ချစ်ခြင်းမေတ္တာတရားဖြင့် မွေးဖွားလာခြင်း(4)
Vol. 8 Ch. 71
သံချောင်းကို ထိုးစိုက်ခံလိုက်ရပြီးသည်နှင့် ချက်ချင်းပင် ကလေးသရဲလေးမှာ ခန္ဓာကိုယ်တစ်ခုလုံးအား ဆွဲဖြဲခံလိုက်ရသကဲ့သို့ နာကျင်မှုအား ခံစားလိုက်ရကာ မြေပေါ်တွင် လူးလိမ့်နေခဲ့ရှာသည်။
ချင်ကျန်းက ထိုအရာအား မမြင်၊မကြားနိုင်သော်ငြား ထိုမြင်ကွင်းအားမြင်ပြီး အနည်းငယ် လန့်သွားသည်။
“ဘာလုပ်နေတာလဲ??”
“ငါ သူ့ရဲ့ခန္ဓာကိုယ်ကို ပြင်ဆင်မလို့လေ၊ မင်း,သားရဲ့ ဝိဉာဉ်နဲ့ အငြိုးတရားကို ဒီအထဲမှာ ချုပ်နှောင်ထားရမယ်၊ မင်းက ဒီလိုမျိုးတွေ လုပ်ထားပြီးတော့ အဲဒီတစ္ဆေလေးက မင်းကို မမုန်းလောက်ပါဘူးလို့ ထင်နေတာတော့ မဟုတ်ဘူးမလား??
ဒီလိုကောင်မျိုးကို မွေးရတာက နည်းနည်းလောက် အမှားလုပ်မိတာနဲ့ တန်ပြန်တိုက်ခိုက်မှုကို ခံရလိမ့်မယ်၊ ဒါကို ပြင်ဆင်လို့ပြီးတာနဲ့ ဒီအလောင်းက မင်းရဲ့ အဆောင်ဖြစ်လာမှာပဲ၊ မင်းသာ ဒါကို ထိန်းချုပ်ထားသရွေ့တော့ မင်းရဲ့သားက မင်းကို ဘယ်နည်းနှင့်မှ တိုက်ခိုက်နိုင်မှာမဟုတ်ဘူး”
“မင်း ဒါကိုတော့ လုံခြုံတဲ့ လျှို့ဝှက်နေရာတစ်ခုမှာ ဝှက်ထားရလိမ့်မယ်၊ ဘယ်သူမှ ယူသွားလို့မရအောင် သိမ်းထားရမယ်…”
ထိုအချိန်မှစ၍ ချင်ကျန်း၏ အိမ်တွင် ယဇ်စင်တစ်ခု တိုးလာခဲ့သည်။
သူ မမြင်နိုင်သည့် အရာကတော့ သူ့ဘေးတွင် တစ်ချိန်လုံးရစ်ဝဲနေသည့် ကလေးသရဲလေးပင်ဖြစ်သည်။
ချင်ကျန်းက ယဇ်စင်တွင် ဆုတောင်းပြုခဲ့သည်ကတော့: သူ နာမည်ကြီးကာ ချမ်းသာချင်သည်။ ကံတရားမီးညွှတ်များ ထိုးတက်လာစေချင်သည်။
ဤသို့ဖြင့် သူကအတားအဆီးမရှိပဲ ရွှေအဆင့်အေးဂျင့်တစ်ဦး ဖြစ်လာခဲ့သည်။
သို့သော် သူ စိတ်မကျေနပ်သေးချေ။ သူ့၏ ပြိုင်ဖက်များအား ဆွဲချကာ အမြစ်ဖြတ်ပစ်ချင်သည်။
ကလေးသရဲက သူခိုင်းစေသည်ကို မလုပ်နိုင်ခဲ့ပါက ယခင် ပြင်ဆင်ထားသော မန်းမှုတ်ထားသည့် ဆူးချွန်တစ်ခုဖြင့် ကလေး၏အလောင်းအား ထိုးစိုက်ကာ အပြစ်ပေးတတ်သည်။
ကလေးသရဲလေးမှာ ခိုင်းနှိုင်း၍ပင် မရသည့် နာကျင်မှုအား ခံစားခဲ့ရကာ အငြိုးတရားများသည်လည်း တစ်စတစ်စ ပို၍ အားပြင်းလာခဲ့သည်။
ထိုသို့ လည်ပတ်နေခဲ့သည်မှာ သူ့အဖေ၏နောက်သို့လိုက်ကာ ဆေးရုံတစ်ခုသို့ မရောက်ခင်ထိပင်။
ထိုဆေးရုံတွင် နေမကောင်းဖြစ်နေသည့် အမျိုးသမီးတစ်ယောက်ကို တွေ့ရှိခဲ့သည်။
ကော်ဇော်ပေါ်တွင် ခြေချိတ်ထိုင်နေခဲ့သော ထိုအမျိုးသမီး, ကုကျစ်စုန့်ကို သူ လှမ်းကြည့်လိုက်ချိန်တွင် သူမ မျက်လုံးများက ရုတ်တရက် ပွင့်လာခဲ့ကာ မျက်လုံးချင်း ဆုံတွေ့သွားခဲ့ရသည်။
ကုကျစ်စုန့်၏ အသက်ရှူသံများ မြန်ဆန်လာခဲ့ကာ လက်သီးကိုလည်း ကျစ်ကျစ်ပါအောင် ဆုတ်ထားခဲ့မိသည်။
သူမ ဤကမ္ဘာသို့ ရောက်လာခဲ့သည့်အချိန် ကြာလာလေလေ၊ အမှိုက်သရိုက်ကောင်များနှင့် ဆုံတွေ့ရလေလေဖြစ်ကာ သူမ၏ စိတ်ခံစားချက်များသည်လည်း အရင်ကလောက် မတည်ငြိမ်နိုင်တော့ပေ။
သူမ မျက်လုံးများကို ပြန်ဖွင့်လိုက်ချိန်တွင် စက္ကူရုပ်လေးထဲမှ တုန်ယင်းက ကလေးလေးအား ချော့မြူနေခဲ့ကာ ကလေးလေးကလည်း သဘောကျစွာ ရယ်မောနေခဲ့သည်။
ကုကျစ်စုန့်၏ မူလက အေးစက်နေသော နှလုံးသားမှာ အနည်းငယ် နူးညံ့သွားရသည်။
ကလေးသရဲလေးမှာ သေဆုံးစဉ်က ၆လအရွယ်သာ ရှိပြီး အသိဉာဏ်သည်လည်း ကောင်းစွာ ဖွံ့ဖြိုးမှု မရှိသေးပါချေ။ အကယ်၍ သာမန်လူတစ်ယောက်သာဖြစ်နေခဲ့ပါက သေဆုံးချိန်တွင် နှလုံးသား၌ ဤမျှကြီးမားသည့်အငြိုးတရားများရှိနေခဲ့လျှင် စိတ်ခံစားချက်အား ထိန်းချုပ်ရန်ခက်ခဲသွားတော့မည်ဖြစ်ကာ ရက်စက်ကြမ်းကြုတ်သည့်တစ္ဆေတစ်ကောင်အဖြစ် ပြောင်းလဲသွားပေလိမ့်မည်။
ဖြူစင်သန့်ရှင်းသော ဝိဉာဉ်အား ခံစားမိသောကြောင့်ဖြစ်နိုင်သည်။ ကြောက်မက်ဖွယ်ကောင်းသည့် တစ္ဆေတံခါးဝတစ်ခုက ကုကျစ်စုန့်၏ အခန်းထဲတွင် ချက်ချင်းပေါ်ထွက်လာလေ၏။
ကလေးဝိဉာဉ်အား ချော့မြူနေဆဲ တုန်ယင်းမှာ တစ္ဆေတံခါးဝအား မြင်တွေ့လိုက်ရပြီးနောက် ထိတ်လန့်သွားခဲ့ရကာ ဆိုဖာအောက်တွင်ပုန်းအောင်းနေခဲ့တော့သည်။
ထို့နောက်တွင် အနက်ရောင် ယင်အရာရှိတစ်ဦး တစ္ဆေတံခါးဝမှ ထွက်လာခဲ့ပြီး ကုကျစ်စုန့်အား မြင်ချွန်တွင် နေရာတွင် ရပ်နေကာ သူမအား ခေါင်းတစ်ပြန်၊ ခြေတစ်ပြန် ကြည့်လာခဲ့သည်။
“ထပ်ပြီး မင်းပဲလား?”
ကုကျစ်စုန့်: “???”
မြေအောက်ကမ္ဘာမှ လူများသည်မှာ ယခင်တုန်းက သူမ သိကျွမ်းခဲ့ဖူးသူများဖြစ်သည်မှာ သေချာလာခဲ့ပြီ။ သူမသည်လည်း ထိုဆွဲဆောင်မှုရှိသော ဟဲဝူချန်အား ပြန်လည်စိုက်ကြည့်လိုက်မိသည်။
သို့သော် ထိုအပြုအမူမှာ ပုံမှန်နှင့်မတူဘဲ ထူးဆန်းနေခဲ့ပေသည်သာ။
ကလေးဝိဉာဉ်လေးမှာ သူ ထွက်သွားရတော့မည်အား သိသည့်အလား ကုကျစ်စုန့်ဆီသို့ တိုးကပ်ကာ သူမဒ ဒူးကို ပွတ်သပ်လိုက်ခဲ့ပြီး တစ္ဆေတံခါးဝရှေ့တွင် ရပ်နေသည့် ဖန်းဝူကျို့အား မော့ကြည့်လိုက်သည်။
နှစ်ယောက်သား စိုက်ကြည့်နေခဲ့ကြပြီး ဖန်းဝူကျို့က ဒေါသသံဖြင့် ပြောလိုက်သည်။
“ဒီကိုလာခဲ့ ကောင်စုတ်လေး!! ဒါမှမဟုတ် ငါ မင်းကို ပွေ့ချီပြီးခေါ်လာဖို့ကို စောင့်နေတာလား??”
ကလေးဝိဉာဉ်: “အာ…”
ဖန်းဝူကျို့: “… …”
အချိန်အတော်ကြာအောင် ရပ်နေခဲ့ပြီးနောက်တွင် တိုက်ပွဲတွင် ရှုံးနိမ့်သူက ဖန်းဝူကျို့ပင် ဖြစ်ခဲ့သည်။ သူက ကလေးဝိဉာဉ်လေး၏ အနားသွားကာ သူ့၏လည်ဂုတ်မှ ဆွဲခေါ်လာပြီးနောက် ကုကျစ်စုန့်ဘေးမှ တစ္ဆေတံခါးဝအတွင်းသို့ အလွန်စိတ်ကြီးဝင်သည့်ပုံဖြင့် မြောက်ကြွမြောက်ကြွဖြင့် ဝင်သွားလေသည်။
စနစ်က စိတ်ထဲက မေးလာချေသည်။
“သူ မြေအောက်ကမ္ဘာကို သွားလိုက်ရင် ကောင်းကောင်းပြန်ဝင်စားနိုင်တော့မှာလား?”
“မဖြစ်နိုင်ဘူး၊ သူက တမင် ထိခိုက်နာကျင်စေလိုတဲ့ စိတ်မရှိဘူးဆိုပေမယ့်လည်း သူ့ရဲ့လက်မှာက ဝဍ်ကြွေးတွေကျန်ရစ်နေခဲ့တယ်၊ မြေအောက်ကမ္ဘာက သူ့ကို ငရဲမှာခံစားရဖို့ ပို့ပေးမှာမဟုတ်ပေမယ့် သူ့အနေနဲ့နောက်ထပ် နှစ်၂၀၀အတွင်းမှာတော့ ပြန်ဝင်စားနိုင်တော့မှာ မဟုတ်ဘူး”
စနစ် ဒေါသတကြီးဖြင့် ဆိုလာသည်။
“အဲဒီချင်ကျန်းက တကယ့်ကို တိရိစ္ဆာန်ကောင်ပဲ၊ ကိုယ့်ရဲ့ကလေးကိုတောင် ဘယ်လိုလုပ်ပြီးဒီလောက်တောင် ရက်စက်လွန်းနေတာလဲ၊
သူက ကလေးကို သေပြီးတဲ့အချိန်မှာ အငြိုးတရားကြီးစေချင်တယ်ဆိုရုံနှင့် ကိုယ်ဝန်သည် မိန်းမနဲ့ ကလေးကို ကြောင်သူတော်ဆန်တဲ့ စကားတွေကို အရှက်မရှိပြောခဲ့သေးတယ်! တွေးမိရင် ဒေါသထွက်လိုက်တာ!! အဲဒီကောင်ကမှ ငရဲကို သွားရမယ့်အကောင်ပဲ!”
“မကြာတော့ဘူး”
ကုကျစ်စုန့် အေးတိအေးစက်ဖြင့် ပြောလိုက်သည်။
“သူ့အလှည့်ကိုရောက်ဖို့ မကြာတော့ဘူး”
သူမ အနည်းငယ် တွက်ချက်ပြီးနောက် ချင်ကျန်း၏ နေ့မှာ တန်ပြန်တိုက်ခိုက်ခံရပြီးနောက် နှစ် တစ်ဝက်ပင်ဖြစ်လိမ့်မည်။
လာမည့်အချိန် ၆လတွင် သူ တန်ဖိုးထား၊ လိုချင်တပ်မက်သည့် အရာများ အားလုံးကို ဆုံးရှုံးရတော့မှာဖြစ်ပြီး နာကျင်မှုများ၊ မကျေနပ်မှုများနှင့် သေဆုံးရလိမ့်မည်။
သူ သေဆုံးပြီးနောက်တွင် မြေအောက်ကမ္ဘာသို့ သွားရမှာဖြစ်ပြီး ထိုသည်က သူ့၏ဆင်းရဲဒုက္ခ ခံစားရခြင်းအတွက် အစကနဦးဖြစ်လာလိမ့်မည်။
ကလေးသရဲပြဿနာအား ဖြေရှင်းပြီးနောက် တတိယနေ့တွင် ကုကျစ်စုန့်က တုန်ယင်းစက္ကူရုပ်အား ခေါ်ကာ အစီအစဉ်ရိုက်ကူးရေးနေရာသို့ ထွက်လာခဲ့သည်။
ဒီတစ်ကြိမ်အတွက် တည်နေရာကတော့ ယုံချန်နှင့် ကပ်လျက်ဖြစ်သောကြောင့် ကုကျစ်စုန့်မှာ တစ်ရက်ကြိုထွက်ရန် မလိုအပ်ခဲ့ပေ။
သူမ မနက် ၆နာရီ လေယာဉ်ကို စီးခဲ့ကာ ဝိဉာဉ်ရေးရာ အစီအစဉ်၏ စတုတ္ထမြောက်အပိုင်းရိုက်ကူးမည့် နေရာသို့ ၈နာရီ မထိုးခင် ရောက်လာခဲ့သည်။
ထုံးစံအတိုင်း အစီအစဉ်၏ ပထမပိုင်းသည် တိုက်ရိုက်ကြည့်ရှုသူ ပရိတ်သတ်များနှင့် အနာဂတ်ဟောပြောရင်း စကားစမြည်ပြောဆိုခြင်းပင်ဖြစ်သည်။
ပရိုဂရမ်အဖွဲ့မှ အဖွဲ့ဝင်တစ်ယောက်ခြင်းအတွက် နေရာသီးသန့် စီစဉ်ပေးထားခဲ့သည်။
လက်ထောက်ရှောင်ကျိုးက ကုကျစ်စုန့်အား အောက်ခံဖောင်ဒေးရှင်း အနည်းငယ် လိမ်းပေးလိုက်ပြီးနောက်တွင် တိုက်ရိုက်ထုတ်လွှင့်မှု စရန် အချိန်ကျလာခဲ့ပြီ။
ကုကျစ်စုန့် ကင်မရာအား နေရာချိန်ညှိပြီးနောက် တိုက်ရိုက်ထုတ်လွှင့်မှုက ၈နာရီအတိတွင် အလိုအလျောက် စတင်လာခဲ့သည်။
စောင့်နေကြသော ကြည့်ရှု့သူများကလည်း ယခင်အချိန်မျာ့အတိုင်း အဆက်မပြတ်ဝင်ရောက်လာခဲ့သည်။
နှစ်မိနစ်အတွင်းမှာပင် သူမ၏ တိုက်ရိုက်ထုတ်လွှင့်ခန်းတွင်းမှ ကြည့်ရှုသူ အရေအတွက်မှာ ဂဏန်း ၆လုံးထိ ဖြစ်သွားခဲ့ကာ ဆက်တိုက် ဝင်လာနေဆဲပင်။
[စနေပြီနော်၊ အစီအစဉ်ကိုမကြည့်ရရင် သေရလိမ့်မယ်ဆိုတဲ့လူတွေ လာကြတော့!]
[ဒီမိန်းမကို ထပ်ကြည့်မိပြန်ပြီ၊ ပြန်ကြည့်တိုင်း တော်တော်ပြီး အပေါစားဆန်တယ်လို့တောင် တွေးမိတယ်၊ အခြားပြိုင်ပွဲဝင်တွေအကုန်လုံးက မျက်နှာမှာ အပြုံးတွေရှိပြီး အလုပ်ကို လေးလေးနက်နက်လုပ်နေကြတာ၊ ဒါပေမယ့် သူ့ကို ကြည့်ရတာ အဲ့ဒီခံစားချက်ကို မရဘူး ]
[ဒီပိုးစာရွက်လေးက ပရိတ်သတ်အသစ်ပါ၊ မနက်စောစော အိပ်ရာထတာနဲ့ ငါ့လောင်ဖောရဲ့ မျက်နှာအလှလေးကိုမြင်ရတော့ ဆွဲဖက်နမ်းပစ်ချင်လာပြီ! ]
[ရှစ်ရက်လောက် စောင့်နေပြီးတဲ့နောက် ကုကျစ်စုန့်ကို တစ်ခုလောက်လေးပဲ မေးချင်တာပါ၊ ကိုယ့်ကိုကိုယ် သရုပ်ဆောင်ဆိုတာကိုများ မေ့နေတာလားလို့၊ ပြောချင်တာက မင်းကို ဒီအစီအစဉ်လေးထဲမှာ မြင်ရပြီးရင် တစ်ချိန်လုံးပျောက်ခြင်းမလှ ပျောက်သွားတော့တာပဲ၊ ဓာတ်ပုံတွေ ဘာတွေလည်း တစ်ခုမှကို မတင်ဘူး!]
[ငါ အသက်ရှင်လာတဲ့ နှစ် ၂၀ကျော်အတွင်းမှာ ဒါပထမဆုံး မနက် ၈နာရီ အိပ်ယာထတာပဲ၊ ဒါကလည်း ဒီအစီအစဉ်ကြည့်ဖို့အတွက်တဲ့လေ….]
[ဒီနေ့ ငါ့ကို ရွေးပေးလို့ ရမလား? မင်း အနာဂတ်ဟောတာက မှန်လွန်းတယ်ဆိုတာ မယုံဘူး၊ ငါကိုယ်တိုင် ကြုံဖူးချင်တယ်…]
ပထမ ၂ပိုင်းနှင့် ယှဉ်လျှင် မှတ်ချက်ဧရိယာက ပို၍သန့်ရှင်းလာသည်။
သဘာဝလွန်ဖြစ်ရပ်များအား စိတ်ဝင်စားကာ ကြည့်ရှုသော ပရိတ်သတ်အသစ်များနှင့် ဖြတ်သွားဖြတ်လာများသည်လည်း အေးအေးဆေးဆေးဖြင့် စိတ်ပါဝင်စားစွာသာ ကြည့်နေခဲ့ကြသည်။
အရှေ့နှစ်ပိုင်းတွင် ကုကျစ်စုန့်မှတိကျမှန်ကန်လှသော သဘာဝလွန်တွက်ချက်မှုများ ပြုလုပ်ကာ သမိုင်းတွင် နာမည်ကြီးသည် အင်ပါယာတစ်ဦး၏ သင်္ချိုင်းဂူကိုပါ ရှာတွေ့နိုင်ခဲ့ပြီး အစိုးရအဖွဲ့များကပင် ချီးကျူးခံခဲ့ရသည်။
ထိုသည်က သူမအား ပို၍ပင် ထူးခြားကြောင့် ယုံကြည်လာစေခဲ့သည်ပင်။
သို့သော် သူမအား မုန်းတီးနေသည့် black fanများကတော့ သူတို့ မြင်ချင်သည့်အရာကိုသာ မြင်နေဆဲဖြစ်ကာ သူမအား တိုက်ရိုက်ထုတ်လွှင့်ခန်းထဲတွင် ဆဲဆိုနေကြဆဲပင်။
ကုကျစ်စုန့် မျက်နှာပြင်ကို ကြည့်လိုက်ပြီးနောက် :
“အားလုံးပဲ မင်္ဂလာနံနက်ခင်းပါ၊ ဒီနေ့ရဲ့ အစီအစဉ်က မကြာခင် စတော့မှာဖြစ်ပါတယ်၊ စိတ်ဝင်စားသူတွေက ခလုတ်နှိပ်ပြီး ပါဝင်လို့ ရပါတယ်”
ထိုအချိန်တွင် အစီအစဉ်စသည်မှာ ဆယ်မိနစ်သာ ရှိသေးသော်လည်း တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှ လူဦးရေက သုံးသိန်းကျော်နေပြီပင်။
ဒါရိုက်တာ လီချန်ဟဲက စတူဒီယိုမှ ထိုးတက်လာသော အချက်အလက်များအား ကြည့်ကာ စိတ်လှုပ်ရှား အံ့အားသင့်နေသည်။
“ဒါရိုက်တာ၊ ကျွန်တော်တို့ရဲ့ အစီအစဉ်ကတော့တကယ်ကို ပေါက်ကွဲတော့မှာပဲ၊ မဟုတ်ဘူး ကုကျစ်စုန့်ကတော့ ပေါက်တော့မှာပဲ”
လီချန်ဟဲသည်လည်း ထိုသို့ တွေးမိသည်ပင်။
မနက် ၈ နာရီသာ ရှိနေသေးသောကြောင့် ကြည့်ရှုသူအများစုက အိပ်စက်နေကြဆဲဖြစ်သည်။ ထို့အပြင် အစီအစဉ်မှာ စတင် ထုတ်လွှင့်ကာစ ဖြစ်ကာ စိတ်ဝင်စားစရာ မည်သည့်အရာကိုမှပင် ချမပြရသေးပေ။
ဒါ့အပြင် အစီအစဉ်အားပြန်လည် edit လုပ်ကာ ပြန်တင်ပေးမည်လည်းဖြစ်သည်။
ထိုသို့ အချက်များနှင့်ပင် ကုကျစ်စုန့်၏ တိုက်ရိုက်ထုတ်လွှင့်ခန်းတွင် လူ ၃သိန်းကျော်က ကျောက်ချစောင့်နေခဲ့ကြသည်!! ဤသည်က ကြောက်စရာကောင်းလှသည့် ကျော်ကြားမှုပင်မဟုတ်ပါလား!
အခြားကစားသမားများ၏ ကျော်ကြားမှုနှင့်ယှဉ်ပါက ကွာခြားလွန်းသည်ပင်။ အခြားအဖွဲ့ဝင်များ၏ ကြည့်ရှုသူများမှာ အားလုံးပေါင်းမှသာလျှင် ၂သိန်းကျော်သာ ရှိသည်။
ပရိတ်သတ်ဖြစ်စေ မုန်းသူဖြစ်စေ ၊ လီချန်ဟဲကတော့ ယနေ့အပိုင်းပြီးသည်နှင့် ကုကျစ်စုန့်၏ အောင်မြင်မှုအား အနုပညာနယ်ပယ်မှ လူများ သေချာပေါက်မြင်တွေ့လိမ့်မည်ဟု ခံစားနေရသည်။
၂မိနစ်ကြာပြီးနောက် ဆူပွတ်နေသည့် တိုက်ရိုက်ထုတ်လွှင့်ခန်းတွင် အကောင့်နာမည်တစ်ခု ပေါ်လာခဲ့သည်။
ကုကျစ်စုန့် :
“ရှူးကျုံးသွမ့်ယွဲ့ ဆိုတဲ့ ကြည့်ရှု့သူ ရှိလား? ဒီနေ့အတွက် ရွေးချယ်ခံရတာကြောင့် ဆက်သွယ်လာဖို့ စောင့်နေပါ့မယ်”
[ဝူး... ဒီနေ့လည်း အရွေးမခံရပြန်ဘူး၊ ငါ့လိုကံမကောင်းတဲ့လူမျိုးက အရွေးမခံရနိုင်ဘူးဆိုတာကို သိနေတယ်!]
[မြန်မြန်၊ မြန်မြန်လေး! ဒီနေ့ရော စိတ်ဝင်စားစရာကောင်းတာလေးများ ရနိုင်မလား?]
ရှူးကျုံးသွမ့်ယွဲ့: “ကုတောက်ကျန့် မင်္ဂလာပါ၊ ကျွန်မ ရှိပါတယ်”