အာဏာရှင်များ
Vol. 109 Ch. 1525
အာဏာရှင် အဖွဲ့သားများ ဝင်ရောက်သွားပြီး မကြာမီတွင်ပင် ဝတ်ရုံခြုံထားသော ပုံရိပ်တစ်ခုမှာ သန်းပေါင်းများစွာသော ရွေးချယ်ခံ များကြားတွင် ထိုင်နေခဲ့သည်။ သူက တိတ်တဆိတ်ပင် ကောင်းကင်ကို မော့ကြည့်ကာ နေမင်းကြီးကို စစ်ဆေးခဲ့၏။
“အချိန်ကျပြီ….”
ရုတ်တရက် သူက ပြောလိုက်၏။ ကောင်းစွာ ဖုံးကွယ်ထားသည့် သူ၏ ငွေရောင် မျက်လုံးများမှာ ကြယ်ခုနစ်လုံး အသွင်သို့ ပြောင်းလဲ သွားသည်။ အဂ္ဂိရတ် တာအို၏ အလင်း ရောင်ခြည်များက လေထဲသို့ ပျံ့နှံ့လာကာ အနီးနားရှိ ရွေးချယ်ခံ များကို လန့်ဖြန့်သွားစေခဲ့သည်။
သူ ထိုသို့ ပြုလုပ်လိုက်သည်နှင့်အမျှ ဝတ်ရုံခြုံထားသော အခြား ပုံရိပ် ဒါဇင်ပေါင်းများစွာသည်လည်း ကောင်းကင်ကို မော့ကြည့်လိုက်ကြသည်။ သူတို့၏ မျက်လုံးများသည်လည်း ခြားနားသည့် ရောင်စုံ ကြယ်ခုနစ်လုံး အဖြစ် ထင်ဟပ် ပြောင်းလဲသွားခဲ့ကြ၏။
ကောင်းကင်ယံရှိ နေကြယ်ပု၏ အရောင်မှာ အဂ္ဂိရတ် တာအို၏ ရှုထောင့် ခုနစ်ရပ် စလုံးနှင့် ကိုက်ညီစွာ အမျိုးမျိုး ပြောင်းလဲ သွားခဲ့သည်။ ၎င်း၏ တောက်ပမှုက အဆပေါင်းများစွာ တိုးလာခဲ့လေရာရွေးချယ်ခံများကို ထိတ်လန့် တုန်လှုပ် သွားကြလေသည်။
ဟူး... ဟူး...
ရုတ်ချည်းပင် ပတ်ဝန်းကျင်မှာ မှုန်ဝါးလာကာ ခါးသီးမှု လမ်းကြောင်း ဝင်ပေါက်များ ကဲ့သို့ ရောင်စုံ မြူခိုးများမှာ ဝတ်ရုံခြုံ ပုံရိပ်များ ရှေ့၌ ပေါ်လာခဲ့ကြ၏။ သူတို့က တုန့်ဆိုင်းခြင်း မရှိပဲ ချက်ချင်းပင် မတ်တပ် ထရပ်ကာ ဝင်ပေါက်များ အတွင်း ဝင်ရောက် သွားကြလေသည်။ သူတို့ ဝင်ရောက်သွားပြီးနောက် မြင်ကွင်းမှ ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် ဝင်ပေါက်များ ရုတ်တရက် ပျောက်ကွယ်သွားကြတော့၏။
အားလုံး ထွက်ခွာသွားကြပြီးသည့်နောက် နေကြယ်ပုမှာ ၎င်း၏ ပုံမှန် အဖြူရောင်သို့ ပြန်လည် ရောက်ရှိ သွားခဲ့သည်။ ပတ်ဝန်းကျင်မှာလည်း ပုံမှန်အတိုင်း ပြန်လည် ဖြစ်သွားခဲ့၏။ လူအုပ်ကြီး အကြား၌ အာမေဍိတ်သံများ ထွက်ပေါ်လာသော်လည်း မည်သည့် အရာများ ဖြစ်ပျက်သွားကြောင်း တစ်ဦး တစ်ယောက်မျှ နားမလည်နိုင်ခဲ့ကြချေ။
အနက်ရောင် မျက်ဝန်းများနှင့် ဆံပင်တိုများကို ပိုင်ဆိုင်ထားသည့် မိန်းကလေး တစ်ယောက်မှာ ငွေရောင် မျက်ဝန်းများနှင့် ဝတ်ရုံခြုံ ရပ်နေခဲ့သည့် နေရာကို စိုက်ကြည့်နေခဲ့သည်။ ထို့နောက် သူမက အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်ကာ ခါးသီးမှု လမ်းကြောင်း ကို ကြည့်လိုက်၏။ ထို့နောက် ထွက်သက်နှင့် အတူ အသက်ရှူ လမ်းကြောင်း၌ ရှိနေသည့် မည်သည့် မသန့်စင်မှုများကိုမဆို ဖယ်ထုတ်ပစ်လိုက်ကာ ခါးသီးမှု လမ်းကြောင်း၏ ဝင်ပေါက်ဆီသို့ ဦးတည် ရွေ့လျား သွားခဲ့တော့သည်။
...
ဝူယုမှာ အမှောင် ဟင်းလင်းပြင် အတွင်း၌ ရပ်နေကာ ဒုတိယမြောက် ဇနီးနှင့် မွေးဖွားလာမည့် ကလေးငယ်တို့ နေထိုင်ရာ နန်းတော်ကို ငေးကြည့်နေခဲ့သည်။ သူ၏ နှလုံးသား နွေးထွေးလာကာ နှိုင်းယှဉ် မရအောင် ပျော်ရွှင်သည့် အပြုံး ပေါ်ထွက်လာခဲ့၏။ သို့သော် စက္ကန့်အနည်းငယ်ကြာပြီးနောက် သူ၏ အမူအရာက တည်ကြည်လာကာ မျက်နှာလွှဲလိုက်ရင်း အလွန် ဝေးကွာသော အရပ်မှ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ၏ နေကြယ်ကို လှမ်းကြည့်လိုက်လေသည်။
ထိုအခိုက်အတန့်တွင်ပင်... အမှောင် ဟင်းလင်းပြင် တစ်လျှောက် ပဲ့တင်ထပ်လာသည့် အသံတစ်ခုကို သူ ကြားလိုက်ရ၏။
“အချိန်ကျပြီ”
ဝူယုက အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်၏။ ထို့နောက်တွင်တော့ အလင်းတန်း တစ်ခု အဖြစ် အသွင်ပြောင်းလဲသွားကာ မဟာ စက်ဝန်း ကြယ်ကွင်းပြင်ဆီ အပြင်း ခရီးနှင်လေတော့သည်။
...
မီးခိုးရောင် အင်္ကျီ ရင်ဘတ်ဟကွဲနှင့် ခြေဗလာ ပုံရိပ်မှာ မလှုပ်မယှက် ထိုင်နေကာ “ငါ လုပ်မယ်... ငါ လုပ်မယ်”ဆိုသည့် စကား နှစ်ခွန်းကိုသာ ထပ်ခါတလဲလဲ ရေရွတ်နေခဲ့သည်။ သူ၏ နီရဲသော သွေးရောင် မျက်ဝန်းများမှာ မီးခိုးရောင်မျက်လုံးနှင့် ချောမော ခန့်ညားသည့် လူငယ်၏ ပုံရိပ်ကို တစ်ကြိမ်မျှ မျက်လုံး မလွှဲခဲ့ပါချေ။
...
ဝမ်... ဝမ်...
ပထမဆုံးသော တံတိုင်း၏ အနက်ရောင် မြူခိုးများများ ပျံ့လွင့်နေသော ဝင်ပေါက်ထံတွင် အလင်းတန်းများ လင်းလက် ထွက်ပေါ်လာခဲ့သည်။ အလင်းများ ပြန်လည် မှေးမှိန်သွားသော အခိုက်၌ ပုံရိပ် ဒါဇင်ပေါင်းများစွာ ပေါ်လွင်လာသည်ကို တွေ့လိုက်ရ၏။ မကြာမီတွင် အလင်းတန်းများမှာ ပိုမိုများပြားစွာ ထွက်ပေါ်လာကာ အရေအတွက်က သောင်းချီသည် အထိ ရောက်ရှိလာခဲ့သည်။ သူတို့ထဲတွင် ဟုန်ချွင်းဟွာလည်း အပါအဝင် ဖြစ်သည်။
မိနစ်သုံးဆယ် အတွင်းမှာပင် ဟုန်ချွင်းဟွာမှာ ခါသီးမှု လမ်းကြောင်း ၁၂ ခုလုံးကို ပြီးစီးခဲ့ပြီး ဖြစ်သည်။ အနက်ရောင် တံတိုင်း၏ ခွန်အား ကန့်သတ်ချက်မှာ ကနဦး လောကသခင် အဆင့်တွင်လောက်သာ ရှိကာ သိပ်မခက်ခဲလှကြောင်း သိရှိလိုက်သည်။
သူမနှင့် အခြား အာဏာရှင် အဖွဲ့ဝင်များ အချိန်ယူခဲ့ရသည့် တစ်ခုတည်းသော အကြောင်းရင်းမှာ ရွှေရောင်အလင်းများနှင့် ခွန်အားအား စုပ်ယူရန် ကြိုးပမ်းနေသည့် ထူးခြားသော စွမ်းအင်ကို ဂရုတစိုက် စစ်ဆေးနေခဲ့ခြင်းတို့ကြောင့်သာ ဖြစ်သည်။
အနီးအနားရှိ ရွေးချယ်ခံများထံမှ အံ့အားသင့်နေသည့် အငွေ့အသက်များကို ခံစားမိသော်လည်း ဟုန်ချွင်းဟွာ လျစ်လျူလိုက်သည်။ သူမက တည်ငြိမ်စွာပင် အနီရောင် တံခေါင်းပေါက် ရှိရာ လမ်းကြောင်း ဆီသို့ လျှောက်လှမ်းသွားလိုက်၏။
“သူတို့က အနက်ရောင် ခါးသီးမှု လမ်းကြောင်းကိုတောင် အောင်နိုင်သွားခဲ့ပြီလား...”
စာပေသမား ပုံစံ လူငယ် လူငယ်တစ်ဦးက စိတ်ဝင်တစားဖြင့် ရေရွတ်လိုက်၏။ သူ၏ အသံက ပဲ့တင်ထပ် ထွက်ပေါ်လာလေရာ လူငယ် အများအပြားမှာ ကျင့်ကြံနေရာမှ ရပ်ကာ မျက်လုံးများ ဖွင့်ကြည့်လိုက်သည်။
“ဘယ်သူက ဂရုစိုက်မှာလဲ... လမ်းကြောင်း ကိုးခုထဲက ပထမဆုံး တစ်ခုကို လောကသခင် အဆင့် ခွန်အား ရှိတဲ့ ဘယ်သူမဆို လွယ်လွယ်လေး ကျော်ဖြတ်လို့ ရတယ်”
အရပ်ရှည်ရှည်နှင့် သန်မာ ထွားကြိုင်းသည့် လူငယ် တစ်ဦးက ပေါ့ပေါ့ဆဆပင် ပြောလိုက်သည်။ သူ၏ အသံက ပတ်ဝန်းကျင် တစ်ခုလုံးကို ပဲ့တင်ထပ် သွားခဲ့၏။
သူ့စကားသံကို ကြားလိုက်ရသော အခါတွင်မှ စောင့်ကြည့်နေသော ရွေးချယ်ခံ များ၊ အထူးသဖြင့် ပထမဆုံးအကြိမ် လာရောက် ယှဉ်ပြိုင်သည့် လူငယ်လေးများမှာ အနက်ရောင် တံတိုင်း၏ အကန့်အသတ်ကို သိရှိသွားကာ ချက်ချင်းပင် စိတ်ဝင်စားမှု ပျောက်ဆုံးသွားခဲ့သည်။ ဤသို့ဆိုလျှင် သူတို့သည်လည်း ပထမဆုံးသော တံတိုင်းကို အလွယ်တကူ အောင်မြင်နိုင်ပေလိမ့်မည်။
ယခင်ကဆိုလျှင် ဝိညာဉ်ဆင်းတု အဆင့်ဖြင့် ဝင်ရောက် ယှဉ်ပြိုင်သည့် ရွေးချယ်ခံလေးများမှာ ကျရှုံးနိုင်ချေ များစွာ ရှိခဲ့သည်။ သို့သော်လည်း... ယနေ့ခေတ်တွင်မူ နယ်မြေ တည်ဆောက်ခြင်း အဂ္ဂိရတ် ထုတ်ကုန် သုံးမျိုးမှာ လောက၏ စီးဆင်းမှု မှန်သမျှကို လုံးဝ ပြောင်းလဲပစ်ခဲ့ပြီး ဖြစ်သည်။
ဟုန်ချွင်းဟွာက ထိုစကားများကို ဂရုမစိုက်ပဲ ဒုတိယမြောက် ခါးသီးမှု လမ်းကြောင်း အတွင်းသို့ ဝင်ရောက်သွားခဲ့သည်။ ၎င်းမှာ ယခင်ကအတိုင်း အတိအကျပင် ဖြစ်ပြီး ခါးသီးမှု ပင်လယ်ပြင်တွင် အနီရောင် အလင်းများ ပါဝင်လာသည်သာ ထူးခြားသည်။ ထိုစွမ်းအားမှာ သူမ၏ ခန္ဓာကိုယ်ကို ထိမှန်ကာ အမြင်အာရုံကို ပိုမို၍ ဝေဝါး သွားစေခဲ့သည်။ ဝိညာဉ်အင်အားကို မျက်လုံးများ အတွင်း ထည့်သွင်းလိုက်မှသာ အံ့သြဖွယ်ကောင်းလောက်အောင် ကြည်လင်သွားကာ ကမ္ဘာကြီးကို ပိုမို ရှင်းလင်းစွာ မြင်နိုင်ခဲ့သည်။
“ပထမ ကွန်မန်ဒါလား...”
ရုတ်တရက် အံ့အားသင့်နေသည့် ခေါ်သံတစ်ခုကို ကြားလိုက်ရ၏။ ဟုန်ချွင်းဟွာ နောက်ကို လှည့်ကြည့်လိုက်ရာ အယ်ဗန်မျိုးနွယ်ဝင် လူငယ် တစ်ဦးကို တွေ့လိုက်ရသည်။ သူတို့ နှစ်ယောက်စလုံး၏ မျက်ဝန်းများထဲတွင် အံ့အားသင့်သည့် အငွေ့အသက်များ ဖြတ်ပြေး သွားခဲ့၏။
“ဘယ်လောက်တောင် တိုက်ဆိုင်လိုက်လဲ...”
ဟုန်ချွင်းဟွာက မှတ်ချက် ပေးလိုက်ပြီးနောက် ၁၃ ခုမြောက် နံရံဆီသို့ ဆက်လက် လျှောက်လှမ်းသွားလိုက်သည်။ မည်သည့် အာကာသ ရွှေ့ပြောင်းမှု လက္ခဏာကိုမှ သူမ မခံစားရပါချေ။ ဤသို့ဆိုလျှင် မည်သည့် စွမ်းအားက သူတို့ကို ရွှေ့ပြောင်းနေသနည်း။ ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ၏ လက်ရှိ အဆင့်အကြောင်းကို ပိုမိုလေ့လာလေလေ၊ စိတ်ဝင်စားဖွယ် လျှို့ဝှက်ဆန်းကြယ်မှုများ ပိုမို၍ တိုးပွားလာလေလေ ဖြစ်သည်။
နံရံထံသို့ ရောက်ရှိပြီးနောက် သူမ တူညီစွာပင် လက်ညှိုးကို နောက်တစ်ဖန် အသုံးပြုလိုက်၏။ သူမ လက်ရှိ သုံးထားသည့် ခွန်အားမှာ သာမန် အဆင့် လောကသခင် တစ်ယောက်ကို သတ်ဖြတ်ပစ်ရန် လုံလောက်ပေသည်။ နံရံမှာ ကွဲအက်လာကာ ပြိုလဲလုနီးပါး ဖြစ်သွားခဲ့သော်လည်း တကယ်တမ်းတွင်တော့ ပြိုကျသွားခြင်း မရှိပါချေ။
“အထွတ်အထိပ် လောကသခင် အဆင့်လား...”
ဖြိုခွင်းရန် လိုအပ်သည့် ခွန်အားက သိသိသာသာ မြင့်တက်လာလေရာ သူမ အံ့အားသင့်သွားခဲ့သည်။ ၁၂ ခုမြောက် နံရံကို ဖြိုခွင်းရန် အတွက် အဆင့်နိမ့် လောကသခင် အဆင့် ခွန်အားလောက်သာ လိုအပ်သော်လည်း ၁၃ ခုမြောက် နံရံကတော့ ‘အဆင့်မြင့်’ ကို ကျော်လွန်၍ ထိပ်တန်း အဆင့်သို့ ရောက်ရှိသွားခဲ့သည်။
ဘုန်း...
ဟုန်ချွင်းဟွာ ဘေးဘက်သို့ လှည့်ကြည့်လိုက်ရာ လူငယ် အယ်ဗန် မျိုးနွယ်မှာ နံရံကို အစိတ်အပိုင်းပေါင်း ရာချီသည် အထိ လက်သီးဖြင့် ထိုးခွဲ ပစ်လိုက်ကြောင်း တွေ့လိုက်ရသည်။ သူ၏ မျက်နှာထက်တွင် ထူးဆန်းသည့် အမူအရာတစ်ခု ရှိနေခဲ့ကာ ရှေ့သို့ ဆက်လက် လျှောက်လှမ်းသွားရင်း ရွှေရောင်အလင်းမှုန်များကို စုပ်ယူလိုက်သည်။
ဟုန်ချွင်းဟွာနှင့် ခြားနားစွာပင် အယ်ဗန်မျိုးနွယ် လူငယ်မှာ အကြမ်းတမ်းဆုံး နည်းလမ်းကို အသုံးပြုနေခဲ့ခြင်း ဖြစ်ပေသည်။
ဘုန်း... ဘုန်း... ဘုန်း...
ဟုန်ချွင်းဟွာ တွေးတောနေစဉ်မှာပင် နံရံကို ထိမှန်နေသည့် စွမ်းအင် အမျိုးမျိုး၏ အသံများကို ကြာညးလိုက်ရ၏။ အခြား အာဏာရှင်များနှင့် နှိုင်းယှဉ်ပါက အတော်လေး နှေးကွေးနေကြောင်း သတိထားမိလိုက်ရာ သူမ အနည်းငယ် ပြုံးလိုက်သည်။ နံရံများကို တအေးတဆေး ဆက်လက်၍ သုတေသန မလုပ်တော့ပဲ... အခြား အာဏာရှင်များ နည်းတူပင် အရှိန်မြှင့်ဖို့ ဆုံးဖြတ်လိုက်သည်။
ထို့နောက်တွင်တော့ သူမက ကြယ်တာရာ အကာအကွယ်ကို ဖော်ထုတ်လိုက်ရင်း ၁၃ ခုမြောက် နံရံကို အရှိန်ပြင်းပြင်းဖြင့် ဝင်တိုက်လိုက်လေ၏။ ခါးသီးမှု ပင်လယ် အတွင်း ဝင်ရောက်လိုက်စဉ်မှာပင် နေရာ အနှံ့အပြားမှ ဆက်တိုက် ကျိုးကြေနေသည့် အသံများကို ကြားလိုက်ရကာ သူမရှေ့ရှိ နံရံသည်လည်း ပြင်းထန်စွာ တုန်ရီနေသည်ကို တွေ့လိုက်ရသည်။
မိန်းကလေးက ပြုံးလိုက်ရင်း ရှေ့သို့ ဆက်လက် တိုးဝင် သွားခဲ့လေ၏။
ဘုန်း...
၁၅ ခုမြောက် နံရံ...
ဘုန်း...
၁၇ ခုမြောက် နံရံ...
ဘုန်း...
၂၀ ခုမြောက် နံရံ...
ဘုန်း...
တစ်မိနစ်မျှ အတွင်းမှာပင် ဟုန်ချွင်းဟွာမှာ ၂၄ ခုမြောက် နံရံသို့ ရောက်ရှိ လာခဲ့၏။ သူမ တုံ့ဆိုင်းခြင်း မပြုပဲ ထိုနံရံကို အရှိန်အဟုန်ဖြင့် တိုးဝင် တိုက်လိုက်တော့၏။
မကြာခင်မှာပင် ဟုန်ချွင်းဟွာနှင့် အခြား ကျင့်ကြံသူ သောင်းချီတို့မှာ နားခိုခြင်း ဆိပ်ကမ်း ရှိရာသို့ ပြန်လည် ရောက်ရှိလာခဲ့ကြတော့သည်။
***