ချင်းကျင်း (2)
Vol. 7 Ch. 66
သန္ဓေသားသရဲ
ကုမ္ပဏီဆီမှ လက်ခံရရှိသော အရင်းအမြစ်များသည်ကား ဇွတ်အတင်းလုပ်ယူ၍ မရသကဲ့သို့ ရရှိသူများသည်လည်း ငြင်းဆန်၍ မရပေ။
အနုပညာရှင်တစ်ယောက်ယောက်ကသာ ကုမ္ပဏီမှ ထွက်ခွာလိုပါက မိုးလောက်မြင့်သည့် နစ်နာကြေးများ ပေးဆောင်ကြရလိမ့်မည်..
ပြီးခဲ့သည့် နှစ်နှစ်အတွင်း သတင်းကျော်ကြားမှုနှင့် လူစိတ်ဝင်စားမှု မြင့်စေဖို့အတွက် ချန်ယင်အင်တာတိန်းမန့်ကုမ္ပဏီသည်ကား မူလပိုင်ရှင်၏ အနုပညာလောကအတွင်းမှ ဂုဏ်သတင်းဆိုးရွားလာမှုများအပေါ် လုံးဝလျစ်လျူရှုထားခဲ့သည်။
နဖူးပေါ်၌ ဒဏ်ရာရထားချိန်တွင်ပင် သူမသည် ပြန်လည်သက်သာရန် အနားယူချိန်မရခဲ့ပါချေ။ စာချုပ်သက်တမ်းမကုန်ခင်အတွင်း သူမထံမှ သွေးတစ်စက်မကျန်အောင် စုပ်ယူနိုင်ရန်အတွက် နာမည်ဆိုးနှင့် ကျော်ကြားသော ‘ဝိဉာဉ်ရေးရာ’ အစီအစဉ်သို့ ပို့ခြင်းကိုခံခဲ့ရပြန်သည်။
သူမကိုယ်တွင်းမှ စိတ်ဝိဉာဉ်အသစ်ကြောင့် သူမသည် လေကို ဆန်တက်ကာ မည်သူမှ မနှစ်သက်သော အစီအစဉ်အား တမဟုတ်ချင်း နာမည်ကြီးလာအောင် လုပ်နိုင်လိမ့်မည်ဟုတော့ မည်သူမှ တွေးမထားခဲ့ကြပေ။
ယခုအချိန်တွင် ဒုဥက္ကဌမှာ တခြားလူများနှင့် စကားပြောဆိုဆက်ဆံသည့်အချိန်တိုင်း ထိုလူများအားလုံးက တစ်လေသံတည်းသာ ထွက်၍ သူဆီကို မေးမြန်းခဲ့ကြသည်။
ထိုသူများက ‘ဝိဉာဉ်ရေးရာ’ အစီအစဉ်တွင် ကုကျစ်စုန့်ပါဝင်ရန်အတွက် သူတို့ ကုမ္ပဏီမှ မည်သူက ဇာတ်ညွှန်းရေးသားပေးထားသည်လဲဟူသည့် မေးခွန်းများနှင့် ထိုလူမှ် အင်မတန် ထူးခြားပြောင်မြောက်သူဖြစ်ပြောင်း ချီးကျုးစကားများကိုပင် ပြောဆိုကြသေးသည်။
ဒုဥက္ကဌကိုယ်တိုင်သည်လည်း ထိုမေးခွန်း၏ အဖြေကို သိချင်နေခြင်းဖြစ်ကြောင်းကို ဘုရားကသာလျှင် သိပေလိမ့်မည်။
သူက ထိုမေးခွန်းအား အချိန်တိုင်း ပါးနပ်စွာ ရှောင်ရှားခဲ့ရုံသာ တတ်နိုင်ခဲ့သောကြောင့် လူများတော့ သူ ထိုပညာရှင်အား ထုတ်မပြလိုခြင်းကြောင့် ဖွက်ထားသည်ဟုသာ ထင်မြင်နေခဲ့ကြသည်။
ယခု ကုကျစ်စုန့်၏ ကျော်ကြားမှုမှာ ကုမ္ပဏီအတွင်းမှ နာမည်အကြီးဆုံး အနုပညာရှင်အား ကျော်သွားခဲ့ပြီပင်။
သူမအား ရုပ်ရှင်ဇာတ်လမ်းများ၊ တီဗီဒရမ်မာဇာတ်လမ်းတွဲများ၊ ရသစုံအစီအစဉ်များမှ ကမ်းလှမ်းလာသည့်ဇာတ်ညွှန်းများမှာ ပလူပျံသကဲ့သို့ များပြားလွန်းနေခဲ့သည်။
ကုကျစ်စုန့်မှ သဘာဝလွန်အစီအစဉ်တွင် ပါဝင်ကာ ဝက်ဝက်ကွဲအောင်မြင်နေသည်ကို မြင်ရပြီးသည့်နောက်မှသာ သူမ၏ စာချုပ်က သက်တမ်းကုန်တော့မည်ဖြစ်ကြောင်းကို ကုမ္ပဏီဘက်မှ သတိပြုမိသွားရတော့သည်။
သို့နှင့် ဥက္ကဋ္ဌမှ ဒုဥက္ကဋ္ဌအား ကုကျစ်စုန့်ကို မဖြစ်မနေ ဆွဲခေါ်ထားနိုင်ရန် အမိန့်ပေးလာခဲ့သောကြောင့် ဒုဥက္ကဋ္ဌမှာ ချင်ကျန်းကို ခေါ်ကာ ကုကျစ်စုန့်အား တောင်းပန်ဖို့ စီစဥ်ခဲ့ခြင်းပင်ဖြစ်ချေသည်။
သို့သော် သူမ၏ပြောစကားမှ ကုမ္ပဏီအား သိသိသာသာ အစိုင်အခဲမကြေဖြစ်နေကြောင်းကို ကြားသိလိုက်ရသည်ပင်။
ဒုဥက္ကဌက ဟန်ဆောင်ပန်ဆောင်ဖြင့် ပြောလာသည်။
“အရင်တုန်းက ကိစ္စတွေက အစီအစဥ်တွေမှာ ပြဿနာရှိခဲ့တာပါ၊ ငါတို့က တကယ်ကို မင်းရဲ့ အရည်အချင်းကို တန်ဖိုးထားခဲ့တယ်၊ ဒါပေမယ့် အောက်မှာရှိနေတဲ့ လူတွေက ဒါကို အထင်အမြင်လွဲပြီး အမှားလုပ်ကြလိမ့်မယ်လို့ တကယ်ထင်မထားခဲ့ဘူး၊
ချင်ကျန်း! မင်းဘယ်လိုများ မန်နေဂျာဖြစ်လာတာလဲ? ကိုယ့်ရဲ့အနုပညာရှင်ကိုတောင် သေသေချာချာ ဂရုမစိုက်ပေးနိုင်ဘူး၊ ကြည့်ရတာ မင်း အလုပ်ဆက်မလုပ်ချင်တော့ဘူးထင်တယ်!!”
ချင်ကျန်းက မယုံကြည်နိုင်သော အကြည့်ဖြင့် လှမ်းခေါ်လိုက်မိသည်။
“ဒုဥက္ကဌ…”
“မင်း စုန့်စုန့်ကို ခုချက်ချင်းတောင်းပန်လိုက်စမ်း!”
ချင်းကျန်း၏ မျက်နှာက တွန့်လိမ်ရှုံ့တွကာ မဲ့ရွဲ့သွားရသည်။
သူ့ရဲ့ခေါင်းကို ငုံ့ပြီး ဒီခွေးမကို တောင်းပန်ရမယ်ပေါ့?!
သူ ဤဆုံးဖြတ်ချက်ကိုချခဲ့သည့်အချိန်တုန်းက ကုမ္ပဏီကလည်း သဘောတူခဲ့သည်။ အခုတော့ သူတို့ ဤခွေးမဆီတွင် မျက်နှာကောင်းရချင်သည့်အတွက် သူ့ကို ကန်ထုတ်ဖို့ လုပ်လာကြပေပြီ!
ချင်းကျန်း၏ နှလုံးသားက ဒေါသအမုန်းတရားများနှင့် ပြည့်နှက်နေကာ ယခုအချိန်တွင် ဤဒုဥက္ကဌ၏ ပါးကိုတောင် နှစ်ချက်လောက် ဆင့်ရိုက်ပစ်လိုက်နိုင်ဖို့ ဆုတောင်းနေခဲ့သည်။
သို့သော်လည်း သူသည်ကား ကုမ္ပဏီ၏ အတော်ဆုံးအေးဂျင့်နေရာသို့ မတိုင်ခင်ကမှ တက်နိုင်ခဲ့သောကြောင့် အချိန်တိုအတွင်း ပြန်ပြုတ်ကျအောင် မလုပ်လိုက်နိုင်ပါချေ။ သူ ပို၍ သည်းခံထားရမည်။
ချင်းကျန်း၏ လည်ပင်းသွေးကြောများက ထောင်ထနေခဲ့ကာ ခေါင်းကိုငုံ့ရန်ပင် အချိန်အတော်ကြာယူလိုက်ရသည်။
“တောင်းပန်ပါတယ်….”
ကုကျစ်စုန့်မျက်လုံးထဲတွင်တော့ ထိုကောက်ကျစ်သည့် နှလုံးသားပိုင်ရှင်အမျိုးသားသည် ကလေးသရဲ၏ အလုံးစုံ ဝါးမျိုခြင်းအား ခံလိုက်ရပြီးဖြစ်ချေသည်။
သူ့ခန္ဓာတစ်ခုလုံးမှ မကောင်းမှုများ စိမ့်ထွက်နေကာ သူသည်ကား အငြိုးတရားများအတွက် အသုံးချရန် စာခြောက်ရုပ်သာသာပင် ဖြစ်သွားခဲ့ပြီ။
ဒုဥက္ကဌက အပြုံးနှင့် ပြောလာခဲ့သည်။
“စိတ်မပူပါနဲ့ စုန့်စုန့်၊ ကုမ္ပဏီက မင်းကို လက်ထောက်အသစ်နဲ့ အကြိုအပို့ကားတစ်စီး ချက်ချင်းစီစဉ်ပေးမှာပါ၊ မင်းအတွက် ပထမအဆင့်စာချုပ် ချုပ်ဆိုပေးမယ်!”
ကုကျစ်စုန့်ကတော့ ဤတပ်မက်မှုများပြည့်နှက်နေသော နယ်ပယ်မှာ အလွန်အမင်း ပျင်းရိငြီးငွေ့စရာကောင်းသည်ဟု ခံစားလိုက်ရသည်။
သို့နှင့် သူမ မတ်တပ်ရပ်၍ အေးစက်သည့်လေသံဖြင့် ပြောလိုက်ချေသည်။
“ကျွန်မ အဲဒါတွေ မလိုချင်ဘူး၊ အရင်ဆုံး မန်နေဂျာသာ ပြောင်းပေးစမ်းပါ၊ မျက်လုံးထဲမှာ မြင်ရတာ မနှစ်မြို့စရာကောင်းလွန်းလို့”
စကားပြောပြီးနောက် သူမ အစည်းအဝေးခန်းထဲမှ ထွက်ခွာသွားခဲ့ချေသည်။
အခန်းထဲတွင်တော့ ဒုဥက္ကဌနှင့် ချင်ကျန်းတို့သာ ကျန်ရစ်ခဲ့တော့သည်။
ဒုဥက္ကဌ:
“နောက်ထပ် သူမရဲ့အနားကို ထပ်မကပ်မိစေနဲ့တော့၊ မင်းက အနုပညာရှင်တွေ အများကြီးကို ခေါ်လာနိုင်ခဲ့တာကြောင့် ဒီအထိတက်လာနိုင်တာနော် ချင်းကျန်း၊
ဒီတစ်ခါတော့ မင်းအမှားလုပ်မိသွားတယ်၊ ကုကျစ်စုန့်သာ ဆက်နေချင်သေးပြီး စာချုပ်ဆက်ချုပ်မယ်ဆိုရင်တော့ ကိစ္စမရှိဘူး၊ တကယ်လို့ သူသာ ထွက်သွားမယ်ဆိုရင်တော့ မင်းရော ငါရော ပြဿနာတက်မှာပဲ!!”
ချင်ကျန်း အစည်းအဝေးခန်းမထဲမှ သုန်မှုန်ထိုင်းမှိုင်းနေသော အမူအရာနှင့် ထွက်လာကာ စိတ်ရော ကိုယ်ပါ ပင်ပန်း နုံးချိနေခဲ့သည်။
သူ့၏စိတ်ထဲတွင်တော့ ယခုအခြေအနေအား ပြောင်းပြန်လှန်နိုင်ရန်အတွေးများဖြင့်သာ ပြည့်နှက်နေခဲ့သည်။
ဒုဥက္ကဌနှင့် ကုကျစ်စုန့်အား မည်သို့ လက်စားချေနိုင်မည်နည်း။
သူ မသိနိုင်သည်က သူ့ပုခုံးပေါ်တွင် ဒဏ်ရာဒဏ်ချက်များအပြည့်နှင့် မည်းနက်နေသော မျက်လုံးများရှိသည့် ကလေးသရဲလေး ထိုင်နေသည်ကိုပင်။
ထိုကလေးလေးက တခစ်ခစ်ရယ်လိုက်ရင်း ချင်ကျန်း၏ခန္ဓာကိုယ်ထဲမှ ဒေါသအားကို စားသုံးလိုက်ပြန်သည်။
သူ အနည်းငယ်စားသုံးလိုက်တိုင်း မျက်ဆံများက တိမ်ထူကာ အရောင်ဖျော့တော့လာခဲ့သည်။
ရုတ်တရက် ကလေးသရဲလေးက တစ်ခုခုကို သတိထားမိလိုက်ကာ ခေါင်းကို နောက်သို့လှည့်၍ လည်ပြန်ကြည့်လိုက်သည်။
သူမြင်လိုက်ရသည်က ထောင့်တစ်နေရာမှ တိတ်တဆိတ်စိုက်ကြည့်နေသော အနက်ရောင် မျက်ဝန်းတစ်စုံပင်။
ပြုံးဖြီးနေသည့် ကလေးသရဲလေး၏ မျက်နှာမှာ ရှုံ့တွန့်သွားခဲ့တော့သည်။ သူက ချင်ကျန်း၏ လည်ပင်းအား ရောင်ကိုင်းနေသော ခြေထောက်များကြားဖြင့် ညှပ်ထားကာ သူ၏ အပေါ်ပိုင်းခန္ဓာကိုယ်ကလည်း နောက်ပြန်လည်ကြည့်နိုင်ရန် စက်ဝိုင်းစိတ်နီးနီး ကောက်ကွေးကိုင်းညွတ်နေကာ ထိုအနက်ရောင်မျက်ဝန်းတစ်စုံ၏ ပိုင်ရှင်အား သွားချွန်များ ပြည့်နေသော ပါးစပ်ကိုဖြဲပြလိုက်သည်။
ထို့နောက်တွင် စူးစူးဝါးဝါး ကလေးအော်သံများ ထွက်လာကာ အခြားတစ်ဖက်မှလူအား ခြိမ်းခြောက်လိုစွာ ခြောက်လှန့်နေခဲ့သည်။
ထောင့်နားမှ အမျိုးသမီးက သူ့ဆီသို့ မော့ကြည့်လာသော်လည်း အရိပ်များကွယ်နေသောကြောင့် သူမ၏ နူးညံ့သော မျက်နှာအား ကောင်းစွာမမြင်နိုင်ပေ။
ရုတ်တရက် သူမက လက်ကိုမြှောက်လိုက်ကာ လက်ချောင်းများ ဖြန့်ကားလိုက်သည်။
ထို့နောက် လက်များကို ချက်ချင်း ပြန်ဆုတ်လိုက်ချေသည်။ သူမက လေကိုသာ ဖမ်းမိလိုက်သော်ငြား ချင်ကျန်းလည်ပင်းပေါ်တွင် ခွထိုင်နေသော ကလေးသရဲမှာ မမြင်နိုင်သော စွမ်းအင်တစ်ခု၏ ဆွဲစုပ်ခြင်းကို ခံလိုက်ရကာ လည်ပင်းကို အညှစ်ခံလိုက်ရတော့သည်။
စနစ်: “!!!”
သနားစရာစနစ်လေးကတော့ စိတ်အား အသေအချာမပြင်ဆင်ရသေးချိန်မှာပင် ကြောက်စရာကောင်းသည့် ကလေးသရဲအား မြင်တွေ့လိုက်ရသည်။ သူ၏ မျက်နှာမှာ အမည်းရောင်နှင့် ခရမ်းရောင် သွေးကြောများဖုံးလွှမ်းနေကာ မျက်လုံးကိုတောင် ဖုံးကွယ်နေခဲ့ပြီး စနစ်မှာ သူနှင့် မျက်လုံးချင်းပင် ဆုံသွားသေးသကဲ့သို့ ခံစားလိုက်ရရှာသည်။
သူသည်ကား ကြောက်လွန်း၍ လိပ်ပြာပင် လွင့်မတတ် ဖြစ်သွားပေ၏။
“စုန့်စုန့်၊ ဘော့စ်စုန့်၊ စုန့်လောပန်၊ နောင်အနာဂတ်မှာ ဒီလိုမျိုးလုပ်ဦးမယ်ဆိုရင် ကျွန်တော့်ကို အရင် ကြိုပြောပေးလို့ရမလား… ကျွန်တော်ရဲ့ မျက်လုံးတွေကို အရင်မှိတ်ထားပါရစေ… QAQ”
ကုကျစ်စုန့် : “… ..”
“အမှိုက်သရိုက်လေး”
သူမ၏ လက်ထဲတွင် ဖမ်းမိထားပြီဖြစ်သော ကလေးသရဲက အပြင်းအထန်ရုန်းကန်နေသော်ငြား နူးညံ့ကာ အရိုးပင်ရှိပုံမပေါ်သော လက်ဖဝါးမှ မလွတ်မြောက်နိုင်ပေ။
သူ့ရှေ့မှ လူသားအမျိုးသမီးထံမှ ခံစားနေရသော ဖိအားပြင်းသည့် စွမ်းအားမှာ သူ့အား ထိတ်လန့်စေသည်။
သူကပါးစပ်ကိုဟကာ ကုကျစ်စုန့် ၏လက်အား ကိုက်ရန် ကြံစည်လိုက်သည်။
ကုကျစ်စုန့် မျက်မှောင်ကြုတ်ကာ :
“ငါ့လက်ပေါ်မှာ မင်းရဲ့တံထွေးသွားပေလို့ကတော့ သွားတွေကို တစ်ချောင်းချင်း ရိုက်ချိုးပစ်မယ်”
ပါးစပ်အကျယ်ကြီး ဟထားရ ကလေးသရဲက ပါးစပ်ဟောင်းလောင်းနှင့် ရပ်တန့်သွားခဲ့သည်။
“အိုး….”
အမှန်အတိုင်းကို ပြောရပါလျှင် ဤကလေးသရဲမှာ အလွန်ရုပ်ပျက်ဆင်းပျက်ဖြစ်နေသည်ပင်။
သို့သော် သူမ ဆေးရုံတွင် ပထမဆုံးမြင်ရသည့် အခြေအနေနှင့် ယှဉ်လျင် လက်ရှိမှာ အတော်လေး ဝဖြိုးလာခဲ့သည်။ သာမန် လူသားကလေးများထက်ပင် ဝနေသေးသည်။
ကျမ်းအဆောင်စာရွက်၏ ထိန်းချုပ်မှု မရှိတော့သည်ကြောင့် ကလေးသရဲမှာ ချင်ကျန်းခန္ဓာကိုယ်မှ ဒေါသများအား အလွယ်တကူစားသုံးနေနိုင်ကာ အရွယ်ရောက်လာခဲ့ခြင်းပင်။
သူ၏ မျက်နှာမှ အသွေးအသားနှင့် သွေးကြောများက အထပ်လိုက် ပုံနေခဲ့ပြီး ကုကျစ်စုန့်အား ရွံရှာစွာ မျက်မှောင်ကြုတ်သွားမိစေသည်။
သူမက ဖီးနစ်မျက်လုံးများအား အနည်းငယ်စင်းလိုက်ကာ အေးတိအေးစက်ဖြင့်ဆိုခဲ့သည်။
“လောကမှာ အကြွေးရှင်နဲ့ အကြွေးဆပ်သူဆိုတာ ရှိတယ်၊ ငါအဲဒီအချိန်တုန်းက မင်းကို ချုပ်ထားတာကို ဖြည်ပေးလိုက်တာက မကောင်းတာ လုပ်ဖို့အတွက် မဟုတ်ဘူး၊ မင်း ချင်ကျန်းကိုယ်ပေါ်က အဆောင်ကို ကာကွယ်နိုင်ပြီဆိုတာကို ငါသိတယ်၊ ဒီတော့ သူ့ကို ကူညီပြီး အခြားသူတွေကို ဒုက္ခပေးဖို့ မကြိုးစားနှင့်၊
မင်း အခြားသူတွေရဲ့ ဒေါသကိုပါ စားရဲရင်စားကြည့်လိုက်၊ မင်းကို ငါလွှတ်ပေးတာ လုပ်နိုင်သလို ခုချက်ချင်း ဖျက်ဆီးပစ်တာလည်း လုပ်ပစ်နိုင်တယ်၊ ဒါကို မှတ်ထားလိုက်”
ချင်းကျန်း၏ ဒေါသကိုသာ စားသုံးရုံနှင့်တော့ ထိုကလေးမှာ ဤမျှထိ မကြီးထွားလာနိုင်ချေ။ သူက တခြားသူများ၏ ဒေါသကိုပါ စားသုံးထားခြင်းဖြစ်ရမည်။
ဒေါသများများစားသုံးလေ ပိုမို စွမ်းအားကြီးလာလေဟု ခံစားရကာ ပို၍ ကြမ်းတမ်းလာလေပင် ဖြစ်လာလိမ့်မည်။
ကုကျစ်စုန့်က ဆိုးရွားစွာ ဆက်ဆံခံခဲ့ရသော တစ္ဆေများ၏ နှလုံးသားတွင် အငြိုးတရားရှိနေသည်အား ကောင်းကောင်းနားလည်ပေးနိုင်ပြီး ထိုတစ္ဆေများအား သူမ ကူညီပေးနိုင်သည်။ သို့သော် လူ့လောက၏ တည်ငြိမ်မှုအား အနှောင့်အယှက်ပေးနေသည့် တစ္ဆေများကိုတော့ တောက်ကျန့်တစ်ဦးအနေဖြင့် လွှတ်မထားနိုင်ပါချေ။
သူမ၏ စိတ်ဝိဉာဉ်မှ သတိပေးချက်နှစ်ခုအား ခံစားလိုက်ရပြီးနောက် ကလေးသရဲသည် ခေါင်းကိုငုံ့ကာ တုန်ရီနေခဲ့သည်။ သူသည်က စကားတစ်ခွန်းမှ မပြောရဲသကဲ့သို့ လိမ္မာစွာပင်ရှိနေခဲ့သည်။
ကုကျစ်စုန့် သူ့အားလွှတ်ပေးလိုက်သည်နှင့် ထိုကလေးသရဲက ချက်ချင်းဆိုသလို ‘ဝှီး’ခနဲ ပြေးသွားကာ ကုမ္ပဏီအပေါက်ဝသို့ ရောက်နေပြီဖြစ်သော ချင်ကျန်း၏ လည်ပင်းပေါ်သို့ ခုန်တက်၍ တင်းကြပ်နေအောင် ဆွဲဖက်ထားလိုက်တော့သည်။
သူတို့နှစ်ယောက်ပျောက်သွားပြီးနောက် စနစ်က ခေါင်း ပြူထွက်လာကာ အသံတိုးတိုးဖြင့် မေးသည်။
“စုန့်စုန့်၊ သူ့ကို ဖမ်းမိလိုက်တာကို ဘာလို့ တစ်ခါတည်း မနှင်လိုက်တာလဲ??”
“မင်းနားမလည်ဘူး၊ သူက သရဲအဖြစ် ပြောင်းလဲခံထားရတာ၊ ပုံမှန်သရဲမဟုတ်ဘူး၊ သူတို့ကို ချုပ်နှောင်ထားတဲ့ ခြေကျင်းကိုသာ မရဘူးဆိုရင် ပြန်ဝင်စားဖို့အတွက် ပို့ပေးလိုက်လို့ မရဘူး” “
ကုကျစ်စုန့်:
“ချင်ကျန်းက ကလေးသရဲတွေကို ခိုင်းစေနိုင်တယ်ဆိုတော့ သူ့မှာ အဲဒီကလေးရဲ့ အသက်ရှင်စဉ်တုန်းက ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်း တစ်ခုခုရှိနေလိမ့်မယ်၊ သူက အဲဒါကို နှိပ်စက်လက်နက်အဖြစ် အသုံးချပြီး အဲဒီကလေးသရဲကို ထိန်းချုပ်ခိုင်းစေနေတာ၊
အတိတ်မှာတုန်းကတော့ သူက ချင်းကျန်းကို မလွန်ဆံနိုင်လို့ လူတွေကို ထိခိုက်စေခဲ့ရတယ်၊ ပြီးတော့ ကလေးက သေသွားတဲ့အချိန်တုန်းက ဘာက မှန်တယ်၊ ဘာက မှားတယ်ဆိုတာကို အသိမရှိနိုင်သေးတဲ့ ဗိုက်ထဲက သန္ဓေသားအဆင့်ပဲရှိသေးတာ၊ ဒီတော့ ဒီနေ့ ငါသူ့ကို နှင်လိုက်ရင်တောင် ချင်ကျန်းကို တန်ပြန်မှုရှိမှာ မဟုတ်ဘူး”