← Chapters

အာဏာရှင်များ (၂)

Vol. 109 Ch. 1526

အာဏာရှင်များ (၂)

Vol. 109 Ch. 1526

အရပ်ရှည်ရှည်နှင့် သန်မာ ထွားကြိုင်းသည့် ရွေးချယ်ခံ လူငယ်မှာ ပြန်လည် ထိုင်ချကာ ထာဝရ ကမ္ဘာ စွန့်စားခန်း အဆင့်တွင် ကုန်လွန်သွားခဲ့သည့် စွမ်းအင်များကို ပြန်လည် ဖြည့်တင်းဖို့ ပြင်ဆင်လိုက်သည်။

ဝမ်... ဝမ်...

ထိုအခိုက်တွင်ပင် ကျရှုံးကာ ခါးသီးမှတ် ရရှိသည့် လူများ သို့မဟုတ်လည်း လမ်းကြောင်းအား ပြီးမြောက်အောင် စိန်ခေါ်နိုင်သူများအား ပြန်လည် ပို့ဆောင်ပေးသည့် ထူးခြားသော အသံများကို သူ ကြားလိုက်ရသည်။ လူငယ် မျက်လုံးများကို ဖွင့်ကြည့်လိုက်ရာ စောစောပိုင်းက သောင်းပေါင်းများစွာသော ကျင့်ကြံသူများပင် ပြန်လည် စုဝေးနေသည်ကို တွေ့လိုက်ရသည်။

“သူတို့က တစ်ယောက်ယောက်ကို ကူညီပေးနေကြတာလား...”

တာအို ဝတ်စုံ ဝတ်ဆင်ထားသည့် ကျောင်းတော်သား ပုံစံ ရွေးချယ်ခံ လူငယ်က စဉ်းစားဟန်ဖြင့် ဆိုလိုက်၏။ သူ၏ မျက်ဝန်းများက ဉာဏ်အလင်းများနှင့် တဖျပ်ဖျပ် တောက်ပနေခဲ့သည်။

တစ်ခါတုန်းက ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲကို ဝင်ပြိုင်ခဲ့ဖူးသည့် အဂ္ဂိရတ် ပညာရှင် တစ်ယောက် ရှိခဲ့ဖူးသည်။ သူက ခွန်အားကို မသုံးပဲ ခါးသီးမှတ်များကိုသာ အသုံးပြုကာ မြင့်မားသည့် လမ်းကြောင်း တစ်ခု အထိ ရောက်ရှိခဲ့သည်။

အဖြစ်အပျက်က ဤကဲ့သို့ ဖြစ်သည်။ အဂ္ဂိရတ် ပညာရှင်မှာ သူ၏ အဂ္ဂိရတ် သူရဲကောင်း လေးယောက်ကို အတူတကွ ခေါ်ဆောင် လာခဲ့သည်။ အားလုံးမှာ အလွန်အမင်း ထူးချွန်သူများ ဖြစ်ကြသည်။ နံရံ တစ်ခုစီကို ရောက်ရှိတိုင်း ထိုအဂ္ဂိရတ် သူရဲကောင်းများမှာ သူတို့၏ ခါးသီးမှတ်များကို အဂ္ဂိရတ် ပညာရှင်ထံသို့ ပေးသည်။ ဤသို့နှင့် အဂ္ဂိရတ် ပညာရှင်မှာ ခါးသီးမှတ် ငါးမှတ်ကို စုမိကာ နောက်တစ်ဆင့်သို့ ရောက်သည်။

အဂ္ဂိရတ် သူရဲကောင်းများကတော့ အစသို့ ပြန်သွားကာ နောက်တစ်ကြိမ် ထပ်မံ ကြိုးစားသည်။ ဤသို့နှင့် သူတို့မှာ နံရံပေါင်းများစွာကို ကျော်ဖြတ်နိုင်ခဲ့ကြသည်။

လမ်းကြောင်း အတွင်း ဝင်ရောက်သွားပြီးနောက် အလွန် လျှင်မြန်စွာ ပြန်လည် ထွက်ခွာလာခြင်းကို ထောက်ချင့်ရပါက ထိုကျင့်ကြံသူ အဖွဲ့မှာလည်း အလားတူ လုပ်ဆောင် နေခြင်းမျိုး ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။

“မဖြစ်နိုင်ဘူး... သူတို့ရဲ့ အရေအတွက်က အရမ်း များလွန်းတယ်”

ရွေးချယ်ခံ မိန်းမငယ်လေး တစ်ယောက်က မှတ်ချက်ချလိုက်၏။ သောင်းနှင့် ချီသည့် အဂ္ဂိရတ် ပညာရှင်များ တူညီသည့် ဗျူဟာ တစ်ခုတည်းကို သုံးကာ တစ်ပြိုင်နက်တည်း ကြိုးပမ်းနေခြင်းက လုံးဝ မဖြစ်နိုင်သည့် ကိစ္စဖြစ်သည်။

ကျောင်းရှုလင်းမှာ မျက်လုံးကို မှိတ်ကာ ကုန်ဆုံးသွားသည့် စွမ်းအင်များကို ပြန်လည် ဖြည့်တင်းဖို့ ကြိုးပမ်း နေခဲ့၏။ သို့သော်လည်း... တဖြည်းဖြည်းနှင့် ပိုမို ဆူညံလာသည့် ပတ်ဝန်းကျင်ရှိ အသံများက သူမကို အာရုံစိုက်ဖို့ ခက်ခဲလာစေခဲ့သည်။

“ဘာတွေ ဖြစ်နေတာလဲ...”

သူမက မျက်လုံးကို ဖွင့်ကြည့်လိုက်ရာ သောင်းနှင့်ချီသည့် ကျင့်ကြံသူများကို တွေ့လိုက်ရ၏။ ယဲ့ကျီးက သူမဘက်သို့ လှည့်ရင်း အဖြေပေးလိုက်သည်။

“အဲဒီ ကျင့်ကြံသူတွေက အနီရောင် လမ်းကြောင်းကိုပါ အောင်မြင်သွားတာ ထင်တယ်... မမကျောင်း”

မိန်းကလေးမှာ သိပ်သေချာပုံ မရချေ။ ထို့ကြောင့်ပင် သူမ၏ လေသံမှာ အနည်းငယ် ယုံကြည်မှု ကင်းမဲ့ နေခဲ့၏။

“ဘာတုန်း...”

ကျောင်းရှုလင်း၏ မျက်လုံးများက ပြူးကျယ် သွားခဲ့သည်။ ၁၂ ခုမြောက် နံရံ အထိ အောင်မြင်ဖို့ ဆိုလျှင် အဆင့်နိမ့် အချိန်သခင် တစ်ယောက်၏ စွမ်းအားကို လိုအပ်သည်။ သို့သော်လည်း ၂၄ ခုမြောက် နံရံ အထိ ဖြတ်ကျော်နိုင်ဖို့ ဆိုလျှင် အဆင့်နိမ့် အချိန်သခင် တစ်ယောက်၏ စွမ်းအားကို လိုအပ်သည်။

ပထမဆုံး အကြိမ် ထိုပြိုင်ပွဲကို စိန်ခေါ်ဖို့ ကြိုးစားခဲ့တုန်းက သူမက ၂၀ ခုမြောက် နံရံကိုပင် မဖြတ်ကျော်နိုင်ခဲ့ချေ။ မှန်ပေ၏။ ယခုခေတ်နှင့် နှိုင်းယှဉ်ပါက ထိုခေတ် ပြိုင်ပွဲဝင်များ၏ အရည်အချင်းမှာ အတော်လေး နိမ့်ကျလှသည်ဟု ဆိုနိုင်ပေသည်။

လိမ္မော်ရောင် ခါးသီးမှု လမ်းကြောင်းထံ ဆက်လက်၍ ဦးတည် နေကြသည့် ကျင့်ကြံသူပေါင်း များစွာကို ကြည့်ရင်း ယီယွင်၏ မျက်လုံးများက ကျဉ်းမြောင်း သွားခဲ့သည်။

“အာဏာရှင်တွေ...”

သူက ခပ်တိုးတိုးလေး ရေရွတ်လိုက်၏။

“အာဏာရှင်တွေ ဟုတ်လား...”

ယီယွင်၏ ဘေးနာတွင် ကပ်နေသည် သွမ့်ရုမှာ ထိုစကားလုံးကို ရှင်းလင်းစွာပင် ကြားလိုက်ရသည်။ ချက်ချင်းပင် မိန်းကလေး၏ နှလုံးသားမှာ တဒိတ်ဒိတ် ခုန်လာခဲ့၏။ သူတို့က တကယ်ပဲ အာဏာရှင် အဖွဲ့ဝင်များလော။

ယီယွင်၏ အသံမှာ အတော်လေး တိုးလှသော်လည်း မိန်းကလေး၏ ရေရွတ်မှုကတော့ လူတိုင်းကို ကြားသွားစေခဲ့သည်။ သူတို့က စိတ်ဝင်တစားဖြင့် ယီယွင်တို့ဘက်ကို လှည့်ကြည့်လိုက်ကြ၏။

“အာဏာရှင်တွေ...”

ကျောင်းတော်သား ပုံစံ ရွေးချယ်ခံ လူငယ်၏ အမူအရာမှာ အနည်းငယ် ပြောင်းလဲ သွားခဲ့သည်။ အာဏာရှင် အဖွဲ့ကို မည်သူက မသိပဲ နေပါမည်နည်း။ ၎င်းမှာ အာရုဏ်ဦး အာဏာရှင် အင်ပါယာ ကိုယ်တိုင် ပျိုးထောင်ပေးထားသည့် အဖွဲ့ ဖြစ်သည်။ သူက သူတို့၏ အင်ပါယာ ဖြစ်သည်။

အခြားတစ်ဖက်၌ အာဏာရှင် အဖွဲ့အကြောင်း ကြားသည်နှင့် လင်းမင် မျက်မှောင်ကြုတ် လိုက်၏။ ရုတ်ချည်းပင် သူ့နှလုံးသားက ယားကျိလာသလို ခံစားလိုက်ရသည်။ လျှို့ဝှက် နယ်မြေတစ်ခုမှာတုန်းက သူတို့ ဟုန်ချွင်းဟွာ ဆိုသည့် အာဏာရှင် အဖွဲ့ဝင် မိန်းကလေးနှင့် တိုက်ခိုင်ခဲ့ဖူးသည်။ သူမမှာ အလွန်ပင် တိုက်ခိုက်ရ ခက်ခဲသူ ဖြစ်သည်။

ကျောင်းရှုလင်းက မျက်မှောင်ကြုတ်ရင်း သောင်းပေါင်းများစွာသော ကျင့်ကြံသူများကို လေ့လာလိုက်၏။ မကြာခင်မှာပင် သူမ၏ မျက်လုံးများမှာ ပြူးကျယ် လာခဲ့တော့သည်။ အဘယ်ကြောင့်နည်း။ ထိုအဖွဲ့ထဲ၌ နတ်ဆိုးများ၊ အယ်ဗန်များ၊ ရှို့ရန်များနှင့် လူသားများ ကဲ့သို့ မျိုးနွယ်စုပေါင်းစုံ ရောနှော နေသောကြောင့်ပင်။ ထိုအထဲ၌ တိုက်တန်ပုံစံ မျိုးနွယ်များပင် ပါဝင်သည်။ သူတို့ထဲမှ အများစုမှာ မဟာ စက်ဝန်း ကြယ်ကွင်းပြင်တွင် အဆင့်နိမ့် မျိုးနွယ်ဝင်များ အဖြစ် သတ်မှတ်ခံထားရသူများ ဖြစ်သည်။ သို့သော်လည်း... သူတို့မှာ အာဏာရှင် အဖွဲ့ဝင်များ ဖြစ်နေသည်လား။

“သူတို့တွေက တကယ်ပဲ အာဏာရှင် အဖွဲ့ဝင်တွေလား...”

ယဲ့ကျီးက ယီယွင်ကို စိတ်ဝင်တစားဖြင့် မေးလိုက်၏။ ယီယွင်မှာ သူ၏ အာဏာရှင် အဖွဲ့ဝင် အဆင့်အတန်းကို လျှို့ဝှက်ထားခဲ့သော်လည်း သူမကတော့ သိပေသည်။

ယီယွင်မှာ မိန်းကလေး၏ မေးခွန်းကို ပြန်မဖြေရဲချေ။ အာဏာရှင် အဖွဲ့ အကြောင်း သတင်း အချက်အလက်များအား ထုတ်ဖော်ခြင်း အပေါ် ကန့်သတ်ထားသည့် စည်းမျဉ်းမျိုး မရှိသော်လည်း မတော်တဆ တစ်ခုခု လွဲချော်သွားပါက အာဏာရှင် အဖွဲ့ဝင် အဆင့်အတန်းအား ဆုံးရှုံးသွားရမည်ကို စိုးရိမ် နေမိသည်။ သူ မည်ကဲ့သို့ စွန့်စားရဲမည်နည်း။

ယဲ့ကျီးမှာ ဆိတ်ဆိတ်နေခြင်းက ဝန်ခံခြင်း ဖြစ်ကြောင်း ခံစားလိုက်ရ၏။ သူမ အာဏာရှင် အဖွဲ့ဝင်များကို အားကျစွာဖြင့် လှမ်းကြည့်လိုက်မိသည်။ ကံဆိုးစွာပင်... သူမ၏ ဖခင်ဖြစ်သူမှာ ဝေ့ဝူယင် ရှိသော်ငြား အာဏာရှင် အဖွဲ့ကို ဝင်ရောက်ဖို့ ငြင်းဆိုခဲ့သည်။

သောင်းပေါင်းများစွာသော အာဏာရှင်များမှာ နှောင့်နှေးနေခြင်း မရှိပါချေ။ သူတို့မှာ လိမ္မော်ရောင် ခါးသီးမှု လမ်းကြောင်းကို ချက်ချင်းပင် ထပ်မံ ဝင်ရောက် သွားကြ၏။ သူတို့ကို ကြည့်ရသည်က လိုအပ်သည့် အဆင့်ကို အချိန်မှီ မရောက်နိုင်မှာ စိုးရိမ် နေကြပုံ ပေါ်သည်။

“သူတို့က တကယ်ပဲ အနီရောင် လမ်းကြောင်းကို အောင်မြင်သွားကြတာပေါ့... ဒါပေမဲ့ တစ်မိနစ်တောင် မရှိသေးဘူးလေ”

ကျောင်းတော်သား ပုံစံ ရွေးချယ်ခံက မယုံကြည်နိုင်စွာဖြင့် ရေရွတ်လိုက်သည်။ ပထမတုန်းက ထိုကျင့်ကြံသူများမှာ ခါးသီးမှတ် စုဆောင်းဖို့ ပြန်လာခဲ့သည်ဟု သူ ထင်နေခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း... လမ်းကြောင်း တစ်ခုကို မအောင်ပဲ နောက်တစ်ခုကို ဝင်ရောက်ဖို့ မဖြစ်နိုင်ပါချေ။

မကြာခင်မှာပင်... အာဏာရှင်များ အားလုံးမှာ တတိယမြောက် လမ်းကြောင်းထဲသို့ ဝင်ကာ ပျောက်ကွယ် သွားခဲ့ကြပြန်လေ၏။ လူများမှာ ပြန်လည် ကျင့်ကြံရန်ပင် မေ့လျော့ကာ ထိုလမ်းကြောင်းကိုသာ မျက်တောင် မခပ် ဆက်လက် ငေးမော နေမိကြသည်။

ကျောင်းရှုလင်း၏ ရင်အစုံမှာ မသိမသာပင် စတင်ကာ တဒိတ်ဒိတ် ခုန်လာခဲ့၏။

“လိမ္မော်ရောင် လမ်းကြောင်းကို အောင်နိုင်ဖို့ အတွက် ဆိုရင် အထွတ်အထိပ် အချိန်သခင် အဆင့် စွမ်းအားကို လိုတယ်... အဲဒါက အနီရောင် လမ်းကြောင်းထက် အများကြီး ပိုခက်တယ်”

ထိုသောင်းနှင့်ချီသည့် အာဏာရှင်များထဲ၌ လောကသခင် အဆင့် ကျင့်ကြံသူများကိုပါ သူမ တွေ့ရသည်။ သို့ဖြစ်လေရာ... ၎င်းက သိပ်တော့ လွယ်ကူလိမ့်မည် မဟုတ်ပါချေ။ အတိတ်၌ မည်သည့် လောကသခင် အဆင့်မှ လိမ္မော်ရောင် လမ်းကြောင်းကို မအောင်နိုင်ခဲ့ချေ။

သို့သော်လည်း... ယီယွင်၏ အမူအရာကတော့ အခြားလူများနှင့် ခြားနားလှ၏။ အာဏာရှင် အဖွဲ့ဝင်များအား အာဏာရှင် အင်ပါယာက မည်ကဲ့သို့ ပြုစုပျိုးထောင်သည်ကို သူ တွေ့မြင်ခဲ့ပြီး ဖြစ်သည်။ ထို့အပြင် အင်ပါယာမှာ လောကသခင် အဆင့်များကို အနိမ့်ဆုံး ၉၀ ခုမြောက် နံရံအထိ ရောက်ရှိရန် မှာကြားထားသည်။ ကျင့်ကြံခြင်း အဆင့်နှင့် လိုက်လျောညီထွေစွာပင် ကန့်သတ်ချက်က တိုးမြင့်သွားသည်။ ကြယ်တာရာ သခင် အဆင့်များ ဆိုလျှင် နံရံ ၁၀၈ ခုလုံးကို အောင်နိုင်ဖို့ လိုအပ်သည်။

ခြောက်ဆယ့်ရှစ် စက္ကန့် ကြာမြင့်ပြီးနောက်...

ဝမ်... ဝမ်... ဝမ်...

သောင်းပေါင်းများစွာသော အာဏာရှင် အဖွဲ့ဝင်များမှာ တစ်ယောက်ပြီး တစ်ယောက် ပြန်လည် ပေါ်လာခဲ့ကြပြန်လေ၏။ အချိန် ကွာခြားချက် အနည်းငယ် ရှိသော်လည်း အများစုကတော့ ထပ်တူညီလုနီးပါး ဖြစ်သည်။ စက္ကန့် အနည်းငယ် နောက်ကျမှ ပေါ်လာသည့် လူများ၏ မျက်လုံးများမှာ မကျေနပ်မှုများနှင့် ပြည့်နှက် နေခဲ့ကြ၏။

အာဏာရှင် အဖွဲ့ဝင်များမှာ မည်သည့် လေ့လာမှု၊ ကြိုတင် ပြင်ဆင်မှုများကိုမှ ပြုလုပ်ခြင်း မရှိပါချေ။ သူတို့က အဝါရောင် ခါးသီးမှု လမ်းကြောင်းထဲကို ဦးတည်ကာ ပြေးလွှား သွားခဲ့ကြပြန်လေတော့၏။

***

All Chapters