စတင် လှုပ်ရှားခြင်း
Vol. 109 Ch. 1524
“ဧကရီ ဘယ်အထိ ရောက်ခဲ့သလဲ”
မင်ယုလင် နှင့် ယဲ့ကျီးတို့ နှစ်ယောက် စကားစမြည် ပြောနေစဉ်မှာပင် ယီယွင်၏ မေးသံ ထွက်ပေါ်လာခဲ့၏။ ယဲ့ကျီးမှာ ဧကရီ ရှောင်းချန်၏ အသည်းစွဲ ပရိတ်သတ်တစ်ဦး ဖြစ်ကာ သူမ ဝတ်ဆင်ထားသည့် အဝတ်အစားများ ပင်လျှင် ဧကရီ ရှောင်ချွမ်း ငယ်ရွယ်စဉ်က မကြာခဏ ဆိုသလို ဝတ်ဆင်ခဲ့သည့် ပုံစံများ ဖြစ်ကြောင်း သိရှိနိုင်ပေသည်။
ဧကရီ အကြောင်း မေးမြန်းသံ ကြားသည်နှင့် ယဲ့ကျီး၏ မျက်ဝန်းများမှာ စိတ်လှုပ်ရှားစွာဖြင့် တောက်ပလာခဲ့၏။ ထို့နောက်တွင်တော့ သူမက စိတ်အား ထက်သန်စွာဖြင့် ပြန်ဖြေလိုက်လေသည်။
“ဧကရီက အဝေးဆုံးထိ ရောက်အောင် လျှောက်နိုင်ခဲ့သူတွေထဲက တစ်ဦးပဲ... ကြယ်တာရာ သခင် တစ်ယောက် အနေနဲ့ ၇၁ ခုမြောက် နံရံ အထိ ရောက်ခဲ့တယ်... မှတ်တမ်းတွေ အားလုံးထဲမှာ ဒုတိယ နေရာ အထိ ချိတ်တယ်... အဲဒါက အသက် မကျော်ခင် နောက်ဆုံး ကြိုးပမ်းမှု ဖြစ်ပြီးတော့ တစ်လောကလုံးကိုပါ လှုပ်ခတ် စေခဲ့တယ်”
ယဲ့ကျီးမှာ ကျောလည်ထိ ရောက်သည့် အနက်ရောင် ဆံပင်ရှည်များ၊ အဝါရောင် တောက်တောက် မျက်ဝန်းများနှင့် အတူ သိမ်မွေ့စွာ ဝတ်ဆင်ထားသည့် မိန်းမလှလေး တစ်ဦး ဖြစ်သည်။ သူမ၏ အဝါရောင် မျက်ဝန်းများမှာ သန့်ရှင်း စင်ကြယ်သည့် စွမ်းအင်များနှင့် ရစ်သိုင်း နေလေရာ မွေးရာပါ မဟုတ်ပဲ ကျင့်ကြံခြင်း နည်းလမ်း တစ်ခု၏ အကျိုးဆက် ဖြစ်ကြောင်း သိသာလှပေသည်။ သို့စေကာမူ... ၎င်းမှာ သူမ၏ ဆွဲဆောင်မှုကို ပိုမို၍ မြှင့်တင်နေသယောင်ပင် ရှိသည်။
သွမ့်ရုကတော့ ခေတ်ဆန်သည့် ကိုယ်ကြပ် ပန်းရောင် အင်္ကျီနှင့် အနက်ရောင် ဘောင်းဘီရှည်တို့ကို တွဲဖက် ဝတ်ဆင်ထားလေရာ သမာရိုးကျ အဝတ်အစားများနှင့် ကျင့်ကြံသူများကြားတွင် သိသိသာသာ ထင်ပေါ် နေခဲ့သည်။ သူမက ဆွဲဆောင်နိုင်စွမ်း ရှိသည့် အလှအပမျိုးကို ပိုင်ဆိုင်ထားသည်။ သို့သော်လည်း... သူမ၏ ရောင်ဝါမှာ မထိရက်စရာ ကောင်းလောက်အောင်ပင် သန့်ရှင်းလှရာ မည်သည့် ယောက်ျားနှင့်မျှ မထိတွေ့ရသေးကြောင်း ထင်ရှားလှသည်။ သူမ၏ မျက်ဝန်းများကတော့ ညကောင်းကင် အလား နက်မှောင်ကာ ဆွဲဆောင်မှု ရှိလှ၏။
ယဲ့ကျီးနှင့် သွမ့်ရုတို့ နှစ်ယောက်မှာ ထာဝရကမ္ဘာ စွန့်စားခန်း အဆင့်တွင် ယီယွင်၏ နံဘေးမှ လိုက်ပါခဲ့သည့် မိန်းကလေး နှစ်ယောက်ပင် ဖြစ်သည်။
ယဲ့ကျီးမှာ နာမည်ကျော် သေမျိုးတစ်ပိုင်း အရှင်အဆင့် ဟင်းလင်းပြင် မုဆိုး ၏ တစ်ဦးတည်းသော သမီးဖြစ်သည်။ သွမ့်ရု၏ နောက်ခံမှာလည်း နိမ့်ကျခြင်း မရှိပါချေ။ သူမမှာ သေမျိုးတစ်ပိုင်း အရှင် အဆင့် နှစ်ယောက်၏ သမီး ဖြစ်သည်။ ထိုအထဲမှ တစ်ယောက်မှာ ကုန်စည် အစည်းအရုံး တစ်ခု၏ ခေါင်းဆာင် ဖြစ်ကာ အခြားတစ်ယောက်ကတော့ တန်ခိုးရှင် ဂိုဏ်းကြီး တစ်ခု၏ ဘိုးဘေး ဖြစ်ပေသည်။
“၇၁ ခုမြောက် နံရံ ဟုတ်လား...”
ယီယွင်၏ အမူအရာက မယုံကြည်နိုင်ခြင်းများနှင့် ပြည့်နှက် သွားခဲ့၏။ အသက် ၄၀၀ ကျော်၊ ကြယ်တာရာ သခင် တစ်ဦး အနေဖြင့်ပင် သူမက ၇၁ ခုမြောက် နံရံကိုသာ ရောက်ရှိခဲ့သည်လား။ ရုတ်တရက် ခန္ဓာကိုယ်ပေါ်သို့ မမြင်နိုင်သည့် ဖိအားများစွာ ပိကျလာခဲ့သလို ယီယွင် ခံစားလိုက်ရသည်။
အကယ်၍ သူသာ ၉၅ ခုမြောက် နံရံအထိ မရောက်ရှိခဲ့ပါက...။
...
“ထျန်းရီဝူ ဝင်သွားပြီတဲ့ဟေ့...”
လူသတင်း လူချင်းဆောင်သည် ဆိုသည့် စကားပုံ အတိုင်း မကြာမီမှာပင် ထျန်းရီဝူ ခါးသီးမှု လမ်းကြောင်း အတွင်း ဝင်ရောက်သွားပြီ ဆိုသည့် သတင်းများ ပျံ့နှံ့လာခဲ့သည်။ ထိုသတင်းများကို ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် လင်းမင်၏ စိတ်ခံစားချက်များမှာ ပွက်ပွက်ဆူ လာခဲ့လေသည်။
သူ ချက်ချင်းပင် ရှေ့ကို တိုးကာ ခါးသီးမှု လမ်းကြောင်း အတွင်း ဝင်ရောက်ဖို့ ပြင်လိုက်၏။ ထိုအခိုက်တွင်ပင် ထန်ရှင်းယွင်က သူ့လက်မောင်းကို စိုးရိမ်တကြီး ဆွဲလိုက်သည်။ သူမ၏ မျက်ဝန်းများမှာ စိုးရိမ်စိတ်များနှင့် ပြည့်နှက် နေခဲ့၏။
“လင်းမင်... ငါတို့ရဲ့ ခွန်အားတွေ အထွတ်အထိပ် အခြေအနေ ပြန်ရောက်အောင် အရင်လုပ်သင့်တယ်... ဘာလို့ အလျင်စလို လုပ်မှာလဲ”
လင်းမင်မှာ အလွန်ပင် စိတ်မြန်ကာ မာနကြီးသူ ဖြစ်သည်။ ထို့ကြောင့်ပင် ထျန်းရီဝူကို အလျင်စလို သွားရောက် တိုက်ခိုက်လိမ့်မည်ဟု သူမ ခံစားနေရသည်။ လင်းမင် အလွန် ထူးချွန်သည်မှာ မှန်ကန်သော်လည်း ထျန်းရီဝူနှင့် နှိုင်းယှဉ်နိုင်သည်ဟု မျက်စိစုံမှိတ် ယုံကြည်ပါက သူမ ရူးရာ ကျလိမ့်မည် ဖြစ်သည်။
“…”
လင်းမင် သူ၏ ချစ်လှစွာသော မိန်းကလေးကို တိတ်ဆိတ်စွာ လှည့်ကြည့်လိုက်၏။ သူမ အမှတ်တကယ် စိုးရိမ် ပူပန်နေသည်ကို မြင်ရသောအခါ သူ၏ နှလုံးသားက နူးညံ့လာသည်။ နောက်ဆုံး၌ သူက သဘောတူစွာ ခေါင်းညိတ်လိုက်၏။
“အင်းပါ...”
ထို့နောက်တွင်တော့ သူက ပြန်လည်၍ ထိုင်ချကာ ကျင့်ကြံခြင်း အခြေခံနှင် ခွန်အားများကို ပြန်လည် ဖြည့်တင်းဖို့ အာရုံစိုက်လိုက်တော့သည်။
...
ရွေးချယ်ခံများထဲ၌ စိတ်ရှည်သူများ ရှိသကဲ့သို့ စိတ်မရှည်သူများလည်း ရှိပေသည်။ သောင်းနှင့်ချီသည့် များစွာသော ကျင့်ကြံသူများမှာ ချက်ချင်းပင် ခါးသီးမှု လမ်းကြောင်းကို စိန်ခေါ်ခဲ့ကြလေသည်။
“ဘယ်လောက်တောင် မဆင်မခြင် နိုင်လိုက်သလဲ...”
အချို့က ၎င်းကို ကြည့်ကာ စိတ်ထဲမှ ကဲ့ရဲ့ လိုက်မိကြ၏။ သို့သော်လည်း ထိုကဲ့သို့ ကျင့်ကြံသူများမှာ ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲများ၌ ရှိတတ်ကြလေရာ အများစုကတော့ ဂရုမစိုင်ကြပါချေ။ သူတို့၏ အဆုံးသတ်က အမြဲတမ်း လိုလို တူညီတတ်သည်။ ၎င်းက သေဆုံးခြင်းပင် ဖြစ်၏။
နံရံများကို အလောတကြီး စိန်ခေါ်ဖို့ ဆုံးဖြတ်ခဲ့ကြသူများထဲ၌ မွှေးကြိုင် သင်းပျံ့သည့် ရနံ့များနှင့် ဓားသမား တစ်ဦးလည်း အပါအဝင် ဖြစ်သည်။
ပထမ နံရံကို ဖြတ်သန်းလိုက်သည့် အခိုက်တွင်ပင် ဟုန်ချွင်းဟွာမှာ ပြင်းထန်သည့် ရေတံခွန် တစ်ခုဖြင့် ဆေးကြောခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ သူမ၏ ပခုံးများက တောင်ကြီး တစ်လုံးအား ထမ်းထားရသလို လေးလံလာကာ အမြင်အာရုံမှာလည်း ဝင်ပေါက်မှ အနက်ရောင် မြူခိုးများဖြင့် ဝေဝါးသွားခဲ့သည်။ သို့သော်လည်း... မိန်းကလေးမှာ အမြင်အာရုံ ဝေဝါးမှုကို သက်သာစေရန် မည်သည့် မျက်လုံး ကျင့်စဉ် ကိုမှ ဖော်ထုတ်ခြင်း မပြုခဲ့ချေ။ ရပ်တန့်ခြင်းလည်း မပြုချေ။ ထို့အစား ရှေ့ကိုသာ တည်ငြိမ်စွာ ဆက်လက် လျှောက်လှမ်းသွားခဲ့၏။
နောက်သုံးမိနစ် တိတိ ကုန်လွန်သွားခဲ့သည် အထိ ထိုခံစားချက်က မပြောင်းမလဲ ဆက်လက် ရှိနေသေးဆဲ ဖြစ်သည်။ ၎င်းမှာ အနည်းငယ်မျှ အနှောက်အယှက် ဖြစ်သော်လည်း သာမန် အလင်းပြန်ခြင်း အဆင့် ကျင့်ကြံသူ တစ်ဦးပင် အသားကျသွားလိမ့်မည်ဟု သူမ ခံစားရသည်။
“ခါးသီးမှု ပင်လယ် ဆိုတာလား...”
၎င်းမှာ ပထမဆုံး စိန်ခေါ်မှုဖြစ်သည့် ခါးသီးမှု ပင်လယ်ပြင် ၏ ဖိအားဖြစ်ကြောင်း ဟုန်ချွင်းဟွာ ပြန်လည် အမှတ်ရလိုက်မိသည်။
၎င်းမှာ လောကဖိအားနှင့် ဝိညာဉ် ဖိအားတို့ မဟုတ်ဘဲ စိတ်၊ ရုပ်နှင့် ဝိညာဉ်တို့ကို တန်းတူညီမျှ ပြင်းထန်စွာ ဖိအားပေးသည့် ထူးဆန်းသော စွမ်းအားတစ်မျိုး ဖြစ်သည်။ ကျင့်ကြံခြင်း အခြေခံသာ လုံလောက်အောင် မခိုင်မာပါက ကျင့်ကြံသူမှာ အချိန်ကြာလာသည်နှင့်အမျှ ဆက်တိုက် အားနည်းလာသည်ဟု ခံစားလာရလိမ့်မည် ဖြစ်သည်။ ပိုမို၍ ဆိုးရွားလာပါက အသိစိတ် ပင်လယ်ပင် ပျက်စီး သွားလိမ့်မည် ဖြစ်ကာ ချက်ချင်းပင် လမ်းစဉ် သွေဖီမှု ဖြစ်ပေါ်လာလိမ့်မည် ဖြစ်သ်ည။
ကံကောင်းထောက်မစွာပင်... သူမ ကျင့်ကြံထားသော အခြေခံမှာ အလွန်ပင် မြင့်မားပေသည်။ အဆိုပါ ဖိအားမှာ သူမ အပေါ် အကျိုးသက်ရောက် တစ်စုံတစ်ရာ မရှိပါချေ။
မကြာခင်မှာပင်.... ဟုန်ချွင်းဟွာမှာ သူမ၏ အရှေ့ ပေအနည်းငယ်ခန့် အကွာအဝေး၌ ကောင်းကင်သို့ ရောက်အောင် ထိုးတက်နေသည့် ရွှေရောင် အလင်းလွှာတစ်ခုကို တွေ့ရှိလိုက်ရသည်။ ပြိုင်ပွဲ၏ စည်းကမ်းများကို သူမ စိတ်ဝင်တစား ပြန်လည် တွေးတောလိုက်မိ၏။
ထို့နောက် သူမက ဖြည်းညင်းစွာပင် လျှောက်သွားကာ လက်ညှိုးကို ဆန့်ထုတ်လိုက်ရင်း အတားအဆီးကို ညင်သာစွာ ထိလိုက်သည်။ သိသာထင်ရှားသော တုံ့ပြန်မှုတစ်ခုက ချက်ချင်းပင် သူမထံသို့ စီးဆင်းလာကာ ခန္ဓာကိုယ် အတွင်း လျှပ်စစ်စီးသကဲ့သို့ ခံစားမှုတစ်ခုကို ပို့ဆောင်ပေးခဲ့သည်။
ဟုန်ချွင်းဟွာ တိတ်တဆိတ်ပင် တုံ့ပြန်မှု၏ ခွန်အားကို တိုင်းတာလိုက်၏။ ၎င်းမှာ သာမန် အလင်းပြန်ခြင်း အဆင့် ကျင့်ကြံသူ တစ်ဦး ပြင်းထန်သော အတွင်းဒဏ်ရာများ ရရှိစေနိုင်သည် အထိ ပြင်းထန်လှသည်ဟု သူမ မှတ်ချက် ချလိုက်သည်။
ရုတ်တရက် မိန်းကလေးမှာ သူမ၏ အရေပြားအောက်၌ ပိုးကောင်များ စုဝေးနေသကဲ့သို့ ခံစားလိုက်ရသည်။ သူမ ချက်ချင်းပင် ဝိညာဉ် အာရုံကို အသုံးပြု၍ စစ်ဆေးကြည့်လိုက်၏။ ထိုအခါ ရွှေရောင် စွမ်းအင်မှာ သူမ၏ ဆဲလ်များနှင့် စွမ်းအင် သွေးကြောများကို ဖျက်ဆီးရန် ကြိုးပမ်းရင်း နဖူးဆီသို့ စုဝေးနေသည်ကို မြင်တွေ့လိုက်ရသည်။
သို့စေကာမူ ဟုန်ချွင်းဟွာမှာ မည်သည့် သက်တောင့်သက်သာ မရှိမှုကိုမှ မခံစားရဘဲ အနည်းငယ်မျှသော ယားယံခြင်းကိုသာ ခံစားခဲ့ရသည်။ စွမ်းအင်များ စုဝေးလာကာ သူမ၏ မျက်ခုံး နှစ်ခုကြား နေရာ၌ ထင်ရှားစွာ ပေါ်လွင်လာပြီး ကမ္ဘာတစ်ခုလုံးက မြင်နိုင်သည့် ကြောက်မက်ဖွယ် သင်္ကေတ တစ်ခုကို ဖန်တီးလိုက်သည်။ ထိုသင်္ကေတ၏ အထက်တွင် ‘၁’ ဆိုသည့် နံပတ် ပေါ်ထွက်လာ၏။
“ခါးသီးမှု အမှတ်လား...”
ဟုန်ချွင်းဟွာက အမှတ်အသားကို စစ်ဆေးကြည့်လိုက်၏။ ၎င်းကို အတော်လေး လွယ်ကူစွာ ဖယ်ရှားပစ်၍ ရနိုင်ကြောင်း သူမ သိရှိလိုက်သည်။ သို့သော်လည်း သူမ မလုပ်ခဲ့ပေ။ ထို့အစား ခွန်အားအနည်းငယ် သုံးကာ ရှေ့ရှိ ဧရာမ နံရံကြီးကိုသာ လက်ညှိုးဖြင့် ဖိလိုက်၏။
ခရက်... ခရက်...
နံရံထက်၌ အက်ကွဲကြောင်း တစ်ချို့ ဖြန့်ကျက်လာ၏။ သို့သော်လည်း ထိုမျှသာ ဖြစ်သည်။ သူမ၏ လက်ညှိုးမှာ သာမန် အလင်းပြန်ခြင်း အဆင့် တစ်ယောက်ကို တစ်ချက်တည်း သတ်နိုင်ရန် လုံလောက်သည့်တိုင် နံရံကိုတော့ ဖျက်ဆီးပစ်ရန် မလုံလောက်ခဲ့ပါချေ။
“အဲဒီလိုလား...”
ဟုန်ချွင်းဟွာမှာ နံရံ၏ ခွန်အား ကန့်သတ်ချက်များကို သဘောပေါက်လိုက်ကာ ခွန်အားကို အနည်းငယ် ထပ်မံ တိုးမြှင့်လိုက်၏။ မျက်နှာပြင်ရှိ အက်ကွဲကြောင်းများက လျှင်မြန်စွာပင် ပျံ့နှံ့လာကာ မှန်ကဲ့သို့ အက်ကွဲ လာခဲ့၏။ ထို့နောက်တွင်တော့...
ခွမ်း...
၎င်းမှာ ရွှေရောင်အလင်းမှုန်များအဖြစ် လုံးဝ ပျက်စီးသွားခဲ့တော့သည်။ မိန်းကလေး ရှေ့ကို ဆက်လက် လျှောက်လာသော အခိုက်၌ ရွှေရောင်အလင်းမှုန်များမှာ သူမ၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်လာခဲ့သည်။
ဤတစ်ကြိမ် ရွှေရောင်အလင်းမှာ ယခင်ကနှင့် သိသိသာသာ ကွာခြားလှကာ ကျင့်ကြံခြင်းအား အထောက်အကူ ပြနိုင်သည့် မြူမှုန်များ သဖွယ် ဖြစ်သည်။ ထို့ပြင် သူမ၏ မျက်ခုံးနှစ်ဖက် ကြားရှိ နေရာမှ ခါးသီးမှတ်မှာလည်း လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့၏။ မိန်းကလေးက ကျင့်ကြံခြင်း နည်းလမ်းကို လည်ပတ်လိုက်ရင်း အလင်းမှုန်များမှ စွမ်းအင်ကို သန့်စင်လိုက်လေသည်။
စက္ကန့်သုံးဆယ်ကြာပြီးနောက်... သန့်စင်မှုမှာ ပြီးမြောက် သွားခဲ့၏။ ရွှေရောင် အလင်းမှုန်များမှာ ကျင့်ကြံခြင်း အခြေခံ အတွက် ကောင်းမွန်သော်လည်း အကျိုးရလဒ်ကတော့ မဆိုသလောက် ကလေးသာ ဖြစ်သည်။ မည်သို့ပင် ဆိုစေ... နံရံအား ချိုးဖျက်ရန် သူမ အသုံးပြုခဲ့သည့် ရုပ်ပိုင်းဆိုင်ရာ စွမ်းအင် အနည်းငယ်ကိုတော့ ပြန်လည် ရရှိစေခဲ့ပေသည်။
“အံ့သြစရာပဲ...”
ဟုန်ချွင်းဟွာ မှတ်ချက်ချလိုက်ရင်း ရှေ့ကို ခြေတစ်လှမ်း တိုးလိုက်ကာ ခါးသီးမှု ပင်လယ်၏ ဒုတိယ အဆင့်ကို ဝင်ရောက်လိုက်လေတော့သည်။
***