လယ်သမားနှင့် မြွေ (1) “အမေ၊ ဒီမှာ ရှိနေတာလား?!”
Vol. 7 Ch. 62
လျို့ကျင်းက ကုကျစ်စုန့် ကြည့်နေသည့် နေရာဆီကို ခေါင်းလှည့်ကာ လှမ်းကြည့်ပြီးနောက် သူ့၏ လက်ကို မဝံ့မရဲ ဆန့်ထုတ်လိုက်သည်။
သူ မည်သည့်အရာကိုမှ မမြင်ရသလို မည်သည်ကိုမှလည်း မထိတွေ့နိုင်ချေ။ သို့သော် ထိုအချိန်တွင် သူသည်ကား စိတ်အာရုံချင်း ချိတ်ဆက်မိသလို ခံစားလိုက်ရကာ မျက်ရည်များက ပို၍ အတောမသတ် စီးကျလာပြန်သည်။
ကုကျစ်စုန့်သာ မြင်ရသည့် အမြင်တွင်တော့ လျို့ကျင်းဘက်သို့ မျက်နှာမူကာ သူ့၏ဘေးတွင် ဝဲနေသည့် မီးခိုးမည်းရောင် ဝိဉာဉ်တစ်ခုမှ လျို့ကျင်း၏ အထိအတွေ့အား တုံ့ပြန်ရန် ကြိုးစားနေရှာသည်။
သို့သော် လျို့ကျင်း၏အနားသို့ ကပ်လိုက်သည်နှင့် ထိုဝိဉာဉ်မှာ အပြင်းအထန်နာကျင်သကဲ့သို့ တုန်ရီသွားခဲ့ရပြန်သည်။
ကုကျစ်စုန့် မသိမသာ မျက်မှောင်ကြုတ်လိုက်ကာ လျို့ကျင်းထံသို့ လေတစ်ချက် ခပာဖွဖွမှုတ်ထုတ်လိုက်သည်။
ထို ‘ဝိဉာဉ်ဆိုင်ရာ ချီစွမ်းအင်’သည် သူမ၏ စွမ်းအားကို သယ်ဆောင်ထားကာ လျို့ကျင်း၏ ခန္ဓာကိုယ်အား မမြင်နိုင်သည့် ပိုက်ကွန်ကဲ့သို့ ဖုံးအုပ်သွားခဲ့သည်။ သူ၏ ဦးခေါင်းနှင့် ပခုံးပေါ်မှ ဝိဉာဉ်မီးတောက်သုံးခုသည်လည်း အင်မတန် မှိန်ဖျော့ကာ အစိမ်းရောင်အဖြစ်ပြောင်းသွားခဲ့သည်။
ယခုအချိန်တွင်တော့ ဝိဉာဉ်၏ ခန္ဓာမှာ အပြင်းအထန် တုန်ယင်မှု မရှိတော့ဘဲ လျို့ကျင်း၏ခန္ဓာကိုယ်အား ထိတွေ့နိုင်သွားခဲ့သည်။
လျို့ကျင်းတစ်ယောက် အခန်းထဲမှ အပူချိန်က ချက်ခြင်းလျော့ကျသွားကာ အေးစိမ့်လာသည်ကိုသာ ခံစားလိုက်ရသည်။
သူ့ရှေ့မှ မြင်ကွင်းမှာလည်း မီးခိုးရောင်သန်းလာခဲ့ကာ မျက်စိရှေ့တွင် မီးခိုးအလွှာတစ်ခုက ဖုံးအုပ်ထားသကဲ့သို့ ဖြစ်လာခဲ့ချေသည်။
လျို့ကျင်းမှာ သူ့၏ မျက်လုံးများအား ပွတ်ပစ်လိုက်မိပြီး နောက်တစ်ဖန်ပြန်လည်ဖွင့်လိုက်မိချိန်တွင် သူ၏ မျက်ဆံများပင် ပြူးကျယ်သွားရသည်။
သူ့ရှေ့တွင် မီးခိုရောင် လူရိပ်တစ်ခုရှိနေခဲ့သည်ပင် !!
“အမေ၊ အမေလား?!”
လျို့ကျင်း ထိုအရာကို လက်ဖြင့် ဆုတ်ကိုင်ရန် ကြိုးစားလိုက်သော်ငြား မီးခိုးမြူအား ထိမိသည်နှင့်တပြိုင်နက် ရေခဲဆူးများနှင့် အထိုးခံလိုက်ရသလို နာကျင်ကိုက်ခဲသွားခဲ့သည်။
သူ့တွင် ကြောက်ရွံ့ခြင်းမရှိနေပေ။ ထို့အစား ကုကျစ်စုန့်အား မျှော်လင့်တကြီးဖြင့်သာ ကြည့်လိုက်မိသည်။
ကုကျစ်စုန့် ခေါင်းငြိမ့်၍ ပြောသည်။
“အဲဒါက ရှင့်အမေရဲ့ ဝိဉာဉ်ပါပဲ”
စွမ်းအားပြင်းသော တစ္ဆေများမှာ ခန္ဓာကိုယ်အား အစိုင်အခဲဖြစ်အောင် ပြင်းထန်သော ယင်စွမ်းအင်နှင့် ပြောင်းလဲနိုင်ကြသည်။ ထိုပြောင်းလဲမှုကြောင့် အားနည်းသောရာသီခွင်တွင်မွေးဖွားသူများနှင့် ယန်စွမ်းအင်အားနည်းသူများမှာ တစ္ဆေများကို မြင်တွေ့နိုင်ခြင်းပင်ဖြစ်သည်။ ထိုအရာက လူအများသိကြသည့် ‘တစ္ဆေခြောက်ခြင်း’သာ ဖြစ်ချေသည်။
တစ္ဆေခြောက်ခံရပြီးနောက် ထိုလူများသည် ယင်စွမ်းအင်၏ သက်ရောက်မှုကြောင့် အဖျားကြီးခြင်း၊ အော့အန်ခြင်းနှင့် ဝမ်းလျှောခြင်းတို့ ဖြစ်တတ်ကြသည်။
ပြင်းထန်သောအဖြစ်အပျက်များတွင်မူ ခန္ဓာတွင်းမှ ဝိဉာဉ်(၃)ခုနှင့် စိတ်ဝိဥာဥ်(၇)ခုတို့မှာ လွင့်ထွက်သွားတတ်သည်။ ထိုသို့ဖြစ်ခြင်းကို ရှေးလူကြီးများက လိပ်ပြာလွင့်ခြင်းဟု ခေါ်ကြသည်။ ထိုသို့ ဖြစ်ပါက နတ်ဆရာများနှင့် ကြားခံများအား ဝိဉာဉ်အားပြန်ခေါ်ရန် ပင့်ဖိတ်ကြရလိမ့်မည်။
ဝိဉာဉ်မှကိုယ်ခန္ဓာသို့ ပြန်လည်ဝင်ရောက်လာလျှင် ချီစွမ်းအင်နှင့် ယန်စွမ်းအင်တို့ကို ပြန်လည်အားကောင်းစေရန် ပြုလုပ်ပေးရသည်။
ဆန့်ကျင်ဘက်အနေဖြင့် တစ္ဆေတစ်ကောင်သာ အားနည်းနေပါက သက်ရှိများအား ကြောက်ရွံ့ရကာ အထူးသဖြင့် ယန်စွမ်းအင် အားကောင်းသူများအား ကြောက်လန့်ကြသည်။
ထိုလူများ၏ အနီးကို ကပ်မိသည်နှင့် တစ္ဆေမှာ ယန်စွမ်းအင်ကြောင့် လောင်ကျွမ်းကာ ထိခိုက်ဒဏ်ရာရသွားနိုင်သည်။
လျို့ကျင်း၏ မိခင်မှာ အားနည်းသော တစ္ဆေတစ်ကောင်သာ ဖြစ်ချေသည်။ သူမတွင် ရုပ်ခန္ဓာရော စိတ်စွမ်းအင်ပါ တည်ငြိမ်မှု မရှိသောကြောင့် အချိန်မရွေးပျောက်ကွယ်သွားနိုင်သည်။
လျို့ကျင်း၏ မျက်နှာကို အကဲဖြတ်ရလျှင် သူသည်ကား ယန်စွမ်းအင် ကြမ္မာရှိနေခဲ့သောကြောင့် လျို့ကျင်း၏ မိခင်အနေဖြင့် သူ့ဆီသို့ ချဉ်းကပ်ပါက ပို၍ နာကျင်ရလိမ့်မည်။
ထိုသို့ဖြစ်သော်ငြား မိခင်ဖြစ်သူမှာ သား၏ ဘေးတွင်သာ တစ်ချိန်လုံးရှိနေခဲ့ချေသည်။ သူမ၏ စွဲလမ်းမှုမှာ ထူးဆန်းသည်ဟုတော့ ခေါ်ဆို၍မရနိုင်ပါချေ။
ရှင်းပြပြီးနောက် ကုကျစ်စုန့်က ဆက်လက်ပြောလိုက်သည်။
“ကျွန်မ အခုပဲ ရှင့်ခန္ဓာကိုယ်ကို ဝိဉာဉ်မီးတောက်နဲ့ ဖုံးထားလိုက်ပြီ၊ ရှင့်ရဲ့ ယန်စွမ်းအင်တွေကိုလည်း ချုပ်နှောင်ထားတယ်၊ ပြောရရင် ရှင့်ကို ယင်စွမ်းအင်ခန္ဓာအဖြစ် ခဏလောက် ပြောင်းလဲထားနိုင်တယ်၊ ဒါကြောင့် အခန်းထဲက ဝိဉာဉ်ကို မြင်နိုင်တာပဲ၊ သူကလည်း ရှင့်အနားကို တိုးလာလို့ ရတယ်”
“ကျေးဇူးတင်ပါတယ် တောက်ကျန့်”
အချိန် တစ်နာရီအတွင်း လျို့ကျင်း၏ ကုကျစ်စုန့်အပေါ် အမြင်က ပြောင်းလဲသွားပြီးဖြစ်ကာ အခေါ်အဝေါ်ကလည်း တောက်ကျန့်ဟု ဖြစ်လာခဲ့ပြီ။
စတွေ့ချိန်တုန်းက သူ့ဘက်မှ မလေးမစားပြုမူခဲ့မိသည်ကိုပင် နောင်တရနေခဲ့ပြီ။
ကုကျစ်စုန့်: “တစ်ခုရှိတာက ရှင့်အမေရဲ့ ကံကြမ္မာက အရမ်းကောင်းတယ်၊ သူက အသက်ရှိစဉ်မှာ ကောင်းမှုတွေအများကြီးလုပ်ခဲ့ပြီး လှူဒါန်းမှုတွေလည်း လုပ်ခဲ့တယ်၊
သေပြီး ဘဝမကူးနိုင်သေးရင်တောင်မှ သူမရဲ့ ကောင်းမှုတွေက ခန္ဓာကိုယ်ကို ကာကွယ်ပေးထားဦးမှာပဲ၊ သူမက ပုံစံတော့ မပေါ်နိုင်ပေမယ့် ရှင့်ခန္ဓာကိုယ်မှာရှိတဲ့ ယန်စွမ်းအင်ကြောင့်လောက်နှင့်တော့ ထိခိုက်နိုင်မှာမဟုတ်ဘူး”
လျို့ကျင်း တစ်ခုခုကို သဘောပေါက်သွားသည်။
“တောက်ကျန့် ဆိုလိုတာက…”
“ရှင့်ရဲ့ ကောင်းမွန်လွန်းတဲ့ အဖေကို ရှင်မရှိခင် နောက်ကွယ်မှာ ဘာတွေ လုပ်ထားသေးလဲဆိုတာ မေးကြည့်သင့်တယ်”
သူ၏ နီရဲနေသော မျက်လုံးများက ဧည့်ခန်းမှ ဆိုဖာဘက်သို့ လှည့်ကာ ‘အဖေ’ဖြစ်သူအား စိုက်ကြည့်လိုက်သည်။
အဖေလျို့မှာ လက်ရှိတွင် ကြောက်ရွံ့မှုကြောင့် ဒူးတုန်ကာ ချွေးများပင် ပြန်နေခဲ့သည်။
သူ ထိုနေ့တည်းက နောင်တရနေခဲ့သည်။ ညစဥ်ညတိုင်း မျက်စိမှိတ်လိုက်သည့်အချိန်တိုင်း ကြမ်းပြင်ပေါ်တွင် နာကျင်မှုကြောင့် ရုန်းကန်ငိုယိုနေရင်း စိုက်ကြည့်နေခဲ့သည့် ဒေါသအငြိုးတရားများ ပြည့်နေသော မျက်လုံးများကိုသာ မြင်ယောင်နေခဲ့သည်။
အသုဘပွဲတွင် ဖြစ်ပျက်သည့် ကိစ္စများအပြင် အသုဘကျောက်တိုင်အက်ကွဲသွားသည်ကို ကြားရပြီးနောက်တွင်တော့ သူ၏ စိတ်ဓာတ်က လုံးဝပြိုလဲသွားတော့သည်။
ဇနီးသည်က တစ္ဆေဖြစ်ကာ သူ့အသက်ကို လာနှုတ်မည်ကို သိနေခဲ့သောကြောင့် ကြောက်လန့်တုန်လှုပ်နေခဲ့ရသည်။
အဖေလျို့က သေရမည်ကို ကြောက်ရွံ့သလို သူလုပ်ခဲ့သည့် လုပ်ရပ်များအား လူသိသွားမည်ကို ပိုလို့တောင်ကြောက်နေခဲ့သည်။ ထို့ကြောင့် လျို့ကျင်း အိမ်တွင် မရှိသည့်အခိုက်တွင် တောက်ကျန့်များအား ငှားရမ်းကာ တစ္ဆေနှင့် မကောင်းဆိုးရွားဝိဉာဉ်များအား နှင်ခဲ့သည်။
ထို့အပြင် အကာအကွယ်စာရွက်များနှင့် တစ္ဆေနှင်သည့် အဆောင်ကျမ်းစာရွက်များအားလည်း ဧည့်ခန်းထဲတွင် ကပ်ထားခဲ့သေးသည်။
တောက်ကျန့်များက ဇနီးသည်၏ သေဆုံးပြီး ဝိဉာဉ်မှာ ထွက်မသွားနိုင်သေးသော်ငြား အားနည်းနေပြီး သူ့အား မထိခိုက်စေနိုင်ဟု ဆိုလာကြသည်။
သို့သော်ငြား သူစိတ်မအေးနိုင်သေးချေ။ ထို့ကြောင့် နာမည်ကြီး တောက်ဓမ္မဆရာအား ပင့်ရန် ငွေအမြောက်အမြားသုံးကာ နောင်ပြဿနာမဖြစ်စေရန်အတွက် ဇနီးဖြစ်သူ၏ ဝိဉာဉ်အား တိုက်ရိုက်ဖြိုခွဲရန် ခိုင်းလိုက်ချေသည်။
ထိုပညာရှင်ဆိုသူက ပန်းထိုးထားသည့် ခေါင်းအုံးသာသာ ဖြစ်ပြီး လျို့ကျင်းခေါ်လာသည့် မိန်းကလေး၏ ရိုက်နှက်ခြင်းကိုခံရကာ သွေးအန်သွားလိမ့်မည်ဟု မည်သူက ထင်လိမ့်မည်နည်း?
ကုကျစ်စုန့်၏ စကားများအား ကြားနေရပြီး၊ သားဖြစ်သူကလည်း ငိုယိုကာ လေထဲကို ပွေ့ဖက်နေသည်ကို မြင်တွေ့လိုက်ရချိန်တွင် အဖေလျို့မှာ ဤအခန်းက ခြောက်ခြားစရာကောင်းသည်ဟု ခံစားလာရသည်။
ဧည့်ခန်းထဲမှ အခေါင်းတလားသည်လည်း မကောင်းမှုဝိဉာဉ်တစ်ကောင်မှ သူ့အား စိုက်ကြည့်နေကာ အချိန်မရွေးခုန်အုပ်တော့မည်ကဲ့သို့ ခံစားလာရသည်။
သူ အိမ်ကနေ ထွက်ပြေးရန်အတွက် ခြေထောက်နှင့်မပြေးနိုင်တော့ဘဲ ကြမ်းပြင်ပေါ်၌ တွားသွားကာ ထွက်ပြေးဖို့ ကြိုးစားလာခဲ့သည်။
“မင်းအမေက သူ့ဘာသာသူ နေမကောင်းဖြစ်ပြီး သေတာ၊ ငါနဲ့ ဘာမှ မဆိုင်ဘူး!!”
ကုကျစ်စုန့်က သူမ၏ ဖီးနစ်မျက်လုံးများအား မှေးစင်းလိုက်ကာ ခေတ္တမျှတွေးတောနေခဲ့သည်။ ထို့နောက် သူမ၏ အိတ်ကပ်ထဲမှ လက်မအရွယ်ခန့် ကျောက်စိမ်းပုလင်းအား ထုတ်ယူလိုက်လေသည်။
ပုလင်းအဖုံးအားဖွင့်ပြီးနောက် မှုန်မှိုင်းနေသည့် လေများက အပြင်သို့ထွက်လာခဲ့ကာ ပုလင်းထဲမှ ကြည်လင်နေသော မျက်ရည်ကျောက်တစ်လုံးကထွက်ပေါ်လာခဲ့သည်။
ထိုအရာသည်ကား ကွမ်းလင်းထံမှ ရရှိခဲ့သော အငြိုးပြင်းဖန်သည့် စွမ်းအားကြီးသော ဝိဉာဉ်မျက်ရည်ပင် ဖြစ်သည်။
သူမ ဝိဉာဉ်မျက်ရည်အား နှစ်ပိုင်းပိုင်းကာ တစ်ဝက်အား လျို့ကျင်း၏ မိခင်ဖြစ်သူတစ္ဆေ၏ ခန္ဓာကိုယ်ထဲသို့ ထည့်ပေးလိုက်သည်။ သိပ်မကြာလိုက်ချေ။ တစ္ဆေ၏ ခန္ဓာကိုယ်က ဖောင်းပွလာခဲ့ကာ ပတ်ဝန်းကျင်မှ အပူချိန်မှာလည်း ပို၍ပင် လျော့ကျလာခဲ့သည်။
စက္ကန့်အနည်းငယ်အတွင်းမှာပင် အမေလျို့၏ ထိခိုက်ထားသော တစ္ဆေခန္ဓာသည် ဝိဉာဉ်မျက်ရည်၏ စွမ်းအားကြောင့် အစိုင်အခဲဖြစ်လာကာ လူပုံစံပင်ပေါ်လာခဲ့သည်။
သူမမှာ အသက် ၄၀၊၅၀ ခန့်ဟုသာ ရှိသေးသည်ဟုထင်ရသည်။ အသက်ရှိစဉ်ကလည်း သေသေချာချာထိန်းသိမ်းနေတတ်သော အမျိုးသမီးဖြစ်လောက်လိမ့်မည်။ ဘေးဘက်တွင် ဆံပင်တချို့ဖြူနေပြီး မျက်နှာ အရေးအကြောင်းများ ရှိသော်ငြား သူမသည် ငယ်ရွယ်ထက်မြက်သည့် ပုံပေါ်ဆဲပင်ဖြစ်သည်။
အမေလျို့က အံ့အားသင့်နေခဲ့ကာ သတိပြန်ဝင်လာချိန်တွင် လျို့ဂျင်အား မြင်ပြီးနောက် မျက်ဝန်းများပင် ဝိုင်းစက်ပြုးကျယ်သွားခဲ့သည်။
သူမ၏ မျက်လုံးများက ထောင့်နားတွင် ထိတ်လန့်တုန်လှုပ်နေသော အဖိုးအိုကို မြင်တွေ့ရချိန်တွင်အမူအရာမှာ ချက်ချင်းဆိုသလို ရွံရှာစက်ဆုပ် မုန်းတီးဟန်အပြည့် ဖြစ်လာခဲ့ကာ သူ့အပေါ်ကို ခုန်အုပ်လာခဲ့သည်။
အဖေလျို့မှာ ကြောက်ရွံ့အားနာစိတ်ကြောင့် ကောင်းစွာ မအိပ်နိုင်၊မစားနိုင်ဖြစ်နေသည့်အတွက် စိတ်ဝိဉာဉ်သည်လည်း အားပျော့နေခဲ့ပြီ။
ထို့အပြင် ကုကျစ်စုန့်ကြောင့် တုန်လှုပ်ကာ ချွေးများ ဆက်တိုက်ထွက်နေခဲ့ပြီး သူ၏ ယန်စွမ်းအင်သည်လည်း အနိမ့်ဆုံးအခြေအနေသို့ ရောက်နေသောကြောင့် အမေလျို့၏ ခန္ဓာကိုယ်မှ ယင်စွမ်းအင်၏ တိုက်ရိုက်တိုက်ခိုက်မှုအား ခံလိုက်ရကာ သူ၏ ယင်မျက်လုံးများမှာ ပွင့်လာခဲ့ပြီး တစ္ဆေကို မျက်မြင် မြင်လိုက်ရတော့သည်။
ဇနီးသည်၏ သေဆုံးပြီး မျက်နှာသည်ကား ပျက်စီးနေကာ သူ့အတွက်တော့ ကြောက်မက်ဖွယ်ဖို့ကောင်းလှသည်။
အမေလျို့မှ သူမ၏မျက်နှာအား ထိုလူယုတ်မာ၏ မျက်နှာနှင့် ကပ်လိုက်ကာ ဒေါသတကြီးဖြင့် ပြောလာသည်။
“ခွေးသူတောင်းစား၊ ငါသေသွားပြီး တစ္ဆေဖြစ်နေခဲ့ရင်တောင်မှ နင့်ကို အလွတ်မပေးဘူးလို့ ပြောခဲ့တယ် နင့်မှတ်မိတယ်မလား!!??”
အဖေလျို့၏ မျက်နှာသည်ကား စာရွက်ကဲ့သို့ ဖြူဆွတ်နေခဲ့ချေပြီ။ ဝဖိုင့်ကာ အိုမင်းနေသည့် ပါးဆုံများက ကြောက်လန့်မှုကြောင့် တုန်ရီနေခဲ့သည်။
“မဟုတ်ဘူး! ငါနင့်ကို သတ်တာမဟုတ်ဘူး၊ အဲတာ ဟိုခွေးမပဲ! သူမက မင်းကို မကယ်ခိုင်းတာ!! ငါမှားသွားပါတယ် တုန်ယင်း.. ငါမှားမှန်းသိပါပြီ၊ ငါ့ကို ခွင့်လွှတ်ပေးပါ!!”
သူ့အမှားကို ဝန်ခံကာ သက်ညှာပေးရန် တောင်းဆိုနေသော်လည်း သူ့၏လက်သည်ကား အင်္ကျီအိတ်ကပ်ထဲမှ တစ္ဆေနှင်သည့် အဆောင်ကျမ်းစာရွက်အား ထုတ်ကာ တုန်ယင်း၏ ဝိဉာဉ်ဆီသို့ ဝှေ့ရမ်းနေခဲ့သည်။
“ငါမင်းကို နာကျင်ဖို့ ရည်ရွယ်ချက်မရှိပါဘူး! မင်းက နဂိုကတည်းက နေမကောင်းတာလေ၊ ငါက မင်းအတွက် ဆေးယူမပေးလိုက်တာပဲရှိတာ၊ မင်းဘာသာမင်း ဒေါသကြီးနေခဲ့လို့ဖြစ်ခဲ့တာ! ထွက်သွား! ထွက်သွားစမ်း! ငါ့အနားကိုမလာခဲ့နဲ့!”
သို့သော်လည်း ကုကျစ်စုန့် ပေးခဲ့သော ဝိဉာဉ်မျက်ရည်၏ စွမ်းအားကြောင့် သူ့လက်ထဲမှ ကျမ်းစာရွက်များသည် ယင်စွမ်းအင်ကြောင့် လောင်ကျွမ်းကာ အမည်းရောင်ပြာများသာ ဖြစ်သွားခဲ့ကြသည်။
တုန်ယင်း၏ မျက်လုံးများက သွေးကဲ့သို့ ရဲရဲနီနေကာ သူမ၏ ‘ယောကျ်ား’ အား ခုန်အုပ်ကာ ကိုက်ဖြတ်တော့သည်။
တစ္ဆေတစ်ကောင်၏ တိုက်ခိုက်ခံရခြင်းသည် အင်မတန် ထိခိုက်စေနိုင်သည်။ အဖေလျို့၏ တစ်ကိုယ်လုံးမှ သွေးများ ခဲသွားကာ နှလုံးကလည်း ပေါက်ထွက်တော့မတတ်ပင်ဖြစ်လာချေသည်။
လက်ရှိတွင် သူ့၏မျက်လုံးများမှာ နောက်ကို လန်သွားပြီဖြစ်ကာ အသံတောင် မထွက်နိုင်တော့ချေ။ ကြမ်းပြင်ပေါ်တွင် လဲကျသွားခဲ့ကာ ခြေထောက်နှစ်ချောင်းကြားတွင်လည်း ဆီးများ အိုင်ထွန်းနေခဲ့သည်။
ကြောက်ရွံ့လွန်းကာ မေ့လဲသွားခြင်းပင်။
တုန်ယင်း ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။
“သေချင်ယောင်ဆောင်မနေနဲ့၊ ငါ နင့်ကို အလွတ်ပေးမယ်လို့ ထင်နေတာလား! ဒီနှစ်တွေထဲမှာ ငါ့ကို ရွံရှာစက်ဆုပ်စေရုံနဲ့ အားမရသေးဘဲ ငါ့သားကို ထိဖို့ စဉ်းစားလိုက်သေးတယ်! နင့်လိုလူမျိုးက အဖေ မဖြစ်သင့်တဲ့ လူမျိုး! သေသင့်တဲ့ လူ့တိရိစ္ဆာန်ကောင်ပဲ!!”
ကုကျစ်စုန့်က သူမ၏လက်များအား တိတ်တဆိတ်ဆွဲလာခဲ့သည်။
“ဟန်ဆောင်နေတယ်မထင်ဘူး၊ သူက တက်သွားတာ ဖြစ်မယ်”
တက်သွားတာ?
တုန်ယင်း၊ လျို့ကျင်းနှင့် ယွီထုန်လျို့တို့ အားလုံး ကြက်သေ သေသွားကြသည်။
အဖေလျို့၏ အနားကို ကပ်ကြည့်လိုက်ရာ သူ့၏ ပါးစပ်က ရွဲ့စောင်းနေခဲ့ကာ သွားရည်များပင် စီးကျနေသည်ကို တွေ့လိုက်ရသည်။
သူက အရက်ကို မဆင်မခြင်သောက်နေသည့် လူအိုဖြစ်သည့်အပြင် မိန်းမကိုလည်း အလွန်ပွေလီသေးသည်။
ယခုအချိန်၌ သူ၏ ခန္ဓာကိုယ်က မီးစာကုန်၊ဆီခမ်းနေလေပြီ။
*