အမြဲတမ်း မင်းရဲ့ဘေးမှာရှိနေတယ်(3) ဒီအရှင်က အမှိုက်တွေကိုရှင်းလင်းဖို့တာဝန်ယူပေးမယ်
Vol. 7 Ch. 61
“တောက်ဓမ္မဂိုဏ်းရဲ့ ဖြောင့်မတ်လွန်းပါတယ်ဆိုတဲ့ နည်းလမ်းမှန်တွေက အခုတော့ ဟာသသက်သက်ဖြစ်နေပြီ၊ ပြန်ပြီးပြုပြင်သင့်တယ်”
ကုကျစ်စုန့် မျက်ခုံးကို ပင့်လိုက်ကာ အေးတိအေးစက် ပြုံးလိုက်သည်။
“မှင်စာလေး၊ ငါ့ကို ဆိုးတယ်လို့ ထင်နေတာဆိုတော့ မင်းဆရာက ဘာတွေလုပ်နေလဲဆိုတာကို မင်းသိရဲ့လား?”
သူမက အကြောက်တရားကြောင့် ဖြူဖျော့နေသည့် ဝဝပုပု လူအိုကြီးအား လက်ညှိုးထိုးပြလိုက်သည်။
“အဲဒီလူက သူ့မိန်းမကို ဖောက်ပြန်ခဲ့ပြီး သတ်ပါ သတ်ပစ်ခဲ့တယ်၊ သူက ခွေးတို့ ဝက်တို့လောက်တောင် အဆင့်အတန်းမရှိဘူး၊ သူ့မိန်းမကလည်း အငြိုးတရားကြောင့် မြေအောက်ကမ္ဘာကို မဝင်နိုင်ခဲ့ဘူး၊
ဒီလူက သေရင် ၁၈ထပ်မြောက် ငရဲကို ရောက်သွားရမှာသေချာပေါက်ပဲ၊ သူက သူ့မိန်းမအပေါ်ကို အပြစ်ရှိသလိုမျိုး မသိစိတ်မှာခံစားနေရတာကြောင့် မိန်းမဖြစ်သူ လက်စားချေမှာကို ကြောက်လန့်နေရတယ်၊
ဒါကြောင့် တောက်ကျန့်တွေကို ငှားပြီး သူမကို ဖြေရှင်းခိုင်းခဲ့တယ်၊ အခု သူ့မိန်းမရဲ့ ဝိဉာဉ်က အစိတ်စိတ်ကွဲသွားပြီး သူ့ကိုယ်သူ ထိန်းသိမ်းနိုင်ရုံသာသာ စွမ်းအင်လောက်ပဲ ရှိတော့တယ်လေ”
“ဒါပေမဲ့ ဒါက အကုန်လုံးမဟုတ်သေးဘူး၊ သူက ဒီလောက်နဲ့တင် မကျေနပ်သေးဘူး၊ မိန်းမဖြစ်သူရဲ့ ဝိဉာဉ်ကို လုံးဝ လက်စဖျောက်ပစ်လိုက်ချင်နေတာ၊ တော်တော် အဆင့်အတန်း အောက်တန်းကျတဲ့လူပဲ၊
မင်းဆရာက ဒီလူ ဘယ်လိုလူလည်းဆိုတာကို သိသိရက်နဲ့ အကျိုးအမြတ်ရတာကိုပဲ ကြည့်ပြီး သနားဖို့ကောင်းတဲ့ ဝိဉာဉ်ကို ဖျက်ဆီးဖို့ အစီအရင်လုပ်ပေးနေခဲ့တာ”
“ငါတစ်ခုမေးပါဦးမယ်၊ မင်းတို့တွေ တောက်ဓမ္မဂိုဏ်းကို ဝင်တော့ ပထမဆုံးရက်မှာ တားမြစ်ချက် (၃)ခုကို မဖတ်ရဘူးလား? တောက်ကျန့်တစ်ယောက်က သူ့ရဲ့စွမ်းရည်ကို မကောင်းတဲ့နေရာမှာအသုံးချဖို့ အစီအရင်တွေမှာ မသုံးရဘူးဆိုတာ မသိဘူးလား”
ပညာသင်ကောင်လေးက မယုံကြည်နိုင်ဖြစ်နေပေါ်ရသောကြောင့် ကုကျစ်စုန့် အေးစက်သည့် လေသံဖြင့် ပြောလိုက်သည်။
“ဘိုးဘေးတွေရဲ့ သင်ကြားမှုတွေကို ဖောက်ဖျက်သူတိုင်း ပညာရပ်နုတ်သိမ်းခံရပြီး ဂိုဏ်းကနေ နှင်ထုတ်ခံရသင့်တယ်၊ ဒီတော့ ငါလုပ်လိုက်တာ မှားလား? မင်းရဲ့ ‘ဆရာ’က သနားဖို့ ထိုက်တန်လား??”
ကောင်လေး တွေဝေကာ စကားပြန်မပြောနိုင်ချေ။ သို့သော်လည်း တောက်ကျန့်အိုကြီးအား ကြည့်လိုက်သည့် မျက်လုံးများတွင် အားကိုးလေးစားမှုကတော့ ပျောက်ဆုံးသွားခဲ့သည်။
ကုကျစ်စုန့်က စိတ်မရှည်စွာဖြင့် လက်ကို ရမ်းလိုက်ပြီး :
“ကောင်းပြီ၊ ငါက ရက်စက်တဲ့ နတ်ဆိုး ကျင့်ကြံသူပဲ၊ မင်းတို့ ဆရာ တပည့်နှစ်ယောက်ကို ဒီနတ်ဆိုးမက စိတ်ဆိုးပြီး အသံတိတ်သတ်မပစ်စေချင်ရင် မြန်မြန် ငါ့မျက်စိရှေ့က ထွက်သွားလိုက်၊
ငါစိတ်ဆိုးသွားရင် မင်းတို့ နှစ်ယောက်လုံး ပြန်ပြေးပြီး တိုင်တောဖို့တောင် အချိန်ရလိုက်မယ်မထင်နဲ့”
သူမက ဒေါသတကြီးမျက်နှာဖြင့် တောက်ကျန့်အိုကြီးအား ပြောလိုက်သည်။
“ရှင့်ရဲ့ဆရာကို ခေါ်ချင်သပဆိုရင်လည်းလို့ ရတယ်၊ တစ်ယောက်နဲ့ မကျေနပ်သေးရင် ဘိုးဘေးတွေပါ နှိုးပြီး ခေါ်ခဲ့လိုက်၊ ဒီအရှင်က တောက်ဓမ္မဂိုဏ်း တံခါးမှာ ပိတ်နေတဲ့ လူ့အမှိုက်သရိုက်တွေကို ရှင်းပေးဖို့ တာဝန်ယူပေးမယ်”
နဂိုတည်းက ဒေါသအမျက်ထွက်နေသော တောက်ကျန့်အိုကြီးမှာ ထိုစကားအား ကြားတော့ သွေးပွက်ပွက် အန်ကာ သေတော့ မတတ်ပင်ဖြစ်နေချေသည်။
သူ့၏မျက်နှာတစ်ခုလုံးက အမုန်းတရားများနှင့်ပြည့်နေကာ အံကို တင်းတင်းကြိတ်ပြီး တံခါးမှ ထွက်သွားခဲ့သည်။
ထိုနှစ်ယောက် ထွက်သွားသည်နှင့် လျို့ကျင်းက တုန်ရီနေသော အသံဖြင့် မေးခွန်းထုတ်လာသည်။
“သူ့မိန်းမကို သတ်တယ်ဆိုတာ.. ဘာကို ဆိုလိုချင်တာလဲ??”
ထိုအချိန်တွင် ဧည့်ခန်းထဲတွင် ရှိနေသည့် အဖေလျို့မှာ ဇောချွေးများ ပြန်လာသည်။ သူကို ခေါင်းကို ဆက်တိုက်ခါနေရင်းဖြင့် ဝင်ပြောခဲ့လေ၏။
“ငါက မင်းအဖေပဲ၊ လျို့ကျင်း မင်း အပြင်လူတစ်ယောက်က လျှောက်ပြောနေတာာကို နားမယောင်နဲ့!”
“အိုး ဟုတ်လား”
ကုကျစ်စုန့်၏ နှုတ်ခမ်းထောင့်က အောက်သို့တွန့်ချိုးသွားခဲ့ကာ မဲ့ပြုံးတစ်ခာပြုံးလိုက်ရင်း ပြန်ပြောခဲ့သည်။
“ဒါပေမယ့် ရှင့်မျက်နှာကနေ မြင်နေရတာကတော့ နေရဲ့ အမှတ်နေရာ(၂)ခုလုံးက လုံးဝနစ်မြုပ်နေပြီး ဒဏ်ရာအနာတွေတောင် ဖြစ်နေပြီ၊ အဲဒါက လင်ယောက်ျားနဲ့ ဇနီးမယား နန်းတော်ရှိတဲ့ နေရာလေ၊
အခု နန်းတော်က လုံးဝပြိုလဲကျနေတယ်၊ ဆိုချင်တာက ရှင့်ရဲ့ လက်ထပ်ထိမ်းမြားမှုက သေခြင်းတရားနှင့် အနာတရတို့နဲ့ အဆုံးသတ်ထားတယ်၊
အဲဒီ သွေးကြောအမှတ် (၂)နေရာမှာ နီရဲနေတဲ့ အနာတွေက ထိမိရင် အရမ်းနာပြီး ပြည်တွေတောင် ပေါက်ထွက်နေတာက ကောင်းကောင်း ရှင် အနားမယူနိုင်လို့ ပေါက်လာတဲ့ ဝက်ခြံတွေလို့များ ထင်နေတာလား? အဲဒါက ‘ဝဍ်ကြွေး’ ပဲ၊
ရှင့်လက်တွေက ဝဍ်ကြွေးအပြည့် စွန်းထင်းနေပြီး အဲဒီဝဍ်ကြွေးတွေကပဲ ရှင့်ကို လက်စားချေနေတာလေ၊ အစကတော့ အဲဒါက အမှတ် (၂)နေရာလောက်ပဲ ဖြစ်ပေမယ့် တဖြည်းဖြည်း ပွားလာပြီး ရှင့်ရဲ့ခေါင်းပေါ်မှာ၊ နဖူးပေါ်မှာနဲ့ ပါးတွေပေါ်မှာပါ နီရဲနေတဲ့ အနာတွေ ဗလပွဖြစ်လာလိမ့်မယ်၊ ပြီးတော့ အဲဒီအနာတွေက ပြည်ပေါက်ပြီးတာတောင် ပျောက်သွားမှာ မဟုတ်ဘူး”
သူမ မပြောလျှင် ကိစ္စမရှိသော်လည်း ယခုကဲ့သို့ ပြောလိုက်သည်တွင် အဖေလျို့၏ နားထင်များ လှုပ်သွားသလိုပင် ခံစားလိုက်ရသည်။ မျက်နှာမှ စီးကျနေသော ချွေးစက်များကလည်း နီရဲရောင်ကိုင်းနေသည့် အနာများသို့ ဝင်ရောက်လာကာ သေလုမတတ်ပင် နာကျင်နေခဲ့ရသည်။
ကုကျစ်စုန့်က ဆက်၍ ပြောလာပြန်သည်။
“ရှင့်ရဲ့ မျက်လုံးအောက်မှာလည်း အညိုအမည်းစွဲပြီး ရောင်ကိုင်းတာမျိုးကို မြင်နေရတယ်၊ အဲဒါက အမျိုးသားနဲ့ အမျိုးသမီး နန်းတော်ကြားမှာ နားလည်မှုမရှိတဲ့ လက္ခဏာတစ်ခုပဲ၊ ကြည့်ရတာ ရှင်က ကိုယ့်ကိုကိုယ် ရုပ်ချောပြီး ချမ်းသာနေတယ်လို့ ထင်နေပုံရတယ်၊
မိန်းမကလည်း ပွေသေးတယ်၊ ဇနီးဖြစ်သူအတွက်တော့ သနားစရာပဲ..”
“ဒီလူယုတ်မာမက ပါးစပ်ထဲရှိသမျှ လျှောက်ပြောနေတော့တာပဲ!! အဓိပ္ပါယ်မရှိတဲ့ အရည်မရအဖတ်မရတွေကို လုပ်ကြံပြောနေတယ်! လျို့ကျင်း၊ မင်း ဒီမိန်းမပြောတာတွေ ယုံမနေနဲ့!!”
လျို့ကျင်း၏ အသံများက တုန်ရင်နေကာ လက်သီးကိုလည်း ကျစ်ကျစ်ပါအောင် ဆုတ်ထားခဲ့သည်။
“တောက်ကျန့်.. ကျွန်တော့်အမေ.. ဘယ်လိုသေခဲ့ရတာလဲ??”
ကုကျစ်စုန့် အမူအယာကို ထိန်းချုပ်ကာ ပြောလိုက်သည်။
“ရှင့်အမေနဲ့ ဒီလူရဲ့ အိမ်ထောင်ရေးက အမည်ခံပဲ၊ သူမက ရှင့်ရဲ့ အလုပ်အကိုင်နဲ့ ဂုဏ်သတင်းအတွက် သည်းခံနေခဲ့တာပဲ၊
ရှင့်အမေက မာန အင်မတန်ကြီးပေမယ့် သူ ဘဝမှာ တန်ဖိုးအထားဆုံးက သားဖြစ်သူကိုပဲလေ၊ ရှင့်ရဲ့ ဂုဏ်သိက္ခာနဲ့ နာမည်သတင်းကို သူမရဲ့ အဆင်မပြေတဲ့ အိမ်ထောင်ရေးကြောင့် ဆုံးရှုံးလိုက်ရမှာကို သူဘယ်လိုမှ လက်မခံနိုင်ဘူး၊
ဒီတော့ အမေဖြစ်သူက ကိုယ့်ရဲ့ မုန်းတီးစိတ်ကို မျိုချပြီး ဒီလူနဲ့ အခန်းပဲ ခွဲအိပ်ခဲ့တယ်…”
ကုကျစ်စုန့် ပြောနေလျက်တန်းလန်း၌ လျို့ကျင်းမှာ မျက်ရည်ပေါက်ကြီးငယ်ကျကာ ငိုကြွေးလာခဲ့သည်။
“အမေ.. ကျွန်တော်ကြောင့်ပဲ.. အားလုံးက ကျွန်တော့်အပြစ်တွေပါ!!”
ကုကျစ်စုန့် ဆက်ပြောသည်။
“အဲဒီနေ့က ရှင့်အမေက ကိစ္စတစ်ခုရှိလို့ အိမ်ကို စောစောပြန်လာခဲ့ပြီး ဒီယောင်္ကျားဖောက်ပြန်နေတာကို မိသွားတယ်၊ အဲဒါသက်သက်ကြောင့်ပဲဆိုရင်တော့ သူမက ရွံရှာစက်ဆုပ်လို့ အန်ချင်ရုံသာ ဖြစ်မှာဆိုပေမယ့် …ဒီရွံ့စရာကောင်းတဲ့ စုံတွဲက ရှင့်အမေကို လှောင်ပြောင်နေရင်းနဲ့ စိတ်လှုပ်ရှားမှုကို ရှာနေကြတာလေ၊
သူတို့က ရှင့်အမေရဲ့အိပ်ယာပေါ်မှာတောင် လူးလိမ့်နေခဲ့ကြတာ၊ ရှင့်အမေက တံခါးအပြင်မှာ ရပ်နေခဲ့တယ်၊ သူမရဲ့စိတ်ထဲမှာတော့ အရှက်မရှိတဲ့လူတွေရှိနေတဲ့ အခန်းထဲပါဝင်ပြီး အော်ဟစ်ငေါက်ငမ်းချင်နေခဲ့တာ”
တစ်ချိန်လုံး ဘေးနားတွင် ရပ်ကာ နားထောင်နေခဲ့သည့် ယွီထုန်လျို့မှာ ထိုမြင်ကွင်းအား တွေးကြည့်ရုံနှင့် ယင်ကောင်တစ်ကောင်ကို စားလိုက်မိသကဲ့သို့ ရွံရှာစက်ဆုပ်မှုများဖြစ်လာရသည်။
သူမက အံကို တင်းတင်းကြိတ်ရင်း ဇောချွေးပြန်နေသည့် လူအိုကြီးကို စူးစူးဝါးဝါးကြည့်လိုက်သည်။
“ရှင် ကျွန်မရဲ့လောင်ရှစ်ကိုဘဘယ်လိုများ ဆက်ဆံနိုင်ရတာလဲ?! ရှင်လူရော ဟုတ်ရဲ့လား??”
ကုကျစ်စုန့်:
“နောက်တော့ သူတို့နှစ်ယောက်က သူမ ဂရုစိုက်တဲ့ သူမရဲ့ တစ်ဦးတည်းသောသား, ရှင့်အကြောင်းကို ပြောနေတာကို ရှင့်အမေက ကြားလိုက်ရတယ်၊
ဒီအတွဲက ရှင့်အပေါ်ကို ကြံစည်နေကြတာလေ၊ ပြောရရင် သူတို့နှစ်ယောက်က ပွေရှုပ်နေတာ တော်တော်လေးကြာနေပြီး တရားမဝင်ကလေးတစ်ယောက်တောင် ရှိနေခဲ့တာ၊ သူတို့က အဲဒီသားကို ဒီမိသားစုထဲကို ပေါ်တင်မသွင်းရဲကြဘူး၊
ဒီတော့ ရှင့်အဖေက မိသားစုရဲ့ပိုင်ဆိုင်သမျှကို သူ့ရဲ တန်ဖိုးအရှိဆုံးသားငယ်ကို ပေးဖို့တွေးထားတယ်၊ သူ့ရဲ့နာမည်အောက်မှာပဲ အဲဒီသားငယ်ကို ရှင့်အဖွဲ့ထဲကို သွင်းပြီး ခေါင်းဆောင်မင်းသားလုပ်ခိုင်းမယ်တဲ့၊ သူတို့က ရှင့်ကို သူတို့သားငယ် အနုပညာလောကထဲကို ဝင်နိုင်မဲ့ ခြေနင်းခုံအဖြစ် အသုံးချမလို့ ကြံစည်နေခဲ့ကြတယ်”
ယုတ်မာရိုင်းစိုင်းသည့် အကြံအစည်များကို နားဖြင့်ဆတ်ဆတ်ကြားခဲ့ရကာ၊ မျက်မြင်လည်းတွေ့ခဲ့ရသည့် ဝိဉာဉ်၏ ဒေါသကို သိရှိခံစားနေရသည့် ကုကျစ်စုန့်မှာ သူမနှင့်ထပ်တူ တစ်သားတည်း ခံစားနေရသည်။
ထို့နောက် သူမ(လျို့ကျင်းအမေ)က သူမ၏ ‘လင်ယောင်္ကျား’ ပြောစကားကို ကြားလိုက်ရသည်။
“လျို့ကျင်းက ငါ့သားပဲ၊ သူက သူ့ရဲ့အလုပ်နဲ့ ပတ်သတ်လာရင်လည်း ငါ့စကားကို နားထောင်သင့်တယ်၊ မလိမ္မာတဲ့ သားမိုက်က ရုပ်ရှင်ရိုက်တာကလွဲလို့ ဘာမှမသိဘူး၊ သူသာ လက်မထပ်ရင် ငါ့ရဲ့ လျို့မိသားစုက မျိုးဆက်ပြတ်သွားမှာပေါ့၊
သူ အိုမင်းလာရင်ရော သူ့ညီလေးကလွဲလို့ ဘယ်သူက သူ့အလောင်းကို လာကောက်မှာလဲ? ဒီတော့ အိမ်ရဲ့ ပိုင်ဆိုင်မှုနဲ့ အရင်းအမြစ်တွေအကုန်လုံးက သူ့ညီလေးကို ပေးရမှာ ဖြစ်သင့်တာပဲလေ!!”
သူမ ဆက်၍နားမထောင်နိုင်တော့ချေ။ အိပ်ခန်း တံခါးကို တွန်းဖွင့်ကာ ဝင်သွားပြီး ခွေးတိရိစ္ဆာန်စုံတွဲပေါ်သို့ ခုန်အုပ်လိုက်ကာ ဘေးနားမှ တစ်ခုခုကို ကောက်ယူ ရိုက်နှက်၍ ကျိန်ဆဲတော့သည်။
သို့သော် သူမက ကြမ်းပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ဆောင့်တွန်းခံလိုက်ရသည်။
“အရူးကောင်မ၊ ငါ့မျက်နှာကိုများ ရာရာစစ ရိုက်ရဲတယ်ပေါ့လေ??”
သူမ အင်မတန် နာကျင်နေရသည်။ သူမ၏ နှလုံးသားမှာလည်း ပေါက်ကွဲတော့မည့်အလား ပြင်းထန်စွာခုန်နေခဲ့သည်။
သို့သော် သူမ၏ရှေ့မှ ခွေးနှစ်ကောင်ကိုတော့ တစ်စဆီ ဆွဲဖြဲချင်နေဆဲပင်။
ထို့နောက်တွင် နှလုံးမှနာကျင်မှုတို့ကြောင့် သူမ အောက်ဆီဂျင်ပြတ်လပ်ကာ ရုတ်တရက် လဲကျသွားတော့သည်။ ဆေးယူသောက်ရန်ပင် အားအင်မရှိတော့။
‘ယောင်္ကျား’ ဆိုသည့် လူက ထိုအရာကို မြင်ပြီးနောက်အော်ပြောခဲ့သည်။
“သူ နှလုံးဖောက်နေပြီ! မြန်မြန် ဆေးယူပေးလိုက်!!”
“ယောင်္ကျား၊ သူက ကျွန်မတို့ ပြောနေတာတွေ အကုန်လုံးကို မြင်ပြီး၊ ကြားပြီးသွားပြီ၊ သူသက်သာလာရင် လျို့ကျင်းကို ပြန်မပြောဘဲနေမှာတဲ့လား?? သူက ရှင့်ကို ပထုတ်လိုက်ရင် ကျွန်မတို့သားလေးရဲ့ အနာဂတ်ပျောက်သွားလိမ့်မယ်!!”
“မင်းပြောချင်တာက…?”
“ဘာပဲဖြစ်ဖြစ် ရှင် တစ်ခုခုလုပ်ချင်တယ်ဆိုရင်လည်း ကျွန်မ မတားပါဘူး… …”
ခဏကြာတော့ ခွေးစုံတွဲက စိတ်ငြိမ်သွားကြသည်။ သူတို့က ကြမ်းပြင်ပေါ်တွင် တွန့်လိမ်ကာ နာကျင်မှုဝေဒနာခံစားနေရသည့် လျို့ကျင်း၏အမေကို ကြည့်ပြီး အိပ်ရာကို သန့်ရှင်း၊ အိပ်ရာခင်းများ လဲလှယ်ကာ ခြေရာလက်ရာများကိုဖျောက်နေခဲ့ကြသည်။
သူမ တစ်ယောက်တည်းသာ အခန်းထဲ၌ကျန်ခဲ့ချိန်တွင်တော့ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် နာကျင်မှု၊ ခံစားရမှုနှင့် အငြိုးအတေးတရားများဖြင့်သာ ပြည့်နှက်လာခဲ့ရသည်။ နောက်ဆုံးတော့ ဆယ်မိနစ်အကြာတွင် နာကျင်မှုကြောင့် သူမ၏အသက်ကိုဆုံးရှုံးခဲ့ရသည်။
သူမမှာ မည်သည့်အရာကိုမျှ မသိရှာသော သားဖြစ်သူအား ထိုခွေးထီးနှင့် ခွေးမ၏ ယုတ်မာပက်စက်သော အကြံအစည်အောက်တွင် ကျရှုံးရမည်ကို စိတ်ပူပန်နေခဲ့ခြင်းကြောင့် သရဲတစ်ကောင်ဖြစ်ကာ သက်ရှိကမ္ဘာတွင်သာ ဆက်လက်၍ကျန်ရှိနေခဲ့ရသည်။
သူမ၏ သားဖြစ်သူအား သတိထားနေရန် သတိပေးချင်နေခဲ့သောကြောင့် စျာပန အခမ်းအနားကို ဖျက်ဆီးကာ သားဖြစ်သူ၏အနီးမှ မခွာခဲ့ဘဲ အချိန်အကြာကြီး ကပ်တွယ်နေခဲ့သည်။
ကုကျစ်စုန့် မျက်လုံးများအား ပြန်ဖွင့်ကာ ဖြစ်ပျက်ခဲ့သည့် ကိစ္စများအား တစ်လုံးမကျန် ပြန်ပြောပြခဲ့သည်။
လျို့ကျင်းမှာ မြေပေါ်တွင် ဒူးထောက်လျက် ပုံကျသွားခဲ့ကာ အရပ်အနားမရှိ ငိုကြွေးနေလျက် ကြမ်းပြင်ကို ဆက်တိုက် ထုရိုက်နေခဲ့သည်။
တစ်ဖက်မှ အဖေလျို့ကတော့ ခြေထောက်များ ပျော့ခွေနေပြီဖြစ်ကာ ချွေးအေးများဖြင့် စိုရွှဲနေခဲ့သည်။
ဤမိန်းကလေးက သူ မေ့ပျောက်ရန် ကြိုးစားထားခဲ့သော နေ့ရက်မှ အဖြစ်အပျက်များအား အကုန်လုံးကိုလည်း ပြန်ပြောပြနေခြင်းကြောင့်ထိတ်လန့်တုန်လှုပ်လာခဲ့ရသည်။
အချက်အလက်များက အလွန်တိကျလွန်းသောကြောင့် ထိုနေ့အခင်းဖြစ်ရာနေရာတွင် စတုတ္ထမြောက်လူတစ်ယောက်ရှိနေခဲ့သလားဟုပင် ထင်ရသည်။
သို့သူက ခေါင်းကိုတော့ ခါရမ်းနေဆဲပင်။
“ငါမလုပ်ဘူး၊ မင်း သက်သေမရှိဘဲ စွပ်စွဲလို့ မရဘူး!!”
ကုကျစ်စုန့် ရုတ်တရက် ခေါင်းလှည့်လာကာ အဖိုးကြီးအား စိုက်ကြည့်လိုက်သည်။
“ရှင့်ရဲ့မိန်းမက အခု ဒီအခန်းထဲမှာ ရှိနေတယ်၊ သူ့ကိုပဲ မေးခိုင်းလိုက်ရမလား??”
အဖေလျို့မှာ ချက်ချင်း ခေါင်းပင် ကြိမ်းသွားခဲ့ကာ နဖူးနားတွင် အေးစိမ့်စိမ့်ဖြစ်လာရသည်။ ထိုစကားလုံးများကို ကြောက်ရွံ့လွန်းတာကြောင့် သူ ဒူးများပင် ချောင်လာခဲ့ရပြီး ကြမ်းပြင်ပေါ်သို့ ပုံ၍ပြုတ်ကျသွားတော့သည်။
လျို့ကျင်းသည်ကား ထိုစကားကြောင့် ရုတ်တရက် မော့ကြည့်လာခဲ့သည်
“တောက်ကျန့်၊ ကျွန်တော့်အမေ ဒီမှာ ရှိနေတာလား? တကယ်လား?!”
“ဟုတ်တယ်”
ကုကျစ်စုန့် ထိုငိုကြွေးမှုကြောင့် မျက်နှာမျုးနီရဲနေသည့် သက်လတ်ပိုင်းအမျိုးသားအား ကြည့်လိုက်သည်။
သူ၏ နောက်တွင် လူပုံသဏ္ဍာန် မီးခိုးတိမ်တိုက်တစ်ခုက တည်ရှိနေခဲ့သည်ပင်။
“ရှင်းရဲ့အမေက ရှင်တစ်ခုခု ဖြစ်သွားမှာကို စိုးရိမ်နေလို့ တစ်ချိန်လုံး ရှင့်ဘေးမှာ ရှိနေပြီး ရှင့်ကို ကာကွယ်ပေးနေခဲ့တာ”
**