ရုတ်တရက် သေဆုံးခြင်း(1)
Vol. 8 Ch. 75
ရှုကျုံးသွမ့်ယွဲ့ ဧည့်ခန်းမှ ထသွားသော်ငြား တိုက်ရိုက်ထုတ်လွှင့်နေဆဲ ဖုန်းအား ယူသွားရန်တော့ မမေ့ခဲ့ပေ။
သူမက သားဖြစ်သူ၏ အခန်းတံခါးအား ဖွင့်လိုက်လျှင် သူမ တစ်သက်လုံး မဖြေသိမ့်နိုင်လောက်မည့် မြင်ကွင်းအား မြင်တွေ့လိုက်ရမည်ကို စိုးရိမ်ပူပန်ကာ အလွန်အမင်း ထိတ်လန့်နေခဲ့သည်။
သူမ ဒုတိယမြောက်အိပ်ခန်းဆီသို့ အလျှင်အမြန် ပြေးသွားလိုက်ပြီးနောက် တံခါးကို အလောတပြီး ထုလိုက်သည်။
“ရှောင်ဖုန်၊ ရှောင်ဖုန် အိပ်နေတာလား??”
သူမ ဆက်တိုက်ခေါ်နေခဲ့သော်ငြား အခန်းတွင်းမှ ပြန်လည်ဖြေဆိုလာသံက ပြန်ထွက်မလာခဲ့သည်ကြောင့် ရှုကျုံးသွမ့်ယွဲ့မှာ အင်မတန် ကြောက်လန့်သွားရကာ တံခါးအား အားပြင်းပြင်းဖြင့် ဆောင့်ဆွဲဖွင့်လိုက်သည်။
အခန်းထဲတွင် သူမအား ကျောပေးကာ ကွန်ပြူတာခုံရှေ့တွင် ထိုင်နေသည့် သားဖြစ်သူ၏ ကျောပြင်ကို မြင်လိုက်ရမှသာလျှင် သူမ၏ရင်ထဲမှ အလုံးကြီးကျသွားတော့သည်။
“လျို့ရှောင်ဖုန်! မင်း အိပ်ပျော်နေတာလည်း မဟုတ်ဘဲနှင့် ဘာလို့ အမေခေါ်တာကို မထူးရတာလဲ!?!”
မိခင်ဖြစ်သူ၏အသံကို ခပ်သဲ့သဲ့ကြားလိုက်ရသည့်နောက်တွင် ကောင်ငယ်လေးသည်လည်း လန့်ဖြပ်သွားကာ ခေါင်းကို ပြန်လှည့်လာခဲ့သည်။ သူ၏ မိခင်မှာအခန်းတံခါးဝတွင် ရပ်နေသည်ကို မြင်လိုက်ရသည်တွင် အပြစ်ရှိစိတ်များကြောင့် တုန်လှုပ်သွားရသည်။
ထို့နောက် နားတွင် တပ်ထားသည့် နားကြပ်အား ဆွဲဖြုတ်လိုက်ကာ အရှေ့မှ လပ်တော့စခရင်ကိုလည်း ပိတ်လိုက်လေ၏။
သူထရပ်လိုက်ရန် ပြင်လိုက်သော်ငြား နှလုံးကြွက်သားများက ပြင်းထန်စွာ လှုပ်ရှားသွားခဲ့ပြီး နာကျင်မှုကြောင့် မျက်မှောင်ကျုတ်လိုက်သည်။
“နားကြပ်တပ်ထားလို့ မကြားလိုက်ရလို့ပါ…”
ကောင်ငယ်လေးက သက်တောင့်သက်သာမရှိသည့် အမူအယာဖြင့် မျက်နှာလွှဲလိုက်သည်။
ထိုအချိန်တွင် ရုတ်တရက် မိခင်ဖြစ်သူ၏ နီရဲရောင်ကိုင်းနေကာ မျက်ရည်များဝိုင်းနေသည့် မျက်လုံးအား မြင်လိုက်ရပြီးနောက် ချက်ချင်း မျက်နှာက ပြန်လည်တည်တန့်သွားခဲ့ကာ အော်ပြောလာခဲ့သည်။
“အမေ၊ ဘာလို့ ငိုနေတာလဲ?! အမေ့ကို ဘယ်သူက အနိုင်ကျင့်လိုက်တာလဲ? အဒေါ်လား? အဖွားလား?? သူတို့တွေ အမေ့ကို ဘာတွေပြောလိုက်ပြန်ပြီလဲ??”
သူ၏မိခင်ဖြစ်သူမှာ စိတ်ဓာတ်မာကြောပြင်းထန်ကာ ယဉ်ကျေးပြီး နူးညံ့သည့် စိတ်ရှိသူဖြစ်ကြောင်းကို သူကောင်းကောင်းသိထားသည်။ ဖခင်နှင့် အဘိုး၊အဘွားများ ကွယ်လွန်ချိန်မှလွဲ၍ သူ၏ မိခင်မျက်ရည်ကျသည်ကို သူ မမြင်ဖူးခဲ့ပါချေ။
ရှုကျုံးသွမ့်ယွဲ့လည်း ထိုအချိန်ကျမှ သူမမှာ ငိုထား၍ မျက်လုံးများ ဖူးရောင်နေသေးကြောင်းကို သတိရသွားကာ မျက်နှာလွှဲလိုက်သည်။
သို့သော် ချက်ချင်းဆိုသလို သသိပြန်ဝင်ကာ သားဖြစ်သူအား အံ့အားသင့်စွာကြည့်လိုက်သည်။
“မင်း.. မင်း ဘယ်လိုလုပ်ပြီး မင်းရဲ့အဘွားနဲ့ အခြားသူတွေအကြောင်းကို.. သိနေရတာလဲ??”
သူမ ရုတ်တရက် တစ်ခုခုအား တွေးမိသွားကာ ဒေါသထွက်သွားပုံပေါ်သည်။
“သူတို့တွေ သားဆီကိုလည်း ရောက်လာပြီး တစ်ခုခုလာပြောသေးတာလား??”
လူငယ်လေး နားကြပ်ကို စားပွဲပေါ်သို့ချလိုက်ကာ သူ့၏နှုတ်ခမ်းတွေကတော့ လှောင်ပြောင်လိုဟန်ဖြင့်ရွဲ့စောင်းသွားရသည်။
“အမေ ဘယ်လိုထင်လို့လဲ?? အရင်အခေါက်တွေက ကျွန်တော်တို့ အဲဒီအိမ်ကို သွားရင် အမေက သူတို့စားသောက်ဖို့အတွက် မီးဖိုထဲမှာ ချက်ပြုတ်နေတုန်း သူတို့က ကျွန်တော့်ကိုဆွဲခေါ်ပြီး အဓိပ္ပါယ်မရှိတဲ့ စကားတွေကို အထပ်ထပ်အခါခါ ပြောနေခဲ့တာလေ၊
အဲဒါတွေကြောင့် အဲဒီကို ထပ်ပြီးမသွားနဲ့လို့ ကျွန်တော် မပြောခဲ့ဘူးလား? အမေ သူတို့ဆီကို သွားတိုင်း သူတို့က အမေ့ကို မျက်နှာသာ မပေးတာသိရက်နဲ့ အမေက တမင်သက်သက် သူတို့ရဲ့စကားတွေကို မကြားချင်ယောင်ဆောင်နေတာလေ”
တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှ မှတ်ချက်ဧရိယာတွင်တော့ လူများ အလွန်စည်ကားနေခဲ့သည်။
[ဟီးဟီး.. ဒီတိတိက အတော်လေးချောမောတာပဲ၊ ဒါပေမယ့် သူကို ကြည့်ရတာ ပိန်ပါးလွန်းနေပြီး အာဟာရမပြည့်သလိုပဲနော်]
[ ငါတော့ သေတော့မလို လန့်သွားတာ၊ ငါထင်တာက သူတို့တွေ ပြောချင်တာကို ပြောပြီးသွားလို့ အခန်းတံခါးကို ဖွင့်လိုက်ရင် သားဖြစ်သူရဲ့ အလောင်းကိုပဲ မြင်ရတော့မယ်လို့ ထင်နေတာ၊ သရဲကားတွေမှာဆို အဲ့လိုအပိုင်းတွေပါတတ်တယ်လေ…]
[သူ ကင်မရာဘက်ကို လှည့်လာတာနဲ့ လပ်တော့စခရင်ကို ပိတ်လိုက်တာဆိုပေမယ့် ငါ့ရဲ့ စူးရှတဲ့ အမြင်နဲ့ ရင်းနှီးနေတဲ့ ဂိမ်းမြင်ကွင်တွေဖြစ်နေလို့ သေချာပေါက်သိလိုက်တယ်၊
အဲဒီကလေးက ATG ဆော့နေတာပဲ၊ ပြီးတော့ သေနတ်လေ့ကျင့်နေတာ၊ အခုခေတ် ဆယ်ကျော်သက်တွေ အကုန်လုံး ဒီလိုပဲ အစောကြီးထပြီး သေနတ်ပစ်လေ့ကျင့်ကြတာလား??]
[ဒါက မတော်တဆမှုဖြစ်တော့မယ့ဆိုတဲ့ ကလေးလား?? သူ့မျက်နှာကတော့ တကယ်လည်း ဖြူဖျော့နေတာပဲ]
[သားဖြစ်သူပြောတာကို နားထောင်ကြည့်သလောက်တော့ သူ့အဖေဘက်က မိသားစုက ရှုကျုံးသွမ့်ယွဲ့ရဲ့ ကံက မိသားစုဝင်တွေကို သတ်တယ်ဆိုတဲ့စကားမျိုးတွေကို ကလေးဆီကိုအယုံသွင်းပြောဆိုနေကြတာဖြစ်မယ်ထင်တယ်၊ ဒီလို ယောက္ခမတွေ၊ ယောက်မတွေရှိနေတာက အသက်ရှူကြပ်စရာပဲ၊
ဒါက သားနဲ့ အမေကို သွေးခွဲနေတာမဟုတ်ဘူးလား? ကလေးက အမေ့ကို မုန်းတီးသွားအောင်လုပ်နေတာမလား?? တော်သေးတာပေါ့၊ ဒီကလေးက တုံးအ,တဲ့ ကလေးမဟုတ်ဘဲ အမေကို ချစ်တဲ့သားမို့သာပဲ!]
ရှုကျုံးသွမ့်ယွဲ့မှာ သူမ၏ အမျိုးသားဘက်မှ မိသားစုများက သူစိမ်းများရှေ့တွင် သူမ၏ မကောင်းကြောင်းကို ပြောနေခဲ့ရုံသာမက သားဖြစ်သူရှေ့တွင်ပါ ထိုသို့ စကားမျိုး ပြောနေခဲ့လိမ့်မည်ဟု ထင်မထားခဲ့ပေ!
သူမတို့ ထိုအိမ်သို့အလည်သွားသည့် အကြိမ်များတွင် သားဖြစ်သူမှာ စိတ်မကြည်မလင်ဖြစ်နေခဲ့ရသည်မှာ မထူးဆန်းတော့။
သူတို့နှစ်ဦး ထိုကိစ္စနှင့် ပတ်သတ်၍ စကားများခဲ့ရသေးသည်။ မိခင်နှင့် သားငယ်ကြားမှ ဆက်ဆံရေးသည်လည်း ထိုအချိန်မှ စ၍ တင်းမာလာခဲ့ရသည်သာ။
သူမမှာ ထိုအချိန်တွင် စိတ်ထိခိုက်နေချိန်ဖြစ်ကာ သူမ၏ ကံကြမ္မာဆိုးမှ မိဘများနှင့် ခင်ပွန်းသည်အား သေစေခဲ့သည်ဟု ယုံကြည်စပြုနေချိန်လည်းဖြစ်သည်။
ထိုအချိန်မျာ့တွင် ခင်ပွန်းသည်မိသားစုထံမှ အေးစက်သည့် ဆက်ဆံမှုများအား ကြုံရတိုင်း ရင်ထဲတွင် အပြစ်ရှိစိတ်များနှင့်ဖုံးလွှမ်းနေခဲ့ကာ မျက်နှာပင် မပြရဲ ဖြစ်ခဲ့ရသည်။
သားဖြစ်သူက တစ်ချိန်လုံး သူမအား ကာကွယ်နေသည်ဟု မည်သူက ထင်ထားမည်နည်း?
ရှုကျုံးသွမ့်ယွဲ့၏ မျက်လုံးများတွင် မျက်ရည်များဖြင့် လျှံတက်လာတော့သည်။
သူမ ရုတ်တရက် တစ်စုံတစ်ခုအား စဉ်းစားမိသွားကာ လျို့ရှောင်ဖုန်၏အနားသို့ သွားပြီး စိတ်တုန်လှုပ်နေသော ပုံစံဖြင့် သားဖြစ်သူအား ခေါင်းအစ၊ခြေအဆုံး ကြည့်ရင်း တွေးတောနေခဲ့သည်။
ထို့နောက် ဖုန်းကင်မရာအား သားဖြစ်သူ၏ တစ်ကိုယ်လုံးပေါ်စေရန် လှည့်ပေးလိုက်သည်။
“ကုတောက်ကျန့်၊ တစ်ချက်လောက် ကြည့်ပေးပါဦး? ကျွန်မရဲ့သားလေးက ဘာဖြစ်လာနိုင်မှာလဲဟင်??”
လျို့ရှောင်ဖုန်: “???”
“အမေ၊ ဘယ်သူ့ကို စကားပြောနေတာလဲ?”
ရှုကျုံးသွမ့်ယွဲ့:
“မလှုပ်နဲ့ဦိး၊ အမေ ‘ဝိဉာဉ်ရေးရာ’အစီအစဉ်က ကုတောက်ကျန့်နဲ့ ပြောနေတာ၊ တောက်ကျန့်ရဲ့ တွက်ချက်မှုအရ မင်းဒီနှစ်ထဲမှာ ကံဆိုးမှုကြီးကြီးမားမားဖြစ်နိုင်တယ်တဲ့။ ဒီတိုင်း မတ်တပ်ရပ်ပြီး တောက်ကျန့်ကို ကြည့်ခိုင်းလိုက်”
“ဘာလဲ? အမေ အခု တိုက်ရိုက်လွှင့်နေတာလား??”
လျို့ရှောင်ဖုန်၏ မျက်လုံးများက မယုံကြည်နိုင်မှုကြောင့် ဝိုင်းစက်သွားသည်။
သူ မိခင်ဖြစ်သူ၏အနားသို့ လျှောက်လာပြီး ဖုန်းစခရင်အား ကြည့်လိုက်ရာ သူ့အား နှုတ်ဆက်နေသူများနှင့် ကြည့်ရှု့သူ ၅သိန်းခန့်အား တွေ့လိုက်ရချေသည်။
ရုတ်တရက် သူ့ရဲ့မျက်နှာတစ်ခုလုံးက ရှက်ရွံ့မှုကြောင့် ရဲတွတ်သွားရသည်။
လျို့ရှောင်ဖုန် ‘ဝိဉာဉ်ရေးရာ’ အစီအစဉ်အား ကြားဖူးပေသည်။
ဤငည်မှာ ယခုလတ်တလောတွင် နာမည်ကြီးနေသော အစီအစဉ်ပင်။ သူ၏ အတန်းဖော်များနှင့် သူငယ်ချင်းများက ထိုအစီအစဉ်မှ ထူးခြားဖြစ်စဉ်များနှင့် ပြိုင်ပွဲဝင်များအကြောင်းကို ပြောနေခဲ့ကြသော်လည်း သူကတော့ လျစ်လျူရှုထားခဲ့သည်။
သူသည်ကား သရဲ၊တစ္ဆေများရှိသည်ဟု မယုံကြည်ပါချေ။
သိပ္ပံနည်းကျ ကိစ္စရပ်များကိုသာ ယုံကြည်သူတစ်ဦးဖြစ်သည်။
တ၀်ဖက်မှ တက္ကသိုလ်၏ပရော်ဖက်ဆာတစ်ဦိးဖြစ်သူ မိခင်ကိုလည်း ထိုကဲ့သို့ ကိစ္စများအား ယုံကြည်လိမ့်မည်ဟု မည်သည့်အချိန်ကမှ တွေးမထားမိခဲ့ပါချေ။
သူမက တိုက်ရိုက်ထုတ်လွှင့်မှုမှာတောင် ပါဝင်လိုက်သေးသည်!!
သူ့၏မျက်နှာနှင့် မပြင်မဆင်ပုံစံက တိုက်ရိုက်ထုတ်လွှင့်မှုထဲတွင် ပါဝင်နေကာ သူ၏အတန်းဖော်များနှင့် သူသဘောကျရသည့် ကောင်မလေးကပါ မြင်သွားနိုင်သည်ကို တွေးလိုက်မိပြီးနောက် လျို့ရှောင်ဖုန်မှာ ပို၍ပင် ရှက်ရွံ့သွားကာ ချက်ချင်းအော်ပြောလိုက်ချေသည်။
“အမေ၊ ရူးနေတာလား?? အဲ့လို အလိမ်အညာတွေကိုတောင် ယုံနေတယ်၊ အဘွားဆီကနေ ဦီးနှောက်ဆေးတာ ခံလိုက်ရပြီထင်တယ်!!”
ထိုအချိန်အတွင်း လျို့ရှောင်ဖုန်မှာ မိခင်ဖြစ်သူ၏ ပြောင်းလဲသွားမှုကြောင့်လည်း စိတ်ရှုပ်ထွေးနေခဲ့ရသည်။
သူမသည်ကား ဂုဏ်ယူစရာကောင်းလှသည့် ထူးချွန်ပြောင်မြောက်သော သိပ္ပံပညာရှင်တစ်ယောက်ဖြစ်သော်ငြား ဦးနှောက်ဆေးခံရကာ သူမကိုယ်တိုင်ကို ကံဆိုးမှုကြယ်စင်ဟု ယုံကြည်ကာ ဘုန်းကြီးကျောင်းသို့သွားပြီး ယတြာများပင် တောင်းခဲ့သေးသည်။
မိခင်၏စိတ်ခံစားချက်များ ထိုကဲ့သို့ ဖြစ်နေခဲ့ရသည်မှာ ဖခင်သေဆုံးမှုကြောင့်ဟု ရှောင်ဖုန်ယုံကြည်ခဲ့သည်။
တိုက်ရိုက်ထုတ်လွှင့်မှု၏ အခြားတစ်ဖက်မှ ကုကျစ်စုန့်က ထိုစကားများအား ကြားလိုက်ရသည်ကြောင့် ခေါင်းမော့ကြည့်လာသည်။
“မှင်စာလေး၊ သဘာဝလွန်ပညာရပ်တွေက အလိမ်အညာတွေမဟုတ်ဘူး”
“အရာအားလုံးက ဆက်သွယ်မှုတွေရှိနေတယ်၊ နေ့စဥ် နေ့တိုင်းမှာ ဝိညာဉ်တွေက မွေးဖွားပြီး သေဆုံးနေကြတယ်၊ ငါတို့တွေ ဘယ်နေရာကနေ ရောက်လာကြတာလဲ၊ သေဆုံးပြီးသွားတဲ့ချိန်မှာ ဘယ်နေရာကို ပြန်သွားရမလဲ၊ ဒီစက်ဝန်းက အဆုံးမရှိဘဲ လည်ပတ်နေတယ်၊ ဒါတွေက ပြန်လည်မွေးဖွားခြင်းဆိုတဲ့ အဓိပ္ပါယ်ပဲ”
လျို့ရှောင်ဖုန်မှာ ရှက်ရွံ့လွန်းပြီး ဒေါသပင် ထွက်လာရသည်။
သူ့၏ရင်ဘတ်သည်လည်း တင်းကြပ်ကာ နာကျင်နေခဲ့ရသည်။ သူ့၏အတွေးထဲတွင် သူ၏ ပုံဆိုးပန်းဆိုးများအား သူငယ်ချင်းဆိုးများမှ screenshot ရိုက်ယူထားသည်မှာ သေချာလောာ်ပြီဟူသည်ကသာ စိုးမိုးနေခဲ့ပေပြီ။
**