← Chapters

ချင်းကျန်း(1)

Vol. 7 Ch. 65

ချင်းကျန်း(1)

Vol. 7 Ch. 65

ကုမ္ပဏီအစည်းအ၀ေး

ချန်ယင် အင်တာတိန်းမန့်..

လစဉ်အစည်းအဝေးဟူသည်က ကုမ္ပဏီ၏ အနုပညာရှင်ပေါင်းများစွာ တွေ့ဆုံနိုင်သည့် အချိန်ဖြစ်ချေသည်။

အနုပညာလောကသို့ ဝင်ရောက်သည်မှာ အချိန်တစ်နှစ်ပင်မပြည့်သေးသည့် ဝါနုသရုပ်ဆောင်အသစ်လေးများက တစ်နေရာတည်းတွင် အတူတကွစုဝေးနေခဲ့ကြသည်။ သူတို့က တခြားထုတ်လုပ်ရေးအဖွဲ့မှ အနုပညာရှင်များက အရောင်စုံလင်သည့်ဝတ်စုံများကို ဝတ်ဆင်ကာ အစည်းအဝေးခန်းမသို့ အသီးသီးဝင်ရောက်လာကြသည်ကို ကုမ္ပဏီဒုတိယထပ်၏ ကော်ရစ်ဒါမှ ငုံ့ကြည့်နေခဲ့ကြသည်။

ချန်ယင်အင်တာတိန်းမန့်ကုမ္ပဏီမှာ စတင်တည်ထောင်သည့်အချိန်မှစ၍ ဆယ်နှစ်တာကာလကြာလာသည့်တိုင်အောင် ပထမတန်းစားသရုပ်ဆောင် တစ်ဦးတစ်ယောက်မှ ‌မွေးမထုတ်နိုင်သော အလယ်အလတ်အဆင့် အခြေခံကုမ္ပဏီတစ်ခုသာ ဖြစ်ချေသည်။

သို့သော်လည်း ကုမ္ပဏီ၏ ဒုတိယတန်းနှင့် တတိယတန်းသရုပ်ဆောင်များက နာမည်ကြီး ဇာတ်လမ်းတွဲများနှင့် variety show များတွင် ပါဝင်ခဲ့ဖူးသည်မှာလည်း ၁၈ရာစုနှစ်ကပင်ဟုထင်ရလောက်အောင်  ကြာမြင့်လွန်းနေခဲ့ပေပြီ။

သို့သော် လူသစ်လေးများ၏ အမြင်တွင်မူ ထိုလူများအားလုံးမှာ မနာလိုစရာကောင်းသူများသာပင်။

“အိုး.. ငါတို့လည်း ဘယ်တော့မှ အဲ့လိုအဆင့်ကိုရောက်မှာပါလိမ့်?”

“ရိုက်ကူးရေးလုပ်စရာလေးတွေ ရှိနေရင်ကို ကျေနပ်စမ်းပါ၊ ငါ နောက်ဆုံးသရုပ်ဆောင်ခဲ့ရတဲ့ ဇာတ်ကောင်ဆိုရင် စကား ၁၀ခွန်းတောင် ပြည့်အောင် မပြောခဲ့ရဘူး၊ အနုပညာကြေးကလည်း ယွမ်၁သောင်းပဲ ရတယ်၊ အိမ်ငှားခတောင် ပေးလို့ မလောက်ဘူး!”

“ကုမ္ပဏီတစ်ခုတည်းမှာ စာချုပ်ချုပ်ခဲ့တဲ့ လူတွေထဲမှာ လင်းဟူက ကံအကောင်းဆုံးပဲ မဟုတ်ဘူးလား? အရင်အပတ်က ‘QUEEN’ ရဲ့ အတွင်းကာဗာပုံသွားရိုက်ရတယ်လို့ ကြားလိုက်တယ်”

“ကျစ်! သူမရဲ့ အရင်းအမြစ်တွေက လူသွေးပေါက်စီစားတာကနေ ရတာလေ..”

မျက်နှာကို မဲ့ရွဲ့ကာ ပြောနေသော မိန်းကလေးက စကားကို ဆုံးအောင်မပြောရသေးခင် သူမ၏ဘေးနားမှ အဖော်က လှမ်းပုတ်လာခဲ့သည်။

ထိုမိန်းကလေး အနောက်ကို လှည့်ကြည့်လိုက်သော် မိန်းကလေးတစ်ဦးက လှေကားပေါ်မှ ဆင်းလာသည်ကို မြင်လိုက်ရလဆသည်။

ထိုမိန်းကလေးသည်ကား သူတို့ ပြောနေခဲ့ကြသည့် လင်းဟူပင်ဖြစ်ချေသည်။

ချက်ချင်းပင် အတင်းအဖြင်းပြောနေသောမိန်းကလေးများ၏ မျက်နှာများ ပြုံးချိုသွားကြကာ သူမအနားသို့ သွား၍ နှုတ်ဆက်နေကြသည်။

“လင်းကျဲ၊ ကျဲက နာမည်ကြီးတစ်ယောက် ဖြစ်တော့မှာဆိုတော့  group ထဲက ထမင်းစားဖို့ချိန်းဆိုတာကိုတောင် စာပြန်ဖော် မရတော့ဘူးပေါ့လေ”

“မတွေ့တာကြာပြီနော် လင်းဟူ၊ နင့်ရဲ့ အရင်းအမြစ်တွေက အခုတလော အတော်လေး အဆင်ပြေချောမွေ့နေတယ်လို့ကြားတယ်၊ ငါ့ကိုလည်း အလုပ်လေး နည်းနည်းလောက် ညွှန်းပေးပါဦး”

အနုပညာအသိုင်းအဝိုင်းသည်ကား ထိုသို့ ညစ်ပတ်လွန်းသည့် နေရာတစ်ခုဖြစ်သည်။ 

လူတိုင်းက အရှေ့တွင် ပြုံးပြကာ ကောကော၊ ကျဲကျဲလို့ ခေါ်နေကြသော်ငြား နောက်ကျောအား ဓားနှင့်ထိုးရန် ဝန်မလေးကြပါချေ။

ဤအသိုင်းအဝိုင်းမှ နှစ်ပေါင်းများစွာရင်းနှီးမှုသည် အရင်းအမြစ်တစ်ခုလောက်အတွက်နှင့်လည်း အလွယ်တကူ ပြိုကွဲသွားနိုင်သည်။

လင်းဟူက သူမ၏အကြောင်းကို မကောင်းပြောခဲ့၍ ရှက်ရွံ့နေသည့် ကောင်မလေးအားကြည့်ကာ မသိချင်ယောင်ဆောင်လိုက်သည်။

ထိုအခိုက်တွင်  ကောင်မလေးတစ်ယောက်က ရုတ်တရက်ထပြီး ချီးမွမ်းလာသည်။

“ငါ သတင်းတွေကြားနေရတာ ၊ နင်ဒါရိုက်တာလျို့ရဲ့ ဇာတ်လမ်းတွဲထဲမှာ သရုပ်ဆောင်ရတော့မှာဆို၊ နာမည်ကြီးသွားရင် ငါတို့ကို မမေ့နဲ့နော် လင်းဟူ!”

လင်းဟူမှာ နဂိုကမှ မကြည်လင်နေခဲ့သည့်စိတ်သည် ပို၍ပင် နောက်ကျိသွားတော့သည်။

ထိုအချိန်တွင် ပထမထပ်မှ ဆူညံသံများ ပိုမိုကျယ်လောင်လာသည်ကြောင့် အားလုံး အသံလာရာသို့ လှမ်းကြည့်လိုက်ကြသည်။

သာမန်အဝတ်အစားဝတ်ဆင်ထားသော မိန်းမပျိုလေးတစ်ယောက်ကအထဲသို့ ဝင်လာခဲ့ခြင်းပင်။

သူမ၏ မျက်ခုံးမျက်လုံးများတွင် စိတ်လှုပ်ရှားမှုများ အနည်းငယ်မျှပင်မရှိနေခ့သလို၊ နှင်းကဲ့သို့ ဆွတ်ဆွတ်ဖြူသော အသားအရည်နှင့် ပုတုန်းရောင်နက်မှောင်နေသည့် ဆံကေသာတို့ကိုလည်း ပိုင်ဆိုင်ထားခဲ့ပြီး အလွန်အမင်း လှပတင့်တယ်သောကြောင့်  ကြည့်မိသူတိုင်း မျက်စိမခွာနိုင်ဖြစ်သွားရချေသည်။

ကုမ္ပဏီ၏ဝန်ထမ်းများသည်လည်း အံ့ဩချီးကျူးသံများကို မပြောဘဲမနေနိုင်တော့သလို ဖုန်းများကိုပါထုတ်ကာ ဓာတ်ပုံရိုက်နေကြတော့သည်။

သူမသည်ကား ကုကျစ်စုန့်ပင် ဖြစ်ပေ၏။

သူမ ထိုနေရာတွင်သာ ရပ်နေလိုက်ရုံနှင့် သူမနှင့် အခြားလူများကြားတွင် နံရံတစ်ခုရှိသကဲ့သို့ ခံစားစေရသည်။

အပေါ်ထပ်တွင်ရှိနေသည့် မိန်းမလေးများ၏ မျက်လုံးများက သူမ ဓာတ်လှေကားထဲ ဝင်သွားသည်အထိ လိုက်ကြည့်နေခဲ့ကြပြီးမှ အသိပြန်ဝင်လာကြသည်။

“ဘုရားရေ၊ အရမ်းလှတာပဲ! အဲ့လောက် မျက်နှာနဲ့ မိန်းမလှလေးကို ပထမဆုံးမြင်ဖူးတာပဲ....”

သူမ ပြောလို့မပြီးသေးခင် ဘေးဘက်မှ အဖော်များ၏ ထူးဆန်းသော အကြည့်များကြောင့် စကားကိုရပ်တန့်လိုက်မိသည်။ 

သို့သော် လင်းဟူမှ ပြောလာချေပေ၏။

“သူမက တကယ်ကို အရမ်းလှတာပဲလေ”

သူမသည်လည်း သူမကိုယ်သူမ ဤအနုပညာလောကနှင့် အကိုက်ညီဆုံးဖြစ်သည့် အတ္တသမားဖြစ်ကြောင်းကို အမြဲတမ်း သိနေခဲ့ပေသည်။ 

ချင်းကျန်းမှ ဇာတ်ကောင်နေရာများ ပြောင်းလဲကာ သူမအတွက် အရင်းအမြစ်များရှာပေးနေသည့် အကြောင်းအရင်းမှာ သူမအား မြှောက်ပင့်ပေးချင်သောကြောင့်မဟုတ်ဘဲ ထိုသူက ကုကျစ်စုန့်အား သတ်ဖြတ်ချင်နေသည့်အတွက် ကြောင့်သာ ဖြစ်ကြောင်းလည်း သူမ သိနေခဲ့သည်။

သို့သော်လည်း သူမက နာမည်ကြီးချင်ခဲ့သည်။ အကျိုးအမြတ်ရချင်သည်။

သူမ ထိုအရင်းအမြစ်များအား ငြင်းဆန်လိုက်ပါကလည်း တခြားတစ်ယောက်ယောက်မှ ထိုအခွင့်အရေးအား ရသွားမည်ဖြစ်ပြီး သူမသည်လည်း စိတ်သဘောထားသေးသိမ်သည့် ချင်ကျန်းအား အပြစ်ပြုမိသကဲ့သို့ ဖြစ်သွားလိမ့်မည်။

ထို့ကြောင့် သူမ၏နှလုံးသားတွင် အားနာစိတ်များဝင်နေမိသော်လည်း သူမကိုယ်သူမ ပညာရှိနည်းဖြင့်သာ ကာကွယ်ကာ တစ်ဖက်လူပေးလာသည့် အခွင့်အရေးအား တိတ်တဆိတ်လက်ခံခဲ့သည်။

ယနေ့ ပုံမှန်အစည်းအဝေးတက်ရောက်ပြီးနောက်တွင်တော့ ချင်ကျန်း သူမကိုပေးရန် ကြိုးစားနေသည့် ဇာတ်ကောင်နေရာအတွက် လူပြောင်းလဲခြင်းက အငြင်းခံလိုက်ရကြောင်းကို သိလိုက်သည်။

ထိုအချိန်တွင် သူမ၏ စိတ်မှာ အလွန် ရှုပ်ထွေးနေခဲ့သည်။ တစ်ဖက်တွင် စိတ်ပျက်ကာ နှမြောတသဖြစ်မိသော်လည်း တစ်ချိန်တည်းတွင် သူမ၏ စိတ်မှာ သက်သာရာရသွားကာ စိတ်အေးချမ်းသွားသကဲ့သို့ သက်ပြင်းချမိပြန်သည်။

အနုပညာအသိုင်းအဝိုင်းတစ်ခုလုံးက အနက်ရောင်ဖြစ်နေချိန်ကာ အရာအားလုံးက ခဏအတွင်းပြောင်းလဲသွားနိုင်သည်။ လင်းဟူအနေဖြင့် ထိုကဲ့သို့လူမျိုးအား ရှုံးနိမ့်ခြင်းသည်လည်း မဆိုးလှဟုသာ တွေးမိနေခဲ့သည်။

ဓာတ်လှေကားအတွင်း မဝင်မီ ကုကျစ်စုန့် သူမအား စိုက်ကြည့်နေသော ရှုပ်ထွေးသည့် မျက်ဝန်းတစ်စုံအား ခံစားမိခဲ့သောကြောင့် ဒုတိယထပ်သို့လှမ်းကြည့်ခဲ့ကာ လူအုပ်အတွင်းမှ မိန်းကလေးတစ်ဦးအား ရှာတွေ့သွားခဲ့သည်။

ခဏလောက်တွေးတောပြီးနောက် သူမက စိတ်ထဲတွင် မေးလိုက်သည်။

“ငါသူ့ကို အရင်က မြင်ဖူးလား??”

စနစ်က ဒေါသတကြီးဖြင့် :

“အဲဒါ စုန့်ကျဲရဲ့ နေရာတွေကို အကုန်လုယူသွားမယ့် လင်းဟူလေ!!”

“အိုး……”

ကုကျစ်စုန့် အံ့ဩသွားခဲ့သည်။ သူမထင်ထားသည်က ထိုလင်းဟူသည်ကား သူမ ယခင်တုန်းက ပျင်းရိစွာ ဖတ်ခဲ့ဖူးသော ဝတ္ထုများမှ ဇာတ်ပို့မင်းသမီးများကဲ့သို့ သူမကိုမုန်းတီးကာ ကျိုးကြောင်းစီလျော်မှုမရှိသော လူမျိုး  ဖြစ်လိမ့်မည်ဟုပင်။

သို့သော်လည်း သူမ စိတ်ထဲသို့ သိပ်မထားခဲ့ဘဲ တတိယထပ်မှ အစည်းအဝေးခန်းမသို့‌ တက်လာခဲ့သည်။

အခန်းထဲသို့ဝင်လိုက်ပြီးနောက် ချန်ယင်၏ ဒုဥက္ကဌနှင့် ချင်ကျန်းတို့က သုန်မှုန်ထိုင်းမှိုင်းကာ ထိုင်နေကြသည်ကို မြင်လိုက်ရသည်။

သူမ ဝင်လာသည်ကို မြင်သည်နှင့် ဒုဥက္ကဌက ချက်ချင်းဆိုသလို ပြုံးဖြီးသွားခဲ့ကာ မတ်တတ်ရပ်၍ သူမအား နှုတ်ဆက်လာချေသည်။

“မတွေ့တာကြာပြီ စုန့်စုန့်၊ မင်းကတော့ တစ်နေ့တစ်ခြား ပိုပြီး လှပလာသလို ပိုပြီးတော်လာတာပဲ၊ လာခဲ့လေ၊ ဒီမှာ လာထိုင်”

ကုကျစ်စုန့်ကတော့ တုန်လှုပ်ခြင်းမရှိ ခုံပေါ်တွင် ထိုင်ချလိုက်ကာ မေးဖျားအား လက်ချောင်းလေးများနှင့် ပင့်၍ အလွန် သာမန်ဆန်သည့် အမူအရာဖြင့် မေးလိုက်သည်။ 

“ကျွန်မကို ဒီနေရာကိုလာဖို့ ဘာလို့ခေါ်လိုက်တာလဲ?”

ချင်ကျန်း၏ မျက်နှာက ရှုံ့မဲ့သွားကာ ကုကျစ်စုန့်အား ပေါက်ထွက်သွားမတတ် စူးစူးဝါးဝါးကြည့်နေခဲ့သည်။

စနစ်က တီးတိုးပြောလာပြန်သည်။

“အဲဒီမျက်လုံးတွေက မသိရင် စုန့်ကျဲက သူ့ဘိုးဘေးအုတ်ဂူတူးဖော်ထားတဲ့အတိုင်းပဲ…”

အဆိုးသွမ်းဆုံးတစ္ဆေများအား မြင်ဖူးသည့် ကုကျစ်စုန့်အတွက်တော့ ထိုသို့ ရန်စောင်ခြင်းမှာ အပေါ်ယံမျက်နှာပြင်အား အယားပြေကုတ်ခြစ်ရုံလောက်မျှသာ ရှိပေသည်။

သူမက ချင်ကျန်း၏မျက်နှာပေါ်မှ ထူထဲနေသည့်မီးခိုးပြာရောင် စိတ်ဓာတ်ကျခြင်းအငွေ့အသက်အား ကြည့်လိုက်ကာ စနစ်ကို ပြန်ပြောလိုက်သည်။

“အောက်တန်းကျတဲ့နည်းလမ်းတွေနဲ့ လူတွေကို ဒုက္ခပေးထားတယ်လေ၊ ဒီတော့ သူ တန်ပြန်ခံရတာ မထူးဆန်းဘူး၊ သူ့ရဲ့အိမ်ထဲမှာ အဲဒီမကောင်းဆိုးရွားဝိဉာဉ်ကို နေရာပေးထားပြီး ကိုယ့်ကိုကိုယ် ပြန်သတ်နေသလိုဖြစ်နေတာလည်း ကျန်သေးတယ်၊

သူ့ရဲ့စိတ်က အရင်ကတည်းက မသိမသာ တိုက်ခိုက်ခံနေရပြီးပြီ၊ ဒီတော့ အခုအချိန်တွေလောက်ဆိုရင် သေချာပေါက် ကံဆိုးနေမှာပဲ”

သူမ ပြောပြီးနောက် ချင်ကျန်း၏ ပုခုံးပေါ်မှ ခရမ်းပြာရောင် ကလေးသရဲအား ကြည့်လိုက်သည်။

ထိုသရဲကို သူမ ဆေးရုံတွင် နောက်ဆုံးတွေ့ခဲ့စဉ်က ချင်ကျန်း၏ ခန္ဓာကိုယ်ပေါ်တွင်ရှိသည့် အကာအကွယ်အဆောင်အား မသိမသာ ဖျက်ဆီးပေးလိုက်သည်။

သူ့တွင် မကောင်းဆိုးရွား အကာအကွယ်မရှိတော့သည့်ကြောင့် ကလေးသရဲ၏ ဆိုးရွားသည့် အတွေးများနှင့် စွမ်းအားများက ချင်ကျန်းအား လှိုက်စားနေခဲ့သည်။

ကုကျစ်စုန့် ပြောသလိုပင် ဤလဝက်အတွင်း သူ့အတွက် အဆင်ပြေသည့်အရာ တစ်ခုမှ မရှိခဲ့ပါချေ။

ပထမ သူရင်းနှီးမြှုပ်နှံခဲ့သည့်  ကုန်တိုက်မှာ သန့်ရှင်းရေးတွင် အဆင့်မပြည့်မှီသောကြောင့် ဟုသောအကြောင်းပြချက်ဖြင့် ပြန်လည်ပြင်ဆင်ရန်အတွက် လုပ်ငန်းအား ရပ်နားခံလိုက်ရသည်။

ထို့နောက် သူ၏ ပိုင်ဆိုင်မှုတစ်ဝက်အား ပုံအောကာ ဝယ်ယူခဲ့သည့် စတော့ရှယ်ယာများသည်လည်း ခွက်ခွက်လန်အောင် အရှုံးပေါ်ကာ လဝက်အတွင်း အိမ်တစ်လုံးကို ရောင်းချလိုက်ရပြန်သည်။

အလုပ်အကိုင်အရလည်း သူ၏ အရင်းအမြစ်များအား တခြားသူများမှ လက်ဦးသွားကာ မည်သည့်အရာကိုမျှ မရလိုက်တော့ချေ။

သူက ဆက်တိုက်ကံဆိုးနေသော်လည်း ထိုကပ်ဆိုးကြယ် ကုကျစ်စုန့်ကတော့ နာမည်ဆိုးနှင့် ကျော်ကြားသော အနုပညာဘဝမှ ပြောင်းပြန်ဖြစ်ကာ တရားဝင်ရုံးအဖွဲ့အစည်းများမှပင် ကျေးဇူးတင်ခံလိုက်ရသေးသည်။

ပို၍ခံရခက်သည်က သူစီစဉ်ပေးလိုက်သည့် အစီအစဉ်မှ အောင်မြင်လာခြင်းပင်။

ထိုအချက်က ချင်းကျန်းအား စိတ်ကသိကအောက်ဖြစ်စေကာ သူသည်ကား ကောင်းကောင်းပင် မစားနိုင်ဖြစ်နေခဲ့ပြီး၊ ကုကျစ်စုန့်၏ မျက်နှာအား မြင်တိုင်း စိတ်ဓာတ်ကျလာရသည်။

အစပိုင်းတွင် သူသည် မျောလွင့်နေသော ပင်လယ်ပြင်ဒဏ္ဍာရီဇာတ်လမ်းတွင် ဇာတ်ကောင်အတွက် လူစားလဲ၍ ရနိုင်လိမ့်မည်ဟု ထင်ထားခဲ့သည်။ သို့သော်လည်း ဒါရိုက်တာလျို့က ဒုဥက္ကဌအား ဖုန်းဆက်လာကာ ကုကျစ်စုန့်အား အစားထိုးရန်မဖြစ်နိုင်ဟု ပြောလာခဲ့ပြန်သည်!!

ကုကျစ်စုန့်ပေါ်သို့ အထင်အမြင်များ တစ်ဖြည်းဖြည်းပြောင်းလဲလာကြကာ သူမ၏ အောင်မြင်မှုကလည်း ထိုးတက်လာပြန်သည်။

အထက်လူကြီးများမှလည်း သူ့အား ကုကျစ်စုန့်ကို ပစ်မှတ်ထားနေသည်ကို ရပ်တန့်ပေးဖို့အတွက်နှင့် သူမ၏ရှေ့တွင် လေးစားစွာ တောင်းပန်ရန်အတွက်  ပြောလာချေသည်။

ချင်းကျန်း၏ခေါင်းထဲတွင် ကောင်းမွန်သည့် အတွေးများတစ်ခုမှမရှိပေ။ သူက ကုကျစ်စုန့်မှာ သရဲတစ္ဆေမြားကို မွေးထားသည် သို့မဟုတ် တစ်စုံတစ်ယောက်အား ကံကြမ္မာကို အလဲအလှယ်လုပ်ခိုင်းထားသည်ဟုသာ ယုံကြည်နေခဲ့သည်။

ထိုသို့မဟုတ်ဘဲ သူမက မည်သည့်နည်းနှင့်မျှ ပြောင်းလဲနိုင်မည်မဟုတ်ပေ။

ဝိဉာဉ်ရေးရာအစီအစဉ်မှ စွမ်းဆောင်ရည်များမှာ သူမအား တစ်ယောက်ယောက်က သင်ပေးထားသည်မှ သိသာသည်။

ဤအရူးအား သူ နှစ်နှစ်ကြာ ပျိုးထောင်ခဲ့သည်။ ကုကျစ်စုန့်သာ ရုပ်လွန်ပညာတက်သည်ဆိုပါက ဝက်မကပင် သစ်ပင်တက်နိုင်လိမ့်မည်။

ထိုအချိန်တွင် ဒုဥက္ကဌက ချောင်းဟန့်ကာ စိတ်ခံစားချက်ကတ်အား ထုတ်သုံးလာသည်။

“စုန့်စုန့်၊ မင်းငါတို့နဲ့ အတူရှိနေတာ သုံးနှစ်တောင် ကြာပြီပဲ၊ မင်းလူသစ်ဘဝတည်းက ငါတို့က မင်းရဲ့ လုပ်ဆောင်ရည်ကို ကြိုမြင်နေပြီး စာချုပ်ချုပ်ခဲ့တာ၊ အခု နောက်နှစ်ဝက်လောက်နေရင် စာချုပ်သက်တမ်းကုန်တော့မှာဆိုတော့ ကုမ္ပဏီ စီမံခန့်ခွဲရေးနဲ့ တိုင်ပင်ပြီး မင်းအတွက် အခကြေးငွေကို ပိုတိုးပေးပျီး ပိုကောင်းတဲ့ စာချုပ်ချုပ်ဆိုပေးဖို့ တွေးတောထားတယ်”

ကုကျစ်စုန့် ပြုံးလိုက်သည်။

“ဒီတော့ လွန်ခဲ့တဲ့ နှစ်နှစ်လုံး ကုမ္ပဏီက ကျွန်မရဲ့ ဇာတ်ကောင်နဲ့ အရင်းအမြစ်တွေကို လဲလှယ်ပြီး ‘ပျိုးထောင်ပေး’တဲ့အတွက် ကျေးဇူးတင်ပေးရမယ်လို့ ပြောချင်တာလား??

မူရင်းပိုင်ရှင်၏  မှတ်ဉာဏ်များမှတစ်ဆင့် ချန်ယင် အင်တာတိန်းမန့်ကုမ္ပဏီသည် အနုပညာရွက်ပုန်းသီးများအား ရှာဖွေပျိုးထောင်ပေးနေခြင်း မဟုတ်ကြောင်း သူမ သိထားသည်။

ထိုအချိန်က မူရင်းပိုင်ရှင်မှာ အနုပညာလောကအား စတင်ဝင်ရောက်ချိန်တွင် စာချုပ်ချုပ်ဆိုရန် လှည့်စားခံခဲ့ရသည်။

သူမတွင် နာမည်ကြီးဖြစ်ချင်သည့် အတွေးသာရှိခဲ့ပြီး သူမ လက်မှတ်ထိုးခဲ့သည့် စာချုပ်မှာ အနုပညာလောကတွင် ‘အရောင်းစာချုပ်’ဟု အသိများသည့် တောင်းဆိုမှုအများဆုံးစာချုပ်ဖြစ်နေမှန်းပင် သူမ သတိမပြုမိခဲ့ပေ။

**

All Chapters