ရှင်က သူတို့ရဲ့ ဂုဏ်အသရေပဲ
Vol. 8 Ch. 72
အရွေးချယ်ခံရသော ကြည့်ရှုသူဘက်မှ မိုက်ဖွင့်လိုက်သည်နှင့် ကုကျစ်စုန့် မေးလိုက်သည်။
“ဘဝရဲ့ ကံကောင်းခြင်းနဲ့ ကံဆိုးခြင်းတွေကို တွက်ချက်ချင်တာလား? အိမ်ရဲ့ ဖုန်းရွှေကို စစ်စစ်ဆေးကြည့်ချင်တာလား?
ပထမတစ်ခုဆိုရင်တော့ ရှင့်ရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်ကို တခြားလူတွေကို မသိစေချင်ဘူးဆိုရင် ကျွန်မဆီကို ရှင့်ရဲ့ ဇာတာခွင်စာလုံး ၈လုံးကိုပဲ ဖြစ်ဖြစ်၊ လတ်တလော ရိုက်ထားတဲ့ ဓာတ်ပုံဖြစ်ဖြစ်ပို့ပေးလိုက်ပါ၊
ဒုတိယတစ်ခုဆိုရင်တော့ ဖုန်းရဲ့ နောက်ကင်မရာကို တိုက်ရိုက်ဖွင့်လိုက်ပြီးမှ အိမ်ကို ပတ်ပတ်လည် နှစ်ခေါက်လောက် လျှောက်ပြပြီး အိမ်ရဲ့အပြင်အဆင်လေးတွေကို သေသေချာချာပြပေးပါ”
“ကျွန်မမှာ လျို့ဝှက်ထားစရာ မရှိပါဘူး”
ရှူးကျုံးသွမ့်ယွဲ့က ပြောလိုက်သည်။
“ကျွန်မ ရှင်နဲ့ ဗီဒီယိုကော ဖွင့်လိုက်လို့ ရပါတယ် တောက်ကျန့်”
သူမက ထိုစကားကိုပြောပြီးသည်နှင့် သူမ၏ဘက်မှ ကင်မရာကို ဖွင့်လိုက်ကာ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲတွင် ဗီဒီယို စခရင်လေး ပေါ်လာခဲ့သည်။
ကင်မရာမှတဆင့် ပြသနေမှုအရ အရွေးချယ်ခံရသည့် ကြည့်ရှုသူသည်က အသက် ၄၀၊၅၀ ခန့်ရှိပုံပေါ်သည်။ အသားရောင်နှင့် အသွင်အပြင်အရ သူမက ချောမောလှပသူ မဟုတ်သော်ငြား သူမ၏ အပြုအမူများမှာ ပညာရှင်ဆန်ကာ တည်ငြိမ်မှုများလည်း ရှိနေခဲ့လေ၏။
သူမက မီးခိုးရောင် ရှပ်အင်္ကျီ ဝတ်ဆင်ထားကာ မျက်မှန်ကိုင်းအပါးနှင့် မျက်မှန်ကိုလည်း တပ်ထားပြီး နဖူးစပ်နားမှ ဆံပင်များက အနည်းငယ်ဖြူနေခဲ့သည်။ ခြုံငုံပြောရပါက အင်မတန် ပိရိသေသပ်သူတစ်ယောက်နှင့် တူနေသည်။
“မင်္ဂလာပါ ကုတောက်ကျန့်၊ ကြည့်ရှုနေတဲ့ပရိသတ်တွေအားလုံးလည်း မင်္ဂလာပါ”
[ရွေးချယ်ခံရသူတွေထဲမှာ ဒီတစ်ယောက်က ကုကျစ်စုန့်ကို တောက်ကျန့်လို့ ခေါ်တဲ့ ပထမဆုံးတစ်ယောက်ပဲ၊ ကောင်းတယ် ကောင်းတယ်]
[ဒီကျဲကျဲကို ကြည့်ရတာ ဉာဏ်ရည်မြင့်မားပြီး စိတ်လဲ ငြိမ်မယ့်ပုံပဲ၊ နောက်ပြီး ယဉ်ကျေးမှုလည်းအရမ်းရှိတာပဲ၊ ငါတော့ သဘောကျနေပြီ]
[အနာဂတ်ဟောပြောတော့မယ်! ငါတော့ ဒီတိုက်ရိုက်ထုတ်လွှင့်သူက အနာဂတ်ဟောပြောတာကို နားထောင်ရတာ သဘောကျတယ်!!]
ပရိုဂရမ် ပထမ ၂ပိုင်းတွင် ကုကျစ်စုန့်၏ အနာဂတ်ဟောပြောခြင်းက အင်မတန် တိကျမှန်ကန်လွန်းသည်ကြောင့် အင်တာနက်မှ လူများက သူမအား ဗေဒင်ဆရာမ ဟုပင် ခေါ်ဝေါ်နေကြပြီ။
ကောင်းမွန်သောမှတ်ချက်များနှင့် ပြည့်နေသော မှတ်ချက်ဧရိယာအားကြည့်ကာ ရှူးကျုံးသွမ့်ယွဲ့က ကောင်းမွန်သည့်အကျင့်စရိုက်ဖြင့် စကားဆိုလာသည်။
“အားလုံးက ကုတောက်ကျန့်ရဲ့ အနာဂတ်ဟောတာကို နားထောင်ချင်တယ်ဆိုတော့ ကျွန်မလည်း အဲဒါကိုပဲ ရွေးလိုက်ပါမယ်”
ကုကျစ်စုန့် သက်လတ်ပိုင်းအရွယ်အမျိုးသမီး၏ မျက်နှာအား ကြည့်ပြီးနောက် သူမ သီးသန့်ပို့ထားသည့် ဇာတာခွင် စကားလုံး ၈လုံးကိုလည်း ကြည့်လိုက်သည်။ ထို့နောက် ဖြေးညှင်းစွာ ပြောလိုက်ချေသည်။
“ရှင်အခု ပို့လိုက်တဲ့ ဇာတာ ၈လုံးအရဆိုရင် အခု အသက် ၄၈နှစ်ရှိပြီ၊ ပြီးတော့ တရုတ်ရာသီခွင်က နွားပဲ၊ ရှင့်ရဲ့ ဓာတ်ကြီး ၅ပါးထဲက ဓာတ်သဘာဝကတော့ မြေဓာတ်ဖြစ်ပြီး ရေဓာတ်ကတော့ နည်းနေတယ်၊
ရှင့်ကို မွေးဖွားတဲ့ ခုနှစ်မှာဆိုရင် ရှင့်ရဲ့ မွေးရပ်မြေမှာ ပြင်းထန်ပြီး အင်အားကြီးတဲ့ ကပ်ကြီးတစ်ခုတစ်ခု ဖြစ်ခဲ့နိုင်တယ်၊
ကပ်ဆိုက်မှုက ရှင်နဲ့ ရှင့်မိသားစုကို အတော်လေး ထိခိုက်ခဲ့လိမ့်မယ်၊အဲဒီကပ်ဘေးကြောင့် ရှင်က အသက် ၄နှစ် ၅နှစ်လောက်အထိ အားနည်းပြီး ကျန်းမာရေးချူချာခဲ့တယ်”
“ရှင့်ရဲ့မျက်နှာအသွင်အပြင်နဲ့ပါ ပေါင်းလိုက်ရင် ရှင့်ရဲ့ မျက်ခုံးတွေက ဖြောင့်တန်းနေပေမယ့် မျက်ခုံးစွန်းနေရာမှာ နည်းနည်းချိုင့်နေတယ်၊ ပြီးတော့ မျက်ခုံးမွှေးက နည်းနည်း ရှုပ်ထွေးနေတယ်၊
အဲဒါက ရှင့်ရဲ့ မွေးချင်းမောင်နှမနန်းတော်ပဲ၊ အဲဒီကနေ ရှင့်မှာ အစ်ကိုတစ်ယောက်ရှိခဲ့ပေမယ့် ငယ်ငယ်ရွယ်ရွယ်နဲ့ ကွယ်လွန်သွားတာကို သိနိုင်တယ်၊ နှစ်တို့ နှစ်ဦးကြားက ဆက်သွယ်မှုက အရမ်းတိမ်လွန်းတယ်”
“ကျွန်မသာ မမှားဘူးဆိုရင် သူက ရှင်မွေးပြီး ဒုတိယနှစ်မှာ ကွယ်လွန်သွားတာပဲ”
ရှူးကျုံးသွမ့်ယွဲ့ အံ့ဩသွားကာ မတ်မတ်ထိုင်လိုက်ပြီးနောက် ခေါင်းငြိမ့်ကာ ပြောလာသည်။
“အမှန်ပါပဲ၊ ကျွန်မရဲ့ ရာသီခွင်ရော အသက်ရော မှန်ပါတယ်၊ ဇာတိမြို့က တောင်ဘက်ပိုင်းက စပါးစိုက်ပျိုးရာ ဒေသကပါ၊ ၁၉၇၀ ခုနှစ်တွေတုန်းက စီးပွားရေးက မကောင်းသေးဘူးလေ၊ အားလုံးက တစ်နှစ်တာ သီးပွင့်သမျှကိုပဲ အားထားကြရတာ”
“ကျွန်မကတော့ မမှတ်မိပေမယ့် အရင်လူကြီးတွေ ပြောတာ ကြားဖူးတယ်၊ ကျွန်မ မွေးတဲ့နှစ်တုန်းက အရမ်းပူပြင်းပြီး မိုးလည်း မရွာခဲ့ဘူး၊ ဒါ့အပြင် ပလိပ်ရောဂါလည်း ကျလိုက်သေးတယ်တဲ့၊
ရာသီဥတုကြောင့် စိုက်ပျိုးတဲ့ သီးနှံထွက်နှုန်းကလည်း ဆိုးဆိုးရွားဝါးအထွက်နည်းလွန်းတာကြောင့် ရွာကလူတွေက အဲဒီနှစ်တုန်းက အဆံမပါတဲ့စပါးခွံတွေလောက်ပဲ ရခဲ့ကြတယ်လို့တောင်ဆိုတယ်၊
လူတွေက အငတ်ဘေးသင့်ပြီး အစားအသောက်တွေကိုမြေကြီးနဲ့ရောနှောပြီး မြေကိုပါ စားခဲ့ရတယ်တဲ့ ၊ ဒါကြောင့် လူအိုတွေနဲ့ ကလေးငယ်တွေ တော်တော်များများ ငတ်မွတ်ပြီးသေခဲ့ရတယ်၊ ကျွန်မရဲ့အစ်ကိုဖြစ်သူကလည်း အဲဒီဒဏ်နဲ့ပဲ ကွယ်လွန်ခဲ့ရတာ…”
ရှူးကျုံးသွမ့်ယွဲ့ အရွယ်ရောက်ကာစအချိန်က သူမ မိသားစုက နှစ်စဉ် ငွေစက္ကူမီးရှို့ရန် ခေါ်သွားတတ်ကြပြီး မျက်နှာသည်လည်း အင်မတန်ဝမ်းနည်းပူဆွေးနေကြသည်။
ထိုအချိန်က သူတို့ ရှိခိုးဆုတောင်းကြသည့် သင်္ချိုင်းအစွန်နားရှိ မြေပြင်မို့မို့မောက်မောက်လေးတစ်ခုနှင့်အုတ်ဂူငယ်လေးအား သူမ သတိထားမိခဲ့ပေသည်။
အုတ်ဂူငယ်လေးမှာ အခြားသင်္ချိုင်းဂူများနှင့် ယှဉ်လျှင် သေးငယ်လှသည်။
သူမ၏ မိဘများအား မေးကြည့်မိမှသာ သူမတွင် အစ်ကိုတစ်ယောက်ရှိခဲ့ဖူးကြောင်းကို သိခဲ့ရသည်။
ထိုအုတ်ဂူငယ်လေးအတွင်းတွင် အစ်ကိုဖြစ်သူ၏ အဝတ်အစားများနှင့် ဓာတ်ပုံများသာ ရှိကာ အရိုးတစ်စုံတစ်ခုမျှပင် ရှိမနေခဲ့ပေ။
ထိုနှစ်က အငတ်ဘေးဆိုက်ခဲ့ရသည်ကြောင့် စပါးလုံးညိုအခွံများနှင့် သစ်ခေါက်များအား စားခဲ့ရသည့် လူကြီးများပင် အသက်မရှင်နိုင်သည်ကြောင့် ရွံ့မြေစပါးခွံများကို အစာမခြေနိုင်သည့် ကလေးတစ်ယောက်၏ ဘဝသည်ကား ….
မစားလျှင် ဗိုက်ဆာမည်၊ သို့သော် စားလျှင်လည်း ဝမ်းဗိုက်က ရောင်လာလိမ့်မည်။
သူ သေဆုံးချိန်တွင် အသက် ၄နှစ်အရွယ်သာ ရှိသေးသည်။
ခြေလက်များက ပိန်ပါးသေးသွယ်နေကာ ဝမ်းဗိုက်တစ်ခုတည်သာလျှင် မခြေဖျက်နိုင်သော ရွံ့များနှင့် ပြည့်ကာ ဖောင်းတင်းနေခဲ့သည်။
သက်ကြီးပိုင်းလူများ ဆိုကြသည်မှာ ထိုကဲ့သို့ ငယ်ငယ်ရွယ်ရွယ်သေဆုံးရသော ကလေးငယ်များသည် ဝမ်းနည်းမှုများ များပြားကာ အထူးသဖြင့် ငတ်မွတ်ခေါင်းပါးမှုကြောင့် သေဆုံးရပါက ဘိုးဘေးသင်္ချိုင်းသို့ မဝင်ရောက်နိုင်ပေ။
ဝင်ရောက်ခဲ့ပါက ဘိုးဘေးများ၏ အမျက်ရှမည်ဖြစ်သည်။
ထို့ကြောင့် အစ်ကိုဖြစ်သူ၏ အရိုးများအား တောင်ပေါ်တွင်သာ အဆောတလျင် မြှုပ်နှံခဲ့ရပြီး ရွာသင်္ချိုင်းတွင်တော့ အုတ်ဂူအလွတ်တစ်ခုကိုသာ ပြင်ဆင်ခဲ့ရသည်။
ရှူးကျုံးသွမ့်ယွဲ့ :
“အစက ကျွန်မ မွေးတုန်းက မိဘတွေက ကျွန်မကို ကောင်းကောင်းမွန်မွန်မွေးနိုင်လိမ့်မယ်လို့ မမျှော်လင့်ခဲ့ကြဘူး၊ ဒီလို ကပ်ဘေးဆိုက်နေချိန်မှာ မွေးကင်းစကလေးငယ်လေးက နို့ရည်ကျဲကိုသောက်ပြီး အသက်ရှင်နိုင်လိမ့်မယ်လို့ ဘယ်သူမှ ထင်မထားကြဘူးလေ”
“ဒါပေမယ့် တွေးတောနိုင်ပါတယ်၊ ကျွန်မ သုံးနှစ်ကျော်တဲ့အထိ ကလေးဘဝတုန်းက အာဟာရမပြည့်ခဲ့တာကြောင့် သာမန်ကလေးတွေထက်ပိုပြီး ခဏခဏ ဖျားနာခဲ့တယ်၊ မိဘတွေကဆိုရင် ကျွန်မက အချိန်မရွေး သေသွားနိုင်တဲ့ ကြောင်ပေါက်စလေးလိုပဲလို့ ပြောခဲ့တာ”
သူမ လေသံတွင် ကျေးဇူးတင်စိတ်အပြည့်ပါဝင်ခဲ့သည်။
“ကျွန်မ အသက်ရှင်နေတာက အမေက သူအရဲ့ အသက်တစ်ဝက်ကို ပေးခဲ့လို့ပါပဲ”
အမျိုးသမီးများသည် မီးဖွားပြီးချိန်တွင် အားနည်းကာ ခန္ဓာကိုယ်အား ပြန်လည်အနားယူဖြည့်တင်းရန် လိုအပ်သည်။
သို့သော် အငတ်ဘေးဆိုက်ခဲ့သည့် နှစ်များတွင်တော့ မည်သူကမျှ ထိုအချက်အား ဂရုမစိုက်နိုင်ကြတော့ပေ။ မီးဖွားပြီးနောက် ရက်အနည်းငယ်သာ အနားယူပြီးနောက် သူမ၏မိခင်မှာလယ်ကွင်းထဲ ပြန်ဆင်းရပြန်သည်။
သူမ၏ မိခင်ဖြစ်သူမှာ ထိုအချိန်တုန်းက အလွန်အမင်းအားနည်းနေခဲ့ကာ ခန္ဓာကိုယ်အား ပြန်လည်ဖြည့်တင်းပေးမည့် အာဟာရဓာတ်သည်လည်း လုံလောက်စွာမရရှိခဲ့ပေ။
သူမ၏ နို့ရည်သည်လည်း ရေကဲ့သို့ ကျဲတောက်နေကာ အာဟာရပင်မပါရှိခဲ့။
သို့သော် နှစ်လသားအရွယ်ရှိနေသည့် သူမက ဆာလောင်လွန်းသောကြောင့် ဖြူဖျော့ပိန်လှီလာခဲ့က် ညလယ်ခေါင်တွင်လည်း ဆာလောင်မှုများကြောင့် ထငိုတတ်သေးသည်။
သူမ၏မိခင်ဖြစ်သူ ဤသည်ကိုမြင်သောအခါတွင် ဤသို့ဆက်သွားနေပါက သူမအား အသက်မရှင်နိုင်တော့ဟု ထင်ခဲ့သည်။
ထိုကြောင့် အံကိုကြိတ်ကာ နို့ထွက်အားကောင်းစေသည့် ဆေးများအား ဝယ်ယူ၍ ကျိုသောက်ခဲ့သည်။ နို့က များစွာထွက်လာခဲ့သော်ငြား ထိုနို့ထဲတွင်မိခင်၏ သွေးများနှင့် ရောနှောနေခဲ့လေ၏။
သူမသည်ကား မိခင်၏ နို့ချိုရော သွေးများကိုပါ သောက်သုံးခဲ့ကာ မိခင်၏ အာဟာရများအား စုပ်ယူ၍ အသက်ရှင်သန်ခဲ့သည်။
သို့သော် ထိုအချိန်မှစ၍ မိခင်ဖြစ်သူ၏ ခန္ဓာကိုယ်သည်လည်း ပို၍အားလျော့သွားခဲ့ကာ နာမကျန်းဖြစ်ခဲ့ရသည်။
ရှူးကျုံးသွမ့်ယွဲ့၏ ငယ်ဘဝဖြစ်စဉ်အား နားထောင်ပြီးနောက် မှတ်ချက်ဧရိယာတွင်းမှ လူများ၏ နှလုံးသားမှာ များစွာ ရိုက်ခတ်ခံလိုက်ရချေသည်။
[ဘုရားရေ၊ တော်တော်လေးကို ကောင်းမွန်လွန်းတဲ့ အမေပဲမဟုတ်ဘူးလား၊ သူမက သူမရဲ့ကလေးကို သွေးတွေနဲ့ရောနှောနေတဲ့နို့ချိုကိုပါ တိုက်ခဲ့တာ၊ ဒါက တကယ်ကို သူရဲ့ အသက်ကို ကလေးအတွက် ပေးနေတာပဲ!]
[ ရှူးကျုံးသွမ့်ယွဲ့ရဲ့ ဇာတိမြေကို ငါသိတယ်၊ ငါလည်း အဲဒီရွာမှာနေတာပဲ၊ အဲဒီနှစ်က အငတ်ဘေးက ဆိုးရွားလွန်းပါတယ်၊ ရွာထဲက အရမ်းသဘောကောင်းတဲ့ အဘိုးတစ်ယောက်လည်း ငတ်မွတ်ပြီး သေခဲ့ရတာ …]
[တကယ်ကို လေးစားမိတယ်၊ ငါဆိုရင် ပုံမှန်အတိုင်းတောင်မှ တစ်ခါတစ်လေဆို ကလေးက အားပြင်းပြင်းနှင့်စုပ်လွန်းလို့ နာလွန်းလို့ ငိုတောင်ငိုချင်နေရတာ၊ ဒါပေမယ့် သူမကတော့ သွေးကိုတောင် တိုက်နိုင်ခဲ့တယ်၊ တကယ့်ကို တွေးတောမရလောက်အောင်ပိုပြီး နာမှာပဲ]
[ကျန်တဲ့နေရာတွေတော့ မသိဘူး၊ ငါတို့ဆီမှာတော့ အခုချိန်ထိ အသက်ငယ်ငယ်လေးနဲ့ သေတဲ့ ကလေးတွေကိုဆိုရင် သင်္ချိုင်းထဲမှာ မြေမြှုပ်လို့ မရဘူး၊
ငါ့ ဝမ်းကွဲတစ်ယောက်ရဲ့ သားလေးလည်း နေမကောင်းဖြစ်ပြီး သေသွားတော့ မိသားစုထဲက လူကြီးတွေက မြေမြှုပ်တာကို အသည်းအသန်ငြင်းခဲ့ကြတာလေ၊ အခုထိ အဲဒီကိစ္စနဲ့ ပတ်သတ်လာရင် အရမ်းအစွဲကြီးနေတုန်းပဲ]
ကုကျစ်စုန့် ခေါင်းငြိမ့်ကာ ဆက်ပြောသည်။
“ငယ်ဘဝအကြောင်းကို ပြောပြီးပြီဆိုတော့ ဘဝရဲ့ လမ်းကြောင်းကို ကြည့်ရအောင်”
“ရှင့်ရဲ့ နဖူးက ပြည့်နေပြီး မျက်လုံးတွေကလည်း အရောင်တောက်ပနေတယ်၊ ဘဝနန်းတော်ကလည်း ကြွယ်ဝချမ်းသာမှုတွေရှိတယ်၊ ဒါတွေက စည်းစိမ်ဥစ္စာကြွယ်ဝမှုရဲ့ လက္ခဏာတွေပဲ၊ အထူးသဖြင့် ရှင့်ရဲ့ နားရွက်တွေပဲ”
ရှူးကျုံးသွမ့်ယွဲ့ မသိစိတ်မှ လက်ကို မြှောက်ကာ နားသန်သီးအား ကိုင်လိုက်မိသည်။
“ကျန်တာတော့ မသိဘူး၊ ကျွန်မရဲ့ နားရွက်ပုံစံကတော့ တကယ်ကို သူများတွေနဲ့တော့ မတူတာအမှန်ပဲ”
“လူတစ်ယောက်မှာ အဓိက ထင်ရှားတဲ့ ခုံရုံးနေရာ ၃ခုရှိတယ်၊ တစ်ခုက လူတစ်ယောက်ရဲ့ အသက် ၃၀ မပြည့်ခင် လက္ခဏာဗေဒပဲ၊ အရှေ့ဘက်ကကြည့်မယ်ဆိုရင် ရှင့်ရဲ့ နားရွက်က မျက်လုံးထက် မြင့်နေတယ်၊ ဒီလို နားရွက်ပုံစံနဲ့ လူတွေက သင်ယူခြင်းနဲ့ သင်ကြားခြင်းနယ်ပယ်တွေမှာ အားသန်ကြပြီး စိတ်ဓာတ်လည်း ခိုင်မာတယ်၊
ပြီးတော့ အခြားလူတွေရဲ့ ဖုံးလွှမ်းမှုကိုလည်း လွယ်လွယ်နဲ့ မခံရဘူး၊ သူတို့က ငယ်ကတည်းက ပညာရေးမှာ အားလုံးထက် ကျော်လွန်တာကြောင့် အသိအမှတ်ပြုခံကြရတယ်”
*