာဏာရှင် အဖွဲ့ဝင် တစ်ဦး အနေဖြင့် ဝင်လာခဲ့ခြင်း မဟုတ်ပဲ မူလဂိုဏ်းနှင့် မဟာမိတ်များအား ကူညီရန် ရွေးချယ်ခံ ဖျက်မြင်း တစ်ယောက် အနေဖြင့် ပါဝင် လာခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့်ပင်... ပထမ အဆင့်၌ အာဏာရှင် အဖွဲ့ဝင်များ ခံစား ရရှိခဲ့သည့် အခွင့်အလမ်း တစ်ချို့ကို စွန့်လွှတ်ခဲ့ရသည်။ သို့သော်လည်း ထိုဆုလာဒ်များမှာ သူ ချစ်ရသူများ၏ အသက်နှင့် ညီမျှခြင်း မရှိလေရာ ယီယွင် နောင်တ မရပါချေ။ အကယ်၍ သူသာ လိုက်ပါ မလာပါက မင်ယုလင်၊ ကျောင်းရှုလင်းနှင့် ချန်ယန်ကျိတို့ ကဲ့သို့သော ပုဂ္ဂိုလ်များမှာ သေဆုံးကောင်း သေဆုံးသွားလောက်ပြီ ဖြစ်ပေသည်။

သို့သော်လည်း... ယခု ကြေညာချက်ကို ကြားလိုက်ရသော အခါတွင်တော့ သူ၏ နှလုံးသားက တဒိတ်ဒိတ် ခုန်လာကာ မျက်လုံးများမှာ ကျဉ်းမြောင်း သွားခဲ့လေသည်။

အချိန်သခင် တစ်ဦး အနေဖြင့် သူက ၉၅ ခုမြောက် နံရံကို ရောက်ရှိရမည်လော။ မရောက်လျှင် အာဏာရှင် အဖွဲ့ဝင် အဆင့်အတန်းမှ ဖယ်ရှားခံရမည်လော။ သမိုင်းတစ်လျှောက် မည်သူမျှ အဆုံးသတ်ထံ မရောက်ဖူးခဲ့ခြင်းကို ထည့်သွင်း စဉ်းစားရလျှင် ၎င်းမှာ အကျိုးအကြောင်း ဆီလျော်မှု မရှိရာ ကျနေခဲ့ပြီ ဖြစ်သည်။

သို့သော်လည်း... အာဏာရှင် အဖွဲ့ဝင် တစ်ဦး အနေဖြင့် ဝေ့ဝူယင်၏ ပြုစုပျိုးထောင်မှုများမှာ အဖိုးမဖြတ်နိုင်ကြောင်း သူ သိပေသည်။ အာဏာရှင် အဖွဲ့ဝင်တိုင်းလိုလိုမှာ ကျင့်ကြံခြင်း ရင်းမြစ်များကိုသာ ရရှိရုံမျှ မက... သူတို့၏ ကျင့်ကြံခြင်း အခြေခံနှင့် ကိုက်ညီသည့် အဆင့်ခုနစ်၊ အဆင့်ရှစ်နှင့် အဆင့်ကိုး အဂ္ဂိရတ် ထုတ်ကုန်များကိုပါ အံ့ဩဖွယ် ကောင်းလောက်အောင် အလွယ်တကူ ရရှိသည်။ ထို့အပြင် လျှို့ဝှက် ဝိညာဉ် အဆင့်မှသည် မြေကြီး ရှန့်ထို အဆင့်အထိ ဆရာသခင်များမှာလည်း သူတို့ကို အမျိုးမျိုးသော ကျင့်စဉ်များ၊ အစီအရင်များနှင့် ကျင့်ကြံခြင်း ဆိုင်ရာ အခြေခံ ဗဟုသုတများကို သင်ကြားပေးခဲ့သည်။

ထို့ကြောင့်ပင် အာဏာရှင် အဖွဲ့ဝင် အဆင့်အတန်းသည် နှိုင်းယှဉ်၍ မရအောင် တန်ဖိုးရှိလှသည်။ ထို့ပြင် ဝေ့ဝူယင်မှာ ကိုယ်ပိုင် လွတ်လပ်ခွင့်ကို အံ့မခန်းစွာ ခွင့်ပြုပေးထားခဲ့သည်။ ယခင်က အကြောင်း အမျိုးမျိုးကြောင့် ပါဝင်ရန် ချီတုံချတုံ ဖြစ်ခဲ့သော်လည်း ယခုတွင်တော့ ဖယ်ရှားခံရမည်ကို ကြောက်လန့်၍ နေ အခြားအကြောင်းများကြောင့် ပါဝင်ခဲ့သော်လည်း ဖယ်ရှားခံရရန် မလိုချင်ခဲ့ပေ။

“ဧကရီ ဘယ်အထိ ရောက်ခဲ့သလဲ”

ရုတ်တရက် ယီယွင်မှာ သတိရသွားကာ မေးလိုက်လေ၏။

***

All Chapters