← Chapters

လယ်သမားနှင့် မြွေ (3)

Vol. 7 Ch. 64

လယ်သမားနှင့် မြွေ (3)

Vol. 7 Ch. 64

သရုပ်ဆောင်နည်းပြ

ကုကျစ်စုန့်၏ စကားအား ကြားလိုက်ရသည်တွင် တုန်ယင်းတစ်ယောက် မရပ်တန့်နိုင်လောက်တော့ဟုထင်ရလောက်အောင် ရယ်မောနေခဲ့ကာ အလွန်ပျော်ရွှင်နေသော မျက်နှာဖြင့် ပြောလိုက်ချေသည်။

“ရှင်၊ လျို့မျိုးရိုး လူကြီးမင်း၊ ရှင်ဆီမှာလည်း ဒီနေ့ကလို နေ့ရက်မျိုး ရောက်ရှိလာခဲ့ရတာပဲ၊ ရှင့်လိုလူမျိုးက အခုလို ဖောက်ပြန်ခံရပြီး သူများကလေးအတွက် ပြုစုလုပ်ကြွေးပေးနေတာနဲ့ပဲ တန်တယ်၊ ဒါက ရှင့်ရဲ့လုပ်ရပ်တွေအတွက် ဝဍ်လည်တာပဲ၊

ရှင်တို့‘လျို့’မိသားစုရဲ့မျိုးဆက်လေးက နောက်ဆုံးတော့ ဖြတ်တောက်ခံလိုက်ရတာပဲမဟုတ်လား!”

သူမ၏ စိတ်လှုပ်ရှားပျော်ရွှင်ကာ လှောင်ပြောင်နေခြင်းက အဖေလျို့၏ စိတ်ထဲတွင် တစ်စုံတစ်ရာကို အမှတ်ရသွားစေခဲ့သည်။ အငယ်ဆုံးသား၏ မျက်နှာသည်ကား အမှန်တကယ်လည်း သူနှင့် အနည်းမျှပင် တူညီမှုမရှိပေ...

ထိုကောင်လေးအား လေ့ကျင့်ပေးရန်အတွက် ဤနှစ်ပိုင်းအတွင်း သူသုံးခဲ့သည့် ပိုက်ဆံများအပြင် ထိုကလေးအတွက်နှင့် သူ့၏သားကြီးကိုပင် မကောင်းကြံစည်ဖို့ရာ တုံ့ဆိုင်းမှု အနည်းငယ်မျှ မရှိခဲ့ချေ။ အရာအားလုံးက သူတစ်ပါးအတွက် မင်္ဂလာဝတ်စုံချုပ်ကာ လမ်းဖောက်ပေးနေခဲ့ခြင်းသာ ဖြစ်နေခဲ့သည်!!

အဖေလျို့မှာ ဒေါသထွက်ရအားကြီး၍ မျက်လုံးများအနောက်သို့လန်ကာ နောက်တစ်ကြိမ် မေ့မြောသွားခဲ့ရပြန်သည်။

ကုကျစ်စုန့် လျို့ကျင်းထံမှ ဝမ်အမျိုးသမီး၏ ဓာတ်ပုံတစ်ပုံကို တောင်းလိုက်သည်။ ထို့နောက် ထိုဓာတ်ပုံအား လက်ဖဝါးနှင့် အုပ်ထားလိုက်ကာ ခဏမျှကြာမှ သူမ၏ မျက်လုံးများအား ပြန်ဖွင့်၍ ပြောလိုက်သည်။

“ဒီအမျိုးသမီးက တော်တော်လေးဉာဏ်ကောင်းတာပဲ၊ သူက သူ့ကလေးကို အပြစ်တွေအတွက် မီးမောင်းထိုးခံရမှာကို ကြောက်လို့ ငွေတွေယူထားပြီး အချိန်မရွေးထွက်ပြေးလို့ ရအောင် လုပ်ထားတယ်၊

သူမနဲ့ ဒီဓာတ်ပုံထဲက လူတွေကြားမှာ ဘာဆက်သွယ်မှုမှ မရှိပေမယ့် အကျန်အကြွင်းဆက်သွယ်ချက်နည်းနည်းရှိနေတယ်၊ ဒီတော့ ကျွန်မထင်တာက သူမက ဒီဓာတ်ပုံကို ရိုက်ပေးတဲ့လူနဲ့ ဆက်စပ်နေတာပဲ၊ ကလေးကလည်း သူတို့နှစ်ယောက်ရဲ့ ကလေးပဲ ဖြစ်ရမယ်”

တုန်ယင်း အချိန်တော်တော်ကြာအောင် ထိုဓာတ်ပုံရိုက်ကူးခဲ့စဉ်က အချိန်ကို ပြန်စဉ်းစားနေခဲ့သည်။ နောက်မှသာ အံကို တင်းတင်းစေ့ကာ ပြောလာခဲ့သည်။

“အဲဒီပုံကို အိမ်က ဒရိုင်ဘာ ရိုက်ပေးထားတာပဲ!!”

ကုကျစ်စုန့်:

“ဒါဆိုရင် ဒါရိုက်တာလျို့၊ အဲဒီ ဒရိုင်ဘာကို အရင်ထိန်းသိမ်းလိုက်တာ အကောင်းဆုံးဖြစ်လိမ့်မယ်၊ အဲဒီမိန်းမရဲ့ မှီခိုခြင်းနန်းတော်က နေရာရွေ့နေတုန်းပဲ၊ သူ တစ်ခုခုမလုပ်ခင် ဒရိုင်ဘာဆီက အချက်ပေးလာတာကို အရင်စောင့်နေတာဖြစ်လောက်လိမ့်မယ်၊

ရှင့်အမေရဲ့ သေဆုံးမှုက အဖြစ်မှန်မပေါ်သွားဘူးဆိုမှ သူ ပြန်လာလိမ့်မယ်၊ ဒရိုင်ဘာက တစ်ခုခုကို သိသွားတာနှင့်  အဲဒီမိန်းမကို အချက်ပေးလိုက်လိမ့်မယ်၊ ဒါဆိုရင်  အဲဒီမိန်းမက ညတွင်းချင်း လေယာဉ်လက်မှတ်ဝယ်ပြီး ကလေးနှင့် နိုင်ငံခြားကို ထွက်သွားတော့မှာပဲ၊ အဲဒီအချိန်ကျရင်တော့ ပိုပြီး ရှာဖို့ခက်သွားလိမ့်မယ်”

လျို့ကျင်း အံကြိတ်၍ ပြောလိုက်သည်။

“ကောင်းပါပြီ၊ သေသေချာချာမှတ်ထားလိုက်ပါမယ်၊ ခဏနေရင် ရဲကို ခေါ်ပြီး ဒီအမှုကို ပြန်ပြီးစုံစမ်းဖို့ တင်သွင်းလိုက်မယ်၊ သူတို့ လုံးဝမလွတ်စေရဘူး၊ ကျွန်တော် သူတို့ကို သေချာပေါက် တရားဥပဒေအရ အပြစ်ပေးမှာ!”

“ကဲ ဒါဆို ပြဿနာက အကုန် ဖြေရှင်းလို့ ပြီးသလောက်ဖြစ်ပြီဆိုတော့ ရှင့်ဆီမှာ မေးစရာရှိရင် အခုမေးလို့ရပြီ”

လျိုု့ကျင်း ခေတ္တမျှ တွေးတောနေခဲ့ပြီးနောက် မေးလာသည်။

“ကုတောက်ကျန့်၊ ကျွန်တော့်အမေ့ရဲ့ ဝိဉာဉ်က ဒဏ်ရာရထားတာဆိုတော့  ပြန်ဝင်စားဖို့အတွက် မြေအောက်ကမ္ဘာကို သွားရင် ထိခိုက်မှုတွေများ ရှိနိုင်မလား?”

“ဟုတ်သားပဲ၊ အဲတာကို မေ့တော့မလို့” 

ကုကျစ်စုန့် အဝါရောင်ကျမ်းစာရွက်တစ်စောင်နှင့် ကပ်ကြေးအသေးလေးတစ်ခုကို အိတ်ကပ်ထဲမှ ထုတ်လိုက်ကာ လက်ဖဝါးခန့်အရွယ်ရှိ စက္ကူရုပ်လေးအဖြစ် ညှပ်လိုက်သည်။

“ရှင့်အမေရဲ့ ဝိဉာဉ်က ပြင်းပြင်းထန်ထန် ထိခိုက်ထားတယ်၊ အခုတော့ ဝိဉာဉ်မျက်ရည်အစွမ်းကြောင့် သက်သာသွားပြီလို့ ထင်ရပေမယ့် အဲဒီစွမ်းအားကုန်တဲ့အချိန်ကျရင် နဂိုပုံစံအတိုင်းပြန်ဖြစ်သွားမှာပဲ၊ ဒီတော့ သူ့ရဲ့ ဝိဉာဉ်ကို ဒီစက္ကူရုပ်ထဲမှာ ခဏသိမ်းထားပေးမယ်၊ ဒါကို ရှင်နဲ့အတူထားပေးပါ၊ ဒါမှမဟုတ် ကျောက်စိမ်းတုံးတစ်ခုဝယ်ပြီး စက္ကူရုပ်လေးကို အဲဒီကျောက်စိမ်းတုံးပေါ်ကို  တင်ထားပေးရင်လည်း ရတယ်”

သူမ စကားပြောနေရင်းနဲ့ လက်ကို ဝှေ့ရမ်းလိုက်ရာ တုန်ယင်းဝိဉာဉ်ကလည်း ထိုစွမ်းအင်၏ ဆွဲဆောင်မှုကြောင့် အဝါရောင်စက္ကူရုပ်လေးအတွင်းသို့ ဝင်ရောက်သွားခဲ့သည်။

ခဏအကြာတွင် စက္ကူရုပ်လေးက လှုပ်ရှားလာကာ ကုကျစ်စုန့်လက်ပေါ်တွင် မတ်တပ်ရပ်လိုက်သည်။

ထိုအရာက အလွန်အမင်း အံ့ဩဖွယ်ကောင်းလှသည်ပင်။

“ငါ လူတွေကို ထိလို့ရပြီ! အပူချိန်ကိုလည်း ခံစားနိုင်တယ်!”

ကုကျစ်စုန့်:

“မြန်ရင်တော့ တစ်ပတ်၊နှစ်ပတ်လောက်နှင့် ရလိမ့်မယ်၊ နှေးတယ်ဆိုရင်တော့ နှစ်လ၊ သုံးလလောက်အထိ ဝိဉာဉ်အားမွေးဖို့ အချိန်ယူရလိမ့်မယ်၊ အချိန်ကျလာရင် တမန်တော်တစ်ယောက်က ရှင့်ကို မြေအောက်ကမ္ဘာဆီကို ခေါ်ဖို့ ရောက်လာလိမ့်မယ်”

ထိုကိစ္စပြီးနောက် လျို့ကျင်း၏ တောင်းဆိုမှုများ အားလုံးကို ဖြည့်ဆည်းပေးပြီးဖြစ်ချေသည်။

ကုကျစ်စုန့် သူ၏လက်ချောင်းများကို ဆန့်လိုက်ကာ လျို့ကျင်း၏ နဖူးအား ထိလိုက်သည်။ ထို့နောက်တွင် ရွှေရောင်အလင်းတန်းတစ်ခုက သူ့၏ကိုယ်ထဲမှ ထွက်လာခဲ့ကာ ကုကျစ်စုန့်၏ လက်ချောင်းများနောက်သို့ လိုက်ပါလာခဲ့တော့သည်။ 

လျို့ကျင်းတစ်ယောက် ဤအခိုက်အတန့်တွင် သူ့ခန္ဓာကိုယ်က လေးလံသလိုခံစားလိုက်ရသည်။

ထိုအချိန်တွင် လျို့ကျင်းမှာ မည်သို့ ပြောရမည်မှန်းမသိသော်လည်း သူ၏ စိတ်ဝိဉာဉ်အတွင်း နက်နက်ရှိုင်းရှိုင်းနေရာမှ တစ်စုံတစ်ခုအား ဆုံးရှုံးလိုက်သကဲ့သို့ ခံစားလိုက်ရသည်။

ပြဿနာများ ဖြေရှင်းပြီးနောက် လျို့ကျင်းမှာ သူ၏ အယုံကြည်ရဆုံး အိမ်အကူအား‌ ခေါ်ကာ သူ့ပစ္စည်းများနှင့် မေ့မြောနေသော အဖေလျို့အား သယ်ဆောင်သွားရန် ခိုင်းစေလိုက်သည်။

ဧည့်ခန်းတွင်းမှ အခေါင်းတလားသည်လည်း အလျင်အမြန်မြှုပ်နှံရန် လိုအပ်သည်ကြောင့် ချက်ခြင်း စျာပနပွဲစီစဥ်သူများအား ဆက်သွယ်ကာ အခေါင်းမြှုပ်နှံနိုင်ရန် ရက်ချိန်းယူလိုက်သည်။

အရာအားလုံး ဖြေရှင်းပြီးသွားသည့်နောက်တွင် သူ့၏ ရင်ထဲမှ လေးလံနေသည့်အလုံးကြီးလည်း ကျသွားခဲ့သည်။

လက်ရှိတွင်တော့  ယွီထုန်လျို့၏ ပြောစကားများကို သူအကြွင်းမဲ့ယုံကြည်သွားတော့သည်။ ကုကျစ်စုန့်သည်ကား အမှန်ပင် ရှင်းပြ၍ မရနိုင်လောက်အောင် တော်လွန်းသည့် ပညာရှင်တစ်ဦးပင်ဖြစ်သည်!

ကောင်းမှုကုသိုလ်ဟူသည်ကား သူ မမြင်နိုင်၊ မထိနိုင်သော်လည်း အရေးပါလှကြောင်းကို လျို့ကျင်း ကောင်းကောင်းသိထားသည်။ သို့သော်ငြား ထိုကောင်းမှုကုသိုလ်လောက်က ကုကျစ်စုန့်အား ပေးချေရန် လုံလောက်သည်ဟု သူမခံစားရပါချေ။

နောင်တွင် မိခင်ဖြစ်သူ၏ ဝိဉာဉ်မှာ ပြဿနာတစ်စုံတစ်ရာ ကြုံတွေ့ပါကလည်း သူ ကုကျစ်စုန့်ထံသို့သာ အကူအညီတောင်းရဦးမည်ဖြစ်သည်။ ထိုကဲ့သို့ ထူးခြားဆန်းကြယ်ပုဂ္ဂိုလ်တစ်ယောက်နှင့် ဆက်ဆံရေးကောင်းမွန်နေရန်က ပို၍ပင် အရေးကြီးပေသည်။

ထိုအခိုက်တွင် သူ ရုတ်တရက် တစ်ခုခုကို သတိရလိုက်သည်။

“မာစတာကု၊ မင်းရဲ့ မန်နေဂျာ ချင်းကျန်းက ငါ့ဆီကို  လွန်ခဲ့တဲ့ လဝက်အတွင်း အကြိမ်ကြိမ်ဆက်သွယ်ထားသေးတယ်၊ သူပြောတဲ့အတိိုင်းဆို မင်းရဲ့ နဖူးက အမာရွတ်က ပြန်ပြီး ကုစားလို့ မရနိုင်ဘူးတဲ့၊ သူက သူ့ရဲ့ သရုပ်ဆောင်အသစ်ကို မင်းရဲ့ ဇာတ်ကောင်နေရာကို ပေးစေချင်နေတာ၊ သူ အဲဒီကိစ္စကို မင်းနဲ့ မဆွေးနွေးရသေးဘူးမလား?? “

လျို့ကျင်း ကုကျစ်စုန့်၏ နဖူးအားလှမ်းကြည့်လိုက်တေား အမာရွတ်အရိပ်အယောင်ရှိသေးသော်ငြား ချင်ကျန်း ချဲ့ကားပြောသလောက်တော့ ဆိုးရွားနေသည်မဟုတ်ကြောင်း တွေ့လိုက်ရသည်။

အမှန်အတိုင်းပြောရလျှင် နဂိုတုန်းက သူသည်လည်း ကုကျစ်စုန့်၏ သရုပ်ဆောင်ညံ့မှုကြောင့် အစားထိုးချင်ခဲ့သည်။

ထို့ကြောင့် သူမ၏ ပြီးပြည့်စုံသည့် မျက်နှာ ပျက်စီးသွားကြောင်း သတင်းကြားရပြီးနောက်တွင် သူ့အနေဖြင့် သူမအား စစ်ယွီချင်းနေရာတွင် ဆက်လက်သရုပ်ဆောင်ခိုင်းရန်   စိတ်ဝင်စားဖို့အကြောင်းမရှိတော့ပါချေ။

မူလတုန်းက သူ ထိုချင်းကျန်း၏ တောင်းဆိုချက်ကို သဘောတူတော့မည်ဖြစ်သော်လည်း ယနေ့တွင် ကိစ္စတွေအများအပြား  ဖြစ်ပျက်သွားခဲ့သည်။

ယခုတင်မူကား အစားထိုးဖို့က လုံးဝမဖြစ်နိုင်တော့ပါချေ။ သူသည်ကား သူမကိုပင် ငွေကြေးအမြောက်အမြား ပေးပို့ရန် ဆန္ဒရှိနေခဲ့ပြီ။

ကုကျစ်စုန့်မှာ ရုပ်ရှင်ရိုက်ရသည်ကို စိတ်မဝင်စားသော်လည်း ဤအရာသည် ပထမပိုင်ရှင်၏ အကြီးဆုံးဆုတောင်းနှင့် စွဲလမ်းမှုဖြစ်နေခဲ့သောကြောင့် သူမ ဤအတွက် စာချုပ်ချုပ်ဆိုပေးခဲ့သည်။

စနစ်မှ ပြောပြခဲ့သည့် ‘ဇာတ်ကွက်’အရ ‘ကုကျစ်စုန့်’မှာ ရုပ်အဆင်းပျက်သွားခြင်းကြောင့် လူစားထိုးခံလိုက်ရပြီး သူမ၏ ဘဝအတွက် မျှော်လင့်ချက်မဲ့သွားသကဲ့သို့ ခံစားရကာ နောက်ဆက်တွဲ အဖြစ်ဆိုးများက ဆက်တိုက် ဖြစ်ပေါ်လာခြင်းပင် ဖြစ်သည်။

သို့သော် တစ်ဖက်မှ ချင်းကျန်းနှင့် လူသစ်တို့က သူမအား နင်းတုံးပြုလုပ်ကာ ဂုတ်သွေးစုတ်ခဲ့ကြပြီး အနုပညာနယ်ပယ်တွင် ထိုဇာတ်ကောင်ဖြင့် ကျော်ကြားလာကြသည်။ 

ကုကျစ်စုန့်တွင် ကိုယ်ပိုင်စည်းမျဉ်းများရှိကာ သူမသည် ‘စည်းကမ်းချက်များ’၏ အရေးပါပုံကိုလည်း အမြဲယုံကြည်သည်။

သူမက ဆရာသခင်တစ်ယောက်ဖြစ်သည့်အလျောက် အနုပညာနယ်ပယ်အား စိတ်ဝင်စားမှုမရှိသော်လည်း သူမသည်ကား ပျော့ညံ့သူတစ်ယောက်တော့ မဟုတ်ပါချေ။

ချင်ကျန်း၏ ဆက်တိုက်ရန်စနေမှုများ၊ သူမ၏ ခေါင်းပေါ်သို့ တက်နင်းရန် ကြံစည်နေမှုများ၊ ကြီးစိုးခြင်းသည့် ပုံစံများက သူမ၏ ရွံရှာစက်ဆုပ်မှုတွေ တစ်နေ့ထက်တစ်နေ့ တိုးလာစေသည်။

ထိုအချိန်တွင် လျို့ကျင်း၏ပုခုံးပေါ်တွင် လဲလျောင်းနေသော စက္ကူရုပ်လေး ခေါင်းထောင်လာသည်။

တုန်ယင်း :

“ဘယ်ဇာတ်ကောင်ကို နေရာလဲတာလဲ? လျို့ကျင်း၊ မင်း ကုတောက်ကျန့်နေရာကို အစားထိုးမလို့လား??”

လျို့ကျင်း ချက်ချင်း ချောင်းဟန့်လိုက်သည်။

“သူ့ကို အစားထိုးမယ်?? မဖြစ်နိုင်တာ  ! ကုတောက်ကျန့်က ဒီဇာတ်ကောင်အတွက် အသင့်တော်ဆုံးလူပဲ! သူ့မန်နေဂျာက ကျွန်တော့်ဆီကို မဟုတ်တမ်းသတင်းမှားတွေ လာပြောပြီး အထင်လွဲပြီးစိတ်ယိုင်အောင် လာလုပ်နေတာ”

ကုကျစ်စုန့်: “… …”

“ဒါရိုက်တာလျို့၊ ကျွန်မအတွက်နဲ့ စိတ်ထဲမပါတာတွေ မပြောရင်လည်း ရတယ်၊ ကျွန်မ သရုပ်ဆောင်ညံ့တာကို ကျွန်မ သိပါတယ်”

သူမ၏ မူရင်းပိုင်ရှင်က သရုပ်ဆောင်မည်မျှ ညံ့သည်ကို မသိသော်ငြား အင်တာနက်တစ်ခုလုံးဆီမှတောင် လှောင်ပြောင်ခံခဲ့ရသည်။

သူမကိုယ်တိုင်သည်လည်း ဘယ်တုန်းကမှ သရုပ်မဆောင်ခဲ့ဖူးသလို သရုပ်ဆောင်ရန်လည်း မလိုအပ်ခဲ့ဘဲ  စိတ်ထဲရှိသလို ထင်ရာစိုင်းပြီးပြုမူတတ်သည့် တောက်ဓမ္မပညာရှင်တစ်ယောက်ဖြစ်နေသည့်အတွက် ဤအချီတွင် ခေါင်းခဲနေခဲ့ရသည်။ 

တုန်ယင်းကတော့ စိတ်ဝင်စားပုံပေါ်ကာ မေးလာသည်။

“ကုတောက်ကျန့်က ဘယ်လိုကာရိုက်တာအတွက် သရုပ်ဆောင်ရမှာလဲ?”

ယွီထုန်လျို့မှ အခြေခံဇာတ်ကွက်ကို ရှင်းပြကာ ပြောလိုက်သည်။

“စုန့်စုန့်ရဲ့ ဇာတ်ကောင်က အမှိုက်သရိုက်ကောင်နဲ့ ဆုံခဲ့ရတဲ့ မိန်းမလှလေးနေရာက သရုပ်ဆောင်ရမှာ၊ နောက်ပိုင်းကျရင် သူမရဲ့ စိတ်ခံစားချက်တွေက လုံးဝကွဲကြေသွားရပြီး လုံးလုံးလျားလျားမည်းနက်သွားရလိမ့်မယ်”

“ဒါဆို ငါ ကုတောက်ကျန့်ကို သရုပ်ဆောင်ဖို့အတွက် သင်ပေးလို့ ရတယ်လေ”

တုန်ယင်း ခပ်ယဲ့ယဲ့ပြုံးလိုက်ကာ ဆိုသည်။

“ဒီလို ဒေါသမျိုးကို ငါ့ထက် ဘယ်သူက ပိုပြီးနားလည်ဦးမှာလဲ”

ယွီထုန်လျို့: “… …”

လျိူ့ကျင်း: “… …”

မှန်တော့ မှန်နေတာပဲ။

ယွီထုန်လျို့၏ မျက်လုံးများက အရောင်လက်သွားခဲ့ချေသည်။

“တကယ်တော့ ဒါကဖြစ်နိုင်တယ်နော် စုန့်စုန့်၊ စီနီယာအစ်ကိုက မင်းကို လေ့ကျင့်ချိန် တစ်လပေးမယ်လို့ ပြောထားတယ်မလား? ပြီးတော့ ဝိဉာဉ်ရေးရာ အစီအစဉ်ကိုလည်း ရိုက်ကူးဦးရမှာဆိုတော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ သရုပ်ဆောင် ဆရာငှားဖို့ မလိုတော့ဘူး၊ ဆရာမကိုသာ ခေါ်သွားလိုက်ရင် မင်း အားတဲ့အချိန်မှာ သရုပ်ဆောင်တာ‌ကို လေ့ကျင့်လို့ရတယ်”

“ဆရာမရဲ့ သင်ပြနိုင်စွမ်းက  လုံးဝကိုထိပ်တန်းအဆင့်ပဲနော်၊ ငါ အခုလို အနုပညာနယ်ပယ်မှာ အောင်မြင်နေတာက ဆရာမရဲ့ လမ်းပြမှုတွေနဲ့ သင်ကြားမှုတွေကြောင့်ပဲ”

လျို့ကျင်း:

“ကျွန်တော်လည်း ကန့်ကွက်စရာမရှိပါဘူး၊ ပြီးတော့ အလျင်လည်း မလိုပါဘူး၊ ဒီဇာတ်လမ်းတွဲကို နှစ်ဝက်ကျော်ကျော်လောက် အချိန်ပေးပြီး ရိုက်ဖို့ မျှော်မှန်းထားတာ၊ စစ်ယွီချင်းရဲ့ နေရာကလည်း ဇာတ်ကွက် အများကြီး မဟုတ်ဘူးဆိုတော့ နောက်ဆုံးမှ ရိုက်ရင်တောင် အဆင်ပြေတယ်”

သူ ကုကျစ်စုန့်၏ စွမ်းရည်အား မြင်ပြီးပြီဖြစ်သည်။ မိခင်ဖြစ်သူသာ သူမ၏အနီးတွင် နေပါက သူ့အနီးတွင် နေသည်ထက် ပို၍မြန်မြန် အားပြည့်လာလိမ့်မည်။

မိနစ်၂၀ကြာပြီးနောက်တွင် ကုကျစ်စုန့် ဗီလာထဲမှ ပြန်ထွက်လာခဲ့သည်။

သူမ၏ပုခုံးပေါ်တွင်တော့ အဝါရောင် စက္ကူလူရုပ်လေးက တင်းတင်းဆုတ်ကိုင်ကာ လိုက်ပါလာချေသည်။

သူမ အိမ်သို့ပြန်ရောက်သည့်အချိန်တွင် အိတ်ကပ်ထဲမှ ဖုန်းသို့ မက်ဆေ့ချ်နှစ်ခု တက်လာသည်။

ကုကျစ်စုန့် ဖွင့်ကြည့်လိုက်ရာ တစ်ခုသည် ဝိဉာဉ်ရေးရာ အစီအရင်မှ ဝန်ထမ်းများ ပို့လိုက်သော  စတုတ္ထမြောက်အပိုင်းအတွက် ပြိုင်ပွဲဝင်များ နားလည်စေရန် အကြမ်းဖြင်း ဇာတ်ညွှန်းဖြစ်သည်။

နောက်တစ်ခုသည်ကား သူမအား မနက်ဖြန် အစည်းအဝေးရှိမည်ဖြစ်ကြောင်း အသိပေးလာသည့် ကုမ္ပဏီမှ အသိပေးစာဖြစ်နေခဲ့သည်။

*

All Chapters