ချင်းကျန်း (3)
Vol. 7 Ch. 67
“အဲဒီကလေးသရဲကို ညှင်းဆဲနှိပ်စက်ဖို့လက်နက်အဖြစ်သုံးနေတဲ့အရာကို ရအောင် နည်းလမ်းရှာဖို့အတွက် ငါအချိန်တော့ နည်းနည်းထပ်စောင့်ရဦးမယ်၊ ချင်းကျန်းက နဂိုကတည်းက ရူးနေတဲ့သူဆိုတော့ လူသတ်တာကို ရပ်ဦးမှ မဟုတ်ဘူး၊
အဲဒီကနေ သူ့ရဲ့ခြေရာလက်ရာတွေ ကျန်နေခဲ့မှာပဲ၊ နောက်ပြီး ငါ ကလေးသရဲရဲ့ ကိုယ်ထဲမှာ အတွင်းအား အမှတ်ကို ထည့်ပေးလိုက်တယ်၊ ဒီတော့ ကလေးသရဲက အားကိုသုံးနေသရွေ့ ငါခံစားမိမှာပဲ”
*
ကုမ္ပဏီအစည်းအဝေးပြီးသည့်နောက်တွင် လင်းဟူတစ်ယောက်တိတ်ဆိတ်နေခဲ့သည်။
လက်ရှိတွင် သူမ၏ ငွေအဝင်ကတ်မှာ ဒေါသရော စိတ်မတည်မငြိမ်ဖြစ်မှုနှင့် ဒေါသများ ပြည့်နေကာ ယန်းမှုန့်ကဲ့သို့ ထိလိုက်သည်နှင့် ပေါက်ကွဲတော့မည်ဟု ခံစားနေရသည်။
သူမ ထင်သည့်အတိုင်းပင်၊ ချင်းကျန်း၏ သုန်မှုန်ပုတ်သိုးနေသည့် အကြည့်က သူမဘက်သို့ လှည့်လာကာ ရုတ်တရက် ဒေါသူပုန်ထလာတော့သည်။
“အမှိုက်သရိုက်လိုကောင်မ၊ ငါ မင်းကို ဒီလောက် အရင်းအမြစ်တွေနှင့် ဖို့ပေးနေတာကိုတောင်တောင် မင်းက ကုကျစ်စုန့်လို အမှိုက်မျိုးကို မယှဉ်နိုင်ဘူး!”
လင်းဟူ မျက်လုံးများကို မှိတ်ကာ စကားမပြောဘဲ သက်ပြင်းချလိုက်သည်။
ချင်းကျန်းမှာ ကိုယ်တိုင်လည်း အသုံးမကျဘဲ ဒေါသအိုး မိုးမွှန်နေသည့် အရှုံးသမားတစ်ယောက်ကဲ့သို့ ဖြစ်နေခဲ့သည်။ သူက ကားထဲတွင် ကုမ္ပဏီဘက်ကိုလည်း အချိန်အတော်ကြာအောင် ဆဲဆိုနေခဲ့ပြီး နောက်ခဏအကြာ ကုကျစ်စုန့်အား ထပ်မံဆဲဆိုပြန်သည်။
ထို့နောက် နောက်ပြန်ခေါက်ကာ ရင်းနှီးမြှုပ်နှံသူများ၊ တွဲဖက်များနှင့် ဒါရိုက်တာ လျို့ကျင်းတို့ကို ပြန်ပြီး ဆဲရေးပြန်သည်။
လူတိုင်းနီးပါးကို ဆဲဆိုတိုင်းထွာပြီးနောက် သူက မောဟိုက်လာခဲ့ကာ အသက်ပြင်းပြင်းရှူလိုက်ပြီး ခဏအကြာ စိတ်တည်ငြိမ်သွားခဲ့သည်။
လင်းဟူတစ်ယောက် စိတ်ထဲတွင် မကောင်းသည့်အရာတစ်ခုခုဖြစ်တော့မည်ဟူသော သတိပေးချက်အား ခံစားလိုက်ရပြီး ၊ သူမထင်သည့်အတိုင်း ချင်ကျန်း၏ လူယုတ်မာဆန်စွာ ပြောလာသည့် အသံအား ကြားလိုက်ရတော့သည်။
“X ဂရုရဲ့ သူဌေးက ငါတို့နဲ့ အမြဲစီးပွားရေး စာချုပ်ချုပ်ထားတာကို မင်း သိတယ်မဟုတ်လား?? သူက ကုမ္ပဏီရဲ့ အကြီးဆုံး ရင်းနှီးမြှုပ်နှံသူပဲ၊ အခု အိုင်ဒေါ ဇာတ်လမ်းတွဲရိုက်နေတဲ့ ပန်းပွင့်လေးက သူ့ဆီသွားပြီး အရင်းအမြစ်တွေ တောင်းခဲ့တာလေ၊
မင်းက ဉာဏ်ကောင်းပြီး ရည်မှန်းချက် ပြင်းပြတာကို ငါသိတယ်၊ မင်းသာ ငါ့စကားကို နားထောင်လိုက်တာနဲ့ မင်း အဲဒီခွေးမ ကုကျစ်စုန့်ကို ကျော်ပြီး နာမည်ကြီးလာစေရမယ်လို့ ငါ အာမ,ခံတယ်”
လင်းဟူတစ်ယောက် ဦးရေပြားအထိ အေးစက်သွားခဲ့ကာ လျှာဖျားများပင် တောင့်တင်းသွားသည်။
ကုမ္ပဏီမှ လူဟောင်းများထံမှ အတင်းအဖြင်းကြားဖူးသည်မှာ ထို X ဂရု၏ သူဌေးသည် နှာပူးအကြီးစားပင်ဖြစ်ပြီး၊ ယောကျ်ား၊မိန်းမပင် မရှောင်သူဖြစ်သည်။ ယခင်က စွမ်းအားမဲ့သည့် လူသစ်လေးများမှာ သူ့ထံသို့ ‘ဂရုစိုက်ပေးရန်’ စေလွှတ်ခံရသည်။
ထိုကဲ့သို့ ကိစ္စမျိုးမှာ သူမနှင့် အဝေးကြီးတွင်ရှိနေလိမ့်မည်ဟု လင်းဟူတွေးထားခဲ့သည်။ သူမသည်ကား ကိုယ့်ကိုယ်ကို ပညာရှိစွာ ကာကွယ်နိုင်သူဖြစ်သောကြောင့် ထိုကိစ္စမျိုးမှာ သူမအတွက် လုံးဝဖြစ်မလာနိုင်ဟု ယုံကြည်ခဲ့သည်။
ကားထဲတွင် အပ်ကျသံကိုကြားရမတတ် တိတ်ဆိတ်သွားပြီးနောက် လင်းဟူ၏ အက်ကွဲနေသည့် အသံ ထွက်ပေါ်လာသည်။
“ချင်းကော .. ကျွန်မ မသွားချင်ဘူး”
သူမအား ကြည့်လာသော ချင်းကျန်း၏ မျက်လုံးများက အေးစက်သွားခဲ့ကာ အဆိပ်ပြင်းသော မြွေပွေးကဲ့သို့ ပြောင်းလဲသွားချေသည်။
မကြာခင် ကားထဲ၌ ချင်ကျန်း၏ ဒေါသများဖုံးလွှမ်းနေသည့် အသံတစ်ခုထွက်လာခဲ့သည်။
“ကောင်းပြီလေ၊ မင်းမှာလည်း မင်းအတွက်မင်း အောက်ခြေလိုင်းထားတဲ့ လက်ခံနိုင်တဲ့ အခြေအနေရှိမှာပေါ့”
မျက်နှာများ ပူထူနေခဲ့သော လင်းဟူမှာ ထိုအခါမှ စိတ်သက်သာရာရသွားရတော့သည်။
သူမ တိုက်ခန်းကို ပြန်ရောက်လာပြီးနောက် အိပ်ရာပေါ်တွင် လဲလျောင်းကာ တစ်နေ့တာ ဖြစ်ခဲ့သမျှအား ပြန်လည်တွေးတောနေခဲ့သည်။
ညနေ ၇နာရီခန့်ဖြစ်လာပြီး မှောင်စပျိုးကာ ပတ်ဝန်းကျင်တွင် မီးများထွန်းလင်းလာချိန်ထိ သူမ တွေးတောနေခဲ့ဆဲပင်။
ထိုအချိန် ရုတ်တရက် ချင်ကျန်းထံမှ ဖုန်းဝင်လာသည်။
“xx.. ကို အခုလာခဲ့ဦး၊ ငါ ယာယီအစည်းအဝေးလုပ်စရာရှိလို့”
လင်းဟူမှာ အချိန်အတော်ကြာ တွေဝေနေခဲ့ပြီးနောက် အဝတ်အစားလဲကာ ထွက်လာခဲ့သည်။
သူမ ယနေ့အတွက် ချင်ကျန်းအား တစ်ကြိမ်ငြင်းဆိုပြီးသောကြောင့် အပြစ်ပြုမိခဲ့သလိုဖြစ်သွားကြောင်း သိထားခဲ့သောကြောင့်ပင်ဖြစ်ချေသည်။
အကယ်၍ သူမ ထပ်ပြီး ငြင်းဆန်လျှင် အပ်ဖျားခန့်ပင် မရှိသည့် ချင်ကျန်း၏ နှလုံးသားမှာ သူမအား မုန်းတီးတော့မည်ဖြစ်ကာ သူမသည်လည်း ဒုတိယ ကုကျစ်စုန့် ဖြစ်သွားနိုင်သည်လေ။
လင်းဟူသည်ကား သူမသာ ကုကျစ်စုန့်ကဲ့သို့ အကြိမ်ကြိမ်အခါခါ နင်းချေခံရပြီးပါက သူမ၌ ပြန်လည် ရုန်းထလာနိုင်ဖို့ ခွန်အားနှင့် ယုံကြည်မှု မရှိပါချေ
သူမ ရုတ်တရက် ငိုချင်လာခဲ့ကာ ချင်ကျန်းနှင့် စာချုပ်ချုပ်မိခြင်းအား နောင်တရနေခဲ့မိသည်။
ချိန်းဆိုသည့် နေရာကို ရောက်ပြီးနောက် သူမအခန်းထဲသို့ ဝင်လိုက်သောအခါတွင် အခန်းထဲ၌ ခေါင်းကြီးမားပြီး၊ နားရွက်ကားကာ ခန္ဓာကိုယ်ဝဖိုင့်လွန်းသည့် X ဂရု၏ သူဌေးအား ဝိုင်စားပွဲတွင် ထိုင်နေသည်ကို မြင်လိုက်ရတော့သည်
လင်းဟူ၏ တစ်ကိုယ်လုံး တောင့်တင်းသွားခဲ့ကာ သူမ၏ခြေဖျား၊လက်ဖျားများလည်း အေးစက်သွားရသည်။
ချင်ကျန်း သူမအားကြည့်လာသောမျက်နှာတွင် အပြုံးတစ်ခုရှိနေသော်လည်း မျက်လုံးများမှာတော့ အေးစက်နေခဲ့သည်။
“အဲဒီမှာ ရပ်ပြီး ဘာလုပ်နေတာလဲ? မြန်မြန် ဒီကိုလာပြီး လောပန်ကို ဝိုင်ငှဲ့ပေးလိုက်လေ၊ ငါတို့ ဒီနေ့ ဆွေးနွေးစရာရှိလို့ လာခဲ့တာ”
လင်းဟူမှာ တစ်ချိန်လုံး သတိကြီးစွာ ရှိနေခဲ့သည်။ သူမက ချင်းကျန်းနှင့် သူဌေးတို့ စားသည်များကိုသာ တူဖြင့် တစ်ထပ်တည်း လိုက်စားကာ ကျန်သည်များအား မမြည်းစမ်းဝံ့ခဲ့ပါချေ။
သူမသည် သူဌေး၏ မျက်စိဒေါက်ထောက်ကြည့်နေခြင်းအောက်တွင် ပြုံးရုံသာ ပြုံးနေခဲ့ကာ ဝိုင်တစ်ခွက်မျှပင် မသောက်ရဲခဲ့။
Xသူဌေးက အနည်းငယ် စိတ်ဆိုးသွားပုံရသည်။
“ချင်းရှုန်းတိ၊ မင်းလက်အောက်က အနုပညာရှင်တွေက တကယ်ကို လေးစားမှုမရှိလှဘူးပဲ”
ချင်ကျန်း၏ မျက်နှာမှာ ရှုံ့တွသွားခဲ့သည်။
“လင်းဟူ၊ အခုထိ သူဌေးနဲ့ ဝိုင်မသောက်သေးဘူးလား??”
လင်းဟူမှာ ဖြူဖတ်ဖြူရော်ပင် ဖြစ်နေကာ လက်သည်းများအသားထဲသို့ မြှပ်ဝင်သည်အထိ လက်ကို တင်းတင်းပါအောင် ဆုတ်ထားခဲ့သည်။ သူမ အံကို ကြိတ်ကာ :
“ချင်ကော၊ ကျွန်မ ဒီနေ့ ဆေးသောက်လာတာဖြစ်လို့ လုံးဝ သောက်လို့ မရလို့ပါ”
“ဟင်း”
သူဌေးက ဝိုင်ခွက်အား စားပွဲပေါ်သို့ ဆောင့်ချလိုက်ကာ အခန်းထဲမှ ရှုးရှုးရှားရှားဖြင့် ထွက်သွားသည်။
“ငါ ဒီနေ့ မင်းတို့ကို အခွင့်အရေးပေးပြီးသွားပြီ!!”
ထိုအချိန်တွင် ချင်းကျန်း၏ မျက်နှာသည် မှုန်မှိုင်းနေကာ မှင်ရည်များပင် စီးကျလာသယောင်ပင်။ လင်းဟူ တစ်ကိုယ်လုံး အေးစက်ကာ သွားများပင် တုန်ရီနေခဲ့သည်။
“တောင်းပန်ပါတယ် ချင်ကော၊ ကျွန်မ တကယ်သောက်လို့ မရလို့ပါ၊ ကျွန်မ အရင်ပြန်နှင့်ပါဦးမယ်!!”
သူမ မတ်တပ်ရပ်လိုက်သော်ငြား ထိုအခိုက်တွင် မူးဝေသွားခဲ့ကာ ဝိဉာဉ်ပင် လွင့်သွားခဲ့ ပုံပေါ်သည်။
သူမ၏ခန္ဓာကိုယ် ခုံပေါ်သို့ ဗိုင်းခနဲ ပစ်လဲသွားကာ စားပွဲပေါ်သို့ လဲကျသွားသည်အား သူမ ကိုယ်တိုင်မြင်တွေ့လိုက်ရသည်ပင်။
လင်းဟူသည်ကား ဖြစ်ပျက်သွားသည်ကို နားမလည်နိုင်ဖြစ်နေခဲ့ကာ အလွန်အမင်း ကြောက်ရွံ့နေခဲ့သည်။
သူမ၏ ခန္ဓာကိုယ်တွင်းသို့ ပြန်ဝင်ချင်သော်လည်း ချင်ကျန်း၏နောက်မှ ဒဏ်ရာများဗလပွနှင့် ကလေးတစ်ယောက်က ကုန်းတက်လာကာ သူမအား ခုန်အုပ်ပြီး လည်ပင်းကို တင်းတင်းညှစ်ထားခဲ့သည်။
မကြာခင်၌ Xသူဌေးက ပြန်ရောက်လာခဲ့ကာ မသတီစရာအပြုံးနှင့် ပြန်ဝင်လာချေသည်။
“ချင်ရှုန်းတိ၊ မင်းကတော့ အမြဲတမ်း အဆင်ပြေအောင်လုပ်နိုင်တယ်နော်၊ ဘာနည်းတွေများ သုံးသလဲ၊ သင်ပေးစမ်းပါဦး”
ချင်ကျန်း:
“ကျွန်တော်သာ သူဌေးကို နည်းလမ်းတွေ ပြောပြလိုက်ရင် ဒီစားပွဲမှာ ကျွန်တော့်အတွက် နေရာ ကျန်ပါ့မလား??”
“ဟားဟား ချင်ရှုန်းတိက တော်တော် ဟာသပြောတတ်တာပဲ၊ ဒီတော့ ဒီကလေးမကို ငါ့အခန်းထဲ ပို့ပေးဖို့ ကူညီပေးစမ်းပါဦး”
လင်းဟူတစ်ယောက် အော်ဟစ် အကူအညီတောင်းချင်သော်ငြား သူမ အသံမထွက်နိုင်ခဲ့ပါချေ။ သူမ၏ ခန္ဓာကိုယ်အား ဆွဲခေါ်သွားဖို့လုပ်နေသည်ကိုသာ ထိတ်လန့်ခြင်းကြီးစွာဖြင့် ကြည့်နေခဲ့ရသည်။
ကြောက်စရာကောင်းသည့် ကလေးကလည်း သူမအား တင်းတင်းကြပ်ကြပ်ဆုတ်ကိုင်ထားတာ သူမ ကိုယ်တွင်းမှ တစ်ခုခုအား ဝါးမြိုလိုက်သယောင် ပြုလုပ်ခဲ့ပြီး တခစ်ခစ်ဖြင့် ဆက်တိုက်ရယ်နေခဲ့သည်။
ဆယ်မိနစ်အတွင်းမှာပင် သူမ ဝိဉာဉ် မှာအားအင်ကုန်ခမ်းလာသည်ဟု ခံစားလိုက်ရသည်။
သူမ၏ စိတ်က အလွန်အမင်း ပူလောင်နေသည်။ မည်သည့်အရာများ ဖြစ်နေသည်ကို သဘောမပေါက်နိုင်ပါချေ။
ဤကလေးသည်လည်း ချင်ကျန်းနှင့် သက်ဆိုင်ရမည်ကိုသာ ခံစားမိခဲ့သည်။ သူမ၏ ခန္ဓာကိုယ်အနီးသို့ တဖြည်းဖြည်းချဉ်းကပ်လာသည့် သူဌေးကြောင့် မြင်ကွင်းအား ဆက်၍ပင် မကြည့်ရဲနိုင်ဖြစ်နေခဲ့ရသည်။
လင်းဟူတစ်ယောက် သူမ၏ ဘဝက ဤကဲ့သို့ အရှက်ကွဲရပြီးသည့်နောက်တွင်တော့ ဟိုတယ်အမိုးပေါ်မှ ခုန်ချပြီး သတ်သေလိုက်တော့မည်ဟု တွေးတောနေစဉ်မှာပင် လေပေါ်တွင် ပေါလောနေသော သူမ၏ခန္ဓာကိုယ်နောက်မှ လေအေးတစ်ချက်ဝှေ့လာကာ လည်ပင်းနားသို့ ဖြတ်တိုက်သွားခြင်းကြောင့် တုန်ရီသွားရသည်။
သူမ၏ လည်ပင်းအား ချုပ်ကိုင်ထားသည့် ခရမ်းပြာရောင် ကလေးသရဲသည်လည်း သူမ၏နောက်တွင် ကြောက်စရာကောင်းသည့် အရာတစ်ခုရှိနေသည်အား မြင်လိုက်ရသကဲ့သို့ အော်ဟစ်ကာ ထွက်ပြေးရန် ကြံတော့သည်။
သို့သော် နှင်းကဲ့သို့ ဖြူဆွတ်သည့် လက်တစ်ဖက်က ရုတ်တရက် ဆန့်ထွက်လာကာ လင်းဟူ မျက်နှာအနီးသို့ ကပ်နေသည့် ကလေးသရဲ၏ နောက်ဘက်ခြေထောက်အား ဆွဲကာ ပြန်လည် ဖမ်းဆီးလိုက်သည်။
“ဘာလို့ ထွက်ပြေးနေတာလဲ?”
သူမ၏နောက်မှ အေးစက်သည့် အမျိုးသမီးတစ်ယောက်၏ အသံအား ကြားလိုက်ရသည်။
လင်းဟူတစ်ယောက် နတ်သမီးတစ်ပါး၏ အသံကြားလိုက်ရသကဲ့သို့ ချက်ချင်း မျက်ရည်များ ဆို့တက်လာခဲ့သည်။
သူမ ခေါင်းကို လှည့်လိုက်ကာ ‘နတ်သမီး’အား ကြည့်လိုက်သော်လည်း တစ်ဖက်လူအား မြင်ကာ မျက်လုံးများပြူးသွားသည်အထိ အံ့အားသင့်သွားခဲ့ရသည်။
“ကု..ကု…”
ကုကျစ်စုန့်၏ နောက်တွင်တော့ တစ္ဆေတံခါးဝက ပွင့်ဟနေကာ မြေအောက်ကမ္ဘာနှင့် ဆက်စပ်နေသည့် အမှောင်ထုအား မြင်တွေ့နေရသည်။
သူမ၏ ကျောက်စိမ်းကဲ့သို့ မျက်နှာနှင့် အနက်ရောင် မျက်ဝန်းတို့ နောက်တွင် တုန်လှုပ်စရာကောင်းလှသည့် ယင်စွမ်းအင်များ စိမ့်ထွက်နေလေသည်။ တစ္ဆေနှင့် နတ်ဘုရားများတပြိုင်နက် ဆင်းသက်လာသကဲ့သို့ပင်။
သူမ၏ ခန္ဓာကိုယ်တစ်ဝက်မှာ တစ္ဆေတံခါးဝထဲတွင်သာ ရှိနေဆဲဖြစ်ကာ လက်တစ်ဖက်ဖြင့် ကလေးသရဲ၏ လည်ပင်းအား ချုပ်ကိုင်ထားခဲ့သည်။
“ ချင်ကျန်းကို ကူညီပြီး မကောင်းမှုလုပ်နေတာကို မထိန်းချုပ်နိုင်ရင် နင့်ကို ငါကိုယ်တိုင် နှင်ပစ်မယ်လို့ နေ့လည်တုန်းက မပြောခဲ့ဘူးလား??”
ကလေးသရဲ၏ မျက်လုံးပေါက်ထဲတွင် မျက်ဆံမရှိသော်ငြား ကြောက်လန့်နေသည်မှာ ပေါ်လွင်ထင်ရှားလှသည်။
သူက ပါးစပ်ကိုဖွင့်ဟကာ ကုကျစ်စုန့်၏ လက်အား ကိုက်၍ ထွက်ပြေးရန် ကြံစည်လိုက်သော်ငြား သူ ပါးစပ်ဟလိုက်သည်နှင့် တစ်ပြိုင်နက် ကုကျစ်စုန့်၏ ကျန်လက်တစ်ဖက်က သူ့ဦးခေါင်းအား ဆွဲ၍ ချုပ်ကိုင်လိုက်သည်။
ကုကျစ်စုန့်က မယုံကြည်နိုင်ဖြစ်ပုံပေါ်ကာ :
“အဲလောက်တောင် မြန်မြန်သေချင်နေတာလား??”
သူမ၏ လက်ချောင်းများက ကလေးသရဲ၏ ဦးခေါင်းခွံအတွင်းသို့အထိ ဖောက်ဝင်တော့မတတ် နှင့် ဖိညှစ်လာခဲ့သည်။
ပြင်းထန်သော ဖိအားက ကလေးသရဲမျက်နှာပေါ်မှ အမည်းရောင်သွေးကြောများအား ဖိနှိပ်ထားကာ ပါးစပ်အား ပြန်စေ့၍ပင် မရတော့ချေ။
ထို့နောက် ကုကျစ်စုန့်သည် လက်တစ်ဖက်ဖြင့် ကလေးသရဲ၏ဦးခေါင်းကို ကိုင်ကာ လက်တစ်ဖက်က လွှစက်ကဲ့သို့ သွားများအား တစ်ချောင်းပြီး တစ်ချောင်း လက်ဖြင့် ဆွဲနှုတ်တော့သည်။
နာကျင်မှုကြောင့် အော်ဟစ်ဆူညံနေသော ကလေးသရဲနှင့် သွားများအား အေးစက်စက်မျက်နှာဖြင့် ချိုးပစ်နေသော ကြမ်းတမ်းသည့် မြင်ကွင်းအား မြင်လိုက်ရချိန်တွင် မူလက တအိအိနှင့် ငိုနေသော လင်းဟူပင်လျှင် ကြောက်လန့်ကာ အသံထွက်မငိုရဲတော့ပေ။
**